Myanmar Nowေ - လေးနှစ်အတွင်း တပ်မတော်လေယာဉ်မတော်တဆဖြစ်မှု ကိုးခုတွင် ၁၃၃ ဦးသေဆုံး.

လေးနှစ်အတွင်းတပ်မတော်လေယာဉ်မတော်တဆဖြစ်မှု ကိုးခုတွင် ၁၃၃ ဦး သေဆုံး.
Myanmar Now
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂ဝ၁၈

ပြီးခဲ့သည့်လေးနှစ်အတွင်း မြန်မာ့တပ်မတော်လေ၏ လေယာဉ်နှင့် ရဟတ်ယာဉ် ၉ စင်းသည် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ဝါရင့်လေသူရဲများအပါအဝင် အနည်းဆုံး လူ ၁၃၃ ဦး သေဆုံးခဲ့ရသည်။

အဆိုးရွားဆုံး မတော်တဆမှုမှာ ၂ဝ၁၇ ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် လူရာနှင့်ချီ လိုက်ပါလာသည့် Y8 အမျိုးအစား တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်၏ အဖြစ်ဆိုးဖြစ်သည်။

တပ်မတော်လေယာဉ် မတော်တဆမှုများအနက် ပြည်သူလူထု သိရှိရန် သတင်းထုတ်ပြန်ချက်များကို ကိုးကားပြီး Myanmar Now က စုစည်း ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံတစ်ပုံခြင်းဖွင့်၍ ဖြစ်စဉ်အသေးစိတ်အချက်အလက်များကို ဖတ်ရှုနိုင်ပါသည်။


MiG-29 တိုက်လေယာဉ် ( ၂ဝ၁၄ ဇွန်)
မြန်မာ့တပ်မတော်၏ MIG29 ( ဓာတ်ပုံ Andy Davey)

မကွေး လေတပ်စခန်းဌာနချုပ်မှ လေသူရဲနှစ်ဦးသည် ၂ဝ၁၄ ဇွန် ၁၁ တွင် ရုရှားထုတ် MiG-29 တိုက်လေယာဉ်ကို လေ့ကျင့် ပျံသန်းနေစဉ် မကွေးမြို့  မြို့သစ်မြို့နယ်အနီး ပျက်ကျခဲ့သည်။

အနိမ့်ပျံလေ့ကျင့်မှုအတွင်း မတော်တဆဖြစ်ခဲ့ပြီး ပျက်ကျခဲ့သည့် အဆိုပါလေယာဉ်မှ လေသူရဲနှစ်ဦးသည် ခုန်ထွက်ပြီး လေထီးဖြင့် မြေပြင်သို့ ဆင်းသက်နိုင်ခဲ့ခြင်းကြောင့် အသက်ရှင်ခဲ့သည်။

၁၉၈ဝ နှစ်ကာလများမှ ယနေ့အထိ ထုတ်လုပ်ရောင်းချနေသည့် အဆိုပါ MiG-29တိုက်လေယာဉ်များကို ရုရှား၊ အိန္ဒိယ၊ ယူကရိန်းနှင့် ဥဇဘက်ကစ္စတန်နိုင်ငံများကလည်း အသုံးပြုကြသည်။



အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ် BEECH - 1900 D (၂ဝ၁၆ ဖေဖော်ဝါရီ)



ပျက်ကျခဲ့သည့် BEECH - 1900 D (ဓာတ်ပုံ - MOI)

BEECH - 1900 D အမျိုးအစား စစ်ဘက်သုံး အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်သည် နေပြည်တော် လယ်ဝေးတွင် ၂ဝ၁၆ ဖေဖော်ဝါရီ ၁ဝ က ပျက်ကျခဲ့သည်။

ပုံမှန်စမ်းသပ်ပျံသန်းမှု (Flight Check) ပြုလုပ်ရန် နေပြည်တော် လေဆိပ်မှ ပျံတက်စဉ် စက်ချို့ယွင်းပြီး လေယာဉ်သည် နေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ထိပ်မှ ပေ ၂,ဝဝဝ ခန့်အကွာ လယ်ဝေးမြို့နယ် သဲကောကျေးရွာနှင့် ကြံခင်းကျေးရွာ အနီးရှိ လယ်ကွင်းအတွင်းသို့ ပျက်ကျခဲ့သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ဗိုလ်မှူး(၁)ဦး ၊ ဗိုလ်ကြီး(၂)ဦး၊ ဒုတပ်ကြပ်(၂) ဦး အနက် ဒုတပ်ကြပ်တစ်ဦးသာ အသက်ရှင်လျက်တွေ့ရရှိရပြီး ကျန် (၄) ဦးမှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံး သွားခဲ့သည်။

ဒဏ်ရာရဒုတပ်ကြပ်သည်လည်း နေပြည်တော် တပ်မတော်ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

F7 ( ၂ဝ၁၆ မတ်)



ပြေးလမ်းချော် F7(ဓာတ်ပုံ−မြဝတီ)

အုပ်စုဖွဲ့ပျံသန်းသည့် လေ့ကျင့်ခန်းအစီအစဉ်အတွက် တောင်ငူမှနေပြည်တော်သို့ ၂ဝ၁၆မတ်၇ တွင် ပျံသန်းလာသည့် F7 တိုက်လေယာဉ်သည် နေပြည်တော်လေဆိပ်တွင် လမ်းချော်သွားခဲ့သည်။

လေယာဉ်သည် စက်ပိုင်းဆိုင်ရာချို့ယွင်းပြီး အရှိန်ထိန်းလေထီး ပြုတ်ထွက်ကာ ပြေးလမ်း၌ အရှိန် လွန်သွားခဲ့ကြောင်း တပ်မတော်က တင်းထုတ်ပြန်ခဲ့သည်။

လေယာဉ်ပြေးလမ်းမှ ပေ ၃၃ဝ ခန့် ကျော်လွန်သွားခဲ့သည့် အဆိုပါလေယာဉ်သည် ပြေးလမ်းမီးတိုင် သုံးခုကို ဝင်တိုက်မိခဲ့ပြီး လေယာဉ်ဘီး၊ ဆီတိုင်ကီနှင့် လေယာဉ်ဦးပိုင်းတို့ ပျက်စီးခဲ့ရသည်။

တရုတ်ပြည်အနောက်ပိုင်း ချန်ဒူးမြို့ အခြေစိုက် တရုတ်အစိုးရပိုင် လေယာဉ်ထုတ်လုပ်ရေး၏ F7များကို မြန်မာက ၆၄ စီး ဝယ်ယူထားကြောင်း တိုက်လေယာဉ်ရောင်းဝယ်မှုများကိုစောင့်ကြည့်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများက ရေးသားထားသည်။

Bell-206 ရဟတ်ယာဉ် ( ၂ဝ၁၆ ဧပြီ)

တပ်မတော်၏ Bell-206 ရဟတ်ယာဉ် (ဓာတ်ပုံ - Andy Davey)

မိတ္ထီလာ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်မှ လေသူရဲနှစ်ဦး မောင်းနှင်လာသည့် Bell-206 အမျိုးအစား ရဟတ်ယာဉ်သည် ၂ဝ၁၆ ဧပြီ မနက်ပိုင်းတွင် မိတ္တီလာမြို့နယ် အတွင်းရှိ မုန်တိုင်ဆည်အတွင်း ထိုးဆင်း ပျက်ကျခဲ့သည်။

ရေပြင်အထက် ပေ ၃ဝဝ တွင် လေကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး မုန်တိုင်ဆည် ကမ်းစပ်မှ ပေ ၅ဝဝ အကွာသို့ ပျက်ကျခဲ့သည့် အဆိုပါ ရဟတ်ယာဉ်မှ လေယာဉ်မှုးများကို အနီးရှိ ငါးဖမ်းသမားများက ကယ်ဆယ်ခဲ့ကြသည်။

တရုတ်အစိုးရ ဆင်ဟွာသတင်းဌာန၏ အဆိုအရ အမေရိကန်နှင့်ကနေဒါထုတ် အဆိုပါရဟတ်ယာဉ် များသည် ၁၉၇၇ တွင် ထုတ်လုပ်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် အသုံးမပြုနိုင်တော့ သဖြင့် ၂ဝ၁၂ တွင် ပြည်ပ ကုမ္ပဏီ တစ်ခုနှင့် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်၍ လေ့ကျင့်ရေး ရဟတ်ယာဉ် အဖြစ် အသုံးပြုခဲ့ခြင်းဟုဆိုသည်။

Y8 ပို့ဆောင်ရေးလေယာဉ် (၂ဝ၁၇ ဇွန်)

Y8 သယ်ယူပို့ဆောင်ရေးလေယာဉ် (ဓာတ်ပုံ MOI)

တပ်မတော်သားများ၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်း ၁၂၂ ဦးကို တင်ဆောင်ရင်း မြန်မာနိုင်ငံတောင်ပိုင်း မြိတ်မြို့ မှ ရန်ကုန်သို့ ၂ဝ၁၇ ဇွန်၇ က ထွက်ခွာလာသည့် တပ်မတော် ပို့ဆောင်ရေး လေယာဉ် Y-8 သည် လမ်းခရီးတွင် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။

စက်လေးလုံးတပ် တပ်မတော်ပိုင် အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ရာသီဥတု ရုတ်တရက် ဆိုးရွားမှု ကြုံခဲ့ရပြီး လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံး သေဆုံးခဲ့ရသည်။

၂ဝ၁၆ မတ်လကမှ တရုတ်နိုင်ငံကဝယ်ယူခဲ့သည့် အဆိုပါလေယာဉ် ပျက်ကျခဲ့ပြီးနောက် ပျောက်ဆုံး သွားသူများ၏ ရုပ်အလောင်းများအား ပင်လယ်ပြင်တွင် လနှင့်ချီ ရှာဖွေခဲ့ကြရသည်။

လေ့ကျင့်ပျံသန်းရေးလေယာဉ် G-4 ( ၂ဝ၁၇ စက်တင်ဘာ)

ဆားဘီးယားလေတပ်၏ G-4 (ဓာတ်ပုံ - Wikimedia Commons / Rob Schleiffert)

လေယာဉ်မှုးနှစ်ဦး လိုက်ပါလာသည့် လေ့ကျင့်ပျံသန်းရေးလေယာဉ်(G-4)သည် ၂ဝ၁၇ စက်တင်ဘာ ၅ တွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၆ မိုင်ခန့် အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ် ရရှိပြီးနောက် အဆက်အသွယ် ပြတ်သွားခဲ့သည်။

ရက်သတ္တပတ်ပေါင်းများစွာ အစအန မရသည့်လေယာဉ်ကို သတင်းပေးနိုင်ပါက ကျပ် ၁ဝ သိန်း ပေးမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ပြီး လေယာဉ်လမ်းကြောင်းတလျှောက် ပိုက်စိပ်တိုက်ရှာဖွေခဲ့သည်။

လေယာဉ်ပျောက်ဆုံးပြီး တစ်လခွဲခန့်အကြာ အောင်တိုဘာ ၁၈ တွင် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် နေရာအနီး တောတွင်းတစ်နေရာတွင် ပြန်တွေ့ခဲ့သည်။

သို့သော် ယူဂိုဆလားဘီးယားထုတ်အဆိုပါလေယာဉ်ကို မောင်းနှင်သူ လေသူရဲနှစ်ဦးစလုံး သေဆုံးသွားခဲ့သည်။

F7 တိုက်လေယာဉ် ( ၂ဝ၁၈ ဧပြီ)

မြန်မာ့အလင်းသတင်းစာက ဖော်ပြသည့် လေယာဉ်ပျက်ကျမှု

F7 အမျိုးအစား ဂျက်တိုက်လေယာဉ်သည် တောင်ငူမြို့  ကျွန်းကုန်းအနီးတွင် ၂ဝ၁၈ ဧပြီ ၃ နံနက်ပိုင်းတွင် ပျက်ကျခဲ့သည်။

တောင်ငူလေတပ်စခန်းမှ လေယာဉ်မှုးမောင်းနှင်လာသည့် အဆိုပါ တရုတ်ထုတ်လေယာဉ်သည် လေ့ကျင့် ပျံသန်း နေစဉ် အမြင့်မီတာ ၅ဝဝ ခန့်မှ ပျက်ကျခဲ့သည်ဟု အစိုးရသတင်းစာများက ရေးသားသည်။

အဆိုပါ လေယာဉ်မောင်းနှင်သည့် လေသူရဲကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်။

F7 တိုက်လေယာဉ် ( ၂ဝ၁၈ အောက်တိုဘာ)

မင်းဘူးမြို့ တွင်ပျက်ကျခဲ့သည့်F7 (ဓာတ်ပုံ - ဝင်းချို / မကွေးဂျာနယ်)

မကွေးမြို့ နှင့် ဧရာဝတီမြစ်တစ်ဘက်ကမ်း မင်းဘူးမြို့ တွင် F7 တိုက်လေယာဉ်၂စင်း သီးခြားစီ ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူး ၂ ဦးနှင့် ကျောင်းသူ ၁ ဦး သေဆုံးသွားခဲ့သည်။

လေယာဉ်တစ်စင်းသည် မင်းဘူးမြို့  ဆားဗွက်ချောင်းအတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှုးလည်း သေဆုံး သွားခဲ့သည်။ အဆိုပါလေယာဉ်အစိတ်ပိုင်း ထိမှန်ခဲ့သည့် ၁၁ နှစ် အရွယ်ကျောင်းသူလည်း မင်းဘူးဆေးရုံ ရောက်ပြီး မိနစ်ပိုင်းအတွင်း သေဆုံးခဲ့သည်။

နောက်ထပ်လေယာဉ်ပျက်ကျမှုသည် မင်းဘူး မြောက်ဘက် သနပ်ပင်စုရွာအနီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေယာဉ်မောင်းနှင်သည့် လေသူရဲလည်း သေဆုံးသွားခဲ့ရသည်။

လေယာဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျခြင်းဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Comments