ကေဇွန်နွေး၊ ဝင်းနန္ဒာ/Myanmar Now - စစ်ရှောင်စခန်းတွင် သောင်တင်စဉ် အထင်မှားခံရခြင်း (ဓာတ်ပုံအက်ဆေး)

စစ်ရှောင်စခန်းတွင် သောင်တင်စဉ် အထင်မှားခံရခြင်း (ဓာတ်ပုံအက်ဆေး)
ပြည်တွင်းစစ်သည် ကျေးလက်ဒေသတွင် နေထိုင်သူ အများအပြား၏ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။

ကေဇွန်နွေး၊ ဝင်းနန္ဒာ/Myanmar Now
(မိုးမခ) အောက်တိုဘာ ၃၊ ၂ဝ၁၈




မြန်မာပြည်မြောက်ပိုင်း ခရစ်ယာန်ဘုရားကျောင်း အများအပြားတွင် မည်သူတို့ကို တွေ့နိုင်သနည်း။ ပုံမှန်မဟုတ်သည့် ဤမေးခွန်းကို "စစ်ရှောင်ဒုက္ခသည်များကို တွေ့နိုင်ပါသည်" ဟု ဖြေရပါမည်။

ကချင်ပြည်နယ်နှင့်အနီးတဝိုက် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်မှာ တစ်သိန်းဝန်းကျင်ခန့် ရှိသည်ဟု နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တို့က မှတ်တမ်းတင်ထားသည်။

အဆိုပါစစ်ရှောင်ဒုက္ခသည်တို့ နေထိုင်ရာ ယာယီခိုလှုံရေးစခန်းများသည် မြို့ပေါ်တွင် တည်ရှိသကဲ့သို့ တချို့မှာ တောထဲတွင် ဆောက်လုပ်ထားကြသည်။ အနီးဆုံးမြို့သို့ ထွက်ပြေးသူတို့သည် ဘုရားကျောင်းတွင် ဝင်ရောက်ခိုလှုံလေ့ရှိကြသဖြင့် ဘုရားကျောင်းနယ်မြေသည် ဒုက္ခသည်စခန်း ဖြစ်လာတတ်သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့သို့ မကြာသေးမီက ရောက်ရှိစဉ် ရှမ်းနီတိုင်းရင်းသားတချို့က ဆက်သွယ်ပေးသဖြင့် စိန်ပက်ထရိတ်ဘုရားကျောင်းသို့ သွားရောက် လေ့လာနိုင်ခဲ့သည်။

ထိုနေရာတွင် ကချင်တိုင်းရင်းသား ၇ဝ ခန့် ခိုလှုံနေကြသည်။

နေရာသစ်သည် သေနတ်သံ၊ ဗုံးသံ မကြားရသည့် ဒေသ ဖြစ်သော်လည်း မကြာခဏဆိုသလို ၎င်းတို့ စိတ်မသက်မသာ ဖြစ်မိကြသည်။ ထောင်ကျအကျဉ်းသားတို့ လွတ်ရက်ကို ခန့်မှန်းနိုင်ကြချိန်တွင် ဒုက္ခသည်စခန်းတွင် ခြေချုပ်မိနေသူတို့မှာ မည်သည့်အချိန် နေရပ်ရင်း ပြန်ရမည်ကို မည်သို့မျှ မသိနိုင်ကြပေ။

ဤအခြေအနေတွင် အလုပ် မလုပ်လိုသဖြင့် မြို့တက်လာကြသူများဖြစ်သည်ဟု ဝေဖန်သံတချို့ကို ရင်ဆိုင်ရသည့်အခါတွင်လည်း ဝမ်းနည်းရသည်ဟု ၎င်းတို့က ဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမည်ဆိုပါက ဝမ်းသာကြမည်ဟု ဒုက္ခသည်တို့က ဆိုသည်။ ယခုအခါ စခန်းပြင်ပထွက်ပြီး နေ့စားအလုပ်တချို့ ရှာဖွေ လုပ်ကိုင်ရာ နေ့စားခ ဝင်ငွေ ရရှိသည့်နေ့တွင် စခန်းအပြန် မျက်နှာပန်း လှနိုင်ကြသည်။



မိုးညှင်း၊ စိန်ပက်ထရိတ်ဘုရားကျောင်းတွင် ခိုလှုံနေသော ကချင်အမျိုးသမီးတစ်ဦးနှင့် သူ၏ရင်သွေးငယ် (ဓာတ်ပုံ-ဝင်းနန္ဒာ/Myanmar Now)


ဝက်စာအတွက် ပြင်ဆင်နေသော အမျိုးသမီးတစ်ဦး။ အပိုဝင်ငွေ ရရန်အတွက် စခန်းအတွင်း ဝက်မွေးသူလည်း ရှိသည်။ (ဓာတ်ပုံ-ဝင်းနန္ဒာ/Myanmar Now)


စစ်ရှောင်စခန်း ဒုက္ခသည်တန်းလျား အခန်းငယ်တစ်ခုတွင် တွေ့ရသော အမျိုးသမီးက ဒေသခံတို့ အထင်မှားမည်ကို စိုးရိမ်နေသည်။ အလုပ်လုပ်ရမည်ကို ကြောက်ရွံ့ခြင်း မရှိကြောင်း၊ အပျင်းထူသူဟု စွပ်စွဲခံရမည်ကိုသာ စိုးရိမ်ကြောင်း သူက ရှင်းပြသည်။ (ဓာတ်ပုံ-ဝင်းနန္ဒာ/Myanmar Now)


စခန်းအတွင်း နေထိုင်သူတို့သည် နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့များ၏ အစီအစဉ်အရ လစဉ် ရရှိသည့် ထောက်ပံ့ကြေးမှာ တစ်ဦးလျှင် ကျပ်တစ်သောင်းဖြစ်သည်။ ထိုပမာဏမှာ ဆန်၊ ဆား ဝယ်ယူရန်အတွက်သာ လုံလောက်သဖြင့် ရိက္ခာအတွက် စခန်းတွင်း သီးပင်စားပင်များ စိုက်ပျိုးကြသည်။ (ဓာတ်ပုံ-အောင်ငြိမ်းချမ်း/Myanmanr Now)


ဟိုပင်မြို့ ကျေးလက်ဒေသတစ်ခုမှ ရောက်လာသော စစ်ဘေးရှောင် မိသားစု။ (ဓာတ်ပုံ - ကေဇွန်နွေး/Myanmanr Now)


ဒုက္ခသည်အမျိုးသားတစ်ဦး။ ထိုနေ့က နေ့စားအလုပ်မရှိသဖြင့် "ယာယီ" ခိုလှုံသည့်နေရာတွင် ရှိနေသည်။ (ဓာတ်ပုံ - ကေဇွန်နွေး/Myanmanr Now)


မိုးညှင်းမြို့အတွင်း ဆွေမျိုးအိမ်ရှိပါက တခါတရံ ထိုအိမ်များသို့ သွားရောက် လည်ပတ် နေထိုင်ကြသည်။ ဆွေမျိုးနီးစပ် မရှိပါက စခန်းတွင်သာ တစ်နေကုန်ကြရသည်။ (ဓာတ်ပုံ - ကေဇွန်နွေး/Myanmanr Now)


ဒုက္ခသည်တန်းလျားသို့ လူစိမ်းရောက်လာသဖြင့် အခန်းပြင်ထွက်ကြည့်သော အမျိုးသမီးတစ်ဦး။

Comments