ဝင်းနန္ဒာ/Myanmar Now - ဝက်နားရွက်ပြာဖြင့် သေဆုံးသည့် ဝက်များ ရောင်းချသည့် သားသတ်ရုံကို လိုင်စင်သိမ်း

ဝက်နားရွက်ပြာဖြင့် သေဆုံးသည့် ဝက်များ ရောင်းချသည့် သားသတ်ရုံကို လိုင်စင်သိမ်း
တားမြစ်ဝက်သား စားသုံးခဲ့သူများ ဝမ်းပျက်ဝမ်းလျှော ခဲ့ကြသည်။

ဝင်းနန္ဒာ/Myanmar Now
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၈


ရန်ကုန်ဈေးကွက်ရှိ အသား အရောင်းဆိုင်တချို့ (ဓာတ်ပုံ - Myanmar Now)

(ရန်ကုန်) — ဝက်နားရွက်ပြာရောဂါဖြင့် သေဆုံးခဲ့သည့် ဝက်ကို အများပြည်သူစားသုံးရန် ရောင်းချသည့် မကွေးတိုင်းဒေသကြီး ဆောမြို့ မှ သားသတ်ရုံများအား လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း မကွေးအစိုးရ စီမံ/ဘဏ္ဍာနှင့် စည်ပင်ဝန်ကြီးက တိုင်းလွှတ်တော်တွင် ယနေ့ ပြောကြားသည်။

သားသတ်ရုံပိုင်ရှင်သည် ဇူလိုင်လအတွင်းက ပဲခူးမြို့ မှသယ်ဆောင်လာပြီး ဝက်နားရွက်ပြာရောဂါဖြင့် သေဆုံးသည့် ဝက်များကို လမ်းတွင် ကားကြပ်သောကြောင့် သေဆုံးသည့်ဝက်များဖြစ်ကြောင်း ပြောဆိုကာ ကျေးရွာတချိုကတွင် ရောင်းချခဲ့ကြောင်း မကွေးတိုင်း ကျောက်ထုမြို့နယ်၊ ဂုံဘိုကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ရောက ပြောသည်။

“ကားကြပ်လို့သေတယ် ဆိုပြီး တစ်ခါတည်းပေါ်ပြီး ရွာထဲ လူလွှတ်ရောင်းခိုင်းတာပဲ။ ရွာထဲရောင်းပြီး နောက်နေ့ပဲ ရွာထဲက ဝက်တွေ အစာမစားတော့ဘူး။ နောက်နေ့ကျတော့ အကုန်သေကြတော့တာ” ဟု ဆိုသည်။

ရောဂါဖြင့်သေဆုံးသည့် အဆိုပါဝက်များအား ၁ ပိဿာလျှင် ၂,၅ဝဝ ဖြင့် အနည်းဆုံး ကျေးရွာလေးရွာကို ရောင်းချခဲ့ကြောင်း၊ စားသုံးခဲ့သူ အနည်းဆုံး ၁ဝ ဦး ခန့်သည် ဝမ်းပျက်ဝမ်းလျှောခဲ့ရကြောင်း ဆောမြို့ နယ်အမတ် ဦးကျော်မြင့်က ပြောသည်။

“(ဒီပြဿနာကိုအရေးယူဖို့) စည်ပင်ဦးစီးကို စာတင်တယ်၊ ရှောင်တယ်။ မြို့နယ်အုပ်ချုပ်ရေးကို စာတင်တယ်၊ ရှောင်တယ်။ သူတို့ရှောင်နေတာနဲ့ လွှတ်တော်ကို စာတင်လိုက်တာဖြစ်တယ်။ ကျေနပ်ပါတယ်။ ဘယ်လောက်ထိ ပိတ်သိမ်းမလဲဆိုတာတော့ ဝန်ကြီး မဖြေသွားဘူး။ ဒါပေမယ့် လိုင်စင်နဲ့ ပတ်သက်ပြီး စစ်နေပါပြီ” ဟု ၄င်းက ပြောသည်။

အဆိုပါသားသတ်ရုံပိုင်ရှင်ကို လိုင်စင်ပိတ်သိမ်းခဲ့သည့်အပြင် ၄င်းရောင်းချခဲ့သည့် အသားအတွက် လျော်ကြေးငွေ ပေးဆောင်စေခဲ့ကြောင်း ဝန်ကြီး ဦးဇော်မင်းက ဆိုသည်။

PRRC(NA) ဟုခေါ်သည့် ဝက်နားရွက်ပြာရောဂါကို မြန်မာနိုင်ငံတွင် ၂ဝ၁၁ အတွင်း မန္တလေးရှိ ဝက်မွေးမြူရေးခြံများတွင် စတင် တွေ့ရှိခဲ့သည်။

ဝက်နားရွက်ပြာရောဂါပိုးရှိသည့် အသားကို စားသုံးမိပါက ဝမ်းရောဂါနှင့် ဆက်နွယ်သည့် နောက်ဆက်တွဲ ရောဂါများ ဖြစ်နိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတိပေးထားသည်။
ကျောက်ထုမြို့တွင် ၀က်နားရွက်ပြာဖြင့်သေဆုံးနေသည့်ဝက်များ ( ဓာတ်ပုံ - ဦးကျော်မြင့်)

Comments