မန်းတွင် ခွင့်ပြုချက်မရသည့် ဆန္ဒပြပွဲ ရန်ကုန်တွင် အဆင်ပြေ
မန္တလေးအနီးဘိလပ်မြေစက်ရုံ စီမံကိန်းကို အများသိစေရန် ကန့်ကွက်မည့် အစီအစဉ်အတွက် ဒေသခံတို့က ရန်ကုန်သို့ အရောက်လာခဲ့ကြသည်
ခင်နှင်းဝေ/Myanmar Now
(မိုးမခ) အောက်တိုဘာ ၉၊ ၂ဝ၁၈
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO0uA521Kw33HePf2uZjYZcZ0iuPKuH4_9HqSdhl4zZQ1lWqGuRNdBiApKyaCqQgh3Y1oi76WomZvgr073ytz3no_QfvHVBnUht8qzHiB5JMwD_FmC65nPHhAf9Mjr7s3o8K4k1QD8Hww/s640/photos+by+khin+hnin+wai+%25282%2529.jpg)
မန္တလေးတွင် တည်ဆောက်မည့် ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ စီမံကိန်းကို ရန်ကုန်မြို့ လယ်တွင် ကန့်ကွက်နေစဉ် ( ဓာတ်ပုံများ - ခင်နှင်းဝေ/Myanmar Now)
မန်းအာဏာပိုင်များက ခွင့်ပြုချက်ပေးရန် နှစ်ကြိမ်ငြင်းဆန်ခဲ့သည့် မန္တလေးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြပွဲကို ရန်ကုန်မြို့ လယ်တွင် ယနေ့ခွင့်ပြုပေးလိုက်သည်။
တစ်ရက် တန် ၅,ဝဝဝ ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်ပါက ဒေသခံတို့၏ လယ်ယာမြေ ထိခိုက်မည်ဟု အဆိုပါ ဆန္ဒပြပွဲဦးဆောင်သူ မခင်နွဲ့ကြည်က ပြောသည်။
“မန္တလေးတိုင်းမှာ အာဏာပိုင်အဖွဲ့အစည်းတွေက ကျွန်မတို့ တောင်သူတွေဘက်မှာ မရှိလို့ အခုလို ရန်ကုန်အထိ လာရောက် ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ကျွန်မတို့ တောင်သူတွေ မတရားဖိနှိပ်ခံနေရပါတယ်" ဟု သူက ရှင်းပြသည်။
ဆန္ဒပြသူ ၂၀ခန့်က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ရပ်တန့်ပေးရေးအတွက် ဗန္ဓုလ ပန်းခြံရှေ့ တွင် နေ့လယ် ၂နာရီခန့်က အော်ဟစ် တောင်းဆိုခဲ့ကြသည်။
"မန္တလေးတိုင်းမှာ ဆန္ဒပြခွင့်တင်တော့ သူတို့(ရဲတပ်ဖွဲ့ က) က ခွင့်မပေးဘူး။ မန္တလေးက နေပြည်တော် အထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်မယ် ဆိုတော့ ကြာနီကန်ရဲကင်းရှေ့မှာ ရဲအင်အား အလုံးအရင်းနဲ့ တားပြီး ငြိမ်းစုစီနဲ့ပါ ထပ်မံ တရားစွဲတယ်” ဟု မခင်နွဲ့ကြည်က ပြောသည်။
၎င်းတို့၏ အဆိုအရ မန္တလေးမှ အုပ်ချုပ်ရေး အရာရှိများက ဆန္ဒပြပွဲလျှောက်ထားမှုကို နှစ်ကြိမ်တိုင်တိုင် ပယ်ချခဲ့သည်ဟု ဆိုသည်။
ကျောက်တံတားမြို့နယ်၊ ပန်းခြံရှေ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးခဲ့ပြီး အထက်အရာအရှိ တစ်စုံတစ်ယောက်ကမျှ ကန့်ကွက်ခြင်း မရှိသောကြောင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးက Myanmar Now ကို ပြောသည်။
ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့ အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် အဆိုပါ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ယခင်အစိုးရ လက်ထက်ကတည်းက ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြုပ်နှံမှု အုပ်စု ကုမ္ပဏီ လီမိတက်” ကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
စီမံကိန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂ဝ၁၇ အောက်တိုဘာလ ထုတ်ပြန်သည့်စာတွင် စီမံကိန်းကို Myanmar Conch Cement (Mandalay) ကုမ္ပဏီ လီမိတက်က လုပ်ကိုင်မည်ဟု ဆိုထားသည်။
စီမံကိန်း အနီးပတ်ဝန်းကျင်ရှိ မြေကို လမ်းဖောက်ရန် အစိုးရက သိမ်းယူခဲ့ကြောင်း ရွာသားများက စွပ်စွဲခဲ့ပြီး ဆန္ဒပြခဲ့ကြသဖြင့် ဒေသခံ၂၁ဦး ငြိမ်းစုစီ ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရပြီး အခြား ၅ဦးမှာလည်း လမ်းတံတားဥပဒေဖြင့်တရားစွဲခံထားရသည်။
ရွာသားတို့၏ စွပ်စွဲချက်များကို တိုင်းအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက ငြင်းဆန်ထားပြီး အစိုးရသည် လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ခဲ့သည်ဟု Myanmar Now ကို ယမန်နေ့က ပြောသည်။
"အစိုးရကတော့ လမ်းဖောက်တော့ တရားဝင် ပိုင်ဆိုင်မှုရှိတဲ့အပေါ်မှာ ဖောက်တာပေါ့။ သူတို့က တားဆီးတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်တာပါ။ ပိုင်ရာပိုင်ကြောင်း တင်ပြ တောင်းဆိုနိုင်ခြင်း မရှိရင် အစိုးရကတော့ ဝတ္ထရား နှောက်ယှက်မှုနဲ့ တရားစွဲဆိုပါမယ်လို့ ထင်ပါတယ်” ဟု ဝန်ကြီးဦးမျိုးသစ်က ပြောသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYvP4PFPA5costFxqltxcsw-6l7zY1YWcQcJn7EGe0N70wfyNUXZ2_mJCzFlRzT0Cbi7PpLhuedqHnLKDMjqezpfX5DyMxEkajOxbWV82Ievu68zkudgNNwDNX19WbYgpvu6HUPFDOVEM/s640/photos+by+khin+hnin+wai+%25281%2529.jpg)
ဆက်စပ်သတင်းများ
ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်း ရပ်ရန် ပုသိမ်ကြီးဒေခံတို့ ရန်ကုန်တွင် ဆန္ဒပြမည်
မန္တလေးဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်သည့်ရွာကို ရဲကဝင်ရောက်စီးနင်းရှာဖွေ

![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDVM6eRFkV_GV87YnmdBS3iZpMUi8f6F3sqCe9evDlp-f7A7-Hir22u85bH4cv7xOPvcuAPVzVG-7oD1yTusEq64HbtSCnLaTVacoUlu7aJUVvS3lTHZZuJBFZklkaIwf2YsgcDzq4Tc/s640/photos+by+khin+hnin+wai+%25283%2529.jpg)

Comments