မောင်အောင်မွန် (၀င်းအောင်ကြီး) - ပျံပါ ပျံပါ ခွပ်ဒေါင်းနီနှင့် ABSDF အပိုင်း ၅ပိုင်း


 မောင်အောင်မွန် (၀င်းအောင်ကြီး) - ပျံပါ ပျံပါ ခွပ်ဒေါင်းနီနှင့် ABSDF အပိုင်း ၅ပိုင်း
ကျွန်တော်တွေးမိသလိုရေးပါမည် (၃၆၅)

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၈

(၁)
မြန်မာပြည်ရဲ့ နိုင်ငံရေးမှာစစ်တပ်က အာဏာသိမ်းထားမှု အံတုသည့် အကြီးမားဆုံး ၈-၈-၈၈ အရေးတော်ပုံကြီးအား ဖြိုခွင်းကာ ၁၉၈၈ ခု၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် န၀တ (နေ၀င်းတပ်) တက်၏။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဟူသော နာမည်တစ်မျိုးဖြင့် ဦးနေ၀င်းက ဖန်လိုက်ပြန်သည်။

တက်ကြွလှုပ်ရှားသူ စင်ပေါ်တက် ဒီမိုကရေစီ တရာဟောနေကြသူ အချို့ထုံးစံအတိုင်း ဘက်ပြောင်းပြီ။
တကယ်စစ်မှန်စွာ ယုံကြည်သူတို့အား န၀တ ကအင်အားသုံး ဖမ်းဆီးရာ ထောင်ထဲရောက်သူတွေ ရောက်ကုန်ကြပြီး အတော်များများကလည်း ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်တို့သို့ ရှောင်တိမ်းလွတ်မြောက်ကြ၏။ စစ်တပ်ကို လက်နက်ကိုင်တိုက်နေကြသော တိုင်းရင်းသားများနှင့် တော်လှန်ရေးသမား အထူးသဖြင့် ကျောင်းသားများကြား မြန်မာ့နိုင်ငံရေးသမိုင်း၌ အကြီးမားဆုံးနားလည်မှုရလိုက်၏။

 န၀တ အတွက် စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရတော့မည်။

(၂)
၁၉၈၈ ခု၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေ၌ ABSDF ခေါ် ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ထုံးစံအတိုင်း BBC, VOA စသော နိုင်ငံခြား အသံလွှင့်ဌာနများ သတင်းကြေညာ၍ မြန်မာပြည်တွင်းနေ ကျွန်တော်တို့သိလိုက်ကြရ၏။ ကြိုက်ကြိုက် မကြိုက်ကြိုက် ABSDF ကိုလျှော့တွက်၍မရတော့ပြီ။

ထိုင်းနယ်စပ်တွင်သာမက ဘန်ကောက်မြို့မှာပင် န၀တ ဆန့်ကျင်ရေး နိုင်ငံရေးအင်အားစုတွေ လှုပ်ရှားပုံသတင်းများ၊ အိန္ဒိယနယ်စပ်နှင့် နယူးဒေလီမြို့မှသတင်းများ၊ ဗြိတိန်၊ အမေရိကန်တို့ရောက် စစ်တပ်က အာဏာသိမ်းထားမှု ဆန့်ကျင်ရေး နိုင်ငံရေးအဖွဲ့အစည်းများ ဥပမာ၊ CRDB လည်း အားတက် ပါဝင်လာကြ၏။ စစ်တပ်က အထူးသဖြင့် KNU အင်အားကြီးသည့် ထိုင်းနယ်စပ်ကို အကြီးအကျယ်တိုက်၏။

ABSDF ခေါ် ကျောင်းသားတပ်မတော်က ပြည်တွင်းသို့ ကြိုကြားကြိုကြား စစ်တပ်ကိုဝင်တိုက်လာကြ၍ ၀မ်းသာ အားတက်ကြ-- စိတ်ကူးယဉ်ကြသူများလည်းရှိ၏။

စစ်တပ်ကို ငွေလှူကြသူ နာမည်နှင့်စာရင်း န၀တ ကကြေညာ၏။

(၃)
၈-၈-၈၈ အရေးတော်ပုံကြီးအား ဖြိုခွင်းခံရပြီးနောက် တောသို့သွားရှောင်ရာကနေ ကျွန်တော့်မိသားစု ရန်ကုန်ပြန်လာခဲ့၏။ သို့သော် နေလို့ထိုင်လို့ လုပ်လို့ကိုင်လို့အဆင်မပြေတော့ပါ။ သတင်းသမားမို့ န၀တ ကို ကျွန်တော်ကမကြိုက်၊ န၀တ ကလည်း အချိန်မရွေး ဒုက္ခပေးနိုင်သည်မဟုတ်လား။

 သည်လိုနှင့်ပင် စွန့်စားထွက်ခဲ့ရာ ၁၉၉၂ ခု၊ မေလတွင် ဘန်ကောက်ရောက်၏။
မကြာမီမှာပင် ABSDF နှင့်အဆက်အသွယ်ရသည်။ (၂၅)နှစ်ကျော် သတင်းအတွေ့အကြုံကို သင်တန်းအဖြစ် ABSDF ရဲဘော်များအားဝေငှသည်။ တကသ အိုးဝေမဂ္ဂဇင်းကမွေးလိုက်သည့် စာရေးဆရာမို့ ABSDF အာဘော် ဒေါင်းအိုးဝေ အဖွဲ့ထဲရောက်သွားလေပြီ။
DVB အသံလွှင့် တာဝန်ခံများကိုလည်း ကူညီခွင့်ရ၏။

(၄)
ဘန်ကောက်မြို့ကား အရှေ့တောင်အာရှ၏ သတင်းမီဒီယာ ဘူမိနက်သန်ပါ။
ယခင်ကရှိခဲ့ဖူးသော အဆက်အသွယ်များ ပြန်ရပြီ။ USIS အတွက် ဘာသာပြန်ခဲ့ဖူး၍ VOA South East Asia သတင်းထောက်ချုပ် Dan Robinson နှင့်ဆက်မိပြီ၊ ထို့နောက် မြန်မာ့သတင်းဘုရင်ဟု ဆိုလောက်သူ ဘာတစ်လ် လင့်တနာ--၊ လယ်ရီ ဂျာဂင် မှတဆင့် BBC မြန်မာပိုင်းမှ ကိုအောင်မြင့်ထွန်း၊ ဒေါက်တာအောင်ခင်တို့အဆက်အသွယ်ရပြီ။

BBC မြန်မာပိုင်းသို့ အသံသွင်းသတင်းပို့ရသည်။

နယ်စပ်တွင် ဖွဲ့စည်လိုက်သော NCGUB ဘန်ကောက်ရုံးခွဲသို့ ၀င်ထွက်ကာ သတင်းယူလို့ရပြီ။ ပြည်တွင်းမှကတည်းက ဦးဝင်းတင်မိတ်ဆက်ပေးထားသူ ဒေါက်တာစိန်ဝင်းက ၀န်ကြီးချုပ်မို့ အဆင်ပြေ၏။ ပြန်တွေးလျှင် ရန်ကုန်မှာ ကျန်ရစ်သူ ဇနီးနှင့်သမီးအတွက် န၀တပေးမည့် အန္တရာယ်က ကြီးမားနိုင်သည်။
သို့သော် မကြာမီအောင်ပွဲခံမည်ဟု ယုံကြည်ထားကြ၍ စွန့်စားရဲကြခြင်းပါ။

(၅)
ထို့နောက် VOA မြန်မာပိုင်းသို့ အသံသွင်းသတင်းပို့ရသောအခါ Dan Robinson သူရုံးသုံးခွင့်ပြု၏။
သူမြန်မာသတင်းပို့ရာတွင် အသုံးပြု Interview လုပ်နိုင်ရန် NCGUB, ABSDF ခေါင်းဆောင်များနှင့် ကျွန်တော်ကမိတ်ဆက် စီစဉ်ပေးသည်။ သူ့သတင်းပေးပို့ချက်များ ပိုမိုလူကြိုက်များလာပြီ။ ကျွန်တော်လည်း ပိုမိုအဆင်ပြေစွာ သတင်းပို့ရင်း Dan Robinson ထံမှ ပညာယူခွင့်ရ လူချင်းရင်းနှီးလာကြ၏။သူနှင့် ခေတ်ပြိုင်၊ ဧရာဝတီတို့ကြား ကျွန်တော်ပေါင်းကူးတံတားဖြစ်လာပြီ။

Dan Robinson ရန်ကုန်သို့ မကြာခဏသွားသတင်းယူ၏။

VOA မြန်မာပိုင်းအတွက် ကျွန်တော်အကြိမ်ကြိမ် အရွေးခံရသော်လည်း မသွားရသည့်ကိစ္စအတွက် Washington DC ရှိ VOA ရုးချုပ်သို့ သူတိုက်ပွဲဝင်ပေး၍ ကျွန်တော်(၆) လသွားလုပ်ဖို့ လမ်းပွင့်လာသည်။ VOA မြန်မာပိုင်းဌာနမှူး ရန်ကုန်တွင် သတင်းသွားယူရင်း ပြဿနာတက်နေစဉ် ကျွန်တော် VOA မြန်မာပိုင်းအတွက် ၁၉၉၅ ခု၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် International Radio Broadcaster (Burmese) အဖြစ် ရောက်သွား၏။

 မြန်မာထဲက ဌာနမှူးမခန့်လို၍ Dan Robinson လာလုပ်ရသည်။

(၆)
ကျွန်တော့်အသံလွှင့်ဘ၀ မှတ်တမ်းကျန်ခဲ့မည့် အစီအစဉ်တစ်ခုလုပ်ချင်၏။ ABSDF အကြောင်းပါ၊ Dan Robinson က၀မ်းသာစွာ ခွင့်ပြုအားပေးသည်။ ဒေါက်တာ နိုင်အောင်နှင့် ကိုကျော်ကျော် တို့လည်းရောက်နေကြ၍ ကျွန်တော့်အိမ်တွင် တိုင်ပင်ကာ စတင်အသံသွင်း၏။ အကြီးတန်း အယ်ဒီတာ ဦးခင်မောင်ဝင်း ကလည်းစိတ်ဝင်စားကာ ရောက်လာတတ်၏။ ကိုမိုးသီးဇွန်ရှိရာ နယ်စပ်သို့ တယ်လီဖုန်းဆက် Interview လုပ်နိုင်၏။ ဆေးမှူး ဒေါက်တာ မြင့်ချို၊ ဒေါင်းအိုးဝေ အယ်ဒီတာ မိဆူးပွင့်နှင့် ပြန်ကြားရေး--အမျိုးသမီးရေးရာ များ Interview လုပ်နိုင်၏။ ဒေါက်တာသောင်းထွန်းနှင့် ABSDF ၏ နိုင်ငံခြား ဆက်သွယ်မှုများ စသဖြင့်၊ အဘအေးမြင့် အားဆက်သွယ်မရသလို တရားရေးကိစ္စ ကိုအောင်ထူးနှင့်လည်းမရ၊ သုတေသနနှင့်စာကြည့်တိုက် ကိစ္စ ကိုခင်သန်းကိုလည်းမရ။
သို့သော်--ရှိထားမိထားသူများ ထပ်တလဲလဲ Interview များဆက်လုပ်နိုင်၏။

 (၃) ခန့်အကြာ အသံသွင်းပြီးအခွေတွေ ပုံနေပြီ။ Edit လုပ်၊ ရွေးထုတ် စီစဉ်ရသည်။ အိမ်တွင် တစ်ယောက်တည်း လောဘကြီးနေရာ Dan Robinson က (၁၅) မိနစ်က မိနစ်(၂၀) အပိုင်း(၅) ပိုင်း စိတ်ကြိုက် naration ရေး ကိုယ်တိုင် produce လုပ်ဟု ခွင့်ပေး၏။

သို့သော် naration ကိုဝိုင်းတော်သားများ ပါဝင်စေကာ ကြည်လင်ပီပြင်သော Interview ထဲက ABSDF တို့၏အသံများ VOA Studio တွင် အသံသွင်းပြီး Edit လုပ်ရပြန်၏။ (၄) ခန့်အကြာ အပိုင်း(၅) ပိုင်းပြီးသွားပြီ။ ABSDF သီချင်းထဲက ပျံပါ ပျံပါခွပ်ဒေါင်းနီ--နှင့်အပိုင်းတိုင်းကိုဖွင့်ပြီးပိတ်၏။
အသံသွင်းည့်နေ့ အသံလွှင့်သည့်နေ့တိုင်း VOA ရုံးခန်းတွင် ၀ိုင်းတော်သားတို့ နှုတ်ဖျား ပျံပါ--ပျံပါ---။

(၇)
နှစ်တွေ များစွာကြာခဲ့ပါပြီ၊ VOA တွင် (၁၅) နှစ်လုပ်ပြီး ပင်စင်ယူခဲ့သည်ကပင် (၈)နှစ်ရှိခဲ့ပါပြီ။ ထိုအစီအစဉ် ဖြစ်မြောက်ရေးအတွက် Interview ပေးခဲ့သူ ABSDF ခေါင်းဆောင်များလည်းရှိနေကြဆဲပါ။ တစ်ခါမှမမေးဖူ၍ သတိရကြပါလေစ။ အသံလွှင့်သမားတစ်ယောက်၏ ဆန္ဒပြည်ဝရေး ခွင့်ပေးကူညီကြ၍သာ ၀မ်းသာရပါမည်။

 မြန်မာ့နိုင်ငံရေးသမိုင်း၌ (၂) ခြမ်းကွဲသွားပြီးနောက် ပြန်ပေါင်းနိုင်ခဲ့သည့် တစ်ခုတည်းသော အဖွဲ့ကြီး ADSDF သည် မေ့မေ့ပျောက်ပျောက်တော့ မဖြစ်သင့်ဟု နှစ်(၃၀)ပြည့်နေ့တွင် တွေးမိကြောင်းပါ။

 ၂၀၁၈ ခု၊ နိုဝင်ဘာလ (၁) ရက်နေ့။

Comments