အောင်သူငြိမ်း - ဒေတာတွေရှိတဲ့အခါ ‘ဒီမိုကရေစီ’ လိုပါ့ဦးမလား
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၈
(စာရေးသူ ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်)
ကျနော်က ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good governance) ဖြစ်စေရေးကို တိုက်တွန်းဟောပြောနေတာ။ အုပ်ချုပ်မှု စနစ် (Governance) နဲ့ ပတ်သက်လာရင် စိတ်ဝင်တစား စူးစမ်းမိတယ်။ Governance (အုပ်ချုပ်မှုစနစ်) ဆိုတာ အဓိပ္ပါယ် ဖွင့်ချက်အရ အစိုးရ (Government) ထက်ကို ပိုကျယ်ပြန့်ပါတယ်။ အစိုးရဆိုတာကတော့ အစိုးရတခုရဲ့ ဌာန၊ အဖွဲ့အစည်း၊ ယူနစ်၊ ရုံးတွေကို ခေါ်ဆိုတာပါ။ အုပ်ချုပ်မှုစနစ် (Governance) ဆိုတာကတော့ အပြန်အလှန်ဆက်ဆံမှု တွေ ပါဝင်တယ်။ အစိုးရက သူလုပ်ကိုင်နေတာတွေကို ပြည်သူသိအောင် ဘယ်လိုချပြမှာလဲ။ သတင်းမီဒီယာ၊ အစိုးရ သတင်းစာ၊ ရုပ်မြင်သံကြား၊ ဝက်ဘ်ဆိုဒ်၊ နိုင်ငံတလွှား ပြန်ကြားရေးဝန်ကြီးဌာနအောက်က ပြည်သူ့ဆက်ဆံရေးရုံးတွေက တဆင့် သိရှိအောင်လုပ်တာမျိုးပေါ့။ တဖက်မှာလည်း ပြည်သူဖက်က အကြံပေးချင်တာ၊ ပြောချင်တာ၊ စောဒကတက် တိုင်ကြားချင်တာတွေ၊ နစ်နာမှုတွေရှိလာရင် ဘယ်လိုလုပ်မှာလဲ။ ဒါလည်း လိုအပ်ပါတယ်။ အဲဒါအပြင် ဖွံ့ဖြိုးရေးစီမံချက် တွေ ချမှတ်တဲ့အခါ ပူးပေါင်းဆောင်ရွက်မှု (collective actions) ရအောင် ဘယ်လိုလုပ်ဆောင်မှာလဲ။ အစီအစဉ်ရေးဆွဲမှု ကနေ၊ အကောင်အထည်ဖော်မှု၊ ပြန်လည်သုံးသပ်မှု အားလုံးမှာ ပြည်သူပါဝင်မှုလိုအပ်ပါတယ်။ နောက်တခုက သမားရိုးကျ ပုံမှန်မဟုတ်တဲ့ သာရေး၊ နာရေး၊ ရပ်ရွာအဖွဲ့အစည်းများ၊ တန်ဖိုးထားမှုများ ကိစ္စအားလုံးက အုပ်ချုပ်မှုစနစ် (governance) ဆိုတဲ့ အဓိပ္ပါယ်ဖွင့်မှုအောက် ပါဝင်ပါတယ်။ ဒါပေမယ့် အခုတပတ်ထုတ် MIT Technology Review (MIT နည်းပညာရီဗျူး) စာစောင်ပါ ခရစ္စတီးနားလာဆင် (Christina Larson) ရဲ့ ဆောင်းပါး Who needs democracy when you have data? ကို ဖတ်ရတဲ့အခါ စဉ်းစားစရာတွေ တိုးလာတယ်။ (August 20, 2018).
ခရစ္စတီးနား လာဆင်က သူ့ဆောင်းပါးကို ခုလို စထားတယ်။ ၁၉၅၅ ခုနှစ်တုန်းက သိပ္ပံစာရေးဆရာ အိုင်းဇက် အာဆီမော့ (Issac Asimov) က ‘အီလက်ထရွန်နစ် ဒီမိုကရေစီ စမ်းသပ်မှု’ နဲ့ ပတ်သက်ပြီး ဝတ္ထုတိုကလေး တပုဒ်ရေးဖူးတယ်။ မာလ်တီဗက် (multi-vac) လို့ ခေါ်တဲ့ ကွန်ပြူတာတလုံးကနေပြီး၊ လူထုထဲကနေ သိပ္ပံနည်းအားဖြင့် လူတဦးကို ရွေးချယ် အုပ်ချုပ်စေတဲ့ အကြောင်းပါ။ အခုတော့ ဒီလိုတီထွင်မှုကိုလုပ်နေတာက အမေရိကန်တက္ကသိုလ်ဝင်းထဲမှာ မဟုတ်ဘူး။ တရုတ်နိုင်ငံမှာ တကယ်တည်ဆောက် အသုံးပြုနေပြီလို့ ဆိုပါတယ်။ စာရေးသူ လာဆင်ပြောချင်တာကတော့ အခုအခါ တရုတ်နိုင်ငံ အစိုးရအနေနဲ့ အသိဉာဏ်တုနည်းပညာ (AI)၊ ဒေတာတွေသုံးလို့ လူတွေကို ထောက်လှမ်း၊ ထိန်းချုပ်မှုတွေ လုပ်နေပြီလို့ ဆိုချင်တာပါ။
အာဏာရှင်စနစ်တိုင်းအတွက် “အာဏာဗဟိုချက်မရဲ့ ပြဿနာက အောက်ခြေမှာ၊ လူမှုအဖွဲ့အစည်းထဲမှာ ဘာတွေဖြစ် ပျက်နေသလဲဆိုတာ သိချင်တာပါ” အမေရိကန်၊ ဖီလာဒဲလ်ဖီးယားမှာရှိတဲ့ ဗီလာနိုဗာတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ တရုတ် ရေးရာ ကျွမ်းကျင်သူ ဒဲဘရာ ဆယ်လီဆွန်ဂ် က ဆိုပါတယ်။ တဖြည်းဖြည်း အဆင့်မြင့်ရှု့ပ်ထွေးလာတဲ့ စီးပွားရေးစနစ်၊ လူမှု အသိုက်အဝန်းမှာ နိုင်ငံတခုကို ဘယ်လိုစီမံအုပ်ချုပ်မယ်ဆိုတာက ပြဿနာ ဖြစ်လာပါတယ်။ ပြည်သူလူထုနဲ့ ဆွေးနွေး ငြင်းခုန်မှု (Public debate) တွေ၊ နိုင်ငံသား တက်ကြွလှုပ်ရှားသူတွေ (citizen activism)၊ အွန်လိုင်းပေါ်က ဝေဖန် တုံ့ပြန်မှုတွေကို ဘယ်လိုထိန်းချုပ်မှာပါလဲ။ ခေတ်က ရှုပ်ထွေးလာပါတယ်။ ဆုံးဖြတ်ချက်တခုပြုဖို့ လုံလောက် တဲ့ သတင်းအချက်အလက်တွေကို ဘယ်လောက်အတိုင်းအတာအထိ စုဆောင်းမှာပါလဲ။ အစိုးရတခုအနေနဲ့ ပြည်သူတွေ ယုံကြည်မှု (Trust) ရဖို့ ဘယ်လောက်အတိုင်းအတာအထိ လူထုပါဝင်မှုကို ဖိတ်ခေါ်မှာလဲ၊ လူတိုင်းအိမ်ရှေ့ကို ရဲတွေ မစေလွှတ်ရဘဲ သူတို့အမူအကျင့်တွေကို ဘယ်လို ထိန်းသိမ်းမှာလဲ။ ဒါတွေက ပြဿနာ ဖြစ်လာပါတယ်။
ဒီမိုကရေစီ ခွင့်ပြုတဲ့အခါ မထင်မှတ်ထားတာတွေ ဖြစ်တတ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေက ထွက်လာပြီး ဒေါ်နယ် ထရမ့်ကို မဲပေးရွေးချယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥရောပသမဂ္ဂ (EU) ကထွက်ဖို့ Brexit မဲပေးလိုက်တာမျိုးလည်း ဆုံးဖြတ်လိုက်နိုင်ပါတယ်။ ဖိလစ်ပိုင်မှာ ဒူတာတေးလိုလူတွေ၊ ကျန်ကမ္ဘာအနှံ့အပြားမှာ လက်ျာစွန်းပါတီ ခေါင်းဆောင် တွေကို မဲပေးလိုက်တာမျိုးလည်း ကျနော်တို့ မျက်စေ့ရှေ့မှာ ဖြစ်ပျက်ခဲ့ပါတယ်။ ဒီမိုကရေစီကြောင့် လူပြိန်းကြိုက် ခေါင်းဆောင်တွေ၊ မတည်ငြိမ်မှုတွေ၊ ပုဂ္ဂိုလ်ရေးဆန်တဲ့ ခေါင်းဆောင်မှုမျိုးကို မွေးဖွားတတ်တာလည်း တွေ့ခဲ့ရပါတယ်။
တရုတ်နိုင်ငံမှာ အရင်ကွန်မြူနစ်ပါတီခေါင်းဆောင် ဟူဂျင်တောင်က တနည်းတဖုံ ကြိုးပမ်းခဲ့ဖူးပါတယ်။ သူဦးဆောင်ရတဲ့ ကာလ ၂၀၀၂ ခုကနေ ၂၀၁၂ ခုနှစ်ကြားမှာ အတန်အသင့် ဒီမိုကရေစီအခွင့်အရေးတွေ ဖွင့်ပေးခဲ့ဖူးပါတယ်။ ကာလတို နှင်းခဲပျော်ချိန်လို့ ဆိုနိုင်ပါတယ်။ ပြည်သူတွေက နစ်နာမှုတွေကို အုပ်ချုပ်သူတွေနားထဲပေါက်အောင် တင်ပြဖို့ ခွင့်ပြုခဲ့ဖူး ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ လူ၁.၄ ဘီလီယံကို ထိန်းချုပ်ရပါတာ ခက်ပါတယ်။ ပါတီခေါင်းဆောင် ရှီကျင့်ဖျင် လက်ထက်မှာတော့ တနည်းတဖုံ ခေတ်သစ်နည်းပညာ၊ AI, big data တို့နဲ့ ထိန်းချုပ်ဖို့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ဆိုပါတယ်။
ရှီကျင့်ဖျင် ခေါင်းဆောင်မှုရလာကတည်းက နည်းပညာ အသုံးချမှုကို ရည်ရွယ်ချက်ကြီးကြီးနဲ့ ကြိုးပမ်းခဲ့ပါတယ်။ သက္ကရာဇ် ၂၀၃၀ မှာ ကမ္ဘာပေါ်မှာ အသိဉာဏ်တုနည်းပညာ (Artificial intelligence) မှာ ဦးဆောင်ဖြစ်ရမယ်လို့ ရည်ရွယ်ခဲ့ပါတယ်။ သူက ဆိုင်ဘာ အချုပ်အခြာအာဏာ (Cyber soverignity) ခေါ်တဲ့ အွန်လိုင်းထိန်းချုပ်မှု၊ ပြည်တွင်း အင်တာနက်ထိန်းချုပ် မှုတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီမှာ မိန့်ခွန်းပြောခဲ့ရာမှာ ခေတ်မီတဲ့ ဆိုရှယ်လစ်နိုင်ငံတခု တည်ဆောက်ဖို့နေရာမှာ သိပ္ပံနည်းပညာကဏ္ဍက အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ ဇန်နဝါရီလတုန်း က တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် မိန့်ခွန်းပြောရာမှာတော့ သူ့နောက်က စာအုပ်စင်တဖက်မှာ ကားလ်မာ့ခ်စ်ရဲ့ Das capital (အရင်းကျမ်း) လိုစာအုပ်မျိုး တွေ့ရသလို၊ တဖက်မှာတော့ Pedro Domingos’s The Master Algorithm
နဲ့ Brett King’s Augmented: Life in the Smart Lane တို့လို အသိဉာဏ်တု နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ တင်ထားတာလည်း တွေ့ခဲ့ရတယ်လို့ စာရေးသူက ဆိုပါတယ်။
“တရုတ်နိုင်ငံ အစိုးရလောက် ဘယ်အစိုးရကမှ နည်းပညာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်အောင် ကြိုးပမ်းတာမျိုး မရှိဘူး” လို့ ဝါရှင်တန်ဒီစီက နိုင်ငံတကာစီးပွားရေးဆိုင်ရာ ပီတာဆင် အင်စတိကျုက ပညာရှင် မာတင် ခေါ်ဇင်ပါ (Martin Chorzempa) က ပြောပါတယ်။ နည်းပညာကို သိပ်အားကိုးလာတာကို တွေ့နေရတယ် ဆိုပါတယ်။
တွေ့ဆုံညှိနှိုင်းမှုအစား သုံးမယ့် ဒေတာ
----------------
တရုတ်ခေါင်းဆောင်တွေက ဆူညံပွင့်လင်းတဲ့ ငြင်းခုန်မှုတွေကို တံခါးဖွင့်ပေးမယ့်အစား၊ ပြည်သူလူထု ခံစားချက်တွေကို ဘယ်လိုသိအောင် လုပ်မလဲလို့ စဉ်းစားခဲ့ပုံရပါတယ်။ မကြာသေးမီက သမိုင်းမှာ မြို့တော်ကိုသွားပြီး ဒေသခံအရာရှိတွေက မကြားတဲ့ ကိုယ့်ခံစားနစ်နာချက်တွေကို အင်ပိုင်ယာပြည့်ရှင်တွေသိအောင် တင်ပြတဲ့သူ (petitioners) တွေ အကြောင်း အတော် လူသိများခဲ့ပါတယ်။ မြေသိမ်း၊ ယာသိမ်း နစ်နာမှုကိစ္စတွေအတွက်၊ နို့မှုန့်တွေထဲ မဟုတ်တဲ့ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် ဆန္ဒပြပွဲငယ်တွေ ဆင်နွှဲခဲ့တာလည်း အများ အပြားပါ။ အဲဒါအပြင် အွန်လိုင်းမှာ လာဘ်စားမှုအကြောင်း ရေးသားသူ တွေရှိခဲ့ကြပါတယ်။ လူ့အခွင့်အရေး ရှေ့နေတွေက လည်း ဘလော့ရေးသားလို့ အွန်လိုင်းမှာ ဝေဖန်မှု ပြုခဲ့ကြပါတယ်။ ရှီကျင့်ဖျင်ကတော့ ဒီလိုရုန်းရင်းဆန်ခတ် ဖြစ်ရမှုမျိုးတွေ သိပ်လိုချင်ပုံ မရပါဘူး။ အခုတော့ နည်းပညာ ထိန်းချုပ်မှု၊ ဒေတာတွေကို ပိုသုံးလာပါတယ်။
မြို့တော်ကို သွားဖို့ ရထားလက်မှတ်ဝယ်တဲ့အခါ မှတ်ပုံတင် (ID) လိုပါတယ်။ အဲသည်တော့ “ပြဿနာရှာမယ့်သူ”လို့ ထင်ရင် စောစောကတည်းက ရထားပေါ်က ဆွဲချထားရုံပါပဲ။ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က တရုတ်နိုင်ငံအရေး လေ့လာသူ မာယာဝန်က ပြောပါတယ်။ ဘလော့ရေးသူတွေ၊ ရှေ့နေတွေ၊ အွန်လိုင်း အသံထွက်သူတွေကိုလည်း စနစ်တကျ အသံတိတ်စေပါတယ်။ နည်းပညာကြောင့် သတင်းအချက်အလက်၊ လွတ်လပ်ခွင့် ပိုတိုးလာစေသလို၊ အစိုးရတွေဖက်ကလည်း အခြားတနည်းနဲ့ ပြန်အသုံးချကြပါတယ်။ ဒီလိုနည်းပညာ သုံးပြီး စီမံအုပ်ချုပ်မှုတွေကို တရုတ်နိုင်ငံက ၁၉၈၀ ခုနှစ်များ နှစ်လယ်ပိုင်းကစလို့ သုံးနေတာလို့ ဆိုပါတယ်။ ဟားဗတ် တက္ကသိုလ်က သမိုင်းပညာရှင် ဂျူလီယန် ဂီဝစ်ဇ် (Julian Gewirtz) က ပြောတာက “တရုတ်နိုင်ငံအစိုးရက နည်းပညာ ဟာ လူတွေရဲ့ နေ့စဉ်လူမှုဘဝတွေထဲကို တစိတ်တပိုင်း ရောက်ရှိလာကတည်းက သတင်းအချက်အလက်တွေ စုဆောင်း ဖို့နဲ့ ယဉ်ကျေးမှုကို ထိန်းချုပ်ဖို့ အသုံးဝင်ပုံကို သဘောပေါက်လာတယ်။ တရုတ်ပြည်သူတွေကို ‘ပိုခေတ်မီ’ လာစေဖို့၊ ‘ပိုပြီး အုပ်ချုပ်ထိန်းသိမ်းရ လွယ်လာစေဖို့’ စဉ်းစားခဲ့တယ်။ ဒါဟာ တရုတ်ခေါင်းဆောင်မှုရဲ့ အမြဲရှိနေတဲ့ စိတ်စွဲလန်းမှုပဲ” လို့ ပြောပါတယ်။ နောက်ပိုင်းမှာ AI တို့၊ ပိုမြန်ဆန်တဲ့ ပရိုဆက်ဆာတွေ ပေါ်လာတဲ့အခါ ပိုလို့ အသုံးကျလာပါတယ်။ ဒီလိုနဲ့ ၂၀၁၆ ခုနှစ်မှာ ဆိုင်ဘာလုံခြုံရေး ဥပဒေကို ပြဌာန်းပါတယ်။ ၂၀၁၄ ခုနှစ်မှာ နိုင်ငံတော်ကောင်စီကနေပြီး လူမှု အမှတ်ပေး စနစ် (Social credit system) ကို စတင်အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းတော့ ‘စမတ်မြို့တော်’ စီမံကိန်းတို့၊ နည်းပညာ အကူပေး ရဲလုပ်ငန်းတွေ ဖြစ်လာပါတယ်။
လူမှု အမှတ်ပေး စနစ် (Social credit system)
------------------
လူမှု အမှတ်ပေး စနစ် (Social credit system) ဆိုတာကတော့ ပြည်သူတွေကို အစိုးရက အမှတ်ပေးစနစ်နဲ့ ထိန်းချုပ်တာ ပါ။ လူတဦးဟာ ကနဦးမှာ အမှတ် ၁၀၀၀ ရနေပါတယ်။ သူအမှားကျူးလွန်ရင် ကျူးလွန်သလို၊ အမူအကျင့် မကောင်းရင် မကောင်းသလို ပြန်နှုတ်သွားမှာပါ။ အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်မယ်ဆိုရင် ယုံကြည်မှု (Trust) သို့မဟုတ် ဂုဏ် သိက္ခာ (Reputation) လို့ ဘာသာပြန်လို့ ရကောင်း ရမှာပါ။ ဒီလို စောင့်ကြည့် အမှတ်ပေးမှုလုပ်ငန်းတွေကို စမ်းသပ် စီမံချက် အမျိုးမျိုးနဲ့ ဆောင်ရွက်နေပြီး၊ ၂၀၂၀ ကျရင် အပြည့်အဝ လုပ်ငန်းလည်ပတ်မယ် ဆိုပါတယ်။ ဒါပေမယ့် အခု ကတည်းက တကယ်လုပ်ဆောင်နေကြပါပြီ။
လွန်ခဲ့တဲ့ ၅-နှစ်ကစလို့ တရုတ်နိုင်ငံ တရားရုံးတွေမှာ ‘အမည်မဲစာရင်း’ (Blacklists) ကို ထားရှိခဲ့ပါတယ်။ ဒဏ်ကြေး မပေး ဆောင်သူတွေ၊ တရားရုံး ဆုံးဖြတ်ချက် မလိုက်နာသူတွေကို အမည်ဆိုးစာရင်း သွင်းတာပါ။ ဒီအခါ လုပ်ငန်းရှင်တွေ၊ လူ အတော်များများက ငွေချေးလို့ မရတာတွေ ဖြစ်လာပါတယ်။ လေယာဉ်လက်မှတ်ဝယ်လို့ မရတာ၊ ဇိမ်ခံဟိုတယ်ကြီးတွေ မှာ တည်းခိုလို့ မရတာတွေ ဖြစ်လာပါတယ်။ တရုတ် အမျိုးသား သယ်ယူပို့ဆောင်ရေးဌာနကလည်း အလားတူ အမည်ဆိုး စာရင်း ပြုစုထားပါတယ်။ အမူအကျင့် ဆိုးရွားသူတွေကို နောက်နောင်မှာ ယာဉ်စီးနင်းခွင့် မပေးဘဲ ပိတ်ပင်ထားတာပါ။ ပိတ်ဆို့တားမြစ်မှုက ၆-လ၊ တနှစ်အထိ ကြာမြင့်တတ်ပါတယ်။ “မရိုးမဖြောင့်လုပ်တဲ့ ကုမ္ပဏီ” တွေကိုလည်း နောက်တခါ တင်ဒါဆွဲဖို့ တားမြစ်ထားတာမျိုးလည်း ရှိပါတယ်။
Foreign Policy မဂ္ဂဇင်းက တရုတ်နိုင်ငံ မြောက်ပိုင်းကမြို့တော် ရုန်ချန်း (Rongcheng) မှာ လူ ၇၄၀ ကို အဲသလို လူမှု အမှတ်ပေးစနစ်အကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အကယ်၍ အမူအကျင့် ကောင်းတယ်ဆိုရင် သူတို့တွေက ဆောင်း တွင်း အပူငွေ့ပေး ဓာတ်ငွေ့ရောင်းချတာ လျှော့ဈေးရမယ်။ အိမ်ဝယ်တဲ့အခါ ဈေးနှုန်းချိုသာမှုတွေ ရှိမယ်ဆိုပါတယ်။ အမူ အကျင့် မကောင်းသူတွေကတော့ မူပြီးကားမောင်းတာ၊ လမ်းကို စည်းကမ်းမဲ့ ဖြတ်ကူးတာ၊ အရှိန်နှုန်းမြင့် ယာဉ်မောင်း တာတွေလည်း ပါဝင်ပါတယ်။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ကြော်ညာဆိုင်းဘုတ်ကြီးတွေမှာ ဓာတ်ပုံတင်ပြီး အရှက်ခွဲတာမျိုးလည်း ဒဏ်ပေးတတ်ပါတယ်။ အမှတ်မကောင်းရင်တော့ အစိုးရအလုပ်တွေ ရဖို့၊ ချေးငွေရဖို့ မလွယ်လှ ပါဘူး။
ဒါပေမယ့် ပြဿနာကတော့ အကယ်၍ ကိုယ့်ကို အမည်မဲစာရင်း စွပ်စွဲခံရရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ သီးခြားလွတ် လပ်တဲ့ စောင့်ကြည့်လေ့လာမှုတွေ၊ လွှမ်းခြုံတဲ့ တရားစီရင်ရေးစနစ်တွေ မရှိသေးပါဘူး။ ကိုယ်မသိဘဲလည်း အမည်မဲ စာရင်း သွင်းခံထားရတာမျိုး ဖြစ်နိုင်ပါတယ်။ အမည်မဲစာရင်းဝင်ခဲ့ရင် ပြန်ဖျက်သိမ်းဖို့ သိပ်ခက်တယ်လို့လည်း ဆိုကြပါ တယ်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က မာယာဝန်ကတော့ “စုံစမ်းဖော်ထုတ်ရေးသားကြတဲ့ သတင်းထောက်တွေ (investigative journalists) တွေ အတွက်တောင် ဒီလို အမည်မဲစာရင်း ရှိနေနိုင်တယ်” လို့ ပြောပါတယ်။ မူးယစ်ဆေးဝါး စွဲနေသူတွေလည်း အမည်မဲစာရင်းထဲ အလိုအလျောက် ပါဝင်နေနိုင်ပါတယ်။ တခါတလေ မှာတော့ ဒီလိုပြဿနာတွေကြောင့် လူထုတွေ အကြီးအကျယ် ဒေါသထွက်ရတာမျိုး ရှိဖူးပါတယ်။ အမည်မဲစာရင်းထဲ ဖခင် ဖြစ်သူ ပါဝင်နေတာကြောင့် ကောလိပ်မှာ ကျောင်းသားတဦး ငြင်းပယ်ခံရတဲ့အခါ ဒီကိစ္စအပေါ် အကြီးအကျယ် ငြင်းခုန် ဒေါသထွက် ပြောဆိုခဲ့ကြဖူးပါတယ်။
ပြဿနာကတော့ ဒီစနစ်က ပွင့်လင်းမြင်သာမှု မရှိဘဲ မှောင်ပိန်း (opaque) ဖြစ်နေတာပါ။ ဒါကို ပြန်ပြီး တုံ့ပြန်စိန်ခေါ်မှု ရှိလာရင်လည်း အန္တရာယ် ရင်ဆိုင်ရကိန်း ရှိနေပါတယ်။
ဒေတာများ
-------------
ဒေတာအခြေပြု အုပ်ချုပ်မှုစနစ် (data-driven governance) ကြောင့် အကျိုးရှိတာတွေလည်း ရှိပါတယ်။ အရင်က လေထု ညစ်ညမ်းမှုတိုင်းတာတာတွေကို အောက်ခြေက လုပ်ဆောင်ပြီး၊ အပေါ်ကို သတင်းပို့ရပါတယ်။ အောက်ခြေ အရာရှိတွေက လာဘ်ယူပြီး၊ စက်ရုံတွေခွင့်ပြုပေး အပေါ်ကို သတင်းလိမ်တင်တာတွေ ရှိပါတယ်။ အခုအခါမှာ အပေါ် ကို ချက်ချင်း ဒေတာတွေ ရောက်လာတဲ့အခါ လိမ်လို့မရတော့ပါဘူး။ အပေါ်က တိုက်ရိုက်စီမံအုပ်ချုပ်နိုင်တာတွေ ဖြစ်လာပါ တယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (good governance) ကျင့်သုံးလို့ ရလာပါတယ်။
ဒါပေမယ့် ဒီလိုနည်းပညာတွေနဲ့ အစိုးရက ကိန်းဂဏန်း ဒေတာတွေကိုလည်း လိမ်လည်လှည့်ဖျားလို့ ရနိုင်ပါသေးတယ်။ တိုင်းပြည်က လျှပ်စစ်အသုံးပြုမှု၊ ရေအားလျှပ်စစ် အသုံးပြုမှု ပမာဏ၊ ဂျီဒီပီ တိုးတက်မှုနှုန်းတွေကို အစိုးရက မလိမ်မညာ အသိပေးမယ်လို့ အာမခံချက် မရှိပြန်ပါဘူး။ ရာဇဝတ်မှုခင်း ဖြစ်နှုန်း ၂% ပဲ ရှိတယ်ဆိုပြီး ဒေတာတွေကို ထိန်ချန်ဖော်ပြ တာလည်း ဖြစ်နိုင်ပါသေးတယ်။
နောက်ပိုင်းမှာ မျက်နှာကိုသိတဲ့ နည်းပညာ (facial recognition technology) ကိုလည်း ပိုလို့ ထိရောက်စွာ သုံးလာပါ တယ်။ ဒါတွေနဲ့ ရာဇဝတ်သားတွေကို ဖမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖတ်နေရပါသေးတယ်။ ဒါပေမယ့် အခု နည်းပညာက ဘယ်လောက်အထိ တိကျအားကိုးရမယ်ဆိုတာက မေးခွန်း ရှိနေပါသေးတယ်။ [တလောက ရန်ကုန်မှာ လည်း ဖုန်းခိုးတယ်ဆိုပြီး လုပ်ငန်းရှင်တဦးကို CCTV က ပေါ်တဲ့ ဓာတ်ပုံကို အခြေပြုပြီး ထုနှက်ခံရတာ ရှိခဲ့ပါသေးတယ်။ ဤကား- စကားချုပ်) ဒီနည်းပညာက အထူးသဖြင့် ဟန်လူမျိုးတရုတ် မျက်နှာပေါက်တွေကို အထူးထည့်သွင်းထားလေ တော့ မြောက်ပိုင်းဥရောပနယ်စပ်က အနွယ်တွေ၊ အထူးသဖြင့် မူစလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသက လူမှုပြဿနာ၊ အကြမ်းဖက်မှု ပြဿနာတွေအတွက် ဒုက္ခရှိလာပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ ရှင်ကျန်း Xinjiang ဒေသမှာ ရဲဖမ်းဆီးနိုင်မှု ၇၃% မြင့်တက်လာတယ်လို့ ဆိုထားပါတယ်။ ဒီမူစလင်တွေကိုလည်း အထူးပညာပေးစခန်း ထည့်သွင်း ထိန်းသိမ်းမှု သတင်းတွေလည်း အတော်ပြောဆိုနေကြပါတယ်။ တကယ်တော့ အင်တာနက်က တရုတ်အစိုးရ အတွက် အချိန်နဲ့တပြေးညီ ထောက်လှမ်းရေးလုပ်ငန်းသဖွယ် ဖြစ်လာပါတယ်။
အယ်ဂိုရစ်သမ် ရဲလုပ်ငန်း (Algorithmic policing)
-----------------------
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဘာကလေက ဆက်သွယ်ရေးပညာပါမောက္ခ Xaio Qiang က ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားခဲ့ရာမှာ ဒေတာအသုံးပြု အုပ်ချုပ်မှုစနစ်က “ဒစ်ဂျစ်တယ် အာဏာရှင်နိုင်ငံတော် (digital totalitarian state)” ကို ပုံဖော်သလို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ရှင်ကျန်းလိုဒေသ၊ အွီဂါလူမျိုး တွေအတွက် အနာဂတ်မှာ ဘယ်သူက အကြမ်းဖက်မှု ကျူးလွန်လာခြေ ရှိတယ်။ ဘယ်သူက ရာဇဝတ်မှု ကျူးလွန်လာနိုင် တယ်ဆိုပြီး ကြိုတင် တင်ကူး သတင်းစုဆောင်း၊ ထောက်လှမ်းမှုတွေ ဖြစ်လာနိုင်တာပါ။ အများပြည်သူ သိရှိနိုင်တဲ့ မှတ်တမ်းမှတ်ရာ၊ တာဝန်ယူ တာဝန်ခံမှု (accountability) လည်း ချို့ယွင်းနေပါတယ်။ ပြီးခဲ့တဲ့ ၂-နှစ်အတွင်း ဒီဒေသ အတွင်းမှာ စစ်ဆေးရေးဂိတ် ထောင်ချီဖွင့်လှစ်ခဲ့ပြီး၊ လူတွေရဲ့ မှတ်ပုံတင် အိုင်ဒီ၊ မျက်နှာတွေကို စစ်ဆေးမှတ်တမ်းတင်မှု တွေ ရှိနေခဲ့ပါတယ်။ စမတ်ဖုန်းတွေမှာလည်း အစိုးရက ဒီဇိုင်းရေးဆွဲထားတဲ့ apps တွေ ထည့်သွင်းထားတာတွေ ဖြစ်နိုင် ပါတယ်။ တရုတ်နိုင်ငံ အစိုးရနဲ့အတူ ပုဂ္ဂလိက နည်းပညာကုမ္ပဏီ အများအပြားကလည်း ပူးပေါင်းဆောင်ရွက်မှု၊ ကန်ထရိုက်ယူ အကောင်အထည်ဖော်ပေးတာတွေ ရှိနေကြပါတယ်။ လူတဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေအတွက် တကယ့် ခြိမ်းခြောက်မှုပါပဲ။ အဲဒါအပြင် အန္တရာယ်လည်း အချိန်မရွေး ကျရောက်နိုင်ခြေ ရှိလာပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေထဲကလို အမြဲစောင့်ကြည့်ခံနေရတဲ့ ဘဝမျိုးတွေ ဖြစ်ရတော့မှာပါ။
စာရေးသူစတင် မေးခွန်းထုတ်တဲ့ ဒေတာတွေရှိတဲ့အခါ ‘ဒီမိုကရေစီ’ လိုပါ့ဦးမလား ဆိုတာ တကယ့်စိတ်ဝင်စားဖွယ် မေးခွန်းပါ။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တကယ်ဖြစ်နိုင်၊ ပေးစွမ်းနိုင်ပါ့မလား။ ဒီမိုကရေစီစနစ် တခုလုံးအတွက် အနာဂတ် နည်းပညာက ခြိမ်းခြောက်မှု ဖြစ်လာပါပြီလား။ အစိုးရတွင်သာမက ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီလက်တွင်းမှာ အခုလို စနစ်တွေ၊ ဒေတာတွေက ရှိနေကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖေ့ဘုတ်ရေးခွင့်ရနေတာ ကြံဖန်ကျေးဇူး တင်ရမယ် ထင်ပါတယ်နော့။
https://www.technologyreview.com/…/who-needs-democracy-wh…/…
crd to Aung Thu Nyeen
Comments