ရွှေပိုးအိမ် (ပဲခူး) ● ဆိုက်ကိုးဆစ် ငါးနတ်သမီး

 ရွှေပိုးအိမ် (ပဲခူး) ● ဆိုက်ကိုးဆစ် ငါးနတ်သမီး
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၈

အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂ဝဝ၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


လေရဲ့ ရနံ့ကိုက အတ္တပါလွန်းတယ်။

မြူခိုးတွေ ဝေနေတဲ့ တောင်တန်းတစ်ချို့ဟာ ကောက်ကြောင်းမညီတဲ့ မိန်းမတစ်ယောက်ရဲ့ မလုံခြုံမှုနဲ့ ငြိမ့်ညောင်းနေပေါ့။ ဆေးပေါ့လိတ်ကို နှုတ်ခမ်းပေါ် ကောက်တင်လိုက်ရင်ပဲ စိမ်းရွှေရွှေအရသာက တစ်ကိုယ်လုံးကို ပျံ့နှံသွားတော့တယ်။ ရေပြင် ကျယ်ကြီးရဲ့ စိမ်းပြာရောင် အရေပြားပေါ်မှာ သူနဲ့ သူ့လှေကလေးဟာ မွှားကောင် လေး တစ်ကောင်လို လူးလိမ့်လို့ နေရှာတယ်။ သူ့ရင်အုပ်ကျယ်ကျယ်တွေပေါ်မှာ တစ်စက်စက် ယိုကျနေတဲ့ ချွေးတွေက နေရောင်ခြည်ရဲ့ စွန့်ပစ်ခံမှုနဲ့ ထပ်တူ။ လေရဲ့ စုပ်ယူခံ ရမှုနဲ့ ထပ်တူ။

နေ့ဟာ တောက်ပတဲ့ လွင်ပြင်ကြီးတစ်ခုလို့ပဲ။ ဒါပေမယ့် အဆုံးမှာ ဘာရှိမလဲလို့ ဘယ်လိုနည်းနဲ့မှ တွေးဆလို့ မရနိုင်အောင် ရုပ်သဏ္ဍာန်ဆန်လွန်းတယ်။ အဆုံးဟာ ဘာလဲလို့ သူ ခဏခဏ တွေးမိတယ်။ ဘယ်သူမှ သူ့လည်ပင်းကို မညစ်ထားပါပဲ ကြောက်လန့်တကြား မွန်းကြပ်လာတဲ့အထိ။ အဆုံးဟာ ဘာမှ မဟုတ်ဘူးလို့ ဖြေလျော့ချပစ်လိုက်ကာမှ ငှက်မွှေးလေးတစ်ခုလို အာကာသထဲထိ သူ လွတ်မြောက်သွားရတော့တယ်။ အပြာရောင် ပိုက်ကွန်ဟာ သူ့ ရှေ့မှာ ငြိမ်ငြိမ်သက်သက်ပဲ။ လူတစ်စုရဲ့ ၀မ်းရေးကို ဖြေရှင်းပေးဖို့ သက်သက် ပိုက်ကွန်ဆိုတဲ့ အမည်နဲ့ ငါးတွေကို ဖမ်းပေးဖို့ တည်ရှိခဲ့ရတယ်။ တကယ်တော့ အသက်မရှိတဲ့ ပိုက်ကွန်ဟာ အသုံးချခံ သားသတ်လက်နက်တစ်ခုပဲ။ ပိုက်တွေနဲ့ ရက်လုပ်ထားတဲ့ သူ့နံရိုးတစ်ချောင်းချင်းစီက ငါးတွေရဲ့ လွတ်မြောက်ရာကို စေ့စေ့စပ်စပ် ပိတ်ဆို့ပစ်လိုက်နိုင်တယ်။ ငါးတွေဟာ ပိုက်ကွန်ထဲရောက်သွားတာနဲ့ အမြီးတွေ တဆက်ဆက်တုန်။ အသက်ရှူမ၀တဲ့ ကြောက်ရွံ့မှုတွေနဲ့ မျက်လုံးတွေ ပြူးကြောင်လို့။ ပိုက်ကွန်ဟာ အပြာရောင်မိုးသားတွေနဲ့ အပြိုင် ငါးတွေအတွက် မည်းညှို့နေတဲ့ အပြာရောင်တစ္ဆေပဲ။

သူ့ရဲ့ အပြာရောင် တစ္ဆေ။

နက်မှောင်တဲ့ ဆံပင်တွေကို စုထုံးပြီး ရှည်မျောမျော မျက်ဝန်းတွေနဲ့ စိမ်းစိမ်းကြီး စိုက်ကြည့်နေတတ်တဲ့ မိန်းမ။ နီရဲနုထွေးတဲ့ စွဲမက်ဖွယ် နှုတ်ခမ်းတွေကို အဆမတန် မဲ့ရွဲ့ပြရင်း သူ့ပခုံးသားညိုညိုတွေကို စိတ်မထင်ရင် မထင်သလို ထုရိုက်ပစ်တတ်တဲ့ အဲ့ဒီ မိန်းမရဲ့ ကြမ်းရှရှလက်တွေ။ အဲ့ဒီလက်တွေဟာ ငါးကြေးခွံတွေကို ကျွမ်းကျွမ်းကျင်ကျင်ခွာတတ်တယ်။ အသက်ငွေ့ငွေ့နဲ့ ကြောက်ရွံ့နေတဲ့ ငါးတွေရဲ့ ၀ဇီကို တစ်ချက်တည်းနဲ့ ချုပ်အောင် လုပ်နိုင်စွမ်းရှိတယ်။ ယောက်ျားတစ်ယောက်နဲ့ ရင်ဘောင် တန်းပြီး အပင်ပန်းခံနိုင်တဲ့ သန်မာကြံ့ခိုင်မှုတွေလည်း ရှိတယ်။ သူ့အမေတွေ အမတွေ အသံတစ်သံမှ ထပ်မထွက်နိုင်အောင် အနိုင်ပိုင်း ရိုင်းစိုင်းနိုင်တဲ့ ထူးထူးဆန်းဆန်း စကားလုံးတွေလည်း အဲဒီမိန်းမမှာ အပြည့်ရှိတယ်။ သူ့သားလေးရဲ့ နားရွက်ကလေး ကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲ စိတ်မထင်ရင် နားရင်း ဖြတ်အုပ်ပစ်လိုက်နိုင်တဲ့ မိခင်မဆန်တဲ့ မှင်သေသေ ရက်စက်မှုမျိုးလည်း ရှိတယ်။ ပြီးတော့ သူ့ဝှက်ထားတဲ့ ဆေးပေါ့လိတ်တွေကို အလစ်မှာ ခြေမွ ဖျက်ဆီးပြီး ဧရာဝတီမြစ်ကြီးထဲ မျောချပစ်နိုင်တဲ့ ထင်မှတ်မထားတဲ့ တုန့်ပြန်မှုတွေလည်း ရှိတယ်။

သူမဟာ သူ့ရဲ့ အပြာရောင် တစ္ဆေ။

သူမရဲ့ နှုတ်ခမ်းဟာ နှင်းဆီပန်းတစ်ပွင့်လို ရင်ခုန်စရာမကောင်းနိုင်တော့တာ ကြာခဲ့ပြီ။ ဒါ့အပြင် အိပ်ဆောပိုက်ထဲက အပူထက် ပိုတဲ့ အပူလှိုင်းတွေနဲ့ အဲဒီ မိန်းမဟာ သူ့အိပ်ယာပေါ်မှာ အိပ်နေတတ်တယ်။

ဆေးပေါ့လိတ်က အငွေ့တွေ လေထုထဲကို ခပ်ဖြည်းဖြည်းချင်း တိုးဝင်သွားကြတာကို သူ ငေးနေမိတယ်။ လှိုင်းကြက်ခွပ်ကလေး တစ်ခုနှစ်ခု လိမ့်တက်လာတာကို စိမ်ပြေနပြေ ကြည့်ရင်း ရေပြင်ကျယ်ပေါ်က နိမ့်ချည် မြင့်ချည် အရသာကို သူ မှတ်မှတ် သားသား ခံစားပစ်လိုက်တယ်။ နာကျင်ဖို့ မွေးဖွားလာတာမျိုး သူ လက်မခံချင်ဘူး။ ခံစားပစ်ဖို့ သူဟာ မွေးဖွားလာရတာ။ မိန်းမတစ်ယောက်ရဲ့ နာကျင်မှု ဝေဒနာတွေကို တွေ့တိုင်း သူ ကိုယ်ချင်းစာပေမယ့် ထွက်ပြေးချင်မိတာ အတ္တလား။ သူ … မိန်းမ တစ်ယောက် မဖြစ်ချင်ဘူး။ ဒါပေမယ့် သူ့ မိန်းမကို ဟိုးတစ်ချိန်က အလွန်အမင်း ချစ်မြတ်နိုးခဲ့ရတာ အမှန်ပါ။

ငါးပေါင်းများစွာဟာ သူ့လက်တွင်းထဲကို နေ့စဉ်နဲ့အမျှ ဆင်းသက်သေဆုံးပေးနေခဲ့ရတယ်။ တစ်ချိန်ချိန် သူ သေဆုံးသွားရင် ဒီရေပြင်ကျယ်ကြီးအောက်မှာ ငါးတစ်ကောင်အဖြစ် ပြန်ဝင်စားနိုင်သလား။ ကုသိုလ် အကုသိုလ်ဆိုတဲ့ စကားလုံးနှစ်လုံးဟာ ဆန့်ကျင့်ဘက်ဖြစ်သလောက် သိပ်ကို ရင်ချင်း ဆက်နိုင်လွန်းတယ်။ ကုသိုလ်ရဲ့ မျက်နှာချင်းဆိုင်ကို ကျောခိုင်းလိုက်တာနဲ့ အကုသိုလ်ဟာ စစ်ချီတေးသံတွေ တီးမှုတ်ကခုန်ရင်း ပျော်ပျော်ကြီး ကြိုဆိုကြ တော့တာပဲ။ သေပြီးရင် ဘာဖြစ်သွားမှာလဲ။
သူ့အိမ်မှာ ဘုရားစင်မရှိဘူး။
……………

သူငေးနေမိတဲ့ ရေပြင်တစ်နေရာဟာ ထူးဆန်းတဲ့ အပြုအမှုတွေ ဖြစ်နေတယ်လို့ သူ ယုံကြည်လာတယ်။
သူ လေးလေးနက်နက် စူးစိုက်ကြည့်လိုက်တယ်။ ဟုတ်တယ်။ အဲ့ဒီနေရာတစ်ဝိုက်မှာပဲ ရွှေရောင်အလင်းတန်း တွေ ဖြာကျနေကြ တာ။ သေချာတယ်။ ဒါ အိပ်မက်မဟုတ်ဘူး။ အိပ်မက် မဖြစ်ပါစေနဲ့လို့ သူ ကြိတ်ဆုတောင်း နေမိတယ်။ နေရောင်ခြည်ရဲ့ ၀င်းဝါ တဲ့ အလင်းရောင်ဟာ အဲ့ဒီတစ်နေရာတည်းကိုပဲ ကွက်ပြီး ထိုးကျလာတာရော မဖြစ်နိုင်ဘူးလား။ မဟုတ်ဘူး။ ဒါဟာ သူ့ ဘ၀ရဲ့ မျှော်လင့်ခြင်းလေးလည်း ဖြစ်နိုင်တယ်။

ရွှေရောင်အလင်းတန်းတွေ ဖြာကျနေတဲ့ စက်ဝိုင်းပုံသဏ္ဍာန် ရေပြင်ကွက်ကွက်လေးကနေ ရွှေအဆင်းနဲ့ ငါးလေးတစ်ကောင် မြှောက်တက်သွားတာကို သူ အံ့သြတကြီး တွေ့လိုက်ရတယ်။

“အိုး….. ဒါ ဘာလဲ…။ ဒါ ငါးလား….။ ငါးရော ဟုတ်ရဲ့လား”

ငါးတစ်ကောင်ရဲ့ အံ့သြမှင်သက်ဖွယ် အလှတရားဟာ သူ့ပါးစပ်ထဲက ဆေးပေါ့လိတ်ကို ပြုတ်ကျသွားစေခဲ့ပါတယ်။
ရွှေငါးလေးက တစ်ကျွမ်းပြီး တစ်ကျွမ်း လိမ့်ထိုးရင်း ရေပြင်နဲ့ ကောင်းကင်ကြားက လေဟာနယ်ထဲမှာ သူ့ အကြည့်တွေ မလွဲနိုင် ဖို့ကို ဖိတ်ခေါ်လို့ နေပါတော့တယ်။ တစ်အောင့်နေတော့ သူ့ရှိတဲ့ လှေငယ်လေးနားကို ရွှေရောင် အစင်းကြောင်းကြီးဟာ လှလှပပ ပြီးတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပေါ့။ အဲ့ဒီလို ရောက်ရှိဖို့ကိုလည်း သူ့စိတ် ထဲက ကြိုပြီး ပြင်ဆင်ထား ပြီးဖြစ်နေတာကို ထူးထူးဆန်းဆန်း ခံစားမိနေပြန်ရဲ့။ သူ လှေပေါ်ကနေ ရေပြင်ရှိရာကို လှုပ်လှုပ်ရှားရှား ငုံ့ကြည့်လိုက်တယ်။ ပြောင်လက်တောက်ပနေတဲ့ ရွှေရောင် အကြေးခွံနဲ့ ငါးလေးရဲ့ ဦးခေါင်းထိပ်ပိုင်းဟာ စပေါ်လာတယ်။ ပြီးတော့ ၀ိုင်းစက် နက်မှောင်နေတဲ့ ငါးလေးရဲ့ မျက်ဝန်းလေးတွေ…..။
“မင်း… မင်းက ငါးလေးတစ်ကောင်ရော… ဟုတ်ရဲ့လား”

သူ့စကားသံဆုံးတာနဲ့ တစ်ခါမှ မကြားဖူးခဲ့တဲ့ သာယာလွန်းသော ရယ်သံလေးတစ်ခုဟာ အာကာသထဲထိ လွှင့်ပျံ့သွားခဲ့ပေါ့။
“ကျွန်မက ငါးတော့ ငါးပဲ …. ဒါပေမယ့် ရိုးရိုးငါးတော့ မဟုတ်ဘူး။ ငါးနတ်သမီးရှင့်”

သူ့တစ်ကိုယ်လုံးမှာရှိတဲ့ အကြောအချဉ်ပေါင်းများစွာဟာ ဖျင်းခနဲ ဖျင်းခနဲနေအောင် တွန့်သွားတဲ့အထိ စွဲဆောင်မှုရှိလွန်းတဲ့ အမျိုးသမီးငယ်လေးတစ်ဦးရဲ့ အသံကို ကြားလိုက်ရတာပါ။

ဘ၀မှာ ပထမဆုံး ကြားဖူးခဲ့တဲ့ ချိုသာငြိမ့်ညောင်းတဲ့ အမျိုးသမီးလေးတစ်ဦးရဲ့ အသံ။ နတ်စောင်းတမျှ…..။ မဟုတ်ဘူး။ အဲ့ဒီထက် ပိုနိုင်တယ်။ အရာရာထက်လည်း ပိုနိုင်တယ်။ သူ့မှာရှိတဲ့ အရာရာထက် အများကြီး ပိုနိုင်တယ်။ အပိုင်သိမ်းချင်စိတ် ပေါက်လာတဲ့အထိ ….။ အိုး…. ကောင်းကင်မှာ တိမ်ညိုတွေ အုံ့မှိုင်းလို့ လာနေပါလား။

“ရှင် ဘာကြောင် ကြည့်နေတာလဲ။ ရှင့်လှေပေါ် ကျွန်မ တက်လာလို့ ရမလား…”

“ဟေ… အင်း အင်း….”

သူ့ရဲ့ အထစ်ထစ် အငေါ့ငေါ့ အသံမဆုံးသေးခင် မျက်စိကြိမ်းသွားလောက်တဲ့ အလင်းတန်းကြီးတစ်ခု ရုတ်တရက်ပေါ်လာတဲ့ အတွက် သူ့မျက်လုံးတွေကို ယောင်ရမ်းပြီး လက်နဲ့ ကာပစ်လိုက်ရတယ်။

သူ မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အချိန် ပိုက်ကွန်လေးဘေးမှာ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေတဲ့ မိန်းကလေး တစ်ယောက်။
နူညံ့ငြင်သာလွန်းတဲ့ မျက်ဝန်းတွေနဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး ပန်းတွေရဲ့  အဆီအနှစ်တွေ စုပုံထားသလို ပန်းနုရောင် နှုတ်ခမ်း လေးတစ်စုံနဲ့။ လှေရဲ့ကြမ်းပြင်အထိ ပုံကျနေတဲ့ နက်မှောင်ရှည်လျားလွန်းတဲ့ ဆံနွယ်တွေ။ ဘာအရောင်မှန်းတောင် သေသေ ချာချာ မပြောနိုင်တဲ့ သူမ၀တ်စုံဟာ သူမကိုယ်ပေါ်က ကောက်ကြောင်းတွေနဲ့ ကွက်တိကျလောက်အောင် တိကျ ပိရိလို့။

“မင်းက သရဲလား….။ တစ္ဆေလား”

“ဟားဟား…. ရှင့်ကို ခုနက ကျွန်မ ပြောပြီးပြီလေ။ ကျွန်မက ငါးနတ်သမီးပါဆို”

“ဒါဆို ဘာတွက် မင်း ငါ့ဆီ ရောက်လာတာလဲ”

“ဘာအတွက်ဆိုတဲ့ အဖြေတွေကို ရှင်တစ်သက်လုံး စဉ်းစားလာတာ မမောသေးဘူးလား။ ဘာအတွက် ဘာကြောင့်ဆိုတဲ့ အကြောင်းအကျိုး တွေရဲ့ ဆန့်ကျင်ဘက်မှာ ဘာမှမဟုတ်ဘူးဆိုတဲ့ သိပ်ကို သန့်ရှင်းတဲ့ အဓိပာယ်တွေ အပြည့်ရှိနေတတ်တယ်”

“မင်းက ငါ့အတွက် တကယ့်ကို အံ့သြစရာပဲ မိန်းကလေး….။ ငါ အိပ်မက်မက်နေတာများလား”

“အိပ်မက်ဆိုတာ ရှင့်စိတ်ရဲ့ စေခိုင်းရာအတိုင်း စေလိုရာစေနိုင်တဲ့ မှော်ဆရာရဲ့ ကြိမ်လုံးလေးတွေပဲ မဟုတ်လား”

“မင်းပြောတာတွေ ငါ သိပ် သဘောမပေါက်ဘူး။ လူတွေဟာ နေ့ဘက်ဆို အလုပ်လုပ်တယ်။ ညဘက်ဆို အိပ်တယ်။ အိပ်တဲ့အခါ အိပ်မက်ဆိုတာကို မက်တယ်။ ပြီးရင် နိုးရတာပဲ ပြီးရင် ဆက်ပြီး ရှင်သန်ရတာပဲ။ ဆက်ပြီး အလုပ်လုပ်ကိုင်ရတာပဲ”

“အဲ့ဒါ စက်ဝိုင်းတစ်ခုရဲ့ တစ်ခုနဲ့ တစ်ခု ပြန်လည် ထိစပ်မှု၊ နောက်ထပ် စက်ဝိုင်းတစ်ခုအပေါ် တပ်မက်ချင်စိတ်ကို အရောင်ထပ် တင်ထားတဲ့ လူသားဖြစ်ခြင်းရဲ့ ငြီးငွေ့လွယ်မှုပဲပေါ့”

“စက်ဝိုင်း…”

“အင်း… စက်ဝိုင်း”

“ငါတို့ဆီမှာတော့ သံသရာလို့ ခေါ်ကြတယ် မိန်းကလေး”

“သံသရာဟာ အဖန်ဖန် လည်တတ်ခြင်း သဘောပဲ။ ဒါပေမယ့် တစ်ခုနဲ့ တစ်ခု ပြန်လည် ထိစပ်ဖို့တော့ ဘယ်သူ မှ အာမခံနိုင်ဘူး မဟုတ်လား”

“မင်းက နတ်သမီးတစ်ပါးသာဆို မှောင်မိုက်ပြီး ထွက်ပေါက်ပိတ်နေတဲ့ ငါ့ကို လမ်းပြပေးနိုင်မလား”

“အစကတည်းက ရှင်ဟာ လမ်းကို မသိဘဲ နေလာခဲ့သူပါ။ ရှင့်မှာ ထွက်ပေါက်မရှိတာ မဟုတ်ပါဘူး။ လမ်းကို မသိလို့ ထွက်ပေါက်ကို ရှင် မျှော်မိတာပါ”

“ဒါဆို လမ်းက ဘယ်မှာလဲ”

“ရှင် မျက်လုံး မှိတ်လိုက်ပါလား”

“ငါ မမှိတ်ချင်ဘူး”

သူ့ရှေ့က မိန်းကလေးဟာ ဘာမှ ထပ်မေးခြင်း မရှိဘဲ ပြုံးလိုက်ပါတယ်။ ငါးတစ်ကောင်ရဲ့ အပြုံးဟာ ဘာကြောင့်များ ဒီလောက် တောင် ညှို့ငင်နိုင်လွန်းရတာလဲ။ ကွေးညွတ်သွားတဲ့ သူမ နှုတ်ခမ်းသား ထောင့်စွန်းလေးတစ်ဖက်မှာ သူ အိပ်စက်ချင်လိုက် တာ…။ ဒါဆို အရာရာကို မကျေနပ်ခဲ့သမျှ သူ ကျေနပ်သွားမိမှာပဲ။

“ကျွန်မ ပြန်ဦးမယ် ဒီရှေ့ကနေ ကျွန်မ လက်ညှိုးညွှန်ပြတဲ့ နေရာကို သွားပြီး ကွန်ပစ်ပါ။ အဲ့ဒီမှာ ငါးတွေ ရှိတယ်”

သူမ လက်ညှိုးရှိရာဘက်ကို သူ လှမ်းကြည့်လိုက်ပြီး လှေကို အဲ့ဒီဘက်ကို လှော်ခတ်ဖို့ ပြင်ဆင်လိုက်ပါတယ်။ ပေမယ့် သူ့ရှေ့မှာ တစ်ချိန်လုံး ဒူးထောက်ပစ်ချင်အောင် လှပလွန်းတဲ့ မိန်းကလေးဟာ မရှိတော့ဘူး။ လှေကလေးရဲ့ဘေးပတ်ဝန်းကျင် မှာ လက်ခနဲလက်ခနဲ ဖြစ်သွားတဲ့ ရွှေရောင် အစက်အပျောက်လေးတွေကို လွမ်းမောစွာ ငေးကြည့်ရင်း …..။
…………… ။

“ရှင်အခုတလော ငါးတွေ တအား ရတယ်နော်။ ပြီးတော့ ရှင်ရလာတဲ့ ငါးတွေက ဈေးထဲမှာဆို သိပ် ဈေးကောင်း ရတာပဲ။ ပြီးတော့ ၀မ်းသာစရာတစ်ခု ပြောဦးမယ်။ ကျွန်မတို့ စုဗူးလေး ပြည့်ခါနီးပြီသိလား။ သားလေးကို ရှင်ပြု ပေးဖို့ ရည်ရွယ်ထားတဲ့ ရှင်နဲ့ ကျွန်မရဲ့ ဆန္ဒတွေ ပြည့်တော့မယ် ယောက်ျားရေ….”

သူ့ မိန်းမရဲ့ ရွှင်မြူး တက်ကြွနေတဲ့ အသံဟာ မှုန်ကုတ်ကုတ် တဲအိမ်လေးထဲကနေ ဧရာဝတီ မြစ်ရေပြင်အထိ လျှံတက်သွား တော့တယ်။ အမြဲ စုထုံးထားတဲ့ ဆံပင်တွေကို ဖားလျားချပြီး ပိုက်ကွန်ရဲ့ ပေါက်ပြဲနေတဲ့ နေရာ တချို့ကို ဖာထေးနေတဲ့ သူ့ မိန်းမကို ကြည့်ရတာ ငါးနတ်သမီးနဲ့တောင် တဖြည်းဖြည်း ဆင်လာသလိုပဲ။

“ငါးနတ်သမီးဆီ ငါသွားဦးမယ်”

“ဘာ ငါးနတ်သမီးတုန်း… ရှင် ဘာတွေ ပြောနေတာလဲ”

“အော်… မဟုတ်ပါဘူး။ ငါ ငါးဖမ်းထွက်ဦးမယ်လို့ ပြောတာကွာ….။ ငါ့ ခေါင်းအုံးအောက်ထဲက ဆေးပေါ့လိတ် တွေ မင်း မြစ်ထဲကို လွှင့်ပစ်လိုက်ပြန်ပြီလား”

“မလွှင့်ပစ်ပါဘူးရှင်…။ ဒီမှာ မြို့ဘက်က ဈေးသည်တွေ မနေ့ကရောက်လာလို့ ရှင့်အတွက် ဆေးပေါလိတ်တွေ တောင် ကျွန်မ ထပ်ဝယ်ထားပါသေးတယ်။ ခေါင်းရင်းဘက် ထရံမှာ ချိတ်ထားတဲ့ အ၀ါရောင် အိတ်ထဲမှာ ရှိတယ်။ ရှင် ယူသွားလိုက်”
သူ ခဏ နှုတ်ဆိတ်သွားတယ်။ လေတွေ တအား တိုက်တာပဲ။

“ရှင့်ကို ကျွန်မ လွမ်းနေတယ်….”

ဒါ ဘယ်သူ့ အသံလဲ။

သူ့ မိန်းမ အသံလား။ ငါး နတ်သမီး အသံလား။

အိုး… သူ ရူးတော့မှာပဲ။ သူ့သားလေးရဲ့ အသံကို သူ ကြားနေရတယ်။ သူ့သားလေးရဲ့ အသံဟာ သူ့အတွက် ပျော်ရွှင်ဖွယ် သိပ်ကောင်းလွန်းတယ်။ သူ့ သူငယ်ချင်း ကစားဖော်တွေနဲ့ ဟားတိုက်ရယ်မောရင်း ထွက်လာတဲ့ သားလေးရဲ့ အသံ…..။ မကြာခင် ရှင်လောင်းတစ်ဦးအဖြစ် မြင်ရတော့မယ့် သူနဲ့ သူ့မိန်းမတို့ရဲ့ တစ်ဦးတည်းသော သားလေးရဲ့ အသံ…..။ ဘုရားစင် မရှိတဲ့ သူတို့အိမ်မှာ ဗုဒ္ဓနဲ့ပတ်သက်တဲ့ အိပ်မက်တွေ ကွန့်မြူးလို့ နေတာ မဆန်းကြယ်ဘူးလား။

“ရှင် စောစော ပြန်လာဦးနော်။ အရမ်း မိုးမချုပ်စေနဲ့”

သူ့ နားစည်ထဲကို ခတ်သွားတဲ့ သူ့မိန်းမရဲ့ နောက်ဆုံးအသံမှာ သူ့ဘ၀ဟာ လက်ခနဲ ဖြစ်သွားပေါ့။
……………….။

ဒီနေ့ သူမက သူ့ကို ကျောပေးပြီး ထိုင်နေတယ်။

မျက်နှာချင်းမဆိုင်ချင်လို့လား။

သူ ဘာအမှားများ လုပ်ထားမိလို့လဲ။

နက်မှောင်အိထွေးနေတဲ့ ဆံပင်တွေဆီပဲ သူ့စိတ်ဟာ စိုက်နေတော့တာ။ ရေပြင်ရဲ့ အေးစက်တည်ငြိမ်မှုဟာ သူမနဲ့ တစ်ထပ် တည်းပဲ။ သူမဟာ ၀င်းဝါနေတဲ့ လက်ကလေးတစ်ဖက်နဲ့ ရေပြင်ကို ထိစပ်လိုက်တယ်။ သူမလက်နဲ့ ထိစပ်လိုက်တဲ့ ရေမှုန်ရေမွှား လေးတွေဟာ ရွှေရည်တွေဖြစ်သွားကြတယ်။ သူမလက်နဲ့ ကင်းကွာ သွားတာနဲ့ စိမ်းပြာရောင် ရေပြင်က သူ့အတိုင်း ကျန်ခဲ့တော့ တာပဲ။ ခုထိ သူမ ဆီက ဘာစကားသံမှ ထွက်မလာ သေးဘူး။

သူ့ ရင်ထဲမှာ ရှင်းလင်းနေတယ်။ ကောင်းကင်ကြီး ရှင်းလင်သလို။ သူ့အမြင်တွေဟာလည်း ရှင်းလင်းနေတယ်။ သူ ရှင်သန်နေ ရတာကို ကြိုက်တယ်။ ပိတ်မှောင်တဲ့ ခံစားချက်တွေ သူ့ဆီကို ရောက်မလာတော့တာကြာပြီ။ လှိုင်းခေါင်းပုံသဏ္ဍာန် သူ့မိန်းမ ရဲ့နှုတ်ခမ်းတွေကို ဟိုးအရင်လို နှင်းဆီဖူး နှုတ်ခမ်းအဖြစ် ပြန်မြင်နိုင်ခဲ့ပါပြီ။

“ငါ သွားရင် သွားနိုင်သလောက် ရောက်နိုင်တဲ့ လမ်းတစ်ခုကို ငါ တွေ့တယ်”

ပေးဆပ်ခြင်း ၊ ရယူခြင်း၊ နူးညံ့ခြင်း၊ ကြေကွဲခြင်း၊ မျှော်လင့်ချက် ပြိုကွဲခြင်း၊ မျှော်လင့်ချက် အသစ် တည်ဆောက် ခြင်း၊ ဒေါသ၊ မာန၊ ၀မ်းနည်းစိတ်၊ ပျော်ရွှင်စိတ်၊ အခဲမကျေနိုင်ခြင်း၊ ငြိမ်းချမ်းခြင်း။

“ပြည့်စုံခြင်းဆိုတာကို ရှင် နားလည်နေပြီလား”

“ငါ နံရံတွေကို မုန်းခဲ့ပါတယ်။ ဒါပေမယ့် နံရံတွေရဲ့ တစ်ဖက်မှာရှိတဲ့ မြင်ကွင်းတွေဟာ ငါထင်သလောက် မဆိုးဝါးဘူးဆိုတာ ငါသိခဲ့ရပြီ”

“ငါးပေါင်း များစွာကို ရှင်သတ်ဖြတ်ခဲ့တယ်”

“ဒီအတွက် ငါ တောင်းပန်ပါတယ်။ ဒါပေမဲ့  ငါးတွေရှိတဲ့ နေရာကိုပဲ မင်း ပြပေးခဲ့တာနော်”

“အင်း ဟုတ်တယ်၊ ရှင့်ကို အပြစ်တင်နေတာမဟုတ်ဘူး။ အဖြစ်အပျက်တခုကို ပြရုံပဲ။ ငါးဆိုတဲ့ သတ္တ၀ါတွေရဲ့ လွှမ်းမိုးမှုဟာ ကျွန်မအပေါ် ဘယ်လိုမှ မသက်ရောက်ဘူး။ ကျွန်မက ငါးရဲ့ ကျိန်စာတွေကို လှပအောင် ပြုပြင်ပြီး သိမ်မွေ့စွာ ဖမ်းဆုတ်ထားနိုင် တဲ့ နမ်သက်သက်ပဲ”

“ငါ ငါးတွေကို မသတ်ချင်တော့ဘူး၊ ဒါ သေချာတဲ့ စိတ်အခြေအနေပါ။ မင်း ယုံချင်မှလည်း ယုံပေါ့”

“အင်း ယုံကြည်ခြင်း ယုံကြည်ခြင်းဟာ ရှင့်စိတ်ရဲ့ ဘယ်လောက်ပြေးနိုင်သ လဲဆိုတဲ့ အလင်းနစ်သန်းပေါင်းများစွာရဲ့ အင်အား တွေနဲ့ပဲ ဆိုင်တယ်”

“မင်းနဲ့ ငါ လုံးလုံး မသက်ဆိုင်ဘူးပေါ့”

“ကျွန်မ ဘယ်သူလို့ ရှင်ထင်လို့လဲ”

“မင်းက ငါးနတ်သမီးလေ”

“ဟား ဟား ဟား”

ရေပြင်ပေါ်မှာ ကဆုတ်ပေါက်လာတဲ့ မြင်းတစ်ကောင်။

ရေပြင်ပေါ်မှာ စိုက်ပျိုးဖူးပွင့်လာတဲ့ ပန်းခင်းတစ်ခင်း။

ရေပြင်ပေါ်မှာ ၀င်းဝါ စိုပြေနေတဲ့ အစိမ်းရောင် အနမ်းတွေ။

သူမဟာ သူ့ရှိရာဘက်ကို မျက်နှာလှည့်ပြီး ပြုံးလိုက်တယ်။ သူ ငေးမောသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက် က သူ့နှလုံးသား တစ်ခုလုံးကို ရုန်းမရ လှုပ်မရအောင် ဖမ်းစားနိုင်ခဲ့တဲ့ ရွာရဲ့ ကွမ်းတောင်ကိုင်အမျိုးသမီးလေးရဲ့ မျက်နှာလှလှ။
ရွာရဲ့ အလှဆုံး ကွမ်းတောင်ကိုင်ကို ရအောင် ယူနိုင်တဲ့ ဂုဏ်ယူဖွယ် တံငါသည် အမျိုးသား။ သူဟာ ဧရာဝတီမြစ် ရေပြင်ကြီးထဲက ငါးနတ်သမီးရဲ့ အကြောင်းကို နောင်တချိန်မှာ သူ့ မြေးမြစ်တွေကို ပြန်ပြောပြလိမ့်မယ်လို့။

ခုထိ သင် ထင် နေသေးတာလား ။ ။

ရွှေပိုးအိမ်(ပဲခူး)

Comments