ခေတ်ပြတိုက်စာပေမှ ဦးစီးကျင်းပတဲ့ စာအုပ်မိတ်ဆက်ပွဲနှင့် စာပေစကားဝိုင်း ပြုလုပ်

ခေတ်ပြတိုက်စာပေမှ ဦးစီးကျင်းပတဲ့ စာအုပ်မိတ်ဆက်ပွဲနှင့် စာပေစကားဝိုင်း ပြုလုပ်
K  (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၈


ခေတ်ပြတိုက်စာပေမှ ဦးစီးကျင်းပတဲ့ စာအုပ်မိတ်ဆက်ပွဲနှင့် စာပေစကားဝိုင်းကို နိုဝင်ဘာ၁၂ရက်နေ့လယ် ၂နာရီကနေ ၄နာရီထိ ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် ၄၉လမ်း (ထက်)ရှိ Lucky Seven Tea Shop ပထမထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲမှာ ခေတ်ပြတိုက်စာပေမှ ထုတ်ဝေပြီး စာရေးဆရာ ထိန်လင်းရေးသားတဲ့ တိုင်းပြည်ရဲ့မနက်ဖြန်စာအုပ်နဲ့ စာရေးဆရာ ကိုဝရေးသားတဲ့ နရသိန်အတွင်း အပြင်ပုံရိပ်များစာအုပ်တို့ကို မိတ်ဆက်ခြင်းအခမ်းအနားအပြင် စာအုပ်ရေးသားသူ စာရေးဆရာ၂ဦးနဲ့တက်ရောက်လာသူများ စာအုပ်များနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားအစီအစဉ်အရ ထုတ်ဝေသူ ခေတ်ပြတိုက်ပိုင်ရှင် ဦးပြည်သွေးနိုင်(ခေတ်ရနံ့မဂ္ဂဇင်း အယ်ဒီတာ)မှ ယခုစာအုပ်၂အုပ်ထုတ်ဝေရခြင်းအကြောင်း အကျဉ်းပြောကြားခြင်း စာရေးဆရာ ထိန်လင်းမှ တိုင်းပြည်ရဲ့မနက်ဖြန်စာအုပ်ရေးသားဖြစ်တဲ့အကြောင်းပြောကြားခြင်း ၈၈မျိုးဆက် မင်းကိုနိုင်မှ မုဒိတာစကားနဲ့အမှတ်တရစကားပြောကြားခြင်း၊ စာရေး ဆရာသန်းစိုးနိုင်မှ စာအုပ်များနဲ့ပတ်သက်ပြီး အမှတ်တရစကားပြောကြားခြင်း စာရေးဆရာကိုဝမှ နရသိန်အတွင်းအပြင် ပုံရိပ်များ စာအုပ်ရေးသားဖြစ်ပုံအကြောင်းများကို အသီး သီးပြောကြားခဲ့ကြပါတယ်။

တိုင်းပြည်ရဲ့မနက်ဖြန်စာအုပ်ရေးသားသူ စာရေးဆရာထိန်လင်းက စာအုပ်နဲ့ပတ်သက်ပြီး “အတွေးဆောင်းပါး ရေးဖြစ်တဲ့အခါမှာ အားလုံးလည်း သိချင်သိမှာပါ၊ ကျနော်တို့ အဖမ်းခံရတဲ့အခါကျတော့ လူတွေဟာကိုယ့်ဘ၀ကိုယ် တွေးဖြစ်ကြတာပေါ့။ အစအဆုံးပြန်တွေးဖြစ်ကြတဲ့အခါမှာ သာမန် နေ့စဉ်ကြုံတွေ့နေတဲ့ဖြစ်ရပ်တွေကိုယ်မတွေးဖြစ် တာတွေကို ဟိုရောက်တော့ အချိန်ပိုရတော့ ပိုတွေးဖြစ်သွားတာပေါ့။ များသောအားဖြင့် အကျယ်ချုပ်ကာလ တနှစ်နီးပါးနေရတဲ့ကာလ ကျနော် ဘာမှမလုပ်နိုင်တဲ့အပေါ်မှာလည်း ကိုယ့်ကိုယ်ကိုယ် ဘ၀င်မကျဘူး။ အဲတော့ ပြန်ပြီး အပြင်ရောက်တာနဲ့ ကျနော် စာကိုတွန်းပြီးရေးဖြစ်ပါတယ်။ ရေးတဲ့အခါမှာလည်း တွေးတဲ့ဟာ ပိုများတာပေါ့။ ကျနော်သေဖြစ် သွားခြင်းတို့ဘာတို့ ကိုယ့်ကိုယ်ကိုယ် သေကြည့်လိုက်တယ်။ ကိုယ်သေသွားရင် ကိုယ့်ရဲ့တန်ဖိုး ဘယ်လောက်ရှိမလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်တဲ့ဟာပေါ့။ ဒါမှမဟုတ်လို့ ရှိရင်လည်း ပဋိပက္ခဖြစ်တယ်ဆိုရင် အမြဲတမ်း ကိုယ်ရယ် နောက်တယောက်ရယ်ပဲဖြစ်တယ်။ ကိုယ်က တတိယရှုထောင့်က ကြည့်မယ်။ ကျနော်နဲ့တတိယလူတို့ တခါတလေကျ ပွဲကြည့်စင်ပေါ်တက်ကြည့်ခြင်းတို့ဘာတို့ ကိုယ့်ကိုယ်ကိုယ် အပေါ်ကနေ တခြားတယောက်ကို ကြည့်သလို ရေးဖြစ်တယ်။ ခေတ်စနစ်တွေမပြောင်းလဲဘူးဆိုရင် ဟိုဘက်ကမ်းက ဘယ်လောက် မီးထိန်ထိန် ဒီဘက်ကမ်းက မီးမှိန်နေမှာပဲဆိုတဲ့ အဲလိုအတွေးမျိုးတွေနဲ့ရေးဖြစ်တယ်။ အဓိကကတော့ အဲလိုဆောင်းပါးတွေရေးခဲ့တယ်။ ဒီစာအုပ်ထဲမှာဆိုရင်လည်း အဲလိုမျိုး ကျနော်တွေးမိတဲ့ဟာတွေပေါ့။ တချို့ဟာတွေဆို ကျနော် စာအုပ်ဖတ်မယ်။ စာအုပ်ထဲက အချက်အလက်တခုကို သွားတွေးမိမယ်။ ဒါမှမဟုတ်ရင် ကိုယ်မြင်နေရတဲ့ နေ့စဉ်ဘ၀လေးပေါ်မှာတွေးမိတာရှိမယ်။ တခါတလေကျရင်လည်း တိုင်းပြည်မှာဖြစ်နေတဲ့ဖြစ်ရပ်နဲ့ စပ်ဆက်ပြီးတွေးလိုက်တဲ့ဟာပေါ့။ အဲလိုအတွေးမျိုးနဲ့ရေးခဲ့တဲ့ဆောင်းပါးတွေပေါ့” လို့ပြောပြပါတယ်။

သူ့ရဲ့ယခုစာအုပ်မှာ ဆောင်းပါးပေါင်း ၃၁ပုဒ် ပါဝင်ပြီး လုံးချင်းစာအုပ်အနေနဲ့ယခုစာအုပ်ဟာ ၁၀အုပ်မြောက်ဖြစ်ပါတယ်။

နရသိန်အတွင်းအပြင် ပုံရိပ်များစာအုပ်ရေးသားသူ စာရေးဆရာကိုဝကလည်း စာအုပ်နဲ့ပတ်သက်ပြီး “ လုပ်ဖော်ကိုင်ဘက်တွေ ကိုယ့်ထက်ကြီးတဲ့သူတွေလည်းပါတယ်။ ကိုယ်နဲ့ရွယ် တူတွေလည်းပါတယ်။ ကိုယ်ထက်ငယ်တဲ့သူတွေလည်းပါမယ်။ ကျနော့်အတွက်ကတော့ ဒီလူတွေဟာ အင်မတန် တန်ဖိုးထားရတဲ့ပုဂ္ဂိုလ်တွေပါ။ တန်ဖိုးထားတာဆိုပေမယ့် ကျနော် တို့သည် ငြင်းတာခုန်တာ ကွဲတာနဲ့မကင်းပါဘူး။ သို့သော် ဘယ်လို ပဲငြင်းငြင်းခုန်ခုန် ဘယ်လောက်ပဲအယူအဆ ကွဲကွဲ တိုင်းပြည်အတွက် လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက် နဲ့ငြင်းကြ ခုန်ကြကွဲကြတာဖြစ်တဲ့အတွက် ကျနော်နဲ့မတူသော်ငြားလည်းပဲ ကျနော် အမြဲတန်းဖိုးထားပါတယ်။ အမြဲလေးစားပါတယ်။ ဒီလူတွေအပေါ် အမြဲတမ်းလေးလေးစားစား တန်ဖိုးထား ပါတယ်။ နောက်တခုက ဒီကနေ့ အနေအထားသည် အားလုံးကပြောကြတယ်။ ဒီမိုကရေစီ မစစ်သေးဘူး။ တပိုင်းတစဒီမိုကရေစီ အသွင်ကူးပြောင်းရေးတောင် မယ်မယ်ရရ မ ပြောင်းနိုင်ဘူးဆိုပြီးတော့ သုံးသပ်ချက်တွေ ရှိပါတယ်။ မှန်ပါတယ်၊ သို့သော် ဒီကနေ့ အနေအထားရောက်အောင် ကျနော်တို့အားလုံး ကျနော်တို့အားလုံးဆိုတာ နိုင်ငံရေး နယ်ပယ် ထဲမှာရှိတဲ့ ရဲဘော်ရဲဘက်အားလုံး မျိုးဆက်အသီးသီး သူတို့ ဘ၀အသီးသီး ပေးဆပ်ပြီးမှ အစစ်ကိုရောက်လာတာ။ ဒါကိုတော့ တန်ဖိုး ထားဖို့လိုတယ်။ ဒါကိုတော့ အလေးအနက် သုံးသပ်ဖို့လိုတယ်လို့ ကျနော့်အနေနဲ့ယူဆပါတယ်။ ဒီပုဂ္ဂိုလ်တွေရဲ့စွန့်လွှတ်အနစ်နာခံမှုကိုမှ တန်ဖိုးမထားဘူး၊ အသိအမှတ်မပြုဘူးဆိုရင် ကျနော်တို့ ရှေ့ဆက်သွားမယ့်ခရီးမှာ တကယ်ယုံကြည်ချက်ရှိတဲ့ တကယ်ခံယူချက်ရှိတဲ့ နိုင်ငံရေးသမားမျိုးဆက်သစ်တွေရဖို့မလွယ်ပါဘူး။ အဲဒါကြောင့် ကျနော် ဒီပုဂ္ဂိုလ်တွေကို တကယ်တမ်းပြောရင် စာအုပ် ဖတ်ကြည့်ရင် သိပ်လေးလေးပင်ပင်တွေ မပါပါဘူး။ ကျနော်နဲ့ထိတွေတဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီလူတွေအပေါ် ကျနော့်ရဲ့အမြင်သဘောထားခံစားချက်ကို ကျနော် ရိုးရိုးလေး ရေးထားတဲ့ဆောင်းပါးတွေ၊ ထုတ်ပြီးသား ဆောင်းပါးအများစုပါ။ တပုဒ်တလေပဲ ကျနော်ဒီစာအုပ်အတွက်ဆိုပြီးတော့ အသစ်ရေးထားတာပါပါတယ်”လို့ ပြောပြပါတယ်။

သူ့ရဲ့ယခုစာအုပ်မှာ ဆောင်းပါးပေါင်း၃၄ပုဒ် ပါဝင်ပြီး ယခုစာအုပ်ဟာ လုံးချင်းအနေနဲ့ ၄အုပ်မြောက်ဖြစ်ပါတယ်။

စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားပြီးနောက် ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်၊ စာရေးဆရာတင့်ခိုင်၊ အယ်ဒီတာမျိုးမြင့်ညိန်း၊ ကာတွန်းဆရာ အော်ပီကျယ်၊ စာရေးဆရာမြတ်သက်၊ နေဘုန်းလတ်တို့မှ ထုတ်ဝေတဲ့စာအုပ်များနဲ့ပတ်သက်ပြီး မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါတယ်။

ပွဲစီစဉ်ကျင်းပတဲ့ ခေတ်ပြတိုက်စာပေမှ လစဉ်ထုတ်ခေတ်ရနံ့မဂ္ဂဇင်း အပြင် သခင်စိုး၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ ပါရဂူ၊ မြသန်းတင့်၊ ဒေါက်တာသန်းထွန်း၊ သိန်းဖေမြင့်၊ ကိုသန်း (ကြည့်မြင်တိုင်)၊ ဦးတင်ဦး(ကျုရှင်)၊ သန်းစိုးနိုင်၊ အောင်စောဦး၊ အောင်ဒင်၊ ယမင်းမြတ်အေးတို့ရေးသားတဲ့ စာအုပ်များအပြင် နိုင်ငံရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာစာအုပ်များကို ထုတ်ဝေလျက်ရှိပါတယ်။

Comments