မောင်လူပေ - ပညာရွှေအိုးနဲ့ အနွေးထည် အကောင်းစား


မောင်လူပေ - ပညာရွှေအိုးနဲ့ အနွေးထည် အကောင်းစား
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၈


လူမိုက်နဲ့ငွေ အတူမနေ လို့ကြားဖူးတယ်။ ငွေတောင်မနေမှတော့ ရွှေအိုးဆိုဝေးပေါ့။ မောင်လူပေ့ဆီကိုတော့ ငွေဆိုတဲ့သတ္တဝါက ရောက်တောင်မလာပါဘူး။ မမြင်ရပါဘူး။ ဘဏ်စာရွက်ထဲက ဂဏန်းလေးတွေအဖြစ်သာ အလည်လာတာ။

ကိုယ်တွေငယ်ငယ်က သချာင်္ဆို သိပ်ပြီး စိတ်ဝင်စားတာ။ ဂဏန်းတွက်နေရရင်ပျော်တတ်သူ။ စိတ်တွက်လည်းပိုင်တယ်။ တစ်ထဲကတစ်နှုတ် သုံည။ နှစ်ထဲကနှစ်နှုတ် သုံည။ ဘယ်လိုတွက်တွက် သုံည။ ဒီလို ထူးချွန်ခဲ့လို့လားမသိ၊ အခုအချိန်အထိ ဝင်ငွေနဲ့ထွက်ငွေက သမဝါယမဆိုင် စာရင်းရှင်းတန်းလို တန်းတူညီမျှမို့ ဝင်ငွေအနှုတ် ထွက်ငွေ သုံညပဲ။

အကြွေးရှင်ကလည်း အများသား။ ဒီမှာက လခကောင်းရသလို သုံးလို့ကောင်းတော့လည်း အကြွေးရှင်များတာ မဆန်း။ လစဉ်ပေးရမဲ့အကြွေးလေးတွေ ပေးနိုင်ရင်ပဲ ဟင်းချရတယ်။ နောက်လတောင်မရောက်သေး၊ သုံးပြီးပေါ့။ ခရက်ဒစ်ကဒ် က တစ်လကျော်အလကားသုံးရတယ်ဆိုပြီး ကြိုသုံးထားတာ။ အရင်လက အကြွေးက အခုလမှာ ပေးနိုင်ရင် ပြီးတာပဲ။ အခုလမှာ မရှင်းနိုင်မှ အတိုးစပေးရမှာ။ (ခရက်ဒစ်ကဒ်အတိုးက မနည်းဘူးရယ်။) ဒါကြောင့် ဘဏ်ကပို့တဲ့ လစဉ်ငွေစာရင်းရှင်းတမ်း စာရွက်လေးတွေ တစ်လတစ်ခါ အိမ်ရောက်လာလို့ ဖတ်ရရင် လက်ကျန်ငွေက ထူးအိမ်သင်ပဲ။ (အရင်အတိုင်း။) စုငွေလည်းတက်မလာ။ ချက်ငွေလည်း တက်မလာ။

လစဉ်မှန်မှန် စာပို့လေ့ရှိသူက အကြွေးရှင်တွေနဲ့ ဘဏ်ပဲရှိတော့ မမေ့မလျှော့ပဲ လတိုင်း ကိုယ့်ဆီကို စာလာရင် မေတ္တာစာလို့ သတ်မှတ်ထားတယ်။ ကိုယ့်ကိုချစ်လို့ မေတ္တာစာတွေ လတိုင်းပို့ရှာတာလေ။ အခြားသော မိတ်ဆက်စာတွေ၊ ဟိုစာဒီစာတွေလာမလားလို့လည်း မမျှော်ရဲပါဘူး။ မောင်လူပေက အန်ကယ်ကြီးခန့်ညံ့ညံ့မဟုတ်လား။ ငယ်ထဲကလည်းမစွန်၊ ခုလည်း မစွန်မို့ မွီးလေးတွေလည်း စာရေးရန်အကြောင်းမရှိ။ ဒါကြောင့် အိမ်ကိုစာလာရင် ကြော်ငြာစာရွက်တွေရယ်၊ ခရက်ဒစ်ကပ်အကြွေး၊ အိမ်ကြွေး၊ မြေခွန်ကြွေး၊ အာမခံကြွေး၊ ကားကြွေး၊ ဘာကြွေး၊ ညာကြွေး စတဲ့ အကြွေးတာင်းမဲ့ မေတ္တာစာတွေရယ်ပဲဖြစ်မယ်ဆိုတာ မေးစရာမလို။ (အခုတော့ ဘဏ်အွန်လိုင်းမှာ အော်တိုအကြွေးပေးလုပ်ထားတယ်။ စာလာတာနည်းသွားပါပြီ။ ခေတ်မှီမှီ paperless ပေါ့။)

သူများတွေက ချမ်းသာတာတွေ အွန်လိုင်းမှာ ထုတ်ပြကြတော့ ကိုယ့်လည်း ရှိတာလေးထုတ်ကြွားရတာပါ။ ကြွားလှချည်လားလို့ မထင်စေလို။ ဒါတောင် အမေက ပညာအမွေလေးပေးခဲ့လို့သာ။ပညာရွှေအိုးလူမခိုးဘူးတဲ့။ ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့။ ဥစ္စာရှိသူ၊ ရာထူးရှိသူနဲ့ ပေါင်းစားတဲ့အလုပ်မျိုး၊အများအတွက်မစဉ်းစားပဲ ကိုယ့်အတွက်သာ ဂွင်ဖန်ပြီး အိပ်ထဲထည့်တတ်တဲ့ တဘို့ထဲသမား မဖြစ်စေနဲ့တဲ့။ အမှန်ဖက်က ရပ်တည်ရမယ်တဲ့။ ငါးပါးသီလလုံရမယ်တဲ့။ ငယ်ငယ်က လူကြီးသူမတွေရဲ့ ဆုံးမစကားတွေ။ ဒါတွေနဲ့ကြီးပြင်းခဲ့တာ။ ဒါကြောင့်လည်းအကြွေးများနဲ့ဝိုင်းရံပြီး နိုင်ငံရပ်ခြားမှာရောက်နေရတယ်ထင်ပါရဲ့။ ငွေမချမ်းသာပေမဲ့ စိတ်ချမ်းသာပါတယ်။ နေတတ်ရင် ကြေနပ်စရာမဟုတ်လား။

ရွှေအိုးကိုပညာနဲ့ရှာရသတဲ့။ မောင်လူပေတို့ရွှေပြည်ကြီးမှာတော့ ရာထူးအာဏာရှိသူနဲ့ ပေါင်းသင်းပြီးရှာရတာပါ။ ဒီလိုပေါင်းတတ်တဲ့သူထောတာပါပဲ။ လူကြီးဆီဝင်ထွက်တတ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါလည်း သူ့ပညာနဲ့သူ။ မျက်နှာအခွက်ပြောင်ဖို့လိုသလို အခွင့်အရေးကောင်းရှာတတ်ဖို့လည်းလိုသကိုး။ တခါက တိုင်ကွန်လောင်းတစ်ယောက်ဆိုရင် တိုင်းမှူးကိုဝင်ထွက်ဖို့ နည်းလမ်းရှာမရတဲ့အခါ တိုင်းမှူးအမေကို တိုင်းမှူးနဲ့သိသယောင်ဟန်နဲ့ အမေလိုသဘောထားကြောင်း၊ ဘာညာရွှီးလို့ ကန်တော့ခြင်းနဲ့ ထိုင်ကန်တော့ခဲ့သတဲ့။ သူ့နာမည်လေးလည်း မိတ်ဆက်ပေါ့။ အမေအမေနဲ့ ဝင်တတ်ထွက်တတ်တော့ အမေအိုက သဘောကြ။ ဒီကောင်လေးမဆိုးဘူး၊ ဘာညာနဲ့အမှတ်ကောင်းနဲ့ ထောက်ခံတော့ အလုပ်ဖြစ်။ ကိုယ့်အိမ်လာကန်တော့တာ ဘယ်သူက မောင်းချပါ့မလဲနော်။ (သီတင်းကျွတ်လဟာ ဝင်တတ်ထွက်တတ်သူများအတွက် အကြိုက်တွေ့သောလလို့ ပြောစမတ်ရှိတယ်။) ဒါတင်ဘယ်ကမလဲ။ တိုင်းမှူးက ဖိနပ်ကောင်းကြိုက်တတ်မှန်းသိတော့ တိုင်းမှူးအိမ်ဝင်ပြီးအပြန်မှာ ဖိနပ်တံဆိပ်၊ နံပါတ်မှတ်ပြီး ဖိနပ်နဲ့ကန်တော့။ ဒီလိုနည်းလမ်းကောင်းတွေနဲ့ဝင်တတ်တော့ တိုင်းမှူးလည်း သူ့အိပ်ထဲရောက်ပေါ့လေ။ ခုဆို အမျိုးတွေတောင်ဖြစ်နေကြပါပြီ။ စီးပွားရေးသမားဆိုတာ ဒီလိုပဲလေ။ ဘယ်ဖဲတက်တက် ဒေါင်းဖို့အဓိက။ သူတို့မှာပဲ ရွှေအိုးရှိမှာပေါ့။ ကိုယ့်မှာတော့ အကြွေးအိုးပဲရှိမှာ။

ပညာရွှေအိုးရဖို့ကတော့ ငွေအတော်ကုန်တယ်ရယ်လို့ မိဘတွေဆီက ကြားနေရတယ်။ ဒီမှာလည်း ကုန်တာပါပဲ။ မောင်လူပေ့သမီးချော ပေသမီးဆိုရင် တက္ကသိုလ်ကို တန်းတက်လေတော့ တစ်နှစ်ကိုသောင်းကျော်ကုန်တယ်။ လေးနှစ်တက်တာ ငါးသောင်းကျော်ပဲ။ ဒီမှာ လူဆင်းရဲမှ အလကားတက်ရတာ။ ကိုယ်က ဆင်းရဲတာလည်းမဟုတ်၊ ချမ်းသာတာလည်းမဟုတ်တော့ ပေးရပါတယ်။ မြန်မာပြည်က သူဌေးဖြစ်ပေမဲ့ ပိုင်သမျှအကုန်ထားခဲ့ပြီး ဒီနိုင်ငံမှာ ဝင်ငွေနည်းသူအမည်ခံ၊ အစိုးရထောက်ပံ့ကြေးယူ၊ ကလေးတွေလည်း အခမဲ့ကျောင်းထားနဲ့ လုပ်စားတတ်သူတချို့လည်းရှိတယ်။ အိမ်တွေလည်းငွေလက်ငင်းရှင်းပြီး ဝယ်ထားကြတယ်။ ( သူတို့ကိုယ်စား လူတစ်ယောက်က နာမည်ခံဝယ်ပေးတာပေါ့၊ နောက်မှ မေတ္တာနဲ့ပေးကမ်းခြင်းဆိုပြီး နာမည်ပြောင်းကြမယ်လေ။) ဒီလိုလူတွေမှာလည်း ရွှေအိုးတွေရှိတယ်။

ပညာရွှေအိုးရဖို့ ငွေလမ်းခင်းရတဲ့အထဲမှာ ဆွေမျိုးပေါက်ဖေါ်ကြီးတို့ရဲ့ တရုတ်ပြည်လည်း ထိပ်ပိုင်းမှာပါတယ်။ ကလေးအတွက် အင်္ဂလိပ်စာသင်တန်း၊ သချာင်္သင်တန်း၊ စန္ဒယားသင်တန်း၊ ရေကူးသင်တန်း၊ အကသင်တန်း စသည်နဲ့သုံးရသတဲ့။ ကျောင်းကောင်းကောင်းဝင်အောင် ဝင်ထွက်တတ်ရသတဲ့။ ကျူရှင်ဖိုးတွေလည်းမနည်းဘူးတဲ့။ ကိုယ်ပိုင်ကျောင်းတွေမှာ အပြိုင်အဆိုင်ထားကြသတဲ့။ နာမည်ကြီးကျူရှင်ကျောင်းဆရာတစ်ယောက်ရဲ့ဝင်ငွေဟာ ဒေါ်လာသန်းချီရတယ်လို့ဆိုတယ်။ ကလေးတစ်ယောက်အတွက်သုံးငွေပျမ်းမျှကပဲ ဒေါ်လာလေးသောင်းကျော်ရှိပါသတဲ့။ ကိုယ်ပိုင်ကျောင်းတွေခေတ်ကောင်းတော့ ပညာရေးကုမ္ပဏီတွေထောင်ကြ၊ စတော့ရှယ်ယာတွေရောင်းဝယ်ကြ၊ အလုပ်တွေလည်းဖြစ်ကြတယ်။

အခုတော့ ဖေါင်းပွနေတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ အပြိုင်အဆိုင်များလှတဲ့ပညာရေးလောကကို တရုတ်အစိုးရက ထိမ်းချုပ်ဖို့စတင်နေပြီ။ ဆောက်လုပ်ရေးလောက၊ ဘဏ်လုပ်ငန်းလောကတွေ ထိမ်းချုပ်အပြီး တတိယမြောက်အနေနဲ့ အလှည့်ကျတဲ့လုပ်ငန်းပါပဲ။ ပညာရေးလောကအတွက် ထုတ်ပေးပြီး လိုင်စင်တွေကို ပြန်စီစစ်နေသလို လိုင်စင်အသစ်လည်း ထပ်မပေးတော့ဘူး။ အစိုးရကျောင်းတွေ တိုးချဲ့ဖွင့်ဖို့ကြိုးစားနေတယ်။ အကျိုးဆက်ကတော့ ပညာရေးနဲ့ပတ်သက်တဲ့ရှယ်ယာတွေထိုးဆင်းပါတယ်။ သူတို့ဆီက ပညာရွှေအိုးလုပ်ငန်း မဟန်တော့ဘူးတဲ့။

ပညာရွှေအိုးကို ရှာဖွေကြတဲ့အခါ တတ်နိုင်သူတွေက သားသမီးတွေကို ချမ်းသာတဲ့အနောက်နိုင်ငံတွေကို ပို့လေ့ရှိတယ်။ အနောက်ဆိုမုန်းပါတယ်ဆိုတဲ့ အသိုင်းအဝိုင်းတွေတောင် သူတို့နဲ့ပုလင်းတူဘူးဆို့ဖြစ်တဲ့ တရုတ်တို့ ရုရှားတို့ဆီကို ငွေကုန်ခံပြီး သားသမီးတွေကို မပို့ကြဘူး။ တရုတ်ပြန်တို့ ရုရှားပြန်တို့ဆိုတာ အစိုးရပညာသင်နဲ့သွားတဲ့သူပဲရှိတာ။ ငပွကြီးဆိုပြီး အနောက်နိုင်ငံများ မကောင်းကြောင်းရေးနေတတ်သူတွေရဲ့ သားသမီးတွေကိုယ်တိုင် ပညာရွှေအိုးကို အနောက်ဖက်လာပြီးရှာကြတာတွေ့ရတော့ အင်း.. သူတို့လည်း လောကီသားပဲလေလို့သာ မှတ်ပါတယ်။

အနောက်နိုင်ငံတစ်ခုဖြစ်တဲ့ အင်္ဂလန် အနောက်မြောက်ပိုင်းက အထက်တန်းကျောင်းတစ်ခုမှာ ရွှေအိုးရှာနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ကျောင်းကိုလာရင် အနွေးထည် အကောင်းစားမဝတ်ရလို့ အမိန့်ထုတ်တယ်ကြားရင် ရယ်စရာဖြစ်မလားပဲ။ မဝတ်ရလို့ တားမြစ်တဲ့အနွေးထည်တွေက တစ်ထည်ကို ဒေါ်လာထောင်ကျော်တန်တဲ့ Canada Goose , Moncler စတဲ့ အမျိုးအစားတွေပါ။ တားမြစ်ရတဲ့အကြောင်းလည်းရှိတယ်။ ဒီလိုအနွေးထည်တွေဝတ်နိုင်တဲ့ကလေးအတန်းအစားတွေက လူချမ်းသာတွေမို့ မဝတ်နိုင်တဲ့ကလေးတွေက အလိုလိုနေရင်း သိမ်ငယ်ကြရတယ်။ ခရစ်စမတ်မှာဝယ်ပေးဖို့ သူတို့မိဘတွေကို ပူဆာကြတယ်။ မိဘတွေကလည်း လခတစ်လစာလောက်တန်ဖိုးရှိတဲ့ဒီအနွေးထည်တွေ ဝယ်မပေးနိုင်ဘူး။ ဒါကြောင့် ဆင်းရဲခြင်းမှကာကွယ်ရေးအကြောင်းပြချက်နဲ့တားမြစ်ရတယ်လို့ဆိုတယ်။ အဆင့်အတန်းခွဲတာတွေ ဖြစ်မလာစေရေးအတွက် ကြိုတင်ကာကွယ်တဲ့သဘောပေါ့လေ။

မောင်လူပေတို့ ရွှေပြည်ကြီးမှာကတော့ ပူတဲ့နိုင်ငံမို့ အနွေးထည်ပြသနာမရှိဘူး။ ရွှေတွေညွှတ်နေအောင်ဝတ်စား၊ မင်းသမီးရှုံးအောင်ပြင်၊ အိမ်ဖေါ်ကိုခြင်းဆွဲခိုင်းပြီး ကလေးစောင့်ကြတဲ့ မေမေအချို့ရဲ့ ပြိုင်ပွဲပြသနာလောက်ပဲရှိမယ်။ ဒါလည်း သိပ်တော့ကိစ္စမရှိ။ သူတို့တွေက နောက်ကွယ်မှာသာ အတင်းတုတ်ကြမှာ။ ရှေ့မှာတော့ ညီမရေ၊ အမရေ၊ လှလိုက်တာနဲ့ စိတ်ထဲမပါကြပေမဲ့ လူယဉ်ကျေးထုံးစံအတိုင်း လောကွတ်ကြမှာအသေအချာ။

ဘာရယ်ဟုတ်ပါဘူး။ ဒီအပတ်ထဲဖတ်မိတဲ့သတင်းနှစ်ပုဒ်ကို ပေါင်းရေးလိုက်တာပါ။ တိုက်ဆိုင်မှုရှိလျှင်လည်း ခွင့်လွှတ်ကြပါလို့။

မိတ်ဆွေ၊ သူငယ်ချင်းတွေကျန်းမာချမ်းသာကြပါစေ။ ရွှေအိုးတွေနဲ့ပြည့်စုံကြပါစေ။

ချစ်တဲ့

မောင်လူပေ

Comments