မင်းနဒီခ ● ကဗျာ၊ ကဗျာဆရာရပ်တည်မှုနှင့် ကဗျာဖတ်သူရှုထောင့်

မင်းနဒီခ ● ကဗျာ၊ ကဗျာဆရာရပ်တည်မှုနှင့် ကဗျာဖတ်သူရှုထောင့်
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၈

၂၀၁၈ မိုးမခ သြဂုတ်လထုတ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

၁၉၆၅ မှာ ထွက်ရှိသည့် ဆရာကိုလေး (အင်းဝဂုဏ်ရည်) ၏ “လမ်းသစ်” ကဗျာစာအုပ်တွင် ဆရာမောင်စွမ်းရည်မှ အောက် ပါအတိုင်းရေးသားခဲ့သည်။

“၁၉၅၈ တင်မိုးရဲ့ဖန်မီးအိမ်ကနေ အခု ၁၉၆၅ ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ လမ်းသစ်အထိ ကဗျာစာအုပ် ၈ အုပ် ထွက်ခဲ့ ရာမှာ တစ်နှစ်တစ်အုပ်နှုန်းထွက်သည့်သဘော ပြောလို့ရသည်။ တစ်နှစ်တစ်ယောက်မျှ လူမိုက်စာရင်း တိုးလာလျှက်ရှိရာ ကိုလေးသည် လူမိုက်လက်သစ်ကလေးတစ်ယောက်ဟု ဆိုရပေမည်”

တစ်နှစ်တစ်အုပ်နှုန်းခန့်သာ ထွက်ရှိခဲ့သည် ၁၉၅၈-၁၉၆၅ ခုနှစ်နှစ်တာ ကာလနှင့် ယခု ဒီဘက်နှစ်များ ၂၀၁၀ -၂၀၁၇ ခုနှစ်နှစ်တာကာလအတွင်းထွက်ရှိခဲ့သည့် ကဗျာစာအုပ် (၈၀၀) ကျော်နှင့် နှိုင်းယှဉ်ရလျှင် ကဗျာစာအုပ် ထွက်ရှိနှုန်းသည် အဆ တစ်ရာမက ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ယခု ၂၀၁၈ တွင်လည်း ကဗျာစာအုပ်ထွက်ရှိနှုန်းသည် လျော့ကျသွားဖွယ်ရာမမြင်။ ဆရာမောင်စွမ်းရည်ပြောသလို လိုက်ပြောကြည့်ရလျှင် ကဗျာစာအုပ်ထွက်ရှိနှုန်းထက် လူမိုက်တိုးပွားနှုန်းက ပိုမိုများပြားလာ သည်ကိုလည်း တွေ့ရသည်။

ဘာကြောင့် ငွေကြေးအမြတ်အစွန်းမရှိသလောက် နည်းပါး၊ ကဗျာရေးသူတွေသာများပြီး ကဗျာဖတ်သူ နည်းပါးလှသည့် ကဗျာစာအုပ်ကို ဒီလောက်ထုတ်နေကြရသလဲဆိုတာ စဉ်းစားစရာတော့ကောင်းသည်။ ဆရာပိုင်စိုးဝေကတော့ “ရုရှ ကဗျာ ဆရာကြီး အာရင်ဘတ်ပြောသလို “မင်းတို့ကဗျာတွေ ကောင်းတာမကောင်းတာထက် မင်းတို့ကဗျာတွေရေးနေတာ ကဗျာ ဆရာ ဖြစ်ချင်နေတာကိုက ကောင်းလှပါပြီကွာ” လို့ သူ့အမှာစာထဲတွင်  ထည့်ရေးထားသည်။ ဟုတ်ပါသည်။ ကဗျာဆရာသည် အခြေခံအားဖြင့် အမှန်တရားကို လိုလားသူ၊ တော်လှန်စိတ်ရှိသူ၊ ဆန်းသစ်တီထွင် လိုစိတ်ရှိသူ၊ စေတနာနှင့် မေတ္တာတရားကို ရှေးရှုသူ။ ကဗျာဆရာတစ်ယောက်အတွက် ကဗျာအသစ်တစ်ပုဒ် ရေးဖွဲ့နေခြင်းသည် လူသတ် လက်နက်တစ်လက် တီထွင် သည်ထက်တော့ များစွာတန်ဖိုးကြီးမြတ်နေမှာပဲ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ပုဂံခေတ်မှသည် ဒီနေ့မျက်မှောက်ခေတ် အထိ မြန်မာကဗျာရေစီးတလျောက်လုံးတွင် ကဗျာရေးသူနှင့် ကဗျာစာအုပ် အများဆုံး ထွက်ရှိသည့် ဆယ်စုနှစ်ကာလတစ်ခုလို့ သတ်မှတ်ရမှာကတော့ အမှန်ပင်ဖြစ်သည်။

မြန်မာကဗျာသမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ပုဂံခေတ်ကနေ  ကိုလိုနီခေတ်တစ်ပိုင်း၊ ခေတ်စမ်းကဗျာ (၁၉၃၀ - ၁၉၄၅)မှ ခေတ်ပေါ်ကဗျာခေတ်ဦး ( ၁၉၇၀ -၁၉၉၀)ထိတစ်ပိုင်း၊ ခေတ်ပေါ်နှောင်းပိုင်း  (၁၉၉၀ -၂၀၁၀) မှသည် ယခု ဒီဘက်နှစ်များ (၂၀၁၀-   ) ခေတ်ပေါ်/ ခေတ်ပြိုင်၊ Contemporary အထိ ကဗျာဟာ တစ်ခေတ်ပြီး တစ်ခေတ် ရွေ့နေဆဲပဲဖြစ်သည်။ ခေတ် ကာလတွေ၊ ကဗျာနည်းစနစ်တွေ မည်သို့ပင်ပြောင်းလဲစေကာမူ မပြောင်းလဲသည့်အရာ တစ်ခုတော့ ရှိသည်။ ထိုအရာသည် ကဗျာဆရာ၏ ရပ်တည်မှုနှင့် အမှန်တရားအပေါ် ချစ်မြတ်နိုးစိတ်၊ အကောင်းမြင် စိတ်နှင့်စေတနာဖြစ်သည်။ ခေတ်ပေါ်ဖြစ်စေ၊ ခေတ်ပြိုင်ဖြစ်စေ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်သည်နှင့် အဆိုပါကဗျာသည် မည်သူ့ဘက်မှ ရပ်တည် သည်၊ မည်သည့်စိတ်ဖြင့် ကဗျာကို တည်ဆောက်ထားသည်။ ကဗျာနောက်ခံအခင်းအကျင်းနှင့်ပတ်ဝန်းကျင်သည် မည်သည့်ခေတ်ကာလကို ကိုယ် စားပြုပြီး ရေးဖွဲ့ထားသည်ကို ကဗျာဖတ်သူက စူးစမ်းလေ့လာနိုင်သည်။ ကဗျာဖတ်သူသည် ကဗျာဖတ်ကျင့် ရှိသလောက် ကဗျာ၏အကျယ်အဝန်းကို ချဲ့ထွင်သွားနိုင်သည်။ ထို့ကြောင့် ကဗျာဖတ်သူ၏ အမြင်/ကဗျာဖတ်သူ၏ ရှုထောင့်သည် ကဗျာ ကောင်း၊ မကောင်းကိုပါ တဆက်တည်း ဆွဲတင်၊ ဆွဲချပြုလုပ်သွားနိုင်သည်။ ကဗျာဆရာသည် ကဗျာတစ်ပုဒ်ကို ရေးသားပြီး ကတည်းက သူ၏ကဗျာအပေါ် ပြုလုပ်မှုဖြစ်စဉ်သည် ပြီးဆုံးသွားပြီဖြစ်သည်။ ထိုကဗျာ၏ နောက်ဆက်တွဲ ကောင်းခြင်း ဆိုးခြင်းသည် ကဗျာဖတ်သူ၏ ကဗျာကိုယ်ခံအားနှင့် ကဗျာအပေါ် အကဲဖြတ်နိုင်မှုရှုထောင့်မှာ အရေးအကြီးဆုံးဖြစ်သည်။ ဒီနေရာတွင် ခေတ်ပြိုင်ဟန်ကဲသည့် ကဗျာတစ်ပုဒ်ကို ကဗျာဖတ်သူ ရှုထောင့်မှ ပြန်လည်တင်ပြချင်မိသည်။

စစ်ဟာ ကခုန်နေတယ်


မနက်ခင်း သတင်းတွေထဲကနေ တို့ကိုပါးနားရိုက်လို့
စစ်ဟာ ကခုန်နေတယ်၊
စစ်ပြန်တစ်ယောက်ပြောတာက
စစ်ဟာ ကျောသားရင်သား မခွဲခြားဘူးဆိုပါလား
ဟုတ်တာပေါ့၊
ဒုက္ခသည်တွေရဲ့ကျောတွေရင်တွေတီးပြီး
စစ်ဟာ ကခုန်နေတယ်၊
သူ့ကိုယ်သူပြန်ကောက်လို့ မရတော့ဘူးတဲ့
အ၀တ်တစ်ထည်ကိုယ်တစ်ခုက အော်လိုက်တာ
ဟုတ်တာပေါ့၊
ခြေပြတ်လက်ပြတ်တွေ မြှောက်မြှောက်ပြီး
စစ်ဟာ ကခုန်နေတယ်၊
အပိုင်းပိုင်း အတစ်တစ်တွေကြားထဲမှာ
စစ်ဟာ ကခုန်နေတယ်၊
အိုးပစ်အိမ်ပစ်တွေရဲ့ ပြေးလမ်းကြောင်းနောက်မှာ
စစ်ဟာ ကခုန်နေတယ်၊
တစ်စပြင်ရဲ့မီးတောက်တွေနဲ့အတူ
စစ်ဟာ ကခုန်နေတယ်၊
ထိုးစစ်ဖြစ်ဖြစ် ခံစစ်ဖြစ်ဖြစ်  
စစ်ဟာ ကခုန်နေတယ်၊
ဗုံတစ်လုံးဖြစ်ဖို့ နွားမည်းတွေရဲ့အရေကို ဘယ်လိုဆုပ်ခဲ့သလဲ
စစ်တစ်ခုအသံထွက်ဖို့များ ဒုက္ခသည်တွေကို ချနင်းရတယ်လို့
စစ်ဟာ ကခုန်နေတယ်၊
စစ်လျော်ကြေးအဖြစ်
ခေတ်အဆက်ဆက် ဒုက္ခသည်တွေရဲ့ခုံရုံးမှာ
စစ်ကို စီရင်ပါ
စစ်ကို ကွပ်မျက်ပါ
ဒုက္ခသည်စခန်းထဲက အမျှဝေသံနဲ့အတူ
စစ်ကို စွဲချက်တင်လိုက်တယ်
ခုထိ .... စစ်ဟာ ကခုန်နေတယ်၊
ခင်ဗျားအနားမှာ ဝိညာဉ်တစ်ခုလို
စစ်ဟာ ကခုန်နေတယ်၊
ခင်ဗျား မျက်စိရှေ့မှာ စုန်းတစ်ကောင်လို
စစ်ဟာ ကခုန်နေတယ်၊
အရိုးထဲအထိ စိမ့်လာအောင်
ခင်ဗျားရဲ့သွေးပြန်ကြောထဲကနေ
စစ်ဟာ ကခုန်နေတယ်၊
ခုထိ .... စစ်ဟာ ကခုန်နေတယ်။

ဇော်လူစိမ်း


ယခုကဗျာကို ဖတ်ပြီးသည့်အခါ ကဗျာနောက်ခံအခင်းအကျင်းမှာ ထင်ရှားသည်။ ကဗျာက ကမ္ဘာ့အနှံ့အပြားက စစ်ပွဲတွေကို သရော်လိုက်တဲ့ ကဗျာဖြစ်သည်။ နေ့စဉ်ထုတ် သတင်းစာတွေမှာ ဖော်ပြပါရှိနေသည့် စစ်ပွဲသတင်းများ၊ ကြားနေရသည့် စစ်ဘေးဒုက္ခများ၊ မြင်တွေ့နေရသည့် စစ်ပြေး ဒုက္ခသည်များ၊ ညှိနှိုင်းနေကြသည့် ငြိမ်းချမ်းရေး စားပွဲဝိုင်းများကို ကြည့်ကြည့်ပြီး စစ်ဟာ ကခုန်နေပါတယ်လို့ ကဗျာဆရာ ဆိုလိုလိုက်ခြင်းဖြစ်သည်။ စိတ္တဇနာမ်ဖြစ်သည့် “စစ်” ကို “ကခုန်” ဆိုသည့် သက်ရှိ တစ်ယောက်၏ လှုပ်ရှားပျော်ရွှင်မှုနှင့် တွဲဖက်ကာ အနက်အဓိပ္ပာယ်ပြောင်းလဲအောင် တည်ဆောက်လိုက်သည်။ ကဗျာဆရာ သည် ခေတ်အဆက်ဆက် စစ်ဘေးဒုက္ခသည်များ၏ ကိုယ်စား စစ်ကို ခုံရုံးတင်သည်။ တရားစွဲသည်။ စစ်နှင့်ဓာတ်တူ နာမ်တူ အသံတူမှန်သမျှ အလိုမရှိ ကြွေးကြော်သည်။

‘ဒီနေရာမှာ ကဗျာထဲမှာ အဓိကအကြောင်းအရာဖြစ်သည့် စစ်သည် ဘာကြောင့် ကခုန်နေသည်ကို ကျွန်တော်တို့ ကဗျာဖတ် သူရှုထောင့်ကနေ ပြန်ဆန်းစစ်ကြည့်မိသည့်အခါ စစ်ကို ဥပဒေအတိုင်း အဆုံးစီရင်လိုက်သည် ဆိုသော်လည်း တကယ်တမ်း ကျတော့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးသွင်သွင်အော်နေတာလည်း ဒီလူတွေပဲ။ နယ်ချဲ့လို့ပဲဖြစ်ဖြစ်၊ ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ထိုးစစ်ဖြစ်ဖြစ်၊ ခံစစ်ဖြစ်ဖြစ် စစ်ကို အပြန်ပြန်အထပ်ထပ်အသက်သွင်းနေတာလည်း ဒီလူတွေပဲ ဖြစ်သည်။ စစ်ကတော့ ဆက်လက်ပြီး ကခုန်နေဆဲ။ ဒီလူတွေရဲ့ သွေးပြန်ကြောထဲကနေ ပျော်ရွှင်မြူးတူးစွာနဲ့ ကခုန်နေဆဲပဲဖြစ်သည်။ ဒီအရေး အသားသည် ကဗျာရေးသူမှ စစ်အကြောင်းကို ပြောနေရင်းနှင့် ရုတ်တရက် ကဗျာဖတ်သူ ရဲ့လက်ဖျံကို ဆွဲလှန်ပစ်လိုက်သည့် အရေးအသားဖြစ်သည်။ “စစ်က အပြင်မှာမရှိပါဘူး။ ကျွန်တော်တို့ ခင်ဗျားတို့ ၀ိညာဉ်ထဲမှာပဲ ကိန်းအောင်းနေပါတယ်”ဟု ဖြစ်သည်။  ထို့ကြောင့်လည်း ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီက 'စစ်တိုက်တယ်ဆိုတာ ရှုံးတာနဲ့နိုင်တာ တစ်ခုပဲ ရှိရမယ်။ ရှုံးလည်း မရှုံး၊ နိုင်လည်း မနိုင်ပဲ နှစ်တွေအကြာကြီး တိုက်နေပြီ ဆိုရင် အဲဒါဟာ လုပ်စားနေတာပဲ'ဟု  ဆိုခဲ့ခြင်းဖြစ်မည်။ ဒါက ဒီကဗျာနှင့်ပတ်သက်လို့ ကဗျာဖတ်သူတစ်ယောက်၏ ရှုထောင့်မှ နားလည်လိုက်ခြင်းဖြစ်သည်။ နောက်ထပ်လည်း ရှိပါသေးသည်။

စစ်ခြောက်ရုပ်

(၁)
`ကြောင်နဲ့ ကြွက်´ ကြည့်မလို့တဲ့
အခွေမှားဖွင့်တဲ့သား
သားဟာ တီဗွီဖန်သားပြင်ကို ကြည့်တော့
သေနတ်သံတွေ အော်သံတွေ လူတွေ မီးခိုးတွေ
မီးခိုးတွေ လူတွေ အော်သံတွေ သေနတ်သံတွေ
ဆိုတော့
သားဟာ တုန်ယင်ထိတ်လန့်
သားဟာ စက်ကို ရပ်တန့်ပစ်တယ်။

(၂)
တစ်နေ့သား
လယ်ကွင်းတွေကို ဖြတ်အသွား
သားဟာ လယ်ကွက်ထဲက အရုပ်ကို
ဘာလဲမေးတော့
`စာခြောက်ရုပ်´ လို့ခေါ်ကြောင်း ကျွန်တော်ဖြေပါတယ်။
ပြီး
စပါးခင်းတွေကို နှောက်ယှက်တတ်တဲ့
စာနဲ့ အခြားကောင်တွေကို ခြောက်လှန့်ဖို့ လုပ်တာဖြစ်ကြောင်း
စာခြောက်ရုပ်အကြောင်းကို ရှင်းပြပါတယ်။
ဆိုတော့
သားဟာ တွေဝေစဉ်းစား
သားဟာ တစ်စုံတစ်ခုကို သတိရသွားပုံနဲ့
"လူတွေက စစ်ပွဲတွေကို ခြောက်လှန့်ပစ်မယ့်
စစ်ခြောက်ရုပ်တွေကျ ဘာလို့မလုပ်ကြတာလဲဖေဖေတဲ့"
အဲဒီလို မေးပါတယ်။
      
ကျွန်တော်ဟာ တိတ်ဆိတ်
ကျွန်တော်ဟာ ငေးငိုင်
မေးခွန်းနဲ့ မဆိုင်တာတွေ လှီးလွှဲလျှောက်ပြောရင်း
သားရဲ့ အနာဂတ်လက်ကလေးကို ဝမ်းနည်းခြင်းနဲ့ ဆုပ်ကိုင်ရင်း
အနက်ရောင်တိမ်တိုက်များအစွန်းက ငွေရောင်အနားကွပ်လေးကို မျှော်ကြည့်ရင်း
အိမ်အပြန်ခြေလှမ်းတွေဟာလည်း ငေးရီလို့ပေါ့။
                      
စံညိမ်းဦး                    
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၁ 
 

ကဗျာဆရာဟာ သူ့ကဗျာကို သူ့သားငယ်နှင့်အတူရှိနေချိန် အချိန်ကာလနှစ်ခုကို ယှဉ်တွဲချိတ်ဆက်ကာ ရေးဖွဲ့ထားသည်။ ကလေးတစ်ယောက်၏ အတွေးရှုထောင့်မေးခွန်းတစ်ခုနှင့် လူကြီးတစ်ယောက်၏ ဆွံ့အတိတ်ဆိတ် အဖြေကင်းမဲ့မှု။ ကလေး ငယ်တစ်ယောက်၏ နုနယ်သည့် နှလုံးသားကို တုန်ယင်ထိတ်လန့် ကြောက်ရွံ့မိစေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာ စစ်မြေ ပြင်နောက်ခံမြင်ကွင်းများ။ မသိနားမလည်ခြင်းများနဲ့ အပြစ်ကင်းရိုးသားဖြူစင်သည့် ကလေးတစ်ယောက်ကို စိတ်ထိခိုက်တုန် လှုပ်စေသည့် မြင်ကွင်းများ။ တကယ်ဆို ပြင်ပလောကကြီးမှာဖြစ်ပျက်နေသည့် တကယ့်စစ်မြေပြင်မြင်ကွင်းက ရုပ်ရှင်ဇာတ် ကားထဲမှ ဇာတ်ဝင်ခန်းထက် ပိုဆိုးသည်ဆိုတာ ဇာတ်ကားမှားဖွင့်မိတဲ့ ကလေးက သိပါ့မလား။ ကမ္ဘာကြီးတစ်ဆုံးကြည့်နိုင်ဖို့ မလွယ်ကူလျှင်ပင် ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်သွေးကိုယ့်သားချင်း ဖြစ်ပျက်နေသည့် ပြည်တွင်းစက်မက်နှင့် စစ်ပြေးဒုက္ခ သည်တွေ ဒုနှင့်ဒေး။  ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ့်မြေ၊ ကိုယ့်ရေအတွက် တရားသောစစ်ဖြစ်ဖြစ်၊ ကျူးကျော်အနိုင်ကျင့် အစွန်းရောက် နယ်ချဲ့ မတရားသောစစ်ပဲ ဖြစ်ဖြစ် စစ်၏နောက်ဆက်တွဲများက ကောင်းကွက်တစ်ခုမှမရှိ။ ထိုထက်ပိုဆိုးတာက မသိနားမလည်သေးသည့် လူမမယ်ကလေးများ၏ အနာဂတ်။ စစ်ဒဏ်ခံရတဲ့ တိုင်းပြည်တစ်ပြည်၊ မြို့နယ်တစ်ခု၊ မိသားစု တစ်စုအတွက် ပြန်လည်တည်ဆောက်ရမည့် နှစ်ကာလ အပိုင်းအခြား။ စာသင်ကျောင်းတွေမှာ စာသင်ကြားနေရမည့် ကလေးငယ်တွေက ကျည်ဆန်ခွံတွေ လိုက်ကောက်နေသည်။ လယ်ကွင်းထဲ လယ်ထွန်သွားမည့် ရိုးပြတ်လမ်းမှာ မြေမြှုပ်မိုင်းတွေ လျှို့ဝှက်တည်ရှိနေသည်။

ကလေးအတွေးနှင့် မေးခွန်းက ကောင်းသည်။ လူကြီးတစ်ယောက်အတွက်အဖြေက မရှိ။ ကလေးတစ်ယောက်၏ အတွေးတွင် စာခြောက်ရုပ်သည် စစ်ခြောက်ရုပ်ကြီးဖြစ်သွားသည်။ စစ်ပွဲများသည် စစ်ခြောက်ရုပ်ကြီးကို မြင်တာနှင့် စစ်ကို ဆက်မတိုက်ဖြစ်ကြတော့။ စစ်ခြောက်ရုပ်ကြီးကို မြင်သည်နှင့် စစ်ဆိုတဲ့ကောင်တွေ လန့်ပြေး။ ငြိမ်းချမ်းရေး ချိုးငှက်လေး တွေက စစ်ခြောက်ရုပ် ကြီးပေါ် နားခိုလို့။ အမြောက်ပြောင်းဝမှာ ကြည်ကြည်နူးနူး အသိုက်အမြုံဆောက်လို့။ ပျော်ရွှင် ကြည်နူးဖွယ် တေးသီလို့။ ကျည်သံဗုံးသံတွေ ကင်းမဲ့ဆိတ်သုဉ်းနေတဲ့ ကမ္ဘာကြီး။ ဘယ်လောက်ပျော်စရာ ကောင်းလိုက် ပါသလဲ။ စာသင်ကျောင်းတွေမှာ စာအံသံတွေနဲ့ ဆူညံလို့။ ကစားကွင်းတွေမှာ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစား နေမည့် ကလေးငယ်များ။ ဘုရားကျောင်းကန်မှာဆည်းလည်းသံနဲ့ သာယာလို့။ ကျွန်တော်တို့ မျှော်လင့်တောင့်တနေသော ကမ္ဘာ။ ကျွန်တော်တို့ အိပ်မက်နေတဲ့ ကမ္ဘာ။ စစ်မဲ့ကမ္ဘာ။ ကလေးတစ်ယောက်ရဲ့အတွေးမှာ စစ်ကို ခြောက်လှန့် လိုစိတ်ရှိနေတာ တစ်ခုတည်းနဲ့ ကျေးဇူးတင်လိုက်မိသည်။ ကလေးဆိုတာ တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ။ ထိုထက်ပိုပြောရရင် ကမ္ဘာကြီး တစ်ခုလုံး၏ အနာဂတ်။ အနာဂတ်ကို ပိုင်ဆိုင်သည့် ကလေးတစ်ယောက်၏ စစ်မုန်းတီး စိတ်အတွက် ကျွန်တော် တို့ လက်ခုပ်တီးပေးရမှာပဲ ဖြစ်သည်။ မေးခွန်းဟာ မေးခွန်းအတိုင်း လေထဲတွင် ဆို့နစ်တိုးဝင်လို့။ ကဗျာဖတ်သူသည် သူ၏ ရှုထောင့်မှာပင် ကလေးငယ်တစ်ယောက်၏ မေးခွန်းနှင့် ချောင်ပိတ် မွန်းကျပ်သွားစေနိုင်လောက်သည်။ နောက်ဆုံး ခေတ်ပေါ်ကဗျာ တစ်ပုဒ်ဖြင့် ကဗျာဖတ်သူ၏ ရှုထောင့်ကို နိဂုံးချုပ်ချင်ပါသည်။

“ဒီနေ့ တိုက်ပွဲတွေကြား ပိတ်မိခံပြည်သူများ ဘေးကင်းလုံခြုံသော နေရာများသို့ လွတ်မြောက်ရေး”

စစ်တိုက်တယ် စစ်တိုက်တယ်နဲ့
စစ်ကိုမွေးမြူနေတဲ့လူသတ္တဝါတွေ
အနိုင်အရှုံးမပေါ်သေးသရွေ့
တိုင်းရင်းသားပြည်သူတွေဟာ ဓားစာခံဖြစ်ရင်း
ပြေးလွှားဒုက္ခတွေနဲ့
စစ်ဘီလူးတွေ သွေးစာနေတဲ့လူသတ်ပွဲမှာ အတိဒုက္ခရောက်
ဘာကြောင့် စစ်ပွဲတွေကိုလိုလိုချင်ချင်နဲ့တိုက်ခိုက်နေကြတာလဲ
ဘာ့ကြောင့် စိတ်ပွဲတွေကို လိုလိုချင်ချင်နဲ့ မရပ်တန့်နိုင်ကြတာလဲ
စစ်ပွဲရပ်စဲလိုက်ရင်
အကျိုးယုတ်မာဆိုးလို့
ကိုယ်ကျိုးကြည့်ဖို့အတွတ်
စစ်ပွဲတွေ မရပ်တန့်နိုင်ကြတာလား။
ဆိုးယုတ် မိုက်ရိုင်းတဲ့ ဒီ စစ်ပွဲ
ခု ရပ်
STOP
ဒီ စစ်ပွဲ အရင်းခံက
ဖားကန့်ကျောက်စိမ်းတွင်းကို
ငါပိုင်သူပိုင်လုကြရင်း
ကြီးထွားလာတဲ့စစ်ပွဲလား။
ဒီ ကျောက်စိမ်းတွင်း
ချော်ရည်တွင်းအဖြစ်
ခု ဖြစ်တော့ ဟေ့
ဒီ ကျောက်စိမ်းတွင်းကြောင့်
စစ်မက်ဖြစ်ပွားနေတာ ဟေ့
အို လိုင်ဇာရေ
မုန်လိုင်ခက် အိုင်ဒီပီမှာ
စစ်ဘေးရှောင်တိုင်းရင်းသားတွေ
အသက်ရှင် ကင်းပါစ
ဝဲကျိုင်ရွာမှာ
ငါတို့တိုင်းရင်းသားတွေ ပျော်ရွှင်ပါစ
ဒီ စစ်ဟာ ငါတို့နှလုံးသားကိုခြွေတယ်
လူ့အသက်ဟာ လွယ်လွယ်နဲ့ရင်းပြီး မွေးဖွားလာတာ မဟုတ်
ဇိုင်းအောင် - ခေါင်ရှောင် - မဂယမ်
ငါတို့တိုင်းရင်းသားပြည်သူတွေ
ဘေးမသီ ရန်မခ ရှိပါစ
ရှီအိယမ်မှာ လူသားချင်းစာနာမှုတွေရှိတယ်ဆို
စစ်ဆိုတဲ့အရိုင်းအစိုင်းထဲ
အပြစ်မဲ့ပြည်သူကို ချနင်းခံနယ်ရုပ်တွေဖြစ်နေပြီလား
ကိုယ်ချင်းစာနာမှုမဲ့တဲ့လူတွေရဲ့စကား
စစ်ဘေးရှောင်တိုင်းရင်းသားတွေဟာ သူပုန်တဲ့
ရိုင်းသူတို့ရဲ့စကားယုတ်
ငရဲက ဆုံးမလိမ့်မယ်
ဘာတဲ့
တရားသောစစ်ပွဲတဲ့လား
တရားသောစစ်မှာ
တိုင်းရင်းသားပြည်သူတွေ သေကြေကြတာ
တရားသောစစ်လား
ကထောင်ရွာအနီးက တိုင်းရင်းသားပြည်သူတွေ
လူသားစစ်စစ်တွေနဲ့ထာဝရတွေ့နိုင်ပါစေ
လက်နှစ်ဖက်တီးမှမြည်တဲ့မိစ္ဆာတို့
အာဃာတနဲ့တိုက်ခိုက်နေတဲ့စစ်ဦးဘီလူးနှစ်ကောင်ရဲ့
လူမဆန်စွာတိုက်နေတဲ့ယုတ်ညံ့တဲ့စစ်ပွဲမှာ
တိုင်းရင်းသားပြည်သူတွေ
ဒုက္ခရောက်ရာ ဒေသ
စစ်ပွဲတွေရပ်
ယုတ်ညံ့တဲ့စစ်ပွဲတွေရပ်
မိစ္ဆာတိုက်တဲ့စစ်ပွဲ ခုရပ်
စစ်ဦးဘီလူးတွေတီးတဲ့လက်ခုပ်သံ နှစ်ဖက်ကြားက
မိစ္ဆာဆိုတဲ့စစ်ပွဲသံတွေကြားမှာ
ပိတ်မိနေတဲ့
တိုင်းရင်းသားပြည်သူတွေရဲ့ဒုက္ခကို
စာနာဖို့
ခု စစ်ပွဲတွေရပ်
ရပ် ရပ်
ခုစစ်ပွဲ ခုရပ်။

ကလင့် (မန္တလေး)

  

ခေတ်ပေါ်ဟန်ဖြင့် ရေးဖွဲ့ထားသည့် ကဗျာဖြစ်သလို ယနေ့မျက်မှောက်ထိ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်တွင်းစစ်အနိဌာရုံများကို မခံစားနိုင်ကြသူတွေ အများကြီးထဲကမှ ကဗျာဆရာတစ်ယောက်၏ ရေးဖွဲ့မှုဖြစ်သည်။ ကဗျာနောက်ခံအခင်းအကျင်းမှာလည်း ဘာမှ အထူးတလည်နားလည်မှု တည်ဆောက်နေစရာမလို။ မိမိတိုင်းပြည်တွင်းမှာ ကာလကြာရှည်စွာဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို မလိုလားသဖြင့် ရပ်တန့်ဖို့ တောင်းဆိုထားသည့်ကဗျာ။ အရေး အကြီးဆုံးမှာ ကဗျာဆရာ၏ ရပ်တည်မှုဖြစ်သည်။ ကဗျာဆရာသည် ဓမ္မနှင့် အဓမ္မယှဉ်လာလျှင် ဓမ္မဘက်က ရပ်တည် သည်။ ဖောက်ပြန်မှုနှင့် အမှန်တရားယှဉ်လာလျှင် အမှန်တရားဘက်မှ ရပ်တည်သည်။ စစ်နှင့် ငြိမ်းချမ်းရေးယှဉ်လာလျှင် ငြိမ်းချမ်းရေးဘက်မှ ရပ်တည်မည်။ အဘယ်ကြောင့်ဆိုသော်ကဗျာဆရာသည် တော်လှန်လိုစိတ် ရှိသည်။ အမှန်တရား၊ ဓမ္မနှင့် အကောင်းမြင်စိတ်၊ စေတနာ ကြီးမားသည်။ `နိုင်ငံမှာ အရေးကြုံလာပြီဆိုရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ဆုံးက ရောက်လာပြီး ပါဝင်ကြ လေ့ရှိတယ်´ဆိုသည့် စကား နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးပါသည်။ ဟုတ်ပါသည်။ ကဗျာဆရာသည် ကိုယ့်နိုင်ငံမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကမ္ဘာစစ်၊ ပြည်တွင်းစစ်၊ အာဏာရှင်အုပ်ချုပ်မှု၊ တရားမမျှတမှု၊ ဖိနှိပ်ချုပ်ခြယ်မှု၊ အစွန်းရောက် အကြမ်းဖက်မှု၊ နယ်ချဲ့ကြီးစိုးမှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှု၊ ပညာရေး၊ ကလေးငယ်များရဲ့အနာဂတ်၊ ငြိမ်းချမ်းရေး စသည့် လူသားတိုင်းနှင့် ပတ်သက်သည့် အရေးတော်ပုံကြုံလာတိုင်း ကလောင်ကိုင်စွဲတိုက်ပွဲဝင်ခဲ့ကြသည်မှာ ခေတ်အဆက်ဆက်ပဲဖြစ်သည်။ ထို့ကြောင့် ကဗျာဆရာသည် သူ့ကလောင်နှင့် သူ့အရေးအသားအတွက် အကာအကွယ် ရသည်ဖြစ်၊ အကာအကွယ် မဲ့သည်ဖြစ်စေ ထောက်မကြောက်၊ တန်းမကြောက်၊ အသက်အန္တရာယ်မကြောက်စတမ်း ရှေ့တန်းကပါဝင်ရပ်တည်ခဲ့သည်။ ကဗျာတစ်ပုဒ်သည် အင်အားဖြစ်သည်။ ကဗျာတစ်ပုဒ်သည် စေတနာဖြစ်သည်။ ကဗျာတစ်ပုဒ်သည် တော်လှန်ရေး ဖြစ်သည်။ ကဗျာတစ်ပုဒ်သည် ငြိမ်းချမ်းရေးဖြစ်သည်။ ကဗျာတစ်ပုဒ်သည် တွန်းအားဖြစ်သည်။ ကဗျာတစ်ပုဒ်သည် စေတနာဖြစ်သည်။ ထို့ကြောင့် ကဗျာတစ်ပုဒ်ကို ဖတ်တိုင်း ကဗျာ၊ ကဗျာဆရာ၏ ရပ်တည်မှုနှင့် ကဗျာဖတ်သူ၏ ရှုထောင့်ကို အမိအရဖမ်းဆုပ်နိုင်ကြပါစေဟု ဆုတောင်းလျှက်။

မင်းနဒီခ
၂၀၊ ၅၊ ၂၀၁၈

Comments