မြောက်လေကို အန်တုမဲ့ဒုက္ခသည်များ



မြောက်လေကို အန်တုမဲ့ဒုက္ခသည်များ
ဆိုင်းဗျူ  ၊ ဓာတ်ပုံ- ခွန်းလီ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၈

တပ်မတော်နှင့်ကေအိုင်အေ စစ်ပွဲ ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင် ဖရဲစစ်ရှောင်ဒုက္ခသည်စခန်း သည် ကန်ပိုင်တည်မြို့မှ တဆင့် တောင်ပေါ်လမ်းကို ဖြတ်ကာခက်ခဲစွာ သွားရသည့် စစ်ရှောင်ဒုက္ခသည်စခန်းဖြစ်လေသည်။ တရုတ်ပြည် ထိန်ချုံးမြို့အနီးတွင် တည်ရှိလေသည်။ ထိုစစ်ရှောင်ဒုက္ခသည်စခန်းတွင် ပြည်သူ ၆၀၀ ကျော်နေထိုင်လျှက်ရှိနေသည်။  မြောက်လေ စတိုက်ခိုက်လာပြီဖြစ်သည့် ကချင်ပြည်နယ်၏ အအေးဒဏ်သည် ဆိုးရွား ချမ်းစိမ့်မှုကို ပေးစွမ်းလေသည်။ မြေပြန့်ဒေသတွင်  ချမ်းသည်မှာ အနည်းငယ်သာ ရှိသေးသည်။မြို့ပြနဲ့ဝေးရာ တောင်ပေါ်ဒေသ တရုတ်နိုင်ငံနှင့်ထိ နယ်စပ်နေသည့် ဒေသများတွင် အအေးဒဏ်သည် ဆိုးရွာစွာ အေးစေသည်။ နယ်စပ်မှတ်တိုင်၆ ဖရဲစစ်ရှောင်ဒုက္ခသည်စခန်းတွင် နေထိုင်သူသောပြည်သူများသည် အနွေးထည်မရှိ အနွေး စောင် လုံလောက်မရှိဘဲ မိသားစုသည် ချမ်းအေးမှုကို ဖြတ်သန်းသွားရတော့မည်။


ထိုဒေသသည် လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်၊း ဖုန်းလိုင်းမရှိခြင်း၊ သီးနှံများစိုက်ပျိုးဖို့လည်း အခက်အခဲရှိသော တောင်ပေါ်ဒေသဖြစ်လေသည်။ ထိုဒေသတွင် နေထိုင်နေသော စစ်ရှောင်ပြည်သူများသည် အလုပ်အကိုင်များရှားပါးမှုများနဲ့လည်း ကြုံတွေ့နေရသည်။ ထိုစစ်ရှောင်စခန်းတည်ရှိသော နယ်စပ်ဒေသသည် ကေအိုင်အို ထိန်းချုပ်ထားသော နေရာဖြစ်လေသည်။  တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ထားသောကြောင့်  ထောက်ပံ့ကူညီရေးပစ္စည်းများ သွားရောက်ပို့ဆောင်ခြင်းမပြုရန် ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနက ပိတ်ပင်တားဆီးထားလေသည်။ သွားရောက်ပို့ဆောင်မည်ဆိုပါက ၁၇/၁နှင့် တရားစွဲဆိုခံရမည်ဖြစ်သည်။

 ယခု ဆောင်းတွင်း အအေအေးပိုင်းကာလကို တဖြည်းဖြည်း ဝင်ရောက်လာတော့မည်။ သို့ပေမဲ့ သူတို့အတွက် စောင်များ အနွေးထည်များ မှာ လုံလောက်မှု မရှိဘဲ တနှစ်ပြီးတနှစ် ထိုအရပ်ဒေသ၌ နေထိုင်လာခဲ့သည်မှာ ၈နှစ်ကျော် လာနေပြီဖြစ်သည်။ ဆောင်းတွင်အချိန်ကာလဆို ကလေမိခင်းများ နှင့် ကလေးငယ်များပါ ခဏခဏ အအေးမိဖျားနာခြင်းဖြစ်ပေါ်နေသည်။ သက်ကြီးရွယ်အိုများမှာ  လေဖြတ်သည့်ဝေဒနာကို အများဆုံးခံစားကြုံတွေ့နေရပါသည်။

ဖရဲ စစ်ရှောင်စခန်းသည် တောင်ပေါ်တွင်တည်ဆောက်ထားပြီးဆောင်းကာလ တွင် နှင်းများဖြင့်သာ ဖုံးလွမ်းနေသည်။ နှင်းများ ကျဆင်းခြင်းကြောင့်ကလေးငယ်များ ကျောင်းသွားကျောင်းတက် ခက်ခဲပြီး စာသသ်ခန်းထဲတွင်လည်း အေးလွန်းသောကြောင့် မီးလုံပြီး စာသင်နေကြရသည်။  ပစ္စည်းများ လူသုံးကုန်ပစ္စည်းများ ဝယ်ယူသုံးစွာဖို့ရန်အတွက်လည်း လမ်းခရီးကို ခက်ခဲစွာဖြတ်သန်းရပြီး တရုတ်နိုင်ငံထဲသို့ ဝင်ပြီး ခက်ခဲစွာ ခရီးသွားလာနေရသည်။

ထိုတောင်ပေါ်ဒေသတွင် အခက်အခဲ ကြုံ့တွေ့နေရသည်မဟူတ်ဘဲ  မြေပြန့် ဖြစ်သည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များတွင် နေထိုင်လျှက်ရှိသော စစ်ရှောင်ဒုက္ခသည်ပြည်သူများမှာလည်း အလားတူစွာ ဒုက္ခမျိုးစုံကို ကြုံတွေ့ခံစားနေရပါသည်။ ယခုနှစ်တိုက်ပွဲ စဖြစ်တဲ့အချိန်ကစပြီး ထွက်ပြေးလာကြသော ဒုက္ခသည်များသည် အဝတ်အထည် အပိုမပါဘဲ ထွက်ပြေးလာကြသည်ကို အများဆုံး တွေ့မြင်နေရသည်။ မြေပြန့်က စစ်ရှောင်ပြည်သူများတွင် အခက်အခဲ သိပ်မရှိပေမဲ့လည်း တောင်ပေါ်ဒေသကစစ်ရှောင်ဒုက္ခသည်ပြည်သူများအတွက်တော့ ဒီနှစ်ဆောင်းတွင်းကို ဖြတ်သန်းဖို့ရန်အတွက် အလွန်စိုးရိမ်စရာဖြစ်နေသည်။
မတရားအသင်းဥပဒေဟာ သူတို့အတွက် စိုးရိမ်စရာ အခြေအနေကို တွန်းပို့နေပြီဖြစ်သည်။ သွားရောက်ကူညီ မည့် သူများအတွက်လည်း  အန္တရယ်ဖြစ်စေသောကြောင့် စစ်ရှောင်ဒုက္ခသည်များအတွက် ရင်လေးစရာ အနာဂတ်ဖြစ်နေခဲ့သည်။


ဆိုင်းဗျူ  ၊ ဓာတ်ပုံ- ခွန်းလီ
ဖရဲစစ်ရှောင်ဒုက္ခသည်စခန်းမှပြည်သူများ

Comments