မောင်လူရေး - ကျုံးနဲ့ ယက်တဲ့မြို့
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၈
ရွှေဘိုဆောင်းက ဆောင်းနဲ့တူလေပြီ။ သံဝါဖြောက်ဖြောက် ဆီးနှင်းပေါက်သံများလည်း သွပ်ပြားမှာ တဖောက်ဖောက်။ လမ်းလျှောက်ရ အလွန်ကောင်းမယ့်ဆောင်း။ ပလက်ဖောင်း ကောင်းကောင်းရှိရင်ပေါ့။ ပလက်ဖောင်းကောင်းကောင်းဆိုသည်ကား လက်ဖက်ရည်ဆိုင်စသည်တို့ ခုံစားပွဲကင်းတာ၊ ဗိုက်အဟောင်းသား မြောင်းနဲ့ ချိုင့် ဆိုင်အခင်းအကျင်းများကင်းတာမျိုးကို ဆိုပေသည်။ ပလက်ဖောင်းက ကျကျနန အေးအေးဆေးဆေး ငေးငေးတွေးတွေးလျှောက်ရမှ ပိုကောင်းမည်။
ကိုယ့်မြို့မှာက လောလောဆယ် ပလက်ဖောင်းသည် မြောင်း ချိုင့် ဆိုင်ခန်းတို့ဖြင့် သွားဖို့ လျှောက်ဖို့ခက်သည်။ လမ်းပေါ် ဆင်းလျှောက်ရင်လည်း ဆိုင်ကယ်စာ မိသွားနိုင်သည်။ ကိုယ့်ထက် ကြီးသူ ကိုယ့်အောက်လူ တိုက်သူ သေကြ များလှပြီလို့ သံဝေဂလင်္ကာ သီရမလောက်ပင်။
အမျှော်အမြင်နည်းပါး လူထုဘက်မစာနာအားသောအယုတ်တမာတို့လက်ထက်တွင် လမ်းတွေသည် လျှောက်စရာမဟုတ်တော့။ ကြောက်စရာဖြစ်သွားသည်။ ဖြစ်နေဆဲ။ ယင်းဆိုးကျိုးဆက်များသည် အားကောင်းကောင်းနဲ့ ခိုင်မာနေတုန်း။ မြို့တမြို့ရယ်လို့ဆိုရင် လမ်းတလမ်းသည် ကား ဆိုင်ကယ်စသည့် အခြေအနေ အချိန်အခါအရ မြန်ဆန် ဝန်ပါသည့် စက်တပ်ယဉ်အတွက် ဖြစ်ရသလို စက်ဘီးဆိုက်ကားလို ကျမ်းမာရေးအထောက်အကူပြု မီးခိုးမထွက် အရွယ်တိုင်းအဆင်ပြေ အန္တရာယ်နည်းပါး ဟိုနားဒီနားသွားသည့်ယဉ်များအတွက်လည်း ဖြစ်ရမည့်အပြင် လမ်းလျှောက်ရုံသွားရသော လမ်းလျှောက်ဖို့လိုသော လမ်းလျှောက်ပြီးကြည့်ရှုသောသူများအတွက်လည်း ဖြစ်ရပေမည်။
ကျုပ်တို့မြို့ကျဉ်းကျဉ်းလေးဆိုရင် လှအောင်ဆင်လို့ ပိုလွယ်လောက်မည်။ မြို့သည် အနောက်ဖက် အရှေ့ဘက် မြောက်ဖက်တို့တွင် ကျုံးများနှင့်ယက်လုပ်ထားတဲ့အပြင် မြို့မြောက်ဖက်အထွက်တွင် မဟာနန္ဒာ ကန်တော်ကြီးကလည်းရှိသောကြောင့် ကျက်သရေ မင်္ဂလာ အလိုလိုဖြာနေသည့်မြို့ဖြစ်သည်။ တချိန်က ကန်တော်ကြီးသည့် နီရဲသော ကြာတောကြီး အမြဲမင်းမူနေသည့်အတွက် အလွန်ပင် လှပခဲ့ပေသည်။
မြို့တောင်ဘက်အဝင်မှာလည်း ကျုံးများပျောက်ကွယ်သွားပေမယ့် မူး(ချောင်းငယ်)ရှိပြီး ယင်းမူးထဲတွင် တမြို့လုံးရေဆင်းချိုး အဝတ်လျှော်ခဲ့ရသောကြောင့် ရွှေဘိုသားမှန်ရင် ရေကူးတတ်သည်ဟု ဂုဏ်ယူခဲ့ကြသည်။ ပြီးတော့ မူးသည် တမြို့လုံးရဲ့ ဆုံမှတ်ဖြစ်သောကြောင့် တမြို့လုံးမျက်မှန်းတန်းမိပြီး ဆွေမျိုးအသိအလိုလိုကိန်းကာ ငြိမ်းအေးသောအခြေအနေမျိုးလည်း ရှိခဲ့သေးသည်။ အခုအခါ ချိုးရေ သုံးရေကို ကန်တော်က ရနေသည့်အတွက် မူးမထွက် ရေမကူး လူမဆုံဖြစ်ကြတော့သဖြင့် မျိုးဆက်သစ်များအဖို့ တယောက်ကိုတယောက် အစေးခြောက်လာသည်ဟုဆိုနိုင်သည်။ လက်ရှိတိုင်းပြည်ရဲ့ လူမျိုးရေး ဘာသာရေးသဘောထားများကလည်း ယင်းအစေးခြောက်မှုကို လေသလပ်ပေးပေသေးသည်။

သို့ကလို ကျုံးတွေမြို့ကို ဝန်းရံပတ်ထားသော်လည်း ကံဆိုးစွာ ရွှေဘိုသူ ရွှေဘိုသားများ လှေမလှော်တတ်ကြပါ။ ကျုံးတွေသည် ယိုး ယီးလေးယို သံပြိုင်ဆိုရာ မဖြစ်ခဲ့ဘဲ သေနငကြောင် ဖွတ်မင်းနောင်တို့ရဲ့ ခေတ်တွင် မသမာငွေရှာရာ ငါးကန်ဘဝရောက်ခဲ့ရှာသည်။ ငါးမည်ရ ပြည်ရွှေဘိုမှ ငါးညှီရ ပြည်ရွှေဘိုအဖြစ် ဂုဏ်ညိုခဲ့ရသည်။ အထက်မြန်မာပြည်၏ အဓိကရပွဲတော်တခုဖြစ်သည့် ရွှေဘိုမြို့ဒေါင့်စေတီပွဲတွင် ယင်းကျုံးကို အကြောင်းပြု၍ လှေလှော်ပြိုင်ပွဲပါတတ်သည်။ တခါတရံပေါ့လေ။ နှစ်စဉ်တော့မဟုတ်။ သို့သော် ယင်းပွဲတွင် ဘယ်ရွှေဘိုသားမှ ဝင်ရောက် လှော်ခတ်နိုင်ခြင်းမရှိချေ။ အမှန်မှာ ရပ်ကွက်တိုင်း လှေလှော်အသင်းရှိနိုင်သည့် ရေခံမြေခံဖြစ်သည်။ ကနေ့ထိ ရွှေဘိုသားကြီး သားလေးများသည် အပျော်စီးလှေကလေးမှ မြည်းဘူးရသည် မရှိသေးချေ။
မြို့ထဲတွင် ကျုံးနဲ့ တွဲရက် ပန်းခြံငယ်တခုရှိသည်။ ပန်းခြံငယ်လို့ဆိုရပေမယ့် ကိုယ့်မြို့အတိုင်းအတာနဲ့ဆိုရင်တော့ မြို့သူမြို့သားများအတွက် လုံလောက်သည့်အတိုင်းအတာဖြစ်သည်။ သို့သော်ငြား အရင်အစိုးရအဆက်ဆက်၏ အဆက်အစပ်ကင်းမဲ့သောမူဝါဒအရ ပန်းခြံတွင် အရက်ဆိုင်များ စည်ပင်ဝန်ထမ်းတန်းလျားများ ကတ္တရာပုံး ယဉ်အိုယဉ်ဟောင်းစသည့် စည်ပင်ပိုင်ပစ္စည်းများ ခန်းမတို့ဖြင့် ကြပ်ညှပ်နေသည့်အတွက် လူတို့အပန်းဖြေနေရာ မမြောက်။ ယခုအစိုးရသစ်လက်ထက်မှာတော့ အရက်ဆိုင်များပျောက်သွားသည်။ မြို့ထဲတွင် ဝန်ထမ်းအိမ်ယာမျာစဆောက်သည်ဟု သိရသည်။ စည်ပင်ဝန်ထမ်းများအတွက်ပါလျှင် ပန်းခြံအတွက် အလွန်ကောင်းချိမ့်မည်။ ယခုတော့ ပန်းခြံက ကျဉ်းမြောင်းနေတုန်းပင်။ ယခင်ခန်းမထက် ပိုမိုကြီးမားသောခန်းမကြီးတခုကလဲ ပေါ်လာပြန်သည်။
ပန်းခြံတခုမှာ မဖြစ်မနေရှိရမည့်အရာကတော့ ဒေသပေါက် သစ်ပင်ကြီးများပင်။ ကျုပ်တို့မြို့ပန်းခြံအဝင်ဝက နှစ်ရာဂဏန်းနီးပါးရှိ မန်ကျည်းပင်ကြီးကတော့ မီးဇာကုန် ဆီခန်းလို့ သေလမ်းသို့ မြန်းရသည်မဟုတ်ရှာဘဲ ဗိုလ်ချုပ်ကြေးရုပ်နေရာချထားဖို့အတွက် အသက်စွန့်သွားရရှာသည်။ သူတွင်မက သူ့အပေါင်းအဖော် ထနောင်းပင်ကြီးလည်း ပါသွားရှာသည်။ နောက် ကျုံးနဲ့ ပန်းခြံအစပ်က အပင်များစွာ ဥပစ္ဆေဒကကံဖြင့် သေဆုံးသွားရှာကြသည်။ ပန်းခြံသည် သူ့မြို့သူမြို့သားများကို အေးချမ်းမှုပေးနိုင်စွမ်းလျော့သွားသည့်အတွက် အားတုံးအားနာဖြစ်နေရှာရော့မည်။ ပန်းခြံသည် တဦးတည်း စိတ်ကူးမြူးစရာဖြစ်ရသလို အုပ်စုလိုက် ပြေးလွှားဆော့ကစားရာ ဖြစ်ရမည်။ အေးအေးလူလူ လမ်းလျှောက်ချင်လျှောက် ပြေးလိုပြေး တဝင်းလုံးပတ်လို့ရသည့် လမ်းရှိရမည်။
သုတေသနတခုက ရေရှည်တွင် ပန်းခြံတခြံ သို့မဟုတ် လမ်းလျှောက်စရာတခုသည် ဆေးရုံတရုံထက် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်သည်ဟု ဆိုလေသည်။
မောင်လူရေး
Comments