မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၂) – ဖုံးဖိထားသော လျှို့ဝှက်ချက်များ


မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၂) –  ဖုံးဖိထားသော လျှို့ဝှက်ချက်များ
 Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဘာ ၂၈၊ ၂၀၁၈

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ဟိုမိုဆေပီယန်စ်များ(ကျွန်ုပ်တို့)သည် ဒီ့ထက်ပို၍ စိတ်အနှောင့်ယှက်ဖြစ်စရာ ကောင်းသော လျှို့ဝှက်ချက်များကိုပင် မသိသာအောင် ဖုံးဖိထားခဲ့ကြသည်။ ကျွန်ုပ်တို့ လူသားများသည် များပြားလှသော ရိုင်းစိုင်းသည့် ဝမ်းကွဲအမျိုးများကို ပိုင်ဆိုင်ထားရုံသာမက တရံရောအခါက ကျွန်ုပ်တို့လူသားမျိုးစိတ်တွင် အခြား ညီအစ်ကို မျိုးစိတ်များလည်း ရှိခဲ့သေးသည်။

ကျွန်ုပ်တို့ လူသားများသည်သာလျှင် တစ်ခုတည်းသော လူသားများဖြစ်သည်ဟု ကျွန်ုပ်တို့ ယူဆကြသည်မှာ အကျင့်ပါနေပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ အတွင်း ကမ္ဘာပေါ်တွင် တစ်ခုတည်းကျန်ရစ်တော့သော လူသားမျိုးစိတ်မှာ ကျွန်ုပ်တို့ လက်ရှိလူသားမျိုးစိတ်သာလျှင် ဖြစ်သောကြောင့်ဖြစ်သည်။ သို့တိုင်အောင် လူသား(human)ဟူသည့် စကားလုံး၏ အဓိပ္ပါယ်အစစ်အမှန်သည် ‘မျိုးစုဟိုမိုတွင် ပါဝင်သော တိရိစ္ဆာန်’ ဖြစ်သည်။

 ထို့ပြင် ဤ ဟိုမိုမျိုးစုတွင် ဟိုမိုဆေးပီယန်စ်သာမက အခြားမျိုးစိတ်များစွာလည်း ယခင်က ရှိခဲ့ဘူးသည်။ ထိုမျှသာမက ဤစာအုပ်နောက်ဆုံးအပိုင်းတွင် သိပ်မကြာတော့သော အနာဂတ်ကာလ၌ ကျွန်ုပ်တို့သည် လူသားများမဟုတ်သည့်လူသားများ သို့မဟုတ် မဟာလူသားများနဲ့ အတူယှဉ်တွဲနေထိုင်လာနိုင်ပေသည်။ ယင်းအချက်ကို ရှင်းလင်းစေရန်အတွက် ကျနော် ဟိုမိုဆေပီယန်စ်မျိုးစိတ်တွင် ပါဝင်သော အုပ်စုဝင်များကို (ကျွန်ုပ်တို့ လက်ရှိလူသားများ) ရည်ညွှန်းပြောဆိုလိုသည့်အခါ ဆေပီယန်စ် ဟုသုံးနှုန်းပါမည်။ တဆက်တည်းမှာပင် ဟိုမိုမျိုးစုတွင်ပါဝင်သော လူသားမျိုးစိတ်များအားလုံး (ဆေပီယန်စ်၊ နီယန်ဒါသာလ်၊ မတ်တပ်လူ - ဟိုမို အီရက်တပ်စ် စသည်) ကို ရည်ညွှန်းပြောဆိုလိုသည့်အခါ လူသတ္တဝါ ဟူသော စကားလုံးကို သုံးပါမည်။

 လွန်ခဲ့သော ၂သန်းခွဲမှစ၍ တောင်ပိုင်းလူဝံ ဟု အဓိပ္ပါယ်ရသည့် ရှေးဦးလူဝံမျိုးစုဝင် အော်စထရာလိုပီးသိကပ်စ် (Australopithecus) မှတဆင့် လူသတ္တဝါများသည် အရှေ့အာဖရိကတွင် စတင် ဆင့်ကဲပြောင်းလဲလာခဲ့ကြသည်။ လွန်ခဲ့သော နှစ် ၂သန်းကမူ ရှေးဦးလူသတ္တဝါအချို့သည် ဇာတိမြေ ကိုခွာလျက် မြောက်အာဖရိက၊ ဥရောပ နဲ့ အာရှဒေသရှိ ကျယ်ပြန့်သော ဒေသများသို့ ခရီးထွက်၍ အခြေချ နေထိုင်ခဲ့ကြသည်။ မြောက်ဥရောပရှိ နှင်းတောအုပ်ထဲတွင် ရုန်းကန်ရှင်သန်မှုအရေးသည် အင်ဒိုနီးရှားရှိ အပူပိုင်းတောအုပ်တွင် အသက်ရှင်ရန်အတွက် ကွဲပြားသော စရိုက်လက္ခဏာ များကို လိုအပ်သဖြင့် လူသတ္တဝါတို့၏ ဦးရေသည် ကွဲပြားသောပုံစံဖြင့် ဆင့်ကဲ တိုးတက်လာခဲ့သည်။ ရလဒ်အားဖြင့် သိသိသားသားကွဲပြားသော လူသတ္တဝါမျိုးစိတ်များ ဖြစ်လာခြင်း ဖြစ်ပြီး.. မျိုးစိတ်တစ်ခုချင်းစီကို သိပ္ပံပညာရှင်များက ပနံမသင့်လှသော လက်တင်အမည်များ မှည့်ထားကြသည်။


လွန်ခဲ့သော နှစ် ၂သန်းကျော်ကစပြီး ဥရောပနဲ့ အနောက်အာရှရှိ လူသတ္တဝါများသည် ဟိုမို နီယန်ဒါသာလင်စစ်စ် (Homo neanderthalensis- နီယန်ဒါတောင်ကြားမှ လူသား) အဖြစ်သို့ ဆင့်ကဲပြောင်းလဲခဲ့သည်။ နီယန်ဒါသာလ် ဟူ၍ လူသိများပါသည်။ နီယန်ဒါသာလ်လူ သည် ကျွန်ုပ်တို့ လူသားများထက် ပိုမိုတုတ်ခိုင် သန်စွမ်း၍ အာရှဥရောပ အနောက်ပိုင်းရှိ ရေခဲခေတ်၏ အေးခဲသောရာသီဥတုနှင့် ယဉ်ပါးပေသည်။

အာရှတိုက်၏ ပိုမို အရှေ့ပိုင်းကျသော ဒေသများတွင် ဟိုမို အီရက်တပ်စ် (Homo erectus - မတ်တပ်လူ) များ ပျံ့နှဲ့နေထိုင်ခဲ့ကြသည်။ ယင်းမတ်တပ်လူများသည် နှစ်၂သန်းခန့်ရှင်သန်ခဲ့ကြသောကြောင့် ကြာရှည်အခံဆုံး လူသားမျိုးစိတ်များ ဖြစ်သည်။ ဤစံချိန်ကို ကျွန်ုပ်တို့ ဟိုမို ဆေပီယန်စ်လူသားများမှ ချိုးဖျက်ရန် မဖြစ်နိုင်ဟု ပြောရပေမည်။ ကျွန်ုပ်တို့ ဟိုမို ဆေပီယန်စ်လူသားများ နောင်နှစ် တစ်ထောင်အထိ ဆက်လက်ရှင်သန်ရပ်တည်ရန်ပင် သံသယရှိဖွယ် ဖြစ်သဖြင့် နှစ်၂သန်းဆိုသည့် အချိန်မှာ ကျွန်ုပ်တို့ လုံးဝလိုက်မမှီနိုင်မည့်အရာပင်။

အင်ဒိုနီးရှားရှိ ဂျာဗားကျွန်းတွင် ဟိုမို ဆိုလွန်စစ်စ် (Homo soloensis - ဆိုလိုတောင်ကြားမှ လူသားများ) နေထိုင်ခဲ့သည်။ ၎င်းတို့သည် အပူပိုင်းဒေသတွင် သဟဇာတဖြစ်စွာ အသက်ရှင်ခဲ့သည်။ ထို့အတူ အင်ဒိုနီးရှားရှိ ဖလော်ရက်စ်ကျွန်းတွင် ရှေးဦး လူသတ္တဝါ အချို့သည် လူကောင်သေးသွားသော အဖြစ်ကို ရင်ဆိုင်ခဲ့ရသည်။ ယင်းလူသတ္တဝါများ ဖလောက်ရက်စ် ကျွန်းပေါ်သို့ ရောက်သွားချိန်တွင် ပင်လယ်ရေမျက်နှာပြင် အထူးနိမ့်နေသဖြင့် ပင်မကုန်းမြေ(အာရှတိုက်)မှ အလွယ်တကူ သွားလာ၍ ရခဲ့သည်။ နောင် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာသောအခါ လူသတ္တဝါအချို့သည် ထိုအစာရေစာ ရှားပါးသောကျွန်းပေါ်၌ ပိတ်မိခဲ့ကြသည်။ အစာရေစာကို ပိုလိုအပ်သော လူကောင်ကြီးသူများ အရင်သေဆုံး၍ သေးငယ်သောလူများ ပိုမို အသက်ရှင်ခွင့်ရခဲ့သည်။ နောင် မျိုးဆက်များစွာကြာသောအခါ လော်ရက်စ်ကျွန်းမှ လူသတ္တဝါ များသည် လူပုများ ဖြစ်လာခဲ့သည်။ ဟိုမို ဖလော်ရန်စစ်စ်ဟု သိပ္ပံပညာရှင်များက အမည်ပေးထားသော ဤထူခြားသည့် လူသတ္တဝါ မျိုးစိတ်သည် တစ်မီတာသာရှည်၍ ၂၀ ကီလိုထက်ပိုသော အလေးချိန်မရှိပေ။ သို့ဖြစ်တစေ ၎င်းလူသတ္တဝါ လူပုကလေးများသည် ကျောက်လက်နက်များ ပြုလုပ်နိုင်၍ ထိုကျွန်းပေါ်ရှိ ဆင်အချို့ကိုပင် အခါအားလျော်စွာ အမဲလိုက်ခဲ့ကြသည်။ သို့သော် မျှတအောင်ပြောရလျှင် ထိုဆင်များသည်လည်း လက်ရှိဆင်များကဲ့သို့မဟုတ်ဘဲ ဆင်ပုမျိုးစိတ်များ ဖြစ်ပေသည်။

၂၀၁၀ ခုနှစ်တွင် ကျွန်ုပ်တို့ လူသားများ၏ ပျောက်ဆုံးနေသော အခြားညီအစ်ကို မျိုးစိတ်တစ်ခုကို လုံးဝပျောက်ဆုံးသွားတော့မည့် အဖြစ်မှ ကယ်ဆယ်နိုင်ခဲ့သည်။ သိပ္ပံပညာရှင်များက ဆိုက်ဘေးရီးယားရှိ ဒီနီဆိုဗာဂူ ကိုတူးဖော်ရာတွင် ရုပ်ကြွင်းဖြစ်နေသော လူ့လက်ချောင်းတစ်ခုကို တွေ့ရှိခဲ့ကြသည်။ မျိုးရိုးဗီဇဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု လုပ်ကြသည့်အခါ ယင်းလက်ချောင်းသည် ယခင်က ကျွန်ုပ်တို့ မသိရှိခဲ့သည် လူသားမျိုးစိတ်တစ်ခု၏ လက်ချောင်းဖြစ်နေသည်။ ထို့ကြောင့် ထိုမျိုးစိတ်ကို ဟိုမို ဒီနီဆိုဗာ (ဒီနီဆိုဗာ လူသတ္တဝါ) ဟု အမည်ပေးခဲ့ကြသည်။

 ကျွန်ုပ်တို့ လူသားများတွင် ပျောက်ဆုံးနေသော အခြားလူသားမျိုးစိတ်အနွယ်ဝင်များ အခြားသောဂူများ ကျွန်းများ အရပ်များ၌ မည်မျှရှာဖွေတွေ့ရှိရန် ကျန်နေသေးသည်ကို မည်သူသိရှိပါအံ့နည်း။ ဥရောပနဲ့ အာရှတွင် ဤသို့သောလူသတ္တဝါများ ဆင့်ကဲ ပြောင်းလဲလာနေသည့် တချိန်တည်းမှာပင် အရှေ့အာဖရိက၌လည်း ဆင့်ကဲပြောင်းလဲမှာ ရပ်တန့်မနေပေ။ လူ့ဇာတိပုခက်*က များစွာသောလူသတ္တဝါမျိုးစိတ်အသစ်များကို ဆက်လက်ပြုစု ပျိုးထောင်ခဲ့သည်။ ဥပမာအားဖြင့် ဟိုမို ရူဒေါဖန်စစ်စ် (Homo rudolfensis - ရူဒေါဖ်အိုင်မှ လူသား) နဲ့ ဟိုမို အာဂတ်စတာ (Homo ergaster- Working Man အလုပ်လုပ်နေသောလူသား)။ နောက်ဆုံး ကျွန်ုပ်တို့လက်ရှိလူသားများ ကိုယ့်လူသားမျိုးစိတ်ကို ပညာသားမပါစွာ အမည်ပေးထားသည့် ဟိုမိုဆေပီယန်စ် ( Homo sapiens – Wise Man ပညာရှိသောလူသား) တို့ဖြစ်သည်။

ကျွန်ုပ်တို့ လူသတ္တဝါ မျိုးစိတ်ဝင်အချို့သည် ကြီးမားတုတ်ခိုင်၍ အချို့မှာမူ သေးညှက်သောသူများဖြစ်ကြသည်။ အချို့မှာမူ ကြမ်းတမ်းသော မုဆိုးများဖြစ်ကြ၍ အချို့မှာ အေးဆေးသော အသီးအရွက် ရှာဖွေစားသောက်သူများသာ ဖြစ်သည်။ အချို့မှာ ကျွန်းတစ်ကျွန်းတည်းတွင်သာအသက်ရှင်နေထိုင်လျက် အခြားသောသူများမှာ ကမ္ဘာ့တိုက်ကြီးများပေါ်တွင် လှည့်လည်သွားလာ နေထိုင်ခဲ့ပေသည်။ သို့သော် ၎င်းတို့အားလုံးသည် ဟိုမို မျိုးစု(genus Homo) အောက်တွင် ပါဝင်ကြသည်။ ၎င်းတို့အားလုံးသည် လူသတ္တဝါများ ဖြစ်ကြသည်။

ပုံကို အောက်ပါလင့်မှ ယူထားပါသည်။
http://slideplayer.com/slide/8742437/

Comments