မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၄) – ပိုမို ရက်စက်ကြမ်းကြုတ်လာသော ဆေပီယန်စ်



မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၄) – ပိုမို ရက်စက်ကြမ်းကြုတ်လာသော ဆေပီယန်စ်
Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၈


စာရေးသူ၏ ဖေ့စ်ဘွတ်မှ 
ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

အမျိုးသမီးထုအနေဖြင့် ပိုမိုပေးဆပ်ကြရသည်။ မတ်တပ်လျှောက်ရန်အတွက် သေးသွယ်သော တင်ပါးများလိုသည်။ သို့ဖြစ်၍ မွေးလမ်းကြောင်းများ ကျဉ်းလာရသည်။ တချိန်တည်းမှာပင် လူသတ္တဝါ ကလေးငယ်များ၏ ဦးနှောက်များ ကြီးသထက်ကြီးလာခြင်းနဲ့တိုက်နေသည်။ ကလေးမီးဖွားချိန်တွင်း သေဆုံးခြင်းသည် လူသတ္တဝါ အမများအတွက် အဓိကအသက်အန္တရာယ် ဖြစ်လာခဲ့သည်။ ကလေးငယ် များ၏ ဦးနှောက်နဲ့ခေါင်းအရွယ်အစား သေးငယ်ပျော့ပျောင်းသော အစောပိုင်းကာလတွင် ကလေးမွေး ကြသော လူသတ္တဝါအမများသည် ပိုသက်သာ၍ နောက်ထပ်ကလေးများ ပိုရသည်အထိ အသက်ရှင်ခဲ့သည်။ သို့ဖြစ်၍ သဘာဝရွေးချယ်မှုက စောစီးစွာမွေးဖွားမှုကို အားပေးပေသည်။ အမှန်တကယ်ပင် အခြားသတ္တဝါ များနဲ့နှိုင်းယှဉ်လိုက်လျှင် လူသတ္တဝါများသည် အချိန်မတန်သေးဘဲ မွေးဖွားကြသည် ဟု ပြောရပေမည်။ လူသတ္တဝါတစ်ဦး မွေးဖွားခါစတွင် အရေးကြီးသော အသက်အင်္ဂါများမှာ ဖွံ့ဖြိုး၍ မပြီးသေးချေ။ မြင်းပေါက်စ တစ်ကောင်သည် မွေးဖွားပြီး မကြာခင် လမ်းလျှောက်နိုင်သည်။ မွေးဖွားပြီး သုံးလေးပတ်သာကြာသေး သော်လည်း ကြောင်ပေါက်တစ်ကောင်သည် မိခင်ကိုစွန့်၍ အစာရှာ ထွက်နိုင်သည်။ လူသတ္တဝါ မီးကင်းကလေးငယ်များမှာမူ ကယ်ရာမဲ့၍ အစာအာဟာရ၊ အကာအကွယ်နှင့် ပညာရေးတို့အတွက် လူကြီးသူမများပေါ်တွင် နှစ်ပေါင်းများစွာ မှီခိုရပေသည်။

ဤအချက်သည် လူသတ္တဝါတို့၏ အံ့မခန်း လူမှုဆက်ဆံရေးစွမ်းရည်ကို ဖြစ်စေရုံမျှမက ကွဲပြားသော လူမှုပြဿနာများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ တကိုယ်တည်းနေ မိခင်များအနေဖြင့် နောက်မှတကောက်ကောက်ကပ်ပါလာသော ဂရုစိုက်စရာလည်းလိုသည့် ကလေးများတဖက်မှထိန်းရင်း ၎င်းတို့အတွက် နှင့် သားသမီးများအတွက်ပါ လုံလောက်သော အစာကို ရှာဖွေစုဆောင်းနိုင်ရန်မှာ ခက်ခဲသည်။ ကလေးသူငယ်များကို ပြုစုပျိုးထောင်ရသည်မှာ အခြားမိသားစုဝင်များနှင့် အိမ်နီးချင်းများ၏ စဉ်ဆက်မပြတ်အကူအညီကို လိုအပ်ပေသည်။ လူသတ္တဝါတစ်ယောက်ကို ပျိုးထောင်ရန် တမျိုးလုံး၏အကူအညီ လိုသည်။ ထို့ကြောင့် ခိုင်မာသောလူမှုရင်းနှီးဆက်နွယ်မှုများလုပ်ဆောင်နိုင်သော သတ္တဝါများကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်က မျက်နှာသာပေးခြင်းဖြစ်သည်။

 ထို့အပြင် လူသတ္တဝါ များသည် မပြည့်စုံသေးသောနုနယ်စဉ်တွင်ပင် မွေးဖွားလာကြသဖြင့် အခြားသတ္တဝါများထက် အသိ လိမ္မာသင်ကြားခြင်းနဲ့ အချင်းချင်းရင်းနှီးဆက်ဆံတတ်စေခြင်းတို့ကို ပိုမိုကောင်းမွန်ကျယ်ပြန့်စွာ သင်ကြား ပေးနိုင်ပေသည်။ နို့တိုက်သတ္တဝါအများစုသည် သားအိမ်မှ မွေးဖွားလာကြသောအခါ အုတ်ဖိုမှ မီးတိုက်ပြီးသားမြေအိုးကဲ့သို့ ထွက်လာကြသည်။ မည်သို့သော လိုသလိုပြုပြင်ပြောင်းလဲမှုမျိုးမဆို ၎င်းတို့ကို အက်သွားစေ သို့မဟုတ် ကျိုးပဲ့သွားစေပေမည်။ လူသတ္တဝါတို့ သားအိမ်မှ မွေးဖွားလာကြသောအခါမှာမူ မီးပြင်းဖိုမှ ကျိုထားသောဖန်ရည်ကဲ့သို့ပင်။ သူတို့ကို အံ့သြစရာကောင်းလောက်အောင် လွတ်လပ်စွာပင် လှည့်ခြင်း၊ဆန့်ခြင်းစသည်တို့ဖြင့် ပုံသွင်း၍ရပေသည်။ ထို့ကြောင့်သာလျှင် ယနေ့ခေတ်တွင် ကျနော်တို့၏ သားသမီးများကို ခရစ်ယာန်ဘာသာဝင် သို့မဟုတ် ဗုဒ္ဓဘာသာဝင်၊ အရင်းရှင်တစ်ယောက် သို့မဟုတ် ဆိုရှယ်လစ်တစ်ယောက်၊ ကြမ်းတမ်း၍စစ်မက် လိုလားသော သို့ ငြိမ်းချမ်းမှုကိုလိုလားသော လူဖြစ်လာစေရန် ကျနော်တို့သင်ကြားပေးနိုင်ပေသည်။

ပိုကြီးမားသော ဦးနှောက်ရှိခြင်း၊ ကိရိယာများ အသုံးပြုခြင်း၊ ပိုမိုအဆင့်မြင့်စွာ သင်ယူနိုင်စွမ်းရှိခြင်း၊ ရှုပ်ထွေးနက်နဲစွာ လူမှုဆက်ဆံနိုင်စွမ်းများရှိခြင်း စသည်တို့သည် အလွန်ကြီးမားသော အားသာချက်များဖြစ်သည် ကျနော်တို့ယူဆနိုင်သည်။ ဤအရာများက လူသားမျိုးနွယ်ကို ကမ္ဘာပေါ်တွင် စွမ်းအားအကြီးဆုံးသောသတ္တဝါဖြစ်စေသည်မှာ ကိုယ့်ကိုကိုယ်ကြည့်ရင်း ကျနော်တို့ ပြောနိုင်သည်။ သို့သော် လူသတ္တဝါများသည် နှစ်ပေါင်း ၂သန်းခန့်အထိ ဤအားသာချက်များ ပိုင်ဆိုင်ထားခဲ့သော်လည်း ချည့်နဲ့သော၊ အရေးမပါသော သတ္တဝါသက်သက်အဖြစ်သာ ရှင်သန်ခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ် ၁ သန်းက အသက်ရှင်ခဲ့သော လူသတ္တဝါသည် ကြီးမားသော ဦးနှောက်၊ ချွန်ထက်သော ကိရိယာများ ရှိသော်လည်း လူသားစားတိရိစ္ဆာန်ကြီးများကို အမြဲကြောက်နေခဲ့ရပေသည်။ သားကောင်ကြီး များကို အမဲလိုက်ခဲသည်။ အဓိကအားဖြင့် အသီးအရွက်များရှာဖွေစားသောက်ခြင်း၊ အင်းဆက်များ ရှာဖွေခြင်း၊ အကောင်ငယ်များလိုက်လံဖမ်းဆီးခြင်း၊ ပိုမိုကြီးမားသော တိရိစ္ဆာန်ကြီးများကသတ်ဖြတ်၍ ကျန်ရစ်သော အသားများကို စားသုံးခြင်းဖြင့်သာ အသက်ဆက်ခဲ့ရသည်။

အစောပိုင်း ကျောက်လက်နက်များကို အများဆုံးအသုံးပြုပုံတစ်မျိုးမှာ ရိုးတွင်းချဉ်ဆီကိုစားနိုင်ရန် အရိုးများကို ထုခွဲခြင်းဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့လူသားများ၏ မူပိုင်စားကျက်တစ်ခု ဖြစ်မည်ဟု အချို့သော သုတေသန ပညာရှင်များက ယုံကြည်ကြသည်။ သစ်တောက်ငှက်များက ပင်စည်များမှ အင်းဆက်များကို ရယူစားသောက်ရာ၌ အထူးကျွမ်းကျင်သကဲ့သို့ အစောပိုင်းလူသတ္တဝါများသည် အရိုးများမှ ချဉ်ဆီ ရယူစားသောက်ရာတွင် အထူးကျွမ်းကျင်ခဲ့သည်။ အဘယ်ကြောင့် ချဉ်ဆီကိုမှ ရွေးစားကြပါသနည်း။ ပြောရမည်ဆိုရင် ခြင်္သေ့တစ်အုပ်မှ ကုလားအုတ်တစ်ကောင်ကို ဖမ်းဆီး စားသောက် လိုက်သည်ဆိုပါစို့။ သူတို့ စားပြီးသွားသည်အထိ စိတ်ရှည်စွာ သင်စောင့်သည်။ သို့သော် ပြီးလျှင် သင့်အလှည့်မရောက်သေး ခွေးအများ၊တောခွေးများအလှည့်ဖြစ်သည်။ ခွေးအများ၊တောခွေးများ ယင်းလက်ကျန်အမဲကို မွှေနှောက်စားသောက်ရာတွင်လည်း သင်အနှောက်အယှက်ပေးရဲမည် မဟုတ်ချေ။ အားလုံးပြီးမှသာ သင်နှင့် သင့်လူတစ်သိုက် လက်ကျန်အမဲကို ချဉ်းကပ်ရဲပေသည်။ ထို့နောက် ဘယ်ညာပြန် ကျီးကန်းတောင်းမှောက်ကြည့်ရင်း ကျန်နေသောအရာများမှ စားသောက်၍ရသည်များကို ထုခွဲစားသောက် ပေမည်။

ဤအချက်သည် ကျွန်ုပ်တို့၏ သမိုင်းနှင့်စိတ်ပညာကို နားလည်ရန် သော့ချက်တစ်ခုဖြစ်သည်။ မကြာသေးမီအချိန်ထိ အစာကွင်းဆက်တွင် အလယ်၌သာ လူသားမျိုးစု (genus Homo)ရှိခဲ့သည်။ နှစ်သန်းပေါင်းများစွာကြာအောင် လူသတ္တဝါတို့သည် အကောင်ငယ်များ အမဲလိုက်၍သော်လည်းကောင်း၊ တတ်နိုင်သမျှရှာဖွေစားသောက်၍သော်လည်းကောင်း ရှင်သန်လာခဲ့ကြသည်။ တချိန်တည်းမှာပင် လူသားစားတိရိစ္ဆာန်ကြီးများက အမဲလိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ လွန်ခဲ့သော နှစ်၎သိန်းခန့်မှစ၍သာ လူသားမျိုးနွယ်စု အမျိုးမျိုးသည် တိရိစ္ဆာန်ကြီးများအား ပုံမှန်စုပေါင်းအမဲလိုက်ခြင်းကို ပြုလုပ်လာခဲ့ကြသည်။ လွန်ခဲ့သော နှစ် ၁သိန်းမှသာ ဟိုမိုဆေပီယန်စ် လူသားများသည် အစာကွင်းဆက်၏ ထိပ်ဆုံးသို့ ခုန်တက်လာခဲ့ကြသည်။ (လူသားသည် မည့်သည့်သတ္တဝါကိုမဆို အမဲလိုက်သတ်ဖြတ်နိုင်ပြီး ယခင်ကကဲ့သို့ လူသားစားတိရိစ္ဆာန်ကြီးများကို ကြောက်ရွံ့ရှောင်ပုန်းစရာမလိုတော့ပေ။)

ဤသို့ အစာကွင်းဆက်အလယ်မှ ထိပ်ဆုံးသို့ တဟုန်ထိုး ခုန်တက်သွားမှုသည် ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေသည်။ အစာပိရမစ်၏ ထိပ်ဆုံးတွင်ရှိသော ခြင်္သေ့၊ ငါးမန်းအစရှိသည့် သတ္တဝါများသည် ထိုနေရာသို့ရောက်ရန် နှစ်သန်းပေါင်းများစွားကြာအောင် တဖြည်းဖြည်း ဆင့်ကဲ့တိုးတက်ပြောင်းလဲလာခဲ့ကြသည်။ ဤအခြင်းအရာကြောင့် ပတ်ဝန်းကျင် ဂေဟစနစ်က တိရိစ္ဆာန်လောကကြီးကို ချိန်ခွင်လျှာ ထိန်းညှိခွင့်ရစေခဲ့သည်။ ထိုမှသာ ခြင်္သေ့၊ငါးမန်းစသည် တို့က တိရိစ္ဆာန်လောကကြီးဗြောင်းဆန်သွားအောင် အလွန်အကျွံ ဖမ်းယူစားသောက်ခြင်းမဖြစ်စေရန် ကာကွယ်ထားသည်။ ခြင်္သေ့များ ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်နှင့်အမျှ ဂဇဲဆိတ်များ ပိုမိုအပြေးသန်လာရန် တိုးတက်ပြောင်းလဲ လာခဲ့သည်။ တောခွေးများ ပိုမိုပူးပေါင်းလုပ်ဆောင် လာတတ်သည်နှင့်အမျှ ကြံ့များလည်း ပိုမိုစိတ်ကြမ်းလာကြသည်။ 

သို့သော် လူသားများ အစာပိရမစ် ထိပ်ဆုံးသို့ အလွန်လျင်မြန်စွာ ရောက်သွားသည့်အတွက် ပတ်ဝန်းကျင်ဂေဟစနစ်ကြီးက အလိုက်သင့် ပြောင်းလဲရန် အချိန်မရလိုက်ပေ။ ထို့အပြင် လူသားများကိုယ်တိုင်ကလည်း အလိုက်သင့်ပြောင်းလဲရန် ပျက်ကွက်ခဲ့သည်။ ကမ္ဘာပေါ်ရှိ အစာပိရမစ်ထိပ်ပိုင်းမှ အများစုသော တိရိစ္ဆာကြီးများသည် ခံ့ညားထည်ဝါ သော သတ္တဝါကြီးများ ဖြစ်ကြသည်။ နှစ်သန်းပေါင်းများစွာ အုပ်စိုးရမှုက ၎င်းတို့ကို ကိုယ့်ကိုကိုယ် ယုံကြည်မှုဖြင့် ပြည့်ဝစေခဲ့သည်။ အခြားတဖက်၌ ကျွန်ုပ်တို့ ဆေပီယန်စ်များမှာမူ နိုင်ငံမွဲတစ်ခု၏ အာဏာရှင် ပုံစံနဲ့ပိုတူနေသည်။ အာဖရိက ဆဗားနား မြက်ခင်းပြင်များတွင် မကြာသေးမီက အနှိမ်ခံ သတ္တဝါဖြစ်ထားသော ကျွန်ုပ်တို့သည် လက်ရှိနေရာတွင် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းများစွာဖြင့် နေကြပေသည်။ ဤအခြင်းအရာက ကျွန်ုပ်တို့ကို နှစ်ဆ ပိုရက်စက်စေ၊ ကြမ်းကြုတ်စေခဲ့သည်။ သမိုင်းပဋိပက္ခများစွာ၊ အလွန်ဆိုးဝါးသော စစ်ပွဲများမှအစ သဘာဝဂေဟစနစ် ကပ်ဘေးများအထိ ဖြစ်ပျက်ရသည်မှ ဤ အဆောတလျင်လှသော အစာပိရမစ်ထိပ်သို့ ရောက်သွားခြင်းကြောင့်ဖြစ်သည်။

ဘာသာပြန် - မာန်သီဟထွန်း

ပုံများကို ဤလင့်များမှ ယူပါသည်။
https://sonofherodotus.wordpress.com/tag/hunter-gatherers/
https://historiaija.blogspot.com/…/paleta-xiii-zdenek-buria…
https://www.pinterest.com.au/pin/683843524640476947/
https://frontierpartisans.com/6…/hunting-in-the-pleistocene/
0