လင်းသက်ငြိမ် ● လွန်လေပြီးသောနေ့ရက်များ

လင်းသက်ငြိမ် ● လွန်လေပြီးသောနေ့ရက်များ
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၈

လူ့အဖြစ်ရဲ့ရှင်သန်ရခြင်းဟာ မသေချာမှုတွင်းနက်ကြီးထဲမှာလို့ ပြောမိရင် ကျွန်တော်လည်း အဆိုးမြင်ဝါဒီတယောက်ပဲလို့ တံဆိပ်ကပ်လိုက်မယ် မဟုတ်လား။ ဘယ်အရာတွေကများ သေချာခဲ့လို့လဲဆိုတော့ အဖြေက ရိုးရှင်းပါတယ်။ ဘာမှမသေချာ ဘူးဆိုတာ အသေချာဆုံးပဲမဟုတ်လား။ အဲ့ဒီလောက်ရှင်းနေရင် ရှုပ်မနေတော့လေ။ တည်ငြိမ်တဲ့ဘဝတခုကို လိုချင်တယ် လို့ ကျွန်တော်အမြဲတွေးခဲ့ဖူးတယ်။ ပြန်တွေးကြည့်တော့ တည်ငြိမ်တဲ့ဘဝဆိုတာ ဘာကိုပြောတာလဲတောင် ကျွန်တော် မသိဘူး။ လှလှပပ လွဲကြရတာပါပဲ။ ရုပ်ရှင်တွေထဲကလို နောက်ခံတီးလုံးမပါပေမယ့် ရုပ်ရှင်တွေထဲကလို၊ကြိုတင်စီစဉ်ထားသလို လွဲခဲ့ရတာပါပဲ။ ချစ်ဦးသူနဲ့လွဲခဲ့တယ်။ ရာထူးတခုနဲ့ လွဲခဲ့တယ်။ မိသားစုနဲ့လွဲခဲ့တယ်။ ပိုက်ဆံတွေနဲ့လွဲခဲ့တယ်။ ဒီရုပ် ရှင်ကို ဘယ်လိုရုံတင်ရမှာလဲ။

သူလိုကိုယ်လို ကြေကွဲခန်းတွေက ဒီနိုင်ငံကလူတွေကို သွေးမတိုးစေတော့ပါဘူး။ မင်းလောင်းမျှော်တဲ့စိတ်တွေကနေ နိုင်ငံ တော်အသစ်ကိုမျှော်တဲ့ခေတ်ဆီ ဒရွတ်ဆွဲလာခဲ့ရတော့မျှော်ခြင်းကပဲ အသားတိုးထွားကျိုင်းလာခဲ့တာပဲ မဟုတ်လား။ အခု ထိ မျှော်လင့်ခြင်းတွေက မသေချာခြင်းဆီကိုသာ ဦးလှည့်ခုတ်မောင်းနေတဲ့ ရွက်သင်္ဘောသာ။ အရာရာဟာ မသေချာခြင်းများ နဲ့သာ လုံးထွေးရစ်ပတ်နေဆဲလို့ ကျွန်တော်ခံစားနေရဆဲပါပဲ။ ခင်ဗျားတို့ကော သေချာခြင်းဆိပ်ကမ်းတခုဆီ ဆိုက်ကပ်နိုင်ခဲ့ ပါပြီလား။ `ကျွန်တော်ကဗျာရေးရသည့် အကြောင်းပြချက်မှာ မကြာသေးခင် နှစ်များက ကျွန်တော့်စိတ်မတည်ငြိမ်ဘဲက သောင်းကနင်းဖြစ်နေမှုကြောင့်လည်း ဖြစ်နိုင်ပါသည်´ဆိုတဲ့အီလျာအာရင်ဘတ်ရဲ့စာကိုဖတ်ရတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုပြန်မေးမိတယ်။ တနေ့တမျိုး ခုန်ပေါက်နေတဲ့ စိတ်တွေနဲ့ကျွန်တော်လည်း ကဗျာတွေရေးခဲ့ခြင်းသာ ဖြစ်ပါ တယ်။ စာအုပ်ဆိုင်တဆိုင်ဖွင့်ဖြစ်ခဲ့တယ်။ အဲ့ဒီစာအုပ်ဆိုင်ကကျွန်တော့်အတွက် နောက်ဆုံးရွေ့လျားပြောင်းလဲခဲ့တဲ့ အလုပ် တခုလို့လည်း တွေးခဲ့မိတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စကလည်းမသေချာခြင်းပါပဲ။

စာအုပ်ဆိုင်ကလေးကနေ ခိုးကူးခွေတွေရောင်းတဲ့အရောင်းဆိုင်အဖြစ်ထပ်မံတိုးချဲ့ အပြာကားတွေပါ တင်ရောင်းတဲ့ အထိ ဖြစ် လာ။ ဥပဒေကိုချိုးဖောက်တာ မချိုးဖောက်တာထက် ကိုယ်အဆင်ပြေမယ့်ဆီကို တွန်းရွေ့ခဲ့ရတဲ့အဖြစ်ပါပဲဒါကိုလည်း နာကျင်စရာအဖြစ် ကျွန်တော်စာရင်းသွင်းပါတယ်။ ဒီလိုမျိုးအဖြစ်တွေဟာ ရှားပါးလို့လား ကိုယ့်ပတ်ဝန်းကျင်မှာအမှိုက်တွေ လို ပြန့်ကြဲနေတဲ့ အဖြစ်အပျက်တွေ။ ခွေတွေရောင်းလာတော့ ရဲတွေနဲ့ထိစပ်လာရတယ်။ ဗွီဒီယိုအဖွဲ့အစည်းဘာညာတွေနဲ့စကားပြောရတယ်။ ဘာအဖွဲ့ညာအဖွဲ့တွေကပြက္ခဒိန်လာရောင်းကြတယ်။ ဒီကြားထဲ အဖမ်းအဆီးရက်တွေဆိုဟိုနားဝှက်ရ ဒီနားဝှက်ရနဲ့ အလုပ်တွေရှုပ်လာတော့ ကျွန်တော်စိတ်ပျက်လာတယ်။ ရဲနဲ့ဆက်ဆံရတာကို အတော်စိတ်ဆင်းရဲစရာ ကောင်းတဲ့ကိစ္စလို့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ငယ်ငယ်ကတည်းက သိခဲ့၊ကြားခဲ့၊မြင်ခဲ့ရတယ် မဟုတ်လား။

အခွေတွေကို မတင်ရင်လည်း မဖြစ်။ တကယ်တမ်းဆိုင်ကို လည်ပတ်ပေးနေတာကလည်း ခွေတွေပဲလေ။ စာအုပ်ငှါးတဲ့လူက တရက်ကိုဆယ်ယောက်တောင်မရှိ။ သီချင်းစာအုပ်၊ဂီတာကြိုးတွေဆိုတာကလည်း တရက်မှနည်းနည်းရောင်းရတာ။ မရောင်းရ တဲ့နေ့တွေလည်းရှိတယ်။ အခွေကတော့အနည်းဆုံး မရောင်းရဘူးဆိုတဲ့နေ့ လေးငါးခြောက်ထောင်တော့ရောင်းရသေးတယ်။ ဒါပေမယ့်သိမ်းရ ပြုရတာတွေ၊ရှောင်ရ တိမ်းရတာတွေနဲ့ဆိုတော့ကျွန်တော်စိတ်ပျက်လာခဲ့တယ်။ အဲ့ဒီလိုနဲ့ ဆိုင်လေးကို ပိတ်ဖြစ်ဖို့ဖြစ်လာခဲ့တော့တာပါပဲ။ မသေချာခြင်းဟာ အဲ့ဒီလိုခြေယောင်ပြပြီး အလှပဆုံး သွင်းဂိုးတလုံးနဲ့ပွဲစဉ်ကိုရုပ်သိမ်းပစ်လိုက်တယ်။ စာအုပ်အငှါးဆိုင်ကနေ ရွေ့လျော့ပြီး အခွေဆိုင်ဖြစ်လာခဲ့ရတဲ့ ဆိုင်ကလေးကိုကျွန်တော်ပိတ်လိုက်ရပြီး။ နောက်ထပ်မျှော်လင့်ချက်တခုဖြစ်တဲ့ မြို့ကြီးတမြို့က သူငယ်ချင်းတယောက်ဆီကျွန်တော်ထွက်ခဲ့တယ်။ ကျရှုံးခဲ့သူရဲ့ခြေလှမ်းတွေဟာ ကတ္တရာလမ်းမကို တိတ်တဆိတ်ဖြတ်ကျော်ပြီး ရထားပေါ်တက်ရောက်ကာ မသေချာခြင်း တခုဆီ ခရီစထွက်ခဲ့ပေါ့။ ညက မှောင်နေတယ်။ ခွေးဟောင်သံတချို့ကို ကြားရတယ်။ ကျွန်တော်မြို့ဟာမှုန်ရီစွာ ကျန်နေရစ် ခဲ့ပါတော့တယ်။

မြို့ကြီးဟာ တိတ်ဆိတ်စွာ ကျွန်တော့်ကို စောင့်ကြိုနေသလို ခံစားရတယ်။ ဘာမှမသေချာခဲ့တဲ့လူတယောက်ဒီမြို့ ကြီးထဲမှာသေချာခွင့်ရခဲ့လေမလား။ စိတ်ကူးထဲမှာ ကိုယ်ပိုင်အလုပ်ကလေးတခု၊ အတန်အသင့်ဝင်ငွေနဲ့အေးဆေးလူလူရှင်သန်နေထိုင်ခွင့်။ အိမ်ကဖုန်းလာတိုင်း အဆင်ပြေတယ်လို့ဖြေခဲ့တာပေါ့။ သံချောင်းတွေကိုဖြတ်တောက်ရင်း၊ဖြတ်တောက်ပြီးတဲ့ သံချောင်းတွေကို ဂဟေဆက်ရင်း။ အမြင့်ကြီးတွေတက်ခဲ့တယ်။ ဓာတ်တွေလိုက်ခဲ့တယ်။ မျက်စိတွေကျိန်းစပ်ခဲ့တယ်။ ကိုယ့်ထက်ငယ်တဲ့လူတွေရဲ့လှောင်ရယ်မှုတွေကိုခံခဲ့ရတယ်။ သေချာခြင်းတခုအတွက် ကျွန်တော်ရင်းနှီးရမှာပါပဲလေ။ ပြက္ခဒိန်တွေကိုရေတွက်ရင်း စိတ်ကူးထဲငွေစတွေဖြည်းဖြည်းချင်းများလာတယ်။ ဘာမှမသေချာခဲ့တဲ့လူဟာ သေချာလာပြီလို့ထင်ခဲ့မိတယ်။ သူငယ်ချင်းတယောက်ရဲ့အရိပ်မှာ အောင်မြင်စွာ ခိုကပ်ခဲ့ရပြီပေါ့။ ငြူ စူတဲ့ ထမင်းဝိုင်းများ၊မနက်ခင်းအနိဋ္ဌာရုံများ၊ငွေပြတ်လပ်ခြင်းများ။ တခုပြီးတခု ရောက်ရှိလာ။

သေချာပြီထင်ခဲ့တဲ့ မသေချာခြင်းဟာ တစတစရင့်မှည့်ဝင်းပလာပြီး ပေါက်ကွဲသွားခဲ့တယ်။ ရရန်ငွေကြေးများလေထဲမှာ လွင့်ပါး။ စကားကတိ ၊ခင်မင်မှုကတိတခုဟာဘာမှလက်ဆုပ်လက်ကိုင်ပြလို့မရမှန်း သိလာရတော့ကျွန်တော်ကျရှုံးသွားခဲ့ရပြန်တာပါပဲ။ အလုပ်လုပ်ရင်း ငတ်မွတ်နေရသူတွေ တကယ်ရှိခဲ့တယ်။ အလုပ်လုပ်ရင်း အလုပ်လက်မဲ့သွားသူတွေ တကယ်ရှိခဲ့တယ်။ ဘဝရဲ့နေ့ရက်တွေကို စားသောက်ပြီး ဝဖီးနေတဲ့လူတွေ တကယ်ရှိခဲ့တယ်။ ကျောပိုးအိတ်တလုံးနဲ့ ဘာကိုယုံကြည်ရမှန်းမသိတော့တဲ့ လူတယောက်တကယ်ရှိခဲ့တယ်။ တကယ်တော့ တယောက်အတွက်တယောက် ဘာမှမတတ်နိုင်တဲ့ ကမ္ဘာကြီးပါပဲ။ နာကျည်းမှုကိုဓားရိုးပေါ် ကျွန်တော်မတင်ခဲ့ဘူး။ အကောင်းဆုံး၊အမိုက်ရိုင်းဆုံးစကားလုံးတွေနဲ့ ကျွန်တော့်စိတ်ခံစားချက်တွေကို ဖောက်မထုတ်ခဲ့ဘူး။ ကျွန်တော့်လက်ညိုးဟာ ကျွန်တော့်ဆီကိုပဲဆိုက်ရောက်လာတော့ လမ်းပေါ်ကို ကျွန်တော်ပြေးထွက်ခဲ့ရတော့တယ်။ ငွေစအနည်းငယ်ကို အိမ်ကိုပို့ပြီး ကျွန်တော်လျှောက်သွား ပစ်တယ်။ မူးယစ်ခဲ့တယ်။ စိတ်လေလွင့်ခဲ့တယ်။

ထင်သလိုနေပစ်ခဲ့ပြီးတဲ့အခါ နောက်ဆုံးခရီးကကိုယ့်အိမ်ပါပဲ။ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူးလို့ ပြောပြဖို့ကျွန်တော့်မှာ အင်အားမရှိ။ အားနာတတ်ခြင်းနဲ့ ယုံကြည်တတ်ခြင်းရဲ့ ဆုလာဘ်အဖြစ် အဆင်မပြေမှုတွေကို ပွေ့ပိုက်ခဲ့ရတဲ့နှစ်တွေအကြောင်းကိုလည်း ဖွင့်မပြချင်တော့ဘူး။ တနေ့နေ့ရောက်လာမယ်ဆိုတဲ့ ငွေထုပ်တခုကို ငံ့လင့်ပြီး ဘာမှမလုပ်ပဲနေလို့မရတဲ့ ဘဝဆိုတော့ အလုပ်တခုကိုရှာတယ်။ ဘာမှအဆင်မပြေဘူး။ လက်ဖက်ရည်ဆိုင်မှာ အချိန်ကုန်နေတဲ့ကျွန်တော့်ကို စားပွဲ ထိုးကလေးကတောင် မရိုသေတော့ဘူး။ အရာရာ အကျထဲ ကိုယ်ရောစိတ်ပါ ကျရောက်နေခဲ့တဲ့နေ့တွေပါပဲ။ ရရမယ့်အရာ တွေကိုတောင် လက်လွတ်ဆုံးရှုံးခဲ့ရတဲ့လူတယောက်ရဲ့ နေ့ရက်တွေဟာ တကယ်ကို စုတ်ပြတ်သပ်အောင် ဖွာရာကျဲလို့နေ တယ်။ သူငယ်ချင်းကို ဆုံးရှုံးရတယ်။

Comments