မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၅) – ချက်ပြုတ်သူများ၏ ပြိုင်ပွဲ


မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၅) – ချက်ပြုတ်သူများ၏ ပြိုင်ပွဲ
 Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၈

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။
 

 တိရိစ္ဆာန်လောကထိပ်ဆုံးပေါ်သို့ ရောက်ရန်အလွန်အရေးပါသောခြေလှမ်းမှာ မီးကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခြင်းပင်ဖြစ်သည်။ အချို့သော လူသတ္တဝါ မျိုးစိတ်များအနေဖြင့် လွန်ခဲ့သော နှစ် ၈သိန်းမှပင်စ၍ မီးကို ရံဖန်ရံခါ အသုံးပြုခဲ့ကြသည်။ နှစ်၃သိန်းခန့်က၍မူ မတ်တပ်လူ(Homo erectus)၊ နီယန်ဒါသာလ်များ၊ ကျွန်ုပ်တို့ ဟိုမိုဆေပီယန်စ်များ၏ ရှေးဦးဖခင်များသည် နေ့စဉ်နီးပါး မီးကို အသုံးပြုခဲ့ကြသည်။ လူသတ္တဝါများအနေဖြင့် ယခုတွင်မူ အားကိုးအားထားပြုနိုင်သောအလင်းနှင့် နွေးထွေးမှု၊ ချောင်းမြောင်းနေတတ်သော ခြင်္သေ့များအတွက် ကြောက်မက်ဖွယ်လက်နက် ကို ပိုင်ဆိုင်လာခဲ့သည်။

များမကြာမီမှာပင် လူသတ္တဝါများအနေဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်ကို တမင်ရည်ရွယ် မီးရှို့မှုမျိုး လုပ်ကောင်းလုပ်ခဲ့နိုင်သည်။ ဂရုတစိုက် ကွပ်ကဲထားသော မီးသည် ထိုးဖောက်မရအောင် ထူထပ်သောခြုံများပြည့်နေသည့် မြေရိုင်းများကို တောကောင်များ ပေါများသောမြက်ခင်းလွင်ပြင်များ အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။ ထို့အပြင် မီးငြိမ်းသွားသည့်အခါ ကျောက်ခေတ်မှ စွန့်ဦးတီတွင်သူများသည် မီးခိုးထွက်၍ ကျန်နေသောအရာများ၊ တူးကျက်နေသော တိရိစ္ဆာန်များ၊ အခွံမာသီးများ သစ်ဥသစ်မြစ်များကို စားသုံးနိုင်ပေသည်။

သို့သော် မီးကအကောင်းဆုံးလုပ်နိုင်သောအရာမှာ ချက်ပြုတ်ခြင်းပင်ဖြစ်သည်။ သဘာဝ နဂိုအနေဖြင့် လူသတ္တဝါများ မချေဖျက်နိုင်သော ဂျုံ၊ဆန်၊အာလူး စသည့် စားစရာများသည် ချက်ပြုတ်ခြင်း၏ ကျေးဇူးကြောင့် ကျွန်ုပ်တို့၏ အဓိက အစားအစာများ ဖြစ်လာခဲ့သည်။ မီးက စားစရာများ၏ ဓာတုဖွဲ့စည်းပုံကို ပြောင်းလဲလိုက်သည်သာမက၊ ဇီဝဖွဲ့စည်းပုံကိုပါ ပြောင်းလဲပေးလိုက်သည်။ စားစရာထဲတွင် ရှိနေသော ကပ်ပါးပိုးနဲ့ရောဂါပိုးများကိုပါ မီးက သုတ်သင်ရှင်းလင်းပေးသည်။ လူသတ္တဝါအနေဖြင့်လည်း ၎င်းတို့ ယခင်ကတည်းက နှစ်သက်သော အသီးများ၊ အင်းဆက်များ၊ အသားများ၊ အခွံမာသီးများကို ချက်ပြုတ်ထားသည်ဖြစ်လျှင် အလွန်တရာမှ ပိုမိုလွယ်ကူစွာ ဝါးစား ချေဖျက်နိုင်ပေသည်။ ချင်ပန်ဇီများ တနေ့လျှင် ငါးနာရီမျှ အစာကြမ်းများကို ဝါးစားနေရသော အချိန်တွင် လူများက ချက်ပြုတ်ပြီး အစားအစာများကို တစ်နာရီသာစားသောက်လျှင် လုံလောက်ပေသည်။

မီးဖြင့် စတင်ချက်ပြုတ်ခြင်းက လူသတ္တဝါတို့ကို အစာမျိုးစုံစားဖို့ ဖြစ်စေခဲ့သည်။ အစာစားသောက်ရန် အချိန်နည်းနည်းကိုသာပေးရပြီး ပိုသေးငယ်သော သွားများ၊ ပို၍တိုသောအူများဖြင့်လည်း အဆင်ပြေစေခဲ့သည်။ လူသတ္တဝါများ စတင်ချက်ပြုတ်နိုင်ခြင်း၊ လူသတ္တဝါတို့၏ အူလမ်းကြောင်းတိုလာခြင်းနှင့် လူ့ဦးနှောက်အရွယ် ကြီးထွားလာခြင်းတို့သည် တိုက်ရိုက်ဆက်စပ်နေသည်ဟု အချို့သော ပညာရှင်များက ယုံကြည်ကြသည်။ ရှည်လျားသောအူများနှင့် ကြီးမားသောဦးနှောက် နှစ်ခုလုံးသည် အစာစွမ်းအင်ကို အလွန်စုပ်ယူသုံးစွဲသူများ ဖြစ်သဖြင့် နှစ်ခုလုံးကို ပိုင်ဆိုင်ထားသည်မှာ ခက်ခဲပေသည်။ ချက်ပြုတ်ခြင်းက အူလမ်းကြောင်းတိုသွားခြင်းနှင့် ၎င်း၏ အစာစွမ်းအင်ကို စုပ်ယူမှုလျော့နည်းသွားစေခဲ့သည်။ ဤသို့ဖြင့် ချက်ပြုတ်ခြင်းက ဆေပီယန်စ်လူများနဲ့ နီယန်ဒါသာလ်လူများတွင်အလွန်ကြီးမားသော ဦးနှောက်ကို ဖြစ်စေသည့်နည်းလမ်းများကို မတော်တဆလမ်းဖွင့်ပေးခဲ့သည်။

မီးက လူသားနဲ့ အခြားတိရိစ္ဆာန်များအကြား ပထမဆုံးသော အရေးပါသည့် ကွာဟချက်ကို ဖွင့်လှစ်ခဲ့သည်။

သတ္တဝါများအားလုံး၏ စွမ်းအားသည် ၎င်းတို့၏ ကိုယ်ခန္ဓာပေါ်တွင် မူတည်သည်။ ၎င်းတို့၏ ကြွက်သားများသန်မာမှု၊ သွားများ၏ အရွယ်အစားများ၊ ၎င်းတို့၏ တောင်ပံများ ကျယ်ပြန့်မှု စသည်။ လေများ၊ ရေစီးကြောင်းများကို အသုံးချနိုင်ကြသော်လည်း ဤသဘာဝ အားအင်များကို လိုသလို ထိန်းချုပ်နိုင်စွမ်းမရှိသည့်အပြင် ၎င်းတို့၏ ကိုယ်ခန္ဓာတည်ဆောက်ပုံဒီဇိုင်း၏ ကန့်သတ်ခြင်းကိုလည်း ခံရသည်။ ဥပမာ အားဖြင့် လင်းယုန်များသည် မြေပြင်မှ အထက်သို့ ပင့်တင်ပေးသော လေနွေးစီးကြောင်းကို ရှာဖွေနိုင်သည်။ ၎င်းတို့၏ ကြီးမားကျယ်ပြန့်သော အတောင်များကိုဖြန့်၍ လေပူကို လေဟုန်စီးကာ အထက်သို့ဆန်နိုင်သည်။ သို့သော် လင်းယုန်များသည် ယင်းလေနွေးစီးကြောင်းများကို လိုသလို ထိန်းချုပ်နိုင်စွမ်း မရှိကြချေ။ ပြီးလျှင် ၎င်းတို့၏ အများဆုံးသယ်ယူနိုင်သည့် ပမာဏမှာ သူတို့၏ အတောင်ဗြက်ကျယ်နဲ့ တိုက်ရိုက်အချိုးညီသည်။

လူသတ္တဝါများက မီးကိုယဉ်ပါးအောင် ပြုလုပ်နိုင်သောအခါတွင် ၎င်းတို့အနေဖြင့် ကျိုးနွံတတ်၍ အတိုင်းမသိရှိသော အားတစ်ခုကို ထိန်းချုပ်ပိုင်ဆိုင်လိုက်ခြင်းပင်ဖြစ်သည်။ လင်းယုန်များနဲ့မတူ လူသတ္တဝါများအနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မီးရှို့ရန် ရွေးချယ်နိုင်ပေသည်။ မီးကို အခြားသော အရာများအတွက်လည်း အသုံးချနိုင်သေးသည်။ အရေးကြီးဆုံးသောအချက်မှာ မီး၏စွမ်းအားကို အသုံးပြုနိုင်ရန် လူတစ်ယောက်၏ ခန္ဓာကိုယ်ပုံစံ၊ အရွယ်အစား၊ အားအင် စသည်တို့ဖြင့် ကန့်သတ်ထားခြင်း မရှိခြင်းပင်ဖြစ်သည်။ မီးခတ်ကျောက် သို့ မီးတုတ် ကိုင်ထားသော အမျိုးသမီးတစ်ယောက်အနေဖြင့် တောအုပ်ကြီးတစ်ခုလုံးကို နာရီပိုင်းအတွင် ပြာကျသွားအောင် မီးရှို့နိုင်ပေသည်။ မီးကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခြင်းသည် နောင်လာလတ္တံသောအရာများ၏ ရှေးပြေးနမိတ်ပင် ဖြစ်တော့သည်။

ဘာသာပြန် - မာန်သီဟထွန်း

ပုံများကို ဤလင့်များမှ ယူပါသည်။
https://www.inverse.com/…/3428-many-early-societies-weren-t…
http://despinashumanitiesblog.blogspot.com/…/taming-fire-fi…
http://business2buddha.com/…/imaginations-t…/fire-invention/
0