ဇေယျာလင်း ● အာရေးဗီးယားလို့ခေါ်တဲ့နေ့


ဇေယျာလင်း ● အာရေးဗီးယားလို့ခေါ်တဲ့နေ့
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၈

အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

ကိုယ့်ကမ္ဘာဟာ အကျယ်ကြီးပဲ
အဲဒါကို နတ်မြင်းပျံတွေထောက်ခံတယ်
အပြင်မှာ အမှိုက်ပုံကြီးမီးလောင်နေတာ ရာသီဥတုဟာ
ပုလင်းထဲပိတ်မိနေတယ် ငါမင်းကိုသတိရနေတာ
စကားလုံးမဲ့ကဗျာအတိုင်းသားဖြစ်နေတယ်
၁၁၄ နှစ် စစ်ဘေးဒုက္ခသည်အဘွားအိုလည်းပေါ်လာတယ်

မီးလောင်နေတဲ့ထိုင်ခုံက ငါမထပဲအချစ်ကဗျာ
တပုဒ်ပြီးတပုဒ် မီးစာကျွေးလိုက်တယ်
ပြီးခဲ့တဲ့သင်္ကြန်တရက်ကမင်းကိုခွေးစားသွားခဲ့တယ်

အို...လိပိုင်...အို...လောဝ်ဇူး...အို...တူဖူး...
ဘယ်နှစ်လ မလျှော်ရသေးတဲ့ဝတ်ရုံ နံဟောင်ထဲ
လက်ထိုးထိုးပြီး ပုလွေဆီက ဂီတကိုလှုပ်ခါတာ
ပုလွေသံဟာ လ,ရောင်ကို တလွှာစီချွတ်လိုက်တာ
အဲသလောက်ကို လှပနေလား စစ်ကမ္ဘာကြီးရေ့

အမေရိကန်အင်းဒီးယန်းတို့ရဲ့မြင်းတွေဟာ
ပုကြလို့ဒိ (ပ်) အစ်မေ့ဂ်ျ ကဗျာပေါ်လာသတဲ့လား
လော်ရ်ကာရဲ့အစိမ်းရောင်ဓား ရင်မှာတန်းလန်းနဲ့
ညနေ ၅ နာရီခွဲမှာ ကျွဲရိုင်းဟာ သေမင်းလိုထလာတယ်
မှန်ထဲမှာ ကိုယ်နှာမှုတ်လိုက်တယ်
ဆိုပါတော့

အာဏာရှင်တယာက်နဲ့ရွေးကောက်ခံသမ္မတတို့
လက်တွဲချိတ်ပြီး လစ်ဘရလ်ဒီမိုကရေစီဟာ အဆုံးတော့
အာဏာရှင်နဲ့ လက်တွဲချိတ်ရတယ်လို့ဖြစ်လာတယ်
မင်းရဲ့အညိုရောင် ရင်သီးတောင့်တောင့်လေးဆီ
ကိုယ့်ခေါင်းကို ဆွဲပွေ့လိုက်တယ်

သင်္ကန်းခြုံစစ်သည်များ မြို့သိမ်း ရာဂကျူးပွဲများ
လေငြိမ်ထဲမြင်းရုပ်ဟာ လှုပ်ခါလို့နေတယ်
ရိုဟင်ဂျာအကြောင်း ရခိုင်ကဗျာဆရာတွေရေးကြတာ
မြင်းရုပ်ထဲလေဟာ လှုပ်ခါလို့နေတယ်
မင်းရုပ်ထဲ ငါဟာ လှုပ်ခါနေခဲ့ဖူးသလိုပေါ့

ဘိန်းရွက်ကို အမှုန့်ကြိတ်လျက်ရတာ
မင်းဆီပဲမီးလျှံတွေထဲ ငါကိုက်ခဲနေတယ်ပေါ့
ဇာတ်လမ်းထဲပြန်ဝင်လိုက်ရမလားလို့
ငါက ငါ့ကိုမေးတာကို ငါ့ကို ငါက ပြန်ငေါ့တယ်
ဇာတ်လမ်းတွေရှိသေးလို့လားတဲ့
ဂျက် (က်) ဒယ်နီယလ်ရဲ့ တက်နစီး ဝှစ္စကီထဲမှာတော့
ကိုလာနဲ့ အချစ်တွေရှိတုန်းပဲ
ခြင်နှစ်ကောင်သုံးကောင်လာကိုက်တယ်

မင်းရဲ့အနမ်းတွေကတော့ ငါ့ပေါ်ရှေးဦး
ကျောက်ခေတ်လူသားတွေရဲ့သွေး အလူးလူးပဲ
ဆိုက္ကီဆိုတာ မင်းခြေချောင်းလေးတွေကြားထဲထင်းလို့
မင်းစိတ်ဝိညာဉ်ရဲ့ဘရာကို ငါနာမ်နဲ့ချွတ်ခဲ့ပေါ့

အချစ်ကဗျာတပုဒ် ငါရလိုက်ပြီ
ငါ့လည်ဆံမွေးတွေဟာ ထောင်နေတာပဲ
လရောင်ထဲ ငါ့အရေပြားဟာ ပိုးသားပကတိအရှိအတိုင်း
မင်းရဲ့အင်္ကျီကြယ်သီးတလုံးကို
ငါကိုက်ပြီးမြိုချခဲ့ဖူးတယ်။ 

ဇေယျာလင်း
၂၇ ဧပြီ ၂၀၁၈
0