နိုင်ဝင်းသီ ● ရူးနှမ်းနေတဲ့မိုးတိမ်

နိုင်ဝင်းသီ ● ရူးနှမ်းနေတဲ့မိုးတိမ်
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၈


(တစ်)
အသည်းဟာ သွေ့ခြောက်နေပြီ။ အဆင့် / ၃ကို ဆိုက်ရောက်နေခဲ့ပြီ။ အဆင့် / ၃ ပြီးရင် အဆင့် / ၄ ပေါ့။ အဆင့် / ၄ ပြီးရင် ညည်းတွားအော်ဟစ်သံတွေပေါ့။ ညည်းတွားအော်ဟစ်သံတွေအောက်မှာ သေခြင်းတရားကိုငြင်းဆန်ကန့်ကွက်နေတဲ့ မျက် လုံးတွေပေါ့။ အဲဒါတွေအားလုံးပြီးစီးသွားရင်တော့ ငါတို့ဟာ (ငါတို့ဟာ) ဟီလီယံဓာတ်ငွေ့တွေ ပြည့်နှက်ဖောင်းကားနေတဲ့  မီးပုံးပျံကြီးတစ်လုံး။  ဘယ်သူကမှ    ဖြတ်တောက်ပေးနေစရာ မလိုဘူး။ ငါတို့ဘာသာဖြတ်တောက်ပြီး  လွင့်ချင်ရာ ဆက်လွင့် သွားမှာပဲ။ အာထရာဆောင်းထဲက အသံလှိုင်းမျှင်တွေ ငါ့အသည်းဆီ အငမ်းမရပြေးဟပ်နေကတည်းက ငါသိနေခဲ့ပြီ။ အ သည်းဆေးရုံကြီးရောက်လို့ CT scan တဒုတ်ဒုတ်နဲ့ ဆွဲနေတော့လည်း ငါရိပ်မိနေခဲ့ပြီ။

Serology Report မှာ HCV Ab Reactive လို့ အဖြေထွက်နေမှတော့ဘဝဟာ ပျော်ရွှင်စရာကောင်းသွားပြီပေါ့ကွာ။ ငါဟာ ဘာရောဂါဝေဒနာမှမခံစားလိုက်ရပါဘဲနဲ့   အသည်းရောင်အသားဝါ စီပိုးရှိနေတဲ့လူသားတစ်ယောက်ဖြစ်သွားခဲ့ပြီ။ ဘယ်လို လက္ခဏာမှလည်း မပြပါဘဲနဲ့ သွေးထဲမှာ စီပိုးကောင်ရေ သုံးဆယ့်ခြောက်သိန်း ရောက်ရှိနေခဲ့ပြီ။ သူတို့လေးတွေလည်း ငါ့ သွေးထဲမှာ ကူးခတ်နေရတာကို ပျော်ရွှင်ကြမှာပါ။ ငါလည်း တအားပျော်တာပေါ့။ ဒီ့ထက်ပျော်ရွှင်စရာကောင်းတာတောင် ဒီလောက်ပျော်စရာကောင်းမယ်မထင်။ ဘာပဲပြောပြော မီးပုံးပျံကြီးတစ်လုံးလို ဟိုလွင့်ဒီလွင့် မလွင့်ခင်လေးမှာဘာဘွန်ဝီစကီ သုံးပက်လောက်တော့ ချသွားလိုက်ချင်သေးတယ်။ 2016 ခုနှစ်တုန်းက ငါ့အရေပြားပေါ် တင်ကျန်ခဲ့တဲ့ ခြစ်ရှရာတချို့ပေါ့။

(နှစ်)
အကြမ်းဖက်ဗုံးခွဲမှုတွေ၊ အသေခံဗုံးခွဲမှုတွေ၊ အနီးကပ်ပစ်ခတ်မှုတွေဟာ လူသားတွေရဲ့ အဆင့်မြင့်ယဉ်ကျေးမှု တစ်ခုလို တောင် ဖြစ်နေပြီလားမသိ။ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ဗုံးဟာ မြို့ကြီးတစ်မြို့မြို့မှာ ပွင့်ထွက်ပြီးသားပဲ။ ဝုန်း ကနဲ။ အသားစတွေ၊ ညှော်နံတွေ၊ ဖုတ်ကနဲ ပြုတ်ကျလာတဲ့ ခြေပြတ်အပိုင်းအစလေးတွေ၊ လက်ချောင်းလေးတွေ။ အဲဒီစိတ် မသက်မသာစရာ မြင်ကွင်းကိုပဲအက်စ်ပီရိုကော်ဖီတစ်ခွက်နဲ့ တစိမ့်စိမ့် ထိုင်ကြည့်နေတတ်တဲ့ မိတ်ဆွေတစ်ယောက်။ အော့ နှလုံးနာစရာကောင်းသွားတဲ့ နံနက်ခင်းတစ်ခုပေါ့ကွာ။ သွေးအလိမ်းလိမ်းကပ်နေတဲ့  နားရွက်တစ်ဖက်လား။ တဆတ် ဆတ် တုန်ရ်ီနေတဲ့ ခြေချောင်းလက်ချောင်းလေးတွေလား။ တီအင်တီယမ်းနံ့မပြယ်သေးတဲ့ အသားစလေးတွေလား။ အဲဒီမိတ်ဆွေပဲ လားဆိုတာ ငါကိုယ်တိုင်လည်း ဇဝေဇဝါ။ ကဲကွာ။ ဘာကို အော့နှလုံးနာရမှန်း မသိတော့ရင်လည်း  ငါ့ကိုယ်ငါပဲ အော့နှလုံးနာ လိုက်တော့မယ်ကွာ။

(သုံး)
No.4 ဟာ လွင့်လွင့်မျောမျော အလွင့်ကမ္ဘာတစ်ခု။ငါနဲ့ ငြိခဲ့ပေါ့။ ၈၀ ပြည့်နှစ်ဝန်းကျင်က နံပတ်. 4 ပေါ့။ အဲဒီတုန်းက ငါ့သူ ငယ်ချင်း "မ စ အ" ဟာ"4"ကို ဗဟိုစည်မှာ သွားဝယ်ရတယ်။ ၂၇ လမ်းက တိုက်ခန်းတစ်ခန်းမှာ ငါတို့ဟာ တစ်ယောက် တစ်လှည့်စီ ဖစ်ဂျွိုင်းခဲ့ကြတယ်။

အပ်တစ်ချောင်းတည်းနဲ့ မြွေမကြောက်ကင်းမကြောက် ဂျွိုင်းခဲ့ကြတာပေါ့။

အဲဒီတုန်းက "4" ဟာ အစက်အပြောက်တွေထနေတဲ့ စပါးကြီးမြွေတစ်ကောင်။ ဘီဗာလီတောင်ကုန်းဆိုလည်း ငါတို့ဟာ ချက်ခြင်းရောက်သွားကြတာပဲ။ ဆိုဖီယာလောရင့်ရဲ့ ပေါင်တံထဲမှာလည်း ငါတို့ဟာ အိပ်စက်ခဲ့တာပဲ။ ဂျီနာလိုလိုဘရစ်ဂျီဒါရဲ့ ရင်သားနှစ်မြွှာဟာလည်း ငါတို့အတွက် နူးညံ့အိစက်နေတာပဲ။ ချိုပြုံးဆိုတာအဲဒီအချိန်တုန်းက ငါ့ရဲ့အစွဲအလမ်းတစ်ခု။ ဘု ရားသခင်ဆီ သွားရာလမ်းကိုတော့ တမင် ငါရှောင်ခဲ့တယ်။တရားရေအေးအမြိုက်ဆေးကို ငါ မထိစမ်းချင်သေးဘူး။ ခု တော့ ငါ့သူငယ်ချင်း" မ စ အ" လည်း သေသွားခဲ့ပြီ။ ရုရှားနိုင်ငံခြားရေးဝန်ကြီး "ရှီဗာနာဇေ" နဲ့တူတဲ့ ဟိုကောင်ကြီးလည်း သေ ဆုံးသွားခဲ့ပြီ။ ငါ့ကောင်ကြီးသေတော့ ဖြူဖတ်ဖြူရော် သူ့လက်ဖျံလှီလှီလေးမှာ အပ်တန်းလန်းနဲ့။

(လေး)
ငါဟာ တစ်စုံတစ်ခုခုပြောမယ်။ သူဟာ တစ်စုံတစ်ခုကိုပြောမယ်။ ခင်ဗျားဟာ တစ်စုံတစ်ခုကိုပြောမယ်။ ဆီနေတာတစ် ယောက်ဟာ တစ်စုံတစ်ခုကိုပြောမယ်။ မုန့်ဖုတ်တဲ့လူတစ်ယောက်ဟာ တစ်စုံတစ်ခုကိုပြောမယ်။ သမ္မတကြီးဟာ တစ်စုံတစ် ခုကို ပြောလိမ့်မယ်။ ရထားလုံးမောင်းတဲ့လူတစ်ယောက်ဟာ တစ်စုံတစ်ခုကိုပြောမယ်။ နှုတ်ခမ်းဆိုးဆေးကို  ရဲတွတ်နေ အောင် ဆိုးထားတဲ့ ကောင်မလေးဟာ တစ်စုံတစ်ခုကို ပြောလိမ့်မယ်။ အကယ်၍ တစ်စုံတစ်ယောက်က မပြောချင်ဘူး ဆိုရင်ရော။ တစ်စုံတစ်ယောက်မှမဟုတ်ဘူး။အကုန်လုံး မပြောရင်လည်းရတယ်။ တစ်ကမ္ဘာလုံး မပြောရင်လည်း  ရတယ် ကွာ။ ဘာဖြစ်ရမှာလဲ။

(ငါး)
အရိုးစုကြီးတွေ တစ်ခုနဲ့တစ်ခု လက်ဆွဲနူတ်ဆက်နေကြတယ်။ တဂေါက်ဂေါက်နဲ့။ အရိုးစုတွေဆိုတော့ မျက်လုံးနေရာမှာ ဟောက်ပက်ချိုင့်ဝင်လို့။ဝါကျင့်ကျင့်သွားတွေဟာ တဟီးဟီးနဲ့ ရယ်လို့မောလို့။ ဥသျှစ်သီးတစ်လုံးလို ပြောင်ချောနေတဲ့ အရိုး ခေါင်းတစ်ခုပေါ်မှာ နီကြန်ကြန်ဆံပင်မွေးလေးတွေ ကျိုးတိုးကျဲတဲ ရှိနေတုန်းပဲ။

လသာညတွေမှာ အရိုးစုတွေနဲ့ ညစာစားပွဲလုပ်ရတာ  ပျော်စရာ။ လမိုက်ညတွေမှာလည်း တအားပျော်စရာကောင်းတာပဲ။ သူတို့အချင်းချင်း တစ်ကောင်နဲ့တစ်ကောင် ထိမိသွားလို့ ဂေါက်ဂေါက် ဂေါက်ဂေါက်နဲ့ အသံတွေ ထွက်နေတာကိုက   စိတ် လှုပ် ရှားစရာ။  နောက်ပြီး အရိုးခြောက်တွေအားလုံးဟာ ဝါထိန်နေတဲ့ သွားတွေကို အစွမ်းကုန်စေ့ပြီး ခင်ဗျားကိုပြုံးပြလိမ့်မယ်။ပြီးရင် ဝိုင်နီတစ်ခွက်ကို ခင်ဗျားအတွက်  ငှဲ့ပေးလိမ့်မယ်။ ပြီးရင် တံစို့ထိုးကင်ထားတဲ့ အသားတုံးတစ်တုံး ခင်ဗျားရှေ့ ပစ် ချပေးလိမ့်မယ်။ ဝိုင်တစ်ခွက်ကုန်သွားလို့ ခင်ဗျား ရီတီတီ ရိပ်တိတ်တိတ်ဖြစ်လာပြီလား။ အေးစက်တဲ့လရောင်အောက်က တစပြင်ဟာ ခင်ဗျားအတွက် အရမ်းကိုပျော်ရွှင်စရာကောင်းလာပြီပေါ့။အဲဒီချိန်မှာကမ္ဗည်းအမျိုးမျိုး တပ်ထားတဲ့ အုတ်ဂူတွေ ဟာ သူ့အလိုလို ကွဲအက်ပြီး တဝေါဝေါနဲ့ ပြိုကျလာလိမ့်မယ်။ ပြိုကျသွားတဲ့ အုတ်ဂူတွေထဲကအရိုးစုတွေဟာ သူ့ထက်ငါ တိုးဝေ့ပြီး အလုအယက် ခုန်ထွက်လာကြလိမ့်မယ်။ ပြီးတော့  အရိုးစုအချင်းချင်း တဂေါက်ဂေါက်နဲ့ လက်ဆွဲနှုတ်ဆက်ကြလိမ့်မယ်။ပြီးတော့ အရိုးတွေထဲကညှစ်ထုတ်လိုက်တဲ့  အသံနက်ကြီးနဲ့ သူတို့ တဟီးဟီးရယ်မောကြလိမ့်မယ်။  အဲဒီအချိန်မှာပဲ  အရိုးခြောက် သုံးလေးကောင်ဟာ  ငွေလက်ကိုင် တပ်ဆင်ထားတဲ့ ဝက်သစ်ချသား ခေါင်းသစ်တစ်လုံးကို ခင်ဗျားဆီ ယူလာခဲ့ လိမ့်မယ်။ ခင်ဗျားပြေးဖို့ ကြံရွယ်လိုက်ပေမယ့် အခြေအနေဟာ အတော့်ကိုနောက်ကျသွားခဲ့ပါပြီ။ခင်ဗျားရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ကိုင်ဆုပ်ထားတဲ့ အရိုးခြောက်ရဲ့လက်ချောင်းတွေဟာ ပလာယာနဲ့ ခပ်တင်းတင်း ဆွဲညှစ်ထားသလိုမြဲမြံတင်းရင်းလှတယ်။ခင်ဗျားရဲ့အထိတ်တလန့် အော်ဟစ်သံဟာ ရာပေါင်းများစွာသော အရိုးခြောက်တွေရဲ့ သေးမျှင်စူးရှတဲ့ ရယ် မောသံအောက်မှာ တိမ်ဝင်သွားခဲ့ပေါ့။အဲဒီအချိန်မှာပဲ တစ်ချိန်လုံးငြိမ်သက်နေတဲ့ အရိုးခြောက်တကောင်ဟာ စန္ဒယားခုံမှာ အကျအနဝင်ထိုင်ပြီး မိုးဇက်ရဲ့ဆိုတာနာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် တီးခတ်နေပြီပေါ့။

(ခြောက်)
တွန့်လိမ်ကောက်ကွေးပြီး ရွစိရွစိဖြစ်နေတဲ့မြွေတွေဟာ အထုပ်လိုက်ကြီး။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များပြားလှတဲ့ မြွေရောင်စုံကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေး။ ခြေဖျားရော၊ လက်ဖျားတွေရော၊ ခေါင်းထဲမှာရော၊ မျက်လုံးတွေထဲမှာပါ အေးစက်သွားတယ်။

သူ့ရင်ထဲမှာ လှပ်လှပ် ..လှပ်လှပ်နဲ့ ဖြစ်လာခဲ့တယ်။ အဲဒီ မြွေအလုံးကြီးထဲက မြွေမတစ်ကောင်ဟာ သူ့ဆီကို ရုန်းထွက်လာ ခဲ့တယ်။ အပြင်ရောက်မယ်ကြံရင်း မြွေတွေထဲကို လုံးထွေးရောနှောသွားလိုက်ရင်းနဲ့။ လုံးထွေးရစ်ပတ်ပြီး ရွစိရွစိဖြစ်နေတဲ့ မြွေထုပ်ကြီးကို ကြည့်နေရင်းနဲ့ သူ ပျို့ပျို့တက်လာခဲ့တယ်။ သူဝေါကနဲ ထိုးအန်ချလိုက်တယ်။ချဉ်စူးနံစော်နေတဲ့  အန်ဖတ် တွေထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေတဲ့  မြွေပေါက်စလေးတွေကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေဟာ ဝိုင်းစက်သွားတယ်။ ကြည့်နေကြည့်နေရင်းနဲ့ သူ့မျက်လုံးတွေဟာ ဖောင်းကားလာပြီး နောက်ဆုံးမှာ ပူဖောင်းတစ်လုံးလို  ပေါက်ထွက်သွားပေါ့။ ဖောင်းကနဲ။

(ခုနှစ်)
ငါနဲ့ ဖဲထိုင်ရိုက်နေတာ ဖဲဝိဇ္ဇာပေါ့။ ဘယ်လိုဖဲရိုက်နည်းကိုမဆို ဒီငနဲကြီး ရေလည်ကျွမ်းတယ်လို့ ကြားဖူးတယ်။ အသားမည်း မည်းနဲ့။
ကွေးလိမ်တွန့်ကောက်နေတဲ့ ဆံပင်တွေနဲ့။ ချွန်ပြီး ပါးလှပ်နေတဲ့ နှာခေါင်းနဲ့။ မှော်ဆရာလိုလို၊ လူလိမ်လူကောက်တစ်ယောက် လိုလိုနဲ့။ဖဲထုပ်အသစ်ကို လေထဲမှာ ဖရောင်း  ဖရောင်းနဲ့နေအောင်  ကုလားဖန်ထိုးချလိုက်တာဟာ အကော်ဒီယံတီးနေတဲ့ အတိုင်းပဲ။ နောက်ပြီး ဖဲချပ်တွေဝေါကနဲပျံတက်သွားတာဟာ ခိုအုပ်ထပျံသွားတဲ့အတိုင်းပဲ။ပြောမယ်ဆိုရင်ပေါ့။ ကုလားဖန် ထိုး တာနဲ့တောင် မတူဘူး။ မျက်လှည့်ဆရာတစ်ယောက် မျက်လှည့်ပြနေတဲ့အတိုင်းပဲ။ ဖဲချပ်တွေမဝေခင် အသွား ကိုး လက်မလောက်ရှိမယ့် ဓားမြှောင်တစ်ချောင်းကို  သူ့လွယ်အိတ်ထဲကဆွဲထုတ်ပြီး ဘေးက ကြမ်းပြင်ပေါ်ဒုတ်ကနဲ ထိုးစိုက်ထားလိုက်သေးတယ်။ဒီအထာမျိုးက ငါတို့အတွက်ရိုးလှပါပြီကွာ။ ဝိုင်းသိမ်းတော့ အကြေအရပ်ကိုပြန်ဖို့  လမ်းစရိတ်လေးတော့ ချီးမြှင့်ပါခင်ဗျာတဲ့။အသံလေးက ညောင်နာနာနဲ့ ခခယယ လေသံမျိုး။

(ရှစ်)
အမြီးတရမ်းရမ်းနဲ့ ခုနှစ်စင်ကြယ်ဟာ သန်ခေါင်ညထဲကို တိုးရှဲကုတ်ခြစ်ဝင်လာခဲ့ပြီ။ဒုတိယကမ္ဘ္ဘာစစ်လက်ကျန် ရထားလမ်း ဘေးက ပိုက်လိုင်းနှစ်လိုင်းကတော့  ငန်းမြွေကြီးနှစ်ကောင်လို  မိန်းမောငြိမ်သက်လို့။  ဒီပိုက်လိုင်းတွေဟာရေနံချက်စက်ရုံထဲက တိုးထွက်လာပြီး ဘယ်အရပ်မှာအဆုံးသတ်သွားတယ်ဆိုတာ ခုချိန်ထိ ငါမသိသေးဘူး။ရေနံချက်စက်ရုံထဲက စက် မောင်းသံ တဂျုန်းဂျုန်းဟာ တစ္ဆေကြီးတစ်ကောင် အသက်ခပ်ပြင်းပြင်းရှူသွင်းနေတဲ့အသံမျိုး။ ဒီအချိန်ဟာ ငါတို့ "မား" တွေ တအားချပြီး လွင့်ချင်တိုင်း လွင့်နေခဲ့တဲ့ အချိန်ပေါ့။ ဂစ်တာသံတွေတိတ်ဆိတ်၊စကားလုံးတွေတိတ်ဆိတ်၊ အာရုံတွေတိတ်ဆိတ်၊လောကသုံးပါးဟာတိတ်ဆိတ်။  ခုတလော စိတ်ဟာရထားလမ်းဟောင်းလေးဆီ ဘာအဆက်အစပ်မှမရှိဘဲ ရောက်ရောက်သွားတတ်တာ။ ရထားလမ်းဟောင်းလေးပေါ် အိကျနေတဲ့ ကုက္ကိုပင်သုံးပင်ပေါ်က  အရိုးခြောက်လက်ချောင်း တွေ ဟာ  လမိုက်ညတွေထဲမှာ    ချောက်ချားစရာကောင်းနေတတ်တာ။အမှောင်ထဲမှာ တရှပ်ရှပ် ပေါ်လာတတ်တဲ့နေ့ဆင်းညပြန် စက်ရုံလုပ်သားကြီးတွေရဲ့ ခြေသံတွေဟာ အာရုံထဲကို တွန့်လိမ်ကောက်ကွေးပြီး တိုးဝင်လာတတ်တာ။အမှောင်ထဲမှာ ရဲကနဲ ရဲကနဲ ပေါ်ထွက်သွားတတ်တဲ့ ဆေးပေါ့လိပ်မီးပွားတွေဟာ  ကိုယ်နဲ့အနီးဆုံးနေရာမှာ လွင့် လွင့်ကျသွားတတ်တာ။ တစ်ခါတစ်ခါ ဘယ်သူဘယ်ဝါ ဆိုလိုက်မှန်းမသိတဲ့ ဘဝသံသရာ ရှည်လျား  ထွေပြား မနေမနားတစ်သွားတည်းသွားကြတာဆိုတဲ့ သီချင်းပိုဒ်လေးဟာ ခုချိန်ထိအာရုံထဲမှာ တွယ်ငြိနေခဲ့တာ။ သီချင်းသံဆုံးသွားတာနဲ့    ရထားလမ်းလေးဟာ ရုပ်ချည်း ဆိုသလို တိတ်ဆိတ်အေးခဲသွားတတ်တာ။ အဲဒါတွေနဲ့တစ်ဆက်တည်း  နေကွယ်ရင်လထွက်မယ်ဆိုတဲ့ သီချင်းလေးကိုမွတ် မွတ်သိပ်သိပ်နဲ့ လွမ်းမောနေခဲ့တာ။ 

(ကိုး)
ရောက်ကာစက တိုက်ခတ်နေတဲ့ လေနဲ့အတူတိမ်တွေ တိုးရှဲလွင့်ဝင် လာမလား ထင်မှတ်ရ။   တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးသောအမြင့်။မြင့်တော့လည်း ဘုရားသခင်နဲ့ ပိုနီးသွားတာပေါ့ကွာ။ တစ်နေ့တစ်နေ့ အောက်ကိုဘယ်နှစ်ကြိမ်လောက် ဆင်းဖြစ်သလဲ။ ညှပ်ကလေးတစ်ခု ချည်ထားတဲ့ ကြိုးလေးတစ်ချောင်းဟာ ပြင်ပလောကနဲ့ ဆက်သွယ်ထားတဲ့ ဆက်သွယ် ရေးလမ်းကြောင်းပေါ့။daily elevenလည်း အဲဒီကတက်လာတာပဲ။ ရေသန့်ဘူးလည်း အဲဒီကတက်လာတာပဲ။ တနင်္လာနေ့ဆို အိုလံပစ်ပေါ့။ပျော်ရွှင်စရာကောင်းလား၊မကောင်းဘူးလား  ကိုယ်တွေလည်း သိပ်ပြီးမသိတော့ဘူး။ တစ်စုံတစ်ခုကို အဖော် လုပ်ပြီး နေလာခဲ့လိုက်တာ ကာလအတော်ကြာမြင့်ခဲ့ပြီပေါ့။ တစ်ခါတစ်ခါမှာ carlos santana ရဲ့ သီချင်းတွေကို နားထောင် ဖြစ်ပါတယ်။ဟုတ်တယ်။ Google ထဲက ခေါက်ချထားတာပေါ့။ အသည်းဟာ  တစ်နှစ်လောက် ဆက်သောက်ရင် အန္တရာယ်ပေးတော့မှာကိုယ့်လူ။ဘာပဲပြောပြော အနည်းဆုံး တစ်နှစ်တစ်ကြိမ်လောက်တော့ ဆေးစစ်သင့်တာပေါ့ငါ့ကောင်ရာ။ ဟုတ်ပါပြီကွာ "တို့ဘဝတို့ကမ္ဘာ" ထဲက "ကောင်ကြီးဂျိုး" ကို သတိရနေတယ် ဆိုလို့ပါ။တစ်ခါလာလည်း ဗိုလ်အောင်ဒင်နဲ့ မမြဝင်း။ တစ်ခါလာလည်း မမြဝင်းနဲ့ ဗိုလ်အောင်ဒင်။ ကလင့်အိစ်ဝုဒ်လို မြင်းကို တက်စီးချင်စီးမယ်။ လူလူချင်း  ဘယ်တော့မှ  မစီးဘူးကွ။ မူးရင်လည်း အေးဆေးနေပါကွာ။ ဝါဇီ၊ ရွှေကြည်အေး၊ လေထန်ကုန်း၊ လပြည့်ဝန်း။ ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင်မိုးတစ်ကြိမ်နှစ်ကြိမ် ထစ်ချုန်းရွာပါမယ်ရှင်။ မယ်တော်စခန်းကို တစ်ခေါက်လောက်တော့သွားကြည့်ကြမယ်လေ။ မခိုင် ရဲ့မေးဖျားပေါ်က မှဲ့စိမ်းလေးကို ချစ်တယ်။ မိုးကုတ်ဆရာတော်ဘုရားရဲ့ တရားခွေကို နာကြဦးမလား။ အသေမဦးခင် ဉာဏ်ဦးအောင်လေ။ လာမယ့်လေးဆယ့်ရှစ်နာရီအတွင်း အခါမဲ့မိုးတွေရွာဦးမယ်လို့ လိုင်းပေါ်မှာဖတ်လိုက်ရတယ်။ ရူးနှမ်းနေတဲ့မိုး တိမ်တွေ။
  
နိုင်ဝင်းသီ 
0