ဇင်လင်း ● ခွဲမထွက်စေလိုလျှင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးကိစ္စ အချိန်ဆွဲမထားဖို့လိုမည်

ဇင်လင်း ● ခွဲမထွက်စေလိုလျှင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးကိစ္စ အချိန်ဆွဲမထားဖို့လိုမည်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၈


မြန်မာနိုင်ငံငြိမ်းချမ်းရေး ရာသီဥတုသည် မှုန်ရီအုံ့မှိုင်းနေဆဲ အခြေအနေမှ မရွေ့နိုင်။ မုန်တိုင်းများ တခုပြီး တခုပေါ်လာ နေသည်။ နေသာတော့မယောင်နှင့် မိုးသက်လေပြင်း ထန်လာပြန်သည်။ မျှော်လင့်ချက်ရောင်ခြည် ပေါ်လာလိုက် ပျောက် သွားလိုက်ဖြစ်နေသည်။ သာမန် မြို့ပေါ်နေ ပြည်သူများ အဖို့ စိတ်မချမ်းမြေ့ စရာမျှသာ ဖြစ်သော်လည်း၊ ခက်ခဲကြမ်းတမ်း  သော တောတောင်များအတွင်း စစ်ဘေးရှောင် စခန်းများရှိ ခနော်နီခနော်နဲ့ ယာယီတဲအိမ်များတွင်  နေထိုင်စောင့်စား နေကြရသော စစ်ရှောင် ဒုက္ခသည်များအဖို့ နှစ်ကာလရှည်ကြာစွာ စိတ်ရော ကိုယ်ပါ ဆင်းရဲပင်ပမ်းနေကြရသည်။ အထူး သဖြင့် စစ်ရှောင်စခန်းများ၌ အမျိုးသမီးများနှင့် ကလေးသူငယ်များ စားရေရိက္ခာမလုံလောက်မှုနှင့် ဆေးဝါးပြတ်လပ်မှု များကြောင့်  အသက်ဆုံးရှုံးမှုများ ရှိနေသည်။ ၎င်းအပြင် အစိုးရတပ်နှင့် တိုင်းရင်းသားတပ် နှစ်ဦးနှစ်ဖက်စလုံးမှ စစ်ပွဲတွင်ပါဝင်နေရသော စစ်ဗိုလ် စစ်သားများ သေကြေဒဏ်ရာရမှု ကိန်းဂဏန်းကလည်း အလွန် ကြီးမားနေပြီဖြစ်သည်။ သတင်းစာ နာရေး ကြော်ငြာများ တွင် တိုင်းပြည်အတွက် အသက်ပေးလှူသွားသူ ဗိုလ်ကြီး၊ ဗိုလ်မှူးများ၏ သတင်းများ ကို တွေ့ရသည့်အခါ လွန်စွာ စိတ်မသက်မသာဖြစ်ရသည်။ သက်ဆိုင်သူတို့၏ မိသားစုဝင်များ ဆိုလျှင် မည်မျှ ရင်ကွဲပက်လက်ဖြစ်ကြရမည်ကို စဉ်းစားပေးကြဖို့ကောင်းသည်။

ငြိမ်းချမ်းရေးကို ရည်မျှော်၍ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့၌   မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (Ethnic Armed Organizations – EAOs) အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို နေပြည်တော်တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။ NCA စာချုပ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည်တန့် ခိုင်မြဲရေး တို့ကို အဓိက ရှေးရှုသည်။ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံကာ ပင်လုံစိတ်ဓါတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အ၀ရှိသော “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု” ကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များအပေါ် အခြေခံ၍ တည်ဆောက်သွားကြမည်ဟု  သဘောတူခဲ့ကြသည်။ သတိပြုသင့်သည့် အရင်းခံကိစ္စတခုမှာ ‘ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု’ ဟု ဆိုလိုက်သည်နှင့် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ ပါလာသည်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်သူတိုင်း သတိမူရမည်။

NCA စာချုပ်၌ “ပင်လုံစိတ်ဓါတ်နှင့်အညီ” ဟု ဆိုထားသည်ကို အပေါ်ယံရှပ်မကြည့်သင့်ပါ။ အတိတ်သမိုင်းကို ပြန်ပြောင်း  လေ့လာကြည့်ဖို့လိုသည်။ ဗြိတိသျှကိုလိုနီခေတ်မတိုင်မီက မြန်မာမဟုတ်သော တိုင်းရင်းသားဒေသများသည် ၎င်းတို့ ၏  သမိုင်းအစဉ်အလာအတိုင်း ကိုယ့်ဒေသကို ကိုယ်တိုင်အုပ်ချုပ်ခဲ့ကြသည်။ တနည်းအားဖြင့် ကိုယ့်မင်းကိုယ့်ချင်း စုစု စည်းစည်း လွတ်လွတ်လပ်လပ်နေထိုင်ခဲ့ကြသော လူမျိုးများဖြစ်ခဲ့သည်။ Independent Society များ ဖြစ်ခဲ့ကြသည်   ဆိုခြင်းကို အသိအမှတ်ပြုကြရမည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ်အရ လွတ်လပ်သော တိုင်းရင်းသား ပြည်နယ်အသီးသီးအနေဖြင့် သဘောတူ စုဖွဲ့ခဲ့ကြခြင်းဖြစ်သည့်အချက်ကို မမေ့သင့်။ ယနေ့စစ်ပွဲများကို ယေဘုယျလေ့လာသုံးသပ်ကြည့်လျှင် အင်အားကြီးသည့် တပ်က အင်အားနည်းသည့်တပ်ဖွဲ့ကို တန်းတူသဘောမထား နိုင်သဖြင့် အနိုင်ယူတိုက်ခိုက်သကဲ့သို့ မြင်ရသည်။ ပင်လုံစာချုပ်ပါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြန်အလှန် အသိအမှတ်ပြုရန် ပျက်ကွက်ရာလည်းရောက်သည်။ ထို့ကြောင့် အင်အားကြီးသူက အင်အားနည်းသူ၏ နယ်မြေအတွင်း ချင်းနင်းတိုက်ခိုက်   ခြင်း ဖြစ်သည်။ တနည်းအားဖြင့် ကိုယ့်ပိုင်နက်နယ်မဟုတ်ပါဘဲ ၀င်ရောက် စစ်ဆင်ခြင်းဖြစ်၍ ကျူးကျော်စစ်ဆင်ရာ     ရောက်သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူရေးစသည့် အခြေခံမူ ၃ ချက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မရမချင်း  ဆက်လက်တောင်းဆိုသွားမည်ဟု UPDJC ဒုတိယ ဥက္ကဋ္ဌ ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒုတိယ ဥက္ကဋ္ဌ   ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုခဲ့ဖူးသည်။ တိုင်းရင်းသားများအနေဖြင့် အဆိုပါ မူသုံး ချက်ကို    အပြည့်အဝယုံကြည်သောကြောင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင်လည်း ပြည်ထောင်စုမှ ခွဲထွက်ရေးကို  တောင်းဆိုနေခြင်းမဟုတ်ကြောင်း  ဇွန် ၂၉ ရက်နေ့ က ပြုလုပ်ခဲ့သော UPDJC အစည်းအဝေး၌ ပြောကြား ခဲ့ဖူးသည်။ အဆိုပါအခြေခံမူများကို အပြည့်အဝ အကောင်အထည်ဖော်ရန်  လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် “၁၉၆၀ ခုနှစ် တောင်ကြီး ညီလာခံ”   “၁၉၆၂ ခုနှစ် ဖက်ဒရယ် Seminar” များတွင် တောင်းဆိုခဲ့ဖူး သည်ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောကြောင်း ကုမုဒြာသတင်းဂျာနယ်၌ ဖေါ်ပြခဲ့ဖူးသည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက “ကျွန်တော်တို့အနေနဲ့ဒီပြည်ထောင်စုထဲက ခွဲထွက်ရေးကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ ခွဲထွက်ခြင်းကို မည်သည့်အချိန်အခါတုန်းကမှ ကျွန်တော်တို့တိုင်းရင်းသားများက တောင်း ဆိုခဲ့ဖူးတာမရှိ ပါဘူး။” ဟု ပြောကြားခဲ့ဖူးသည်။

ယင်းကဲ့သို့ တိုင်းရင်းသားများဘက်က ပြည်ထောင်စုမှ ခွဲထွက်ရေးကို  တောင်းဆိုနေခြင်းမဟုတ်ကြောင်း အထပ်ထပ်    အတန်တန် ပြောဆိုနေသည့်အချက်ကို အစိုးရနှင့် တပ်မတော်ဘက်က လျစ်လျူမပြုဘဲ အပြန်အလှန်ယုံကြည်မှုဖြင့်  ထည့်သွင်းစဉ်းစားဖို့လိုသည်။  စက်တင်ဘာလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO) ၁ဝ ဖွဲ့၏ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ၌ ၎င်းတို့၏ဆွေးနွေးချက်များနှင့် ရှေ့ လုပ်ငန်းစဉ်   တို့နှင့်စပ်လျဉ်း၍ ညီလာခံ၏ ပြောခွင့်ရပုဂ္ဂိုလ် ပူးဇင်ကျုံး(CNF) အား ကရင်သတင်းစဉ်က ဆက်သွယ်မေးမြန်းခဲ့သည်။

“ကျနော်တို့ ဒီကနေ့ အခင်းအကျင်းမှာ ဖက်ဒရယ်မူ၊ ကိုယ်ပိုင်ပြဌာန်းခွင့် တန်းတူ အခွင့် အရေးနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ ကိစ္စတွေနဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရဘူးဆိုတဲ့ အစိုးရနဲ့ တပ်မတော်ရဲ့ တင်ပြချက်တွေက ရှေ့ဆက်လို့ မသွားနိုင်တော့တဲ့ အနေအထားမျိုးမှာ ရောက်နေတယ်။ ကျနော်တို့ ခွဲမထွက်ရဘူး ဆိုတာကို လက်မခံဘူးဆို လို့ရှိရင် ခင်ဗျားတို့လိုချင်တဲ့ ဖက်ဒရယ်မူတွေ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ တန်းတူအခွင့်အရေးတွေ ဒါရနိုင်မှာ မဟုတ်ဘူး။ ဒါကို အလဲအထပ် လုပ်ရမယ်ဆိုတဲ့ ကိစ္စ ပေါ်လာတော့ ကျနော်တို့ ရှေ့ဆက်သွားလို့ မရတဲ့ အနေအထား ဖြစ်သွားတယ်။” ဟု ညီလာခံ ပြောခွင့်ရပုဂ္ဂိုလ် ‘ပူးဇင်ကျုံး’ က ပြောကြားခဲ့သည်။

ဤအတောအတွင်း နိုင်ငံရေး ပြဿနာများကို ကျော်လွှားနိုင်ရေးအတွက်  ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ ဆက်လုပ် ဖို့လိုသည်ဟု NCA လက်မှတ်ထိုးအဖွဲ့ မွန်ပြည်သစ် ပါတီ (NMSP) ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ ပြောကြားကြောင်း ၇ရက်နေ့စဉ် သတင်းကဖေါ်ပြသည်။ လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာနှင့် နိုင်ငံရေးနှင့် ဆက်စပ်နေသော လုံခြုံရေးဆိုင်ရာ  ပြဿနာများ ဖြေရှင်းနိုင်ရန် ထိပ်သီးခေါင်းဆောင် များ တွေ့ဆုံပွဲကို ဆက်လက်ပြု လုပ်ရန် လိုအပ်ကြောင်း နိုင်ဟံသာ က သုံးသပ်ပြောကြားသည်။

နေပြည်တော်၌ အောက်တိုဘာ ၁၅ နှင့် ၁၆ ရက်တွင် ကျင်းပခဲ့ သော “အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲ” နှင့်ပတ်သက်ပြီး  နိုင်ဟံသာ ပြောကြားသည့် သဘောထားအမြင်များနှင့်ရှေ့ဆက် လုပ်ဆောင်မည့် အခြေအနေတို့ကို NCA-S EAO အပစ်ရပ်အဖွဲ့များ ရုံးက နိုဝင်ဘာ ၅ ရက်တွင် ၎င်းတို့ Facebook  စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ နေပြည်တော် ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ဟံသာ လည်း တက်ရောက်ခဲ့သည်။

ယခင်က မရှိခဲ့သော ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပွင့်လင်းစွာ ဆွေးနွေး၍ နားလည် မှု ပိုမိုရှိလာကြောင်းနှင့် နည်းလမ်း ဆက်ရှာရန်လိုကြောင်း နိုင်ဟံ သာက ပြောသည်။ ထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံရန် ဆောင်ရွက်  ရမည်  ဖြစ်သည်ဟု သူကဆိုသည်။ အဓိက အားဖြင့် နိုင်ငံရေးပြဿနာအဖြေရှာရန်ဖြစ်ပြီး၊နိုင်ငံရေးနှင့် ဆက်စပ်နေသည့် လုံခြုံရေးပြဿနာများကို ဆက်လက်ဆွေးနွေးရမည်ဟု ဆိုသည်။ လုံခြုံရေးကိစ္စသည် အဓိက အကျဆုံးဖြစ်သည်။ လူမှုရေး၊၊ ကျား/မတန်းတူရေး စသည်တို့ကို ဆွေးနွေးနေရုံဖြင့် ပြဿနာ ပြေလည်နိုင်မည်မဟုတ်ဟု နိုင်ဟံသာက ဆိုသည်။

“ဘယ်တော့ဖြစ်မလဲ မသေချာသေးဘူး။ နောက်ထပ် ညှိနှိုင်းရဦးမယ်။ တကယ်လို့ UNFC နဲ့ PPST ကြားမှာ နားလည်မှု အချိန်မရွေးလုပ်လို့ ရတာပေါ့နော်။ ဒါပေမဲ့ မြောက်ပိုင်းမှာရှိတဲ့ အင်အားစုတွေပေါ့နော် အဲဒီအင်အားစုတွေ ညှိရဦးမယ်။ သူတို့ပါ ပါဖို့။ ဒါမှ EAO အားလုံးပါဝင်တဲ့ Conference ကြီးတစ်ခုဖြစ်မယ်။ သူတို့နဲ့ညှိရဦးမယ်။” ဟု နိုင်ဟံသာ က ဆို သည်။ နိုင်ဟံသာ သည်  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဋ္ဌ လည်း ဖြစ်သည်။ NCA လက်မှတ်ထိုး ၁၀ ဖွဲ့ နှင့် NCA မထိုးရသေးသည့် အဖွဲ့ ၁၀ ဖွဲ့၊ အဖွဲ့အားလုံး ပါဝင်နိုင်မှသာ  နိုင်ငံ၌ ကြုံနေရသည့် နိုင်ငံရေး ပြဿနာများ ကို  ဖြေရှင်းနိုင်မည်ဟု  နိုင်ဟံသာ က ဆိုသည်။

“တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ညီလာခံ” ကို  ယခု နိုဝင်ဘာလလယ်တွင် တစ်ပတ်ခန့် ကျင်းပရန် NCA-S EAO အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ က စီစဉ်ခဲ့သော်လည်း  မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များ (FPNCC) က နိုဝင်ဘာ ၂၀ မှ ၂၆ ရက်ထိ ကျင်းပရန် အကြောင်းပြန်လာသဖြင့် ကျင်းပမည့် ရက်ကို ဆက်လက်ညှိနှိုင်းနေကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၆ ရက်နေ့ကလည်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး မစ္စတာ ဆွန်ထောင်ကို  ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန် ခဲ့သည်။ တွေ့ဆုံစဉ် ဆွေးနွေးသည့် အကြောင်းအရာများကို ထုတ်ပြန် ခြင်းမပြုပေ။ အောက်တိုဘာ ၃၁ ရက်က လည်း တရုတ်နိုင်ငံ၏ ကြားဝင်ကူညီမှုနှင့်   FPNCC အဖွဲ့ဝင်များဖြစ်သော တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)နှင့် ငြိမ်းချမ်းရး ကော်မရှင် (PC) တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ‘ဝ’ အဖွဲ့ (UWSA)နှင့် ကချင်အဖွဲ့ (KIO)တို့လည်း တက်ရောက်သည်ဟု သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ အပြီးတွင် KNU အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားမည့်အကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အကြောင်းကြားစာပေးပို့ခဲ့သည်။ တချိန်တည်းတွင် ဘားအံခရိုင် KNU ထိန်းချုပ်နယ်မြေ လေးဝါးတွင် နိုဝင်ဘာ ၆ မှ ၁၀ အထိ ၅-ရက်ကြာ KNU အရေးပေါ် ထိပ်သီးညီလာခံ ကျင်းပခဲ့သည်။ အစည်းအဝေးအပြီးတွင် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။  ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်နေသော ခေါင်းဆောင်များအကြားရှိ နားလည်မှုလွဲမှားချက်များကို ၊ ရှောင်ကွင်းကာ မိမိနားလည်သည့်အတိုင်း အကောင်အထည်ဖေါ်နေသဖြင့် ရှုပ်ထွေးမှုများ ဆက်လက်ဖြစ်ပေါ် နေကြောင်း၊  အခြားတဖက်တွင်လည်း NCA အကောင်အထည်မဖေါ်နိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယုံကြည်မှုတည်ဆောက်ရေး အခက်အခဲများကို ကျော်လွှားရန် ဘုံစံတန်ဖိုး၊ ဘုံရည်မှန်းချက် နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး  ကိစ္စ ခေါင်းဆောင်များအကြား တည်ဆောက်ရန်လိုကြောင်း၊ NCA တွင် မပါဝင်သည့် ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စတင်သွင်းလာပြီး ယင်းကိစ္စလက်ခံမှ အစိုးရ/တပ်မတော်ဘက်က ဆက်ဆွေးနွေးမည့် သဘောဖြစ်နေကြောင်း၊ KNU အနေဖြင့် လုံခြုံရေးကိစ္စ အကျေအလည်ဆွေးနွေးပြီးမှသာ ယင်းကိစ္စ ဆက်သွားလို ကြောင်း စသည်ဖြင့် ကြေညာချက်၌ ဖေါ်ထားသည်။ 

KNU အနေဖြင့် နိုင်ငံရေးပြဿနာကို လက်နက်ကိုင် လမ်းစဉ်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းသည့်နည်းဖြင့် ဆက်လက်ကြိုး ပမ်းသွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်  အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှုဖြစ်စေရန် အချိန်လုံလောက်စွာ ရယူလို၍ “တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်မှု” ကို ယာယီရပ်ဆိုင်းထားမည်ဟု ဆိုသည်။ သို့သော် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတဆင့် အဖြေရှာသွားမည်ဟု KNU ထုတ်ပြန်ချက်တွင် ပါရှိသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးကလည်း ဖက်ဒရယ်သဘောတူညီမှုကို ရှာဖွေရာတွင် ခွဲထွက်ရေး၊ ခွဲမထွက်ရေး ကိစ္စနှင့် ဆက်စပ်ထားရန် မလိုအပ်ကြောင်း သူ၏ ထိပ်သီးအစည်းအဝေးမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်ကိုတွေ့ရ သည်။ နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် တိုင်းပြည်အတွက် လိုအပ်သော ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို  ရှာဖွေရာ တွင် ‘အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ အာဏာခွဲဝေရေး’ စသည့် အချက်များအပေါ် အခြေခံသည့် ဖက်ဒရယ်နှင့် တိုက်ရိုက်ပတ် သက်သော မူသဘောများကို ရှာ ဖွေဖော်ထုတ်ရန် လိုကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးက ပြောကြားခဲ့သည်။

ခြုံငုံသုံးသပ်ရလျှင် အစိုးရနှင့် တပ်မတော်ဘက်မှ တရားဝင် NCA ဆွေးနွေးပွဲများကျင်းပရာတွင် ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ တင်းမာစွာချမှတ်ထားသလို ဖြစ်နေသည်။ “ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဖြစ်မှသာ ရည် ရွယ်ချက် အထမြောက်မည်ကို သတိမူသင့်သည်။ EAOs တို့ဘက်က အလွတ်သဘော လွတ်လပ်ပွင့်လင်းစွာ  ဆွေးနွေးလို သည့် သဘောထားရှိကြောင်း  ဖေါ်ပြနေသည်။ EAOs တို့ဘက်က တင်းကျပ်လွန်းသော မူဘောင်အတွင်းမှ ထွက်၍  လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းလိုကြောင်း ဖေါ်ပြလာကြသည်။ ဤဖြစ်စဉ်ကို အစိုးရအနေဖြင့် နိုင်ငံ ရေးခေါင်းဆောင်တာဝန်ခန်း၌ရှိနေသဖြင့် တပ်မတော်ခေါင်းဆောင်များ သဘောပေါက်စေရန် ဦးစွာ အချင်းချင်းညှိသင့် သည်ဟု ထင်သည်။ ခေါင်းဆောင်များ အားလုံးနားလည်မှုရှိစွာဖြင့် သဘောမတူချက်များကို အသေဆုပ်ကိုင်မထားဘဲ၊ ၎င်းကိစ္စရပ်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်တန့်မသွားစေရန် သတိထားကြရမည်ဟု သုံးသပ်လိုပါသည်။

Comments