ငြိမ်း (ပဲခူး) ● ပြတင်းပေါက်နားက ထိုင်ခုံ

ငြိမ်း (ပဲခူး) ● ပြတင်းပေါက်နားက ထိုင်ခုံ
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၈


ဘတ်စ်ကားတစီးပေါ်တွင် ထိုင်ခုံများစွာရှိသည့်အနက် ပြတင်းပေါက်နားကထိုင်ခုံသည် အကောင်းဆုံးဖြစ်မည်ဟု ကျွန် တော်ထင်သည်။ ပြတင်းပေါက်နားကထိုင်ခုံတွင် နေရာရသူသည် အခြားထိုင်ခုံတွင်နေရာရသူထက် အားသာချက်များ စွာ ရှိသည်။ ပြတင်းပေါက်နားကထိုင်ခုံသည် ပြတင်းပေါက်နားတွင်ဖြစ်သောကြောင့် အခြားခရီးသည်များ၏ တိုးဝှေ့ခြင်းမှ သက် သာရာရသလို အပြင်ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုနိုင်သည်။ စာဖတ်ဝါသနာပါလျှင် အေးဆေးစွာစာဖတ်နိုင်သည်။ နား ကြပ်ဖြင့် သီချင်းနားထောင်နိုင်သည်။

ကျွန်တော်သည် ရန်ကုန်မြို့သို့ရောက်ရှိနေသည်မှာ ၂ နှစ်ကျော် ၃ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ဘတ်စ်ကားစီးရာတွင် ထိုင်ခုံနေရာရသည့်အကြိမ်အရေအတွက်မှာ လက်ချိုးရေလို့ရသည်။ ထို့အတူ ကျွန်တော်သည် ထိုင်ခုံနေရာရရန် ဘတ်စ်ကား ဂိတ် သို့ မည်သို့ပင်စောစောသွားစေကာမူ ဘတ်စ်ကားပေါ်တက်လိုက်လျှင် ထိုင်ခုံများမှာ အခြားခရီးသည်များဖြင့် ပြည့်မြဲဖြစ် သည်။  ထို့ကြောင့် ရန်ကုန်မြို့မှာ ဘတ်စ်ကားစီးရာတွင် ထိုင်ခုံနေရာရရန်ခက်ခဲလွန်းလှသည်ဟု ကျွန်တော့်ဘာသာ ကျွန် တော် မှတ်ချက်ချနေမိသည်။

ကျွန်တော်သည် ပြတင်းပေါက်နားကထိုင်ခုံတွင် ထိုင်နေပါသည်။ ဘတ်စ်ကားမှာ ကျွန်တော်စီးလာသောမှတ်တိုင်မှ ယင်း၏သက်ဆိုင်ရာမှတ်တိုင်များသို့သွားရန် စတင်ထွက်ခွာပြီဖြစ်သည်။ ဘတ်စ်ကားစတင်ထွက်ခွာပြီဆိုသည်နှင့် ကျွန်တော်သည် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို သက်တောင့်သက်တာဖြစ်အောင် ပြင်ထိုင်လိုက်သည်။ ထိုအချိန်တွင် ဘတ်စ်ကားပြတင်း ပေါက်မှတဆင့် ပြိုင်ကားတစီးကို တွေ့လိုက်သည်။ အမျိုးအစားကိုတော့မသိပါ။ ပြိုင်ကားပေါ်တွင် ကောင်လေး တယောက်ကမောင်းပြီး ကောင်မလေးတယောက်ကထိုင်လျက် ပြိုင်ကားလေးမှာ ကျွန်တော်စီးလာသောဘတ်စ်ကားနှင့် အ ပြိုင် ကတ္တရာလမ်းမပေါ်ရွေ့လျားနေသည်။ ကျွန်တော်သာ ပြိုင်ကားပေါ်ကကောင်လေးနေရာတွင်ဆိုလျှင် သူ့လိုမမောင်းဘဲ ကောင်မလေးလက်တဖက်ကို ကျွန်တော့်လက်တဖက်ဖြင့် ဖွဖွလေးဆုပ်ကိုင်ပြီး တခါ တခါ သူ့မျက်နှာလေးကိုငေးလို့ မောင်းလိမ့်မည်ဖြစ်သည်။

ကျွန်တော်စီးလာသောဘတ်စ်ကားသည် မှတ်တိုင်တနေရာအရောက်တွင် အခြားခရီးသည်တယောက်လိုက်မည် ဆို သောကြောင့် ခေတ္တခဏ အရှိန်လျော့လိုက်သည်။ ထိုအချိန် ဘတ်စ်ကားနှင့်မနီးမဝေးတွင် တိုက်ပုလေးတလုံးကို တွေ့ သည်။ ကျွန်တော်သည် တိုက်ပုလေးကို ငေးကြည့်နေသည်။ တဆက်ထဲဆိုသလို ကျွန်တော်သည် တိုက်ပုလေးပိုင်ရှင်ဆို လျှင် အခန်းမည်သို့ဖွဲ့ရမည်ကိုလည်း ဆက်လက်စဉ်းစားနေမိသည်။

ကျွန်တော့်တွင် မိသားစုငါးယောက်ရှိပါသည်။ ထို့ကြောင့် အဖေ့အတွက်တခန်း၊ အမေ့အတွက်တခန်း၊ အမအတွက် တခန်း၊ အကို့အတွက် တခန်းနဲ့ ကျွန်တော့်အတွက် တခန်းဖွဲ့မည်။ ပြီးလျှင် ကျွန်တော့်ရဲ့စာအုပ်များထားဖို့အတွက် တခန်း ဖွဲ့မည်။ ထို့နောက် ဘုရားခန်း တခန်း၊ မီးဖိုချောင်ခန်း တခန်း၊ ဧည့်ခန်း တခန်း၊ အိမ်သာ တခန်း၊ ရေချိုးခန်း တခန်း၊ နောက် ပြီး ဧည့်သည်တွေလာရင်တည်းခိုဖို့အတွက် အခန်းတခန်းထပ်ဖွဲ့မည်။ ကျွန်တော်ဖွဲ့လိုက်သည့်အခန်းများမှာ အရမ်းများနေ သည့်အတွက် တိုက်ပုလေးနဲ့ဆန့်ပါ့မလားလို့လည်း စိုးရိမ်နေမိပါသည်။

ကျွန်တော်စီးလာသောဘတ်စ်ကားသည် မှတ်တိုင်တခုမှ အခြားမှတ်တိုင်တခုသို့ အဆင့်ဆင့်ဖြတ်ကျော်ရင်း တရွေ့ရွေ့နဲ့ သွားနေသည်။ ဘတ်စ်ကားပေါ်တွင်လည်း ခရီးသည်များမှာ တက်တခါ ဆင်းတလှည့်နှင့်ပြုလုပ်နေသော်လည်း နည်းသွား သည်ဟူ၍ မရှိပါ။ ပိုပိုများလာသည်ဟုပင် ထင်ရသည်။ ထို့အပြင် အချို့ခရီးသည်များမှာ ဘတ်စ်ကားပေါ်တွင် နေရာမရှိသဖြင့် ဘတ်စ်ကားအဆင်းပြုလုပ်ရသည့်အပေါက်ဝတွင် မတ်တပ်ရပ်ပြီး ကြပ်တည်းစွာလိုက်ပါနေကြရသည်။ ဘတ်စ်ကားပေါ်တွင် လည်း အနံ့ပေါင်းစုံတို့ ရောထွေးနေပါသည်။

ဘတ်စ်ကားသည် ယာဉ်ထူထပ်သောလမ်းမများမှလွတ်မြောက်လာသဖြင့် အရှိန်အဟုန်ပြင်းပြင်းဖြင့် မောင်းနှင်စပြုနေပြီ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ဘတ်စ်ကားပြတင်းပေါက်မှမြင်ကွင်းများကို ရိပ်ခနဲ ရိပ်ခနဲသာ မြင်ရတော့သည်။ ဘတ်စ်ကားသည် လမ်းဆုံတနေရာအရောက်တွင် ဘာမပြော ဘာမပြောဘဲ တုန့်ခနဲရပ်လိုက်သည်။ ထိုအခါ ဘတ်စ်ကား ပေါ်မှခရီးသည်များ အလဲလဲအပြိုပြိုဖြစ်သွားသည်။ မြည်တွန်တောက်တီးသံများ ဆူညံသွားသည်။ ကျွန်တော်သည် ကျွန် တော့်ရဲ့ထိုင်ခုံပေါ်မှတဆင့် ဘတ်စ်ကားအရှေ့ဘက်သို့ကြည့်လိုက်သည်။ မီးပွိုင့်မှ မီးနီပြထားသည်ကို တွေ့ရသည်။ ထို့ ကြောင့် ကျွန်တော်သည် "သြော် --- ဒါကြောင့်မို့ ဘတ်စ်ကားရပ်လိုက်တာ" လို့ ကိုယ့်ကိုယ်ကိုစိတ်ထဲက ပြောနေမိပါ သည်။

ကျွန်တော်သည်ဘာရယ်မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ မီးပွိုင့်နှင့်မလှမ်းမကမ်းတွင် ကား Show Room တခုကိုတွေ့သည်။ ယင်းကား Show Room တွင် ပြထားသည့်ကားများမှာ အရောင်စုံ၊ အရွယ်အစားမျိုးစုံနှင့် ဈေးနှုန်းများမှာ လည်း အမျိုးမျိုးဖြစ်သည်။  ကျွန်တော်သည် ထီကြီးထိုးထားသဖြင့် ထီပေါက်လျှင် ဘယ်ကားဝယ်ရမည်ကို ကြည့်နေမိသည်။ တခုတော့ ရှိပါသည်။ ၀မ်းဗိုက်နိမ့်သောကားများကို ကျွန်တော်မကြိုက်ပါ။

မီးပွိုင့်သည် မီးနီပြနေရာမှ စိမ်းသွားသည်။ ထိုအခါ ဘတ်စ်ကားသည် ဆက်လက်မောင်းနှင်သွားသည်။ ကျွန်တော် သည် ဘတ်စ်ကားစီးလာသည်မှာ တနာရီကျော်လောက်ရှိပြီဖြစ်သည်။ ထို့အတူ ဘတ်စ်ကားအမိုးနားရှိတန်းကို မလွှတ်တမ်း ကိုင် ထားရသည့် ကျွန်တော့်လက်နှစ်ဖက်မှာလည်းကျင်နေပါသည်။ ကျွန်တော်သတိပြန်ဝင်လာပါသည်။ ကျွန်တော်ဆင်းရ မည့် မှတ်တိုင်သို့ မကြာမီရောက်တော့မည်။ ထို့ကြောင့် ကျွန်တော်သည် ဘတ်စ်ကားအဆင်းပြုလုပ်ရမည့် အပေါက်ဝတွင် သွား ရပ်နေလိုက်ပါသည်။

ငြိမ်း (ပဲခူး)
0