စိုးခိုင်ညိန်း ● စားကျက်မြေ

စိုးခိုင်ညိန်း ● စားကျက်မြေ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂ဝ၁၈


ကျွန်တော့်အခန်းထဲမှာ တယောက်တည်းပါပဲ။ စာဖတ်တယ်၊ စာရေးတယ် ဒါဟာ ကျွန်တော့် နေ့စဉ် အလုပ်ပါပဲ။ စာဖတ်ရတာ များလို့ ငြီးငွေ့မိတဲ့အခါမှာ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ခြံထဲကို ငေးကြည့်နေလိုက်တာပဲ ဖြစ်ပါတယ်။ ခြံထဲမှာက စိမ်းစို နေတဲ့ ငှက်ပျောပင်တွေ၊ သရက်ပင်လေးတွေ၊ ရှောက်ပင်တွေ၊ သံပုရာပင်တွေရှိပါတယ်။ ခြံထဲမှာရှိတဲ့ ဒီအပင်တွေဟာ ကိုယ်တခါမှ မမြင်ဘူးတဲ့ အပင်တွေတော့ မဟုတ်ပါဘူး။ အမြဲတမ်းကြည့်မိနေလို့ မြင်ကွင်းကို အလွတ်ရသလိုတောင် ဖြစ်နေ ပါပြီ။ ဒါပေမဲ့လည်း အခန်းထဲမှာ တယောက်တည်း ငြီးငွေ့တဲ့အခါမှာ အခုလို ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်၊ ခြံထဲက အပင်တွေကို လိုက်ကြည့်လိုက်မိတာနဲ့ ငြီးငွေ့မိတဲ့စိတ်က အနည်းငယ်တော့ ပြေပျောက်သွားသလိုတော့ ခံစားလိုက် ရတယ်။ စိမ်းစိမ်းစိုစို သီးပင်စားပင်တွေကို မြင်ရတာ စိတ်ထဲမှာ လန်းဆန်းလာတယ်လို့ ခံစားရတာပဲ။

တစုံတယောက်က ကျွန်တော့်ရဲ့ နေ့စဉ်နေထိုင်မှုကိုကြည့်ပြီး အထီးကျန်နေတဲ့သူ တယောက်ပဲလို့ ထင်မှာပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း တခါတရံမှာ အထီးကျန်တယ်လို့ ခံစားမိတာပါပဲ ဖြစ်ပါတယ်။ အခန်းက အတော်လေးကျဉ်းပါတယ်။ အခန်းထဲမှာ ကျွန်တော်အမြဲတမ်းဖတ်တဲ့ စာအုပ်စင် တခု၊ မတ်တပ်ပန်ကာ တလုံး၊ စာရေးစားပွဲတခု၊ စားပွဲဘေးမှာ ကျွန် တော်စာထိုင်ရေးတဲ့ ခုံရှည်တလုံး၊ စာဖတ်ရင်လည်း ဒီခုံရှည်ပေါ်မှာ လှဲပြီးဖတ်တာ၊ သောက်ရေအိုးစင်လေး တလုံး၊ ဒါပဲ ရှိပါတယ်။

တခြားတယောက်ရဲ့အမြင်မှာတော့ ဒီအခင်းအကျင်းမှာ အထီးကျန်တယ်လို့ ထင်မယ်ဆိုလည်း ထင်ချင်စရာပါပဲ။ နေ့စဉ်နဲ့ အမျှ ဒီအသုံးအဆောင် ဒီပစ္စည်းတွေနဲ့ ထိတွေ့နေရတာဆိုတော့ ငြီးငွေ့မယ်ဆိုလည်း ငြီးငွေ့စရာပေါ့။ ငြီးငွေ့တယ်၊ အထီး ကျန်တယ်လို့ ခံစားမိလာရင် စာအုပ်စင်က စာအုပ်တအုပ်ကို ဆွဲဖတ်လိုက်တာနဲ့ စာထဲကို စိတ်ရောက်သွားရင် ငြီးငွေ့တာတွေ၊ အထီးကျန်တာတွေ မေ့သွားတာပဲ ဖြစ်ပါတယ်။ စာဖတ်တာများလို့ ငြီးငွေ့သွားပြီဆိုရင်တော့ အခုလို ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်၊ သစ်ပင်သစ်ရွက်တွေကို အထူးအဆန်းလုပ်ကြည့်ရ၊ အပင်ပေါ်က ငှက်ကလေးလိုက်ကြည့် ဒီလိုနည်းနဲ့ စိတ်ကို လန်းဆန်းအောင် လုပ်ယူရတာဖြစ်ပါတယ်။

အခုလည်း အပြင်က သီးပင်စားပင်တွေကို ကြည့်ပြီး စိတ်အညောင်းပြေသွားတာနဲ့ ဖတ်လိုက်စ စာကို ပြန်ဖတ်လိုက်တယ်။

အထီးကျန်


အဖော်မဲ့ ပြတင်းပေါက်
အထီးကျန် ဝရန်တာ
ထိုင်နေကျ ကုလားထိုင်
ကိုယ့်အသံကို
ကိုယ်ပြန်နားထောင်ရတာ
မငြီးငွေ့သေးဘူးလား။

(လှသန်း)


အခုရက်ပိုင်း ရာသီအကူးအပြောင်းမှာ ပန်ကာလေတနေကုန်ခံပြီး စာဖတ်နေမိလို့ အအေးပတ်ပြီး ရင်ကြပ် ချောင်းဆိုးနေ တယ်။ အမြဲတမ်း တိတ်ဆိတ်နေတဲ့ ကျွန်တော့်အခန်းလေးဟာ အခုတော့ ကျွန်တော့် ရဲ့ ချောင်းဆိုးသံနဲ့ တိတ်တိတ်ဆိတ်ဆိတ် မဟုတ်တော့ပါဘူး။ ကိုယ့်ချောင်းဆိုးသံကို ကိုယ်ပြန်နားထောင်ပြီး ငြီးငွေ့မှုတော့ မဖြစ်ပါဘူး။ အခုမှ အခန်းလေးက ဝေစည် လာတယ်လို့တောင် ထင်လိုက်မိသေးတယ်။ ချွဲထနေလို့ ကြိုက်တဲ့ လက်ဖက်ရည်လည်း လတ်တလော ရှောင်ထားရတယ်။ လက်ဖက်ရည် ရှောင်ထားပေမဲ့လည်း ညနေစောင်းလို့ လက်ဖက်ရည်ဆိုင် ထိုင်ချိန်ရောက်ပြီး ဆိုရင်တော့လည်း အပြင်ကို ထွက်ချင်စိတ် ဖြစ်မိတာပါပဲ။ အခန်းကျဉ်းလေးထဲ တနေကုန် နေနေရတော့ အညောင်းအညာပြေ လမ်းလျှောက် ထွက်ချင်တဲ့ သဘောပေါ့။

လက်ဖက်ရည် ရှောင်ထားတာဆိုတော့ ဘောလုံးကွင်းဘက် ထွက်ခဲ့လိုက်တယ်။ ဘောလုံးကွင်းဆို ပေမဲ့လည်း မြက်ခင်းပြင်နဲ့ ကွင်းပြင်ကျယ်ကြီးလို ဖြစ်နေတဲ့ ကွင်းကို ခေါ်တာပါ။ ကွင်းက ရှည်မျှောမျှောကြီး ဖြစ်ပါတယ်။ တနေရာမှာတော့ ရဟတ်ယာဉ်နားဖို့ လုပ်ထားတဲ့ ကွန်ကရစ်ကွင်းလေးလည်း ရှိသေးတယ်။ ဒါကြောင့်မို့ ထင်ပါရဲ့ ဒီကလူတွေက ဒီကွင်းကို လေယာဉ်ကွင်းလို့ ခေါ်ကြတာ ဖြစ်မယ်။ ကွင်းရဲ့ ဘေးအစပ်မှာ ဘောလီဘောပုတ်တဲ့ကွင်းရှိတယ်။ ပိုက်ကျော်ခြင်းခတ်တဲ့ နေရာလည်း ရှိတယ်။

ကျွန်တော်ရောက်သွားတော့ ကလေးတွေက ဘောလုံးကန်နေကြတယ်။ ဘောလီဘောကွင်းမှာက လူငယ်တွေက ဘောလီ ဘောပုတ်နေပြီး သက်ကြီးပိုင်း လူကြီးတွေကတော့ တနေရာမှာ ဝိုင်းခြင်း ခတ်နေကြလေရဲ့။ ဘောလီဘောကွင်းမှာ လူအတော်စည်းတယ်။ ကျွန်တော့်လို အပြင်းပြေ လာကြည့်နေ တဲ့ သူတွေပဲလား၊ နောက်ပွဲအတွက် စောင့်နေကြတာလားတော့ မသိဘူး။ စက်ဘီး ပတ်စီးနေတဲ့ ကျောင်းသားအရွယ် ကလေးတွေလည်း ရှိရဲ့။

ကွင်းရဲ့ အရှေ့ဘက်ခြမ်းမှာတော့ နွားလေးငါးကောင်က မြက်စားနေတာ တွေ့ရတယ်။ ခပ်လှမ်းလှမ်းမှာက နွားကျောင်းနေတဲ့ အဖိုးကြီး တယောက်က လက်ထဲမှာ တုတ်လေးတချောင်း ကိုင်ပြီး ထိုင်နေလေရဲ့။ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ထဲမှာ နွားတွေ မြက်စားနေတာကို ကြည့်ပြီး ကဗျာဆရာအိုအောင် ရဲ့ နွားကျောင်းသား ဆိုတဲ့ ကဗျာကို ဖြတ်ခနဲ့ သတိရလိုက်မိတယ်။

နွားကျောင်းသား

တမျှော်တခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ် နေ့တနေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံ ပြန်မကြားရဘူး။

သီချင်းမသီဖြစ်ပါ
အရွက်မဲ့ သစ်ပင်အောက်မှာ။
အိပ်မက်တွေ လွှတ်ကျောင်းထားပေမယ့်
မိုးမကျသေးတာမို့။

(အိုအောင်)


ညနေပိုင်း လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်တဲ့ ရက်တွေမှာ ဒီကွင်းကြီးဆီကိုပဲ ကျွန်တော် သွားဖြစ် ပါတယ်။ ကွင်းထဲမှာကလည်း မြင်နေကျအတိုင်း ဘောလီဘောပုတ်ကစားနေတဲ့သူတွေ၊ ခြင်းခတ်နေတဲ့ သူတွေ၊ ဘောလုံးကန်နေတဲ့ ကလေးတွေ၊ ကျွန်တော့်လို အပြင်းပြေလမ်းလျှောက် လာကြည့်တဲ့သူတွေနဲ့ စည်းလို့ပါပဲ။ ကျွန်တော်ကတော့ ဘောလီဘောပုတ်တဲ့နေရာ မှာပဲ ငေးဖြစ်ပါတယ်။ သုံးလေးရက်လောက် ရှိ တော့ နွားကျောင်းနေတဲ့ အဖိုးကြီးက ကျွန်တော့်ကို နှုတ်ဆက်ပါတယ်။ ဒီနေ့ နောက်ကျလှချည်လားတဲ့။ သူ့ရဲ့ နွားတွေကတော့ ကွင်းစပ်မှာ မြက်စားနေကြလေရဲ့။

မြက်စားနေတဲ့ နွားတွေကို ကြည့်ပြီး ဒီကွင်းပြင်ကြီးဟာ နွားတွေရဲ့ စားကျက်မြေဖြစ်သလို လူတွေရဲ့ စားကျက်မြေလည်း ဖြစ်နေတာပဲလို့ တွေးနေမိတယ်။ အခုလို အားလပ်ချိန် ညနေစောင်းအချိန် တွေမှာ လူတွေ ကိုယ်ဝါသနာပါရာ အားကစား လာလုပ်နေကြတာဟာ သူတို့စိတ်ကို လာရောက် လွှတ်ကျောင်းနေတာပဲလို့ စဉ်းစားနေမိတာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ် တိုင်ကတော့ စိတ်အစာလာကျွေး တာပဲလို့ ပြောရမှာပဲ။ ငြီးငွေ့နေတဲ့ စိတ်ကို ပြန်လန်းဆန်းသွားအောင်ပေါ့။ တကယ်လည်း ဒီကွင်းပြင်ကျယ် ကြီးထဲကို ရောက်တာနဲ့ ညစ်ညူးနေတဲ့ ကျွန်တော့်စိတ်တွေဟာ ပေါ့ပါး လန်းဆန်းသွားတာပဲ ဖြစ်ပါတယ်။

တခြားသူတွေလည်း ကျွန်တော့်လိုပဲ ဖြစ်မယ် ထင်ပါတယ်။ တနေကုန် အလုပ်မှာ ပင်ပန်းတာတွေ၊ စိတ်ပန်းတာတွေကို ဒီကွင်းပြင်ကြီးထဲကိုလာပြီး သူတို့စိတ်ကို လွတ်လွတ်လပ်လပ် လွှတ်ကျောင်းနေကြတာပဲလို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။

ကွင်းပြင်ထဲမှာက လေကောင်းလေသန့်ရတယ်။ ကွင်းအနောက်ဘက် အစပ်မှာ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတွေရှိတယ်။ သစ်ပင်ကြီး တပင်အောက်မှာတော့ အအေးဆိုင်လေး တဆိုင်ရှိတယ်။ ကွမ်းယာဆိုင်နဲ့ တွဲဖွင့်ထားတာ ဖြစ်ပါတယ်။ အားကစားလုပ်တဲ့ သူတွေ မောရင် အအေးသောက်ကြပေါ့။ အဲဒီအချိန်ရောက်ရင် ဝင်လုဆဲ နေလုံးကြီးက ဟို အနောက်ထဲက တောင်ကုန်းတန်းပေါ်မှာ မှေးတင်နေပါပြီ။

ကျွန်တော့်လိုပဲ ဒီကွင်းကြီးထဲ လာပြီး ပုံမှန် ဘောလီပုတ်တာကို လာကြည့်လေ့ရှိတဲ့ အဘိုးကြီး တယောက်ရှိပါတယ်။ နှစ်ရက် သုံးရက်လောက် ရှိတော့ သူနဲ့ ကျွန်တော် မျက်မှန်းတန်းမိသွားကာ စကားခေါ်ပြော နှုတ်ဆက်တဲ့ အဆင့်သို့ ရောက်သွားတယ်။ ကျွန်တော်က "အဘိုးက ဘောလီဘော အတော်ဝါသနာ ပါပုံရတယ်" လို့ပြောတော့ သူက "ဝါသနာ ပါတယ်ရယ်လို့တော့ မဟုတ်ပါဘူးကွာ၊ အိမ်ထဲ တနေကုန် နေနေရတော့ ငြီးငွေ့တာနဲ့ အပြင်းပြေ လမ်းလျှောက်ရင်း လာငေးတာပါ၊ ဒီကိုမှ လာမငေးရင် လည်း ဘယ်ကိုမှ သွားစရာမှ မရှိပဲ" ဟု ဆိုပါတယ်။

သူပြောတာလည်း ဟုတ်ပါတယ်။ ဒီမြို့လေးမှာက လက်ဖက်ရည်ဆိုင်မှ ထွက်မထိုင်ရင် ဘယ်နေရာ ရယ်လို့မှ အပြင်းပြေ သွားလည်းစရာ မရှိပါဘူး။ ဒါကြောင့်မို့ပဲ ထင်ပါတယ်၊ ဒီကွင်းပြင်ကြီးထဲမှာ လာပြီး အပန်းဖြေ စိတ်ကျောင်းနေကြတာ ဖြစ်မှာပဲ။ လူဆိုတာကလည်း တနေရာတည်းမှာ ငြိမ်ကုပ်ပြီး ကြာကြာနေလိုက်လို့ရှိရင် ထိုင်းမှိုင်းလာတတ်တဲ့ သဘောရှိတတ်တယ်လေ။

နောက်ရက်မှာတော့ ကျွန်တော်က ကွင်းထဲကို ရစ်ဘီးတခုနဲ့ စွန်တခုပါ ယူခဲ့လိုက်တယ်။ လေလေး တငြိမ့်ငြိမ့်နဲ့ စွန်လွှတ်ရတာ ဘယ်လောက် အရသာ ရှိလိုက်သလဲ။ ကောင်းကင်ကြီးထဲ ပျံတက်သွားတဲ့ စွန်လေးကို ရစ်ဘီးလေးနဲ့ ပြန်ဆွဲယူလိုက်၊ ပြန်လွှတ်ပေးလိုက် လုပ်နေရတာလေးကိုပဲ ကျွန်တော့်မှာ စိတ်က အလိုလို ပျော်လာတယ်။ လွတ်လွတ်လပ်လပ် ပျံတက်နေတဲ့ စွန်လေးကို ကြည့်ပြီး ကျွန်တော်ပါ ပေါ့ပါးလွတ်လွတ်သွားသလို ခံစားလိုက်ရတယ်။ ဒီလောက်ပါပဲလေ။ ဒီအချိန်မှာ ဒီထက်လည်း ပိုပြီး ရှုတ်ရှုတ်ထွေးထွေး ဘာမှ မတွေးချင်သေးပါဘူး။ တွေးရမယ်ဆိုရင်တော့ ဒီမြက်ခင်းပြင်ကြီးကိုပဲ တွေးကြည့်ရုံ ရှိတာပဲ။

မြက်ခင်းပေါ်မှာ

ဝေးဝေးလံလံ
သိပ်မတွေးပါနဲ့ဗျာ။

ဟောဒီရှေ့က
မြက်ခင်းစိမ်းစိမ်းကြီးအကြောင်း
တွေးစမ်း။

ဘာအတွက်
မြက်တွေ စိမ်းတာလဲ ဆိုတာမျိုး။

ဟိုမှာ….
တွေ့လား
ကလေးတွေက စွန်လွှတ်နေတယ်
လူကြီးတွေက လေဟုန်စီးနေတယ်။

(ဝင်းမြင့်)


ကျွန်တော်က လေထဲ အတင်းပျံသန်း ရုန်းထွက်နေသော စွန်ကလေးကို ကြိုးဖြတ်ကာ လွှတ်ပေးလိုက်မိပါတယ်။ အော် သူလည်း လွတ်လွတ်လပ်လပ် ပျံသန်းရှင်ရှာပေမပေါ့။ ကွင်းပြင်ထဲက မြက်ပင်လေးတွေ ငိုက်မြည်းလာတဲ့အချိန်မှာတော့ ကျွန်တော် အိမ်ကို ပြန်ခဲ့လိုက်ပါတယ်။ တညတာ အိပ်စက်ဖို့ စိတ်အာဟာရ ပြည့်ဝခဲ့ပြီပဲလေ။ ။

စိုးခိုင်ညိန်း
နိုဝင်ဘာ ၁၁၊ ၂၀၁၈

Comments