မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၃) – ဆင့်ကဲဖြစ်စဉ်နှင့် မှားယွင်းယူဆမှု
Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၈
စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။
ဆေပီယန်စ် အပိုင်း (၃)
လူသတ္တဝါတို့ ဆင့်ကဲပြောင်းလဲမှုနဲ့ပတ်သက်ပြီး လူအများမှားယွင်း ယူဆနေကြသော အရာတစ်ခုရှိသည်။
ယင်းမှာ အာဂတ်စတာလူ(အလုပ်လုပ်နေသောလူ) မှ အီရက်တပ်စ်လူ (မတ်တပ်လူ) သို့ - ထိုမှတဆင့် နီယန်ဒါလူ နောက်ဆုံးတွင်မှ ကျွန်ုပ်တို့ လူသားများအဖြစ်သို့ လူသတ္တဝါများ မျဉ်းဖြောင့်ပုံစံဖြင့် ဆင့်ကဲပြောင်းလဲလာသည်ကို ပြထားခြင်းဖြစ်သည်။
ဤမျဉ်းဖြောင့်ပုံစံသည် ကမ္ဘာပေါ်၌ လူသတ္တဝါများသည် တစ်ချိန်တွင် တစ်မျိုးတည်းသာ အသက်ရှင်ခဲ့သည်ဟူသောလွဲမှားသော အမြင်ကိုပေးသည်။ ထို့မျှမက အစောပိုင်းမှ လူသတ္တဝါမျိုးစိတ်များသည် လက်ရှိကျွန်ုပ်တို့လူသားများနဲ့ ပုံသဏ္ဍာန်တူသည့် ယခင်က လူသားများသာဟူ၍ ထင်မြင်ခြင်းဖြစ်သည်။ အမှန်တကယ်မှာ လွန်ခဲ့သော နှစ် ၂သန်းဝန်းကျင်မှ နှစ်တစ်သောင်း ဝန်းကျင်အထိ တူညီသော တချိန်တည်းမှာပင် ကမ္ဘာကြီးသည် များပြားလှသော လူသားမျိုးစိတ်များနေထိုင်ရာ အိမ်ဖြစ်ခဲ့သည်။
ဘာကြောင့်မဖြစ်နိုင်မည်နည်း။
ယနေ့တွင်လည်း မြေခွေးများ၊ ဝက်ဝံများနဲ့ဝက်များ၏ ကွဲပြားသော မျိုးစိတ်အမျိုးမျိုးကို တွေ့နေရသည် မဟုတ်လော။ လွန်ခဲ့သော နှစ်တစ်သိန်းခန့်က မျိုးမတူသောလူသားမျိုးစိတ် အနည်းဆုံး ၆မျိုး ခန့် ကမ္ဘာမြေပေါ်တွင် သွားလာနေထိုင်ခဲ့ကြပေသည်။
လက်ရှိတွင် မျိုးစိတ်များစွာ မကြာသေးသော်လည်း ကျွန်ုပ်တို့ ဟိုမို ဆေပီယန်စ်လူသားများသာ ကျန်ရှိတော့သည်မှာ ထူးဆန်းနေသည်။ ဤသည်မျာလည်း ကျွန်ုပ်တို့ တရားခံဖြစ်ကောင်းဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ အခြားညီအစ်ကိုလူသတ္တဝါမျိုးစိတ်များနဲ့ ပတ်သက်သောအကြောင်းအရာများကို မမှတ်မိရန် ချိုးနှိမ်ထားဖို့ ကျွန်ုပ်တို့ ဆေပီယန်စ်လူများတွင် အကြောင်းပြကောင်းများရှိကြောင်းကို များမကြာမီ ကျွန်ုပ်တို့တွေ့ရပေမည်။
စဉ်းစားနိုင်ခြင်း၏ အဖိုးအခ
အချင်းချင်းတွင် ကွဲပြားခြားနားမှုများစွာရှိသော်လည်း လူသားမျိုးစိတ်များသည် တူညီသော လူသားဖြစ်မှန်းသိသာစေသည့် စရိုက်လက္ခဏာများ ပိုင်ဆိုင်ကြသည်။ အသိသာထင်ရှားဆုံးမှာ အခြားတိရိစ္ဆာန်များနဲ့ နှိုင်းယှဉ်လျှင် လူသတ္တဝါများတွင် အလွန်တရာ ကြီးမားသော ဦးနှောက်ရှိသည်။ နို့တိုက်သတ္တဝါများသည် ကီလို၆၀ အလေးချိန်ရှိလျှင် ပျမ်းမျှအားဖြင့် ၂၀၀ ကုဗ စင်တီမီတာအရွယ် ဦးနှောက်ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂.၅ သန်းက အစောဆုံးကျသော လူသားယောကျာ်းများနဲ့ မိန်းမများ၏ ဦးနှောက်သည် ၆၀၀ ကုဗစင်တီမီတာခန့် အရွယ်အစားရှိခဲ့သည်။ ယခုခေတ် ဆေပီယန်စ်လူများသည် ပျမ်းမျှ ၁၂၀၀ မှ ၁၄၀၀ ကုဗစင်တီမီတာအထိ ဖျတ်လတ်သော ဦးနှောက်ရှိကြသည်။ နီယန်ဒါသာလ်လူများ၏ ဦးနှောက်မှာ ပို၍ပင်ကြီးမားသေးသည်။
အချင်းချင်းတွင် ကွဲပြားခြားနားမှုများစွာရှိသော်လည်း လူသားမျိုးစိတ်များသည် တူညီသော လူသားဖြစ်မှန်းသိသာစေသည့် စရိုက်လက္ခဏာများ ပိုင်ဆိုင်ကြသည်။ အသိသာထင်ရှားဆုံးမှာ အခြားတိရိစ္ဆာန်များနဲ့ နှိုင်းယှဉ်လျှင် လူသတ္တဝါများတွင် အလွန်တရာ ကြီးမားသော ဦးနှောက်ရှိသည်။ နို့တိုက်သတ္တဝါများသည် ကီလို၆၀ အလေးချိန်ရှိလျှင် ပျမ်းမျှအားဖြင့် ၂၀၀ ကုဗ စင်တီမီတာအရွယ် ဦးနှောက်ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂.၅ သန်းက အစောဆုံးကျသော လူသားယောကျာ်းများနဲ့ မိန်းမများ၏ ဦးနှောက်သည် ၆၀၀ ကုဗစင်တီမီတာခန့် အရွယ်အစားရှိခဲ့သည်။ ယခုခေတ် ဆေပီယန်စ်လူများသည် ပျမ်းမျှ ၁၂၀၀ မှ ၁၄၀၀ ကုဗစင်တီမီတာအထိ ဖျတ်လတ်သော ဦးနှောက်ရှိကြသည်။ နီယန်ဒါသာလ်လူများ၏ ဦးနှောက်မှာ ပို၍ပင်ကြီးမားသေးသည်။
ဆင်ကဲ့ပြောင်းလဲခြင်းဖြစ်စဉ်က ပိုမိုကြီးမားသော ဦးနှောက်များကို အသက်ရှင်ကျန်ရစ်ရန် ဦးစားပေးမည်ဆိုသည်မှာ ကျွန်ုပ်တို့ စဉ်းစားစရာပင် မလိုသောအရာပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသိဉာဏ်မြင့်မားမှုကို ကျွန်ုပ်တို့အလွန်နှစ်သက်ကြသဖြင့် အသိဉာဏ်စွမ်းအားနဲ့ပတ်သက်လာလျှင် ဦးနှောက်ပိုကြီးလေ ကောင်းလေဟု ကျနော်တို့ ယူဆကြသည်။ သို့သော်.. ဤတိုင်းသာမှန်ကန်ခဲ့လျှင် ကြောင်တူမိသားစုမှလည်း ကဲကုလသချာင်္တွက်နိုင်သော ကြောင်များကို မွေးထုတ်ပေးနိုင်ပေလိမ့်မည်။ အဘယ်ကြောင့် သတ္တဝါလောကကြီး တခုလုံးတွင် လူသတ္တဝါမျိုးစိတ်တစ်ခုတည်းသည်သာ ဤမျှကြီးမားသော တွေးခေါ်နိုင်ခြင်းစွမ်းအားကို ပိုင်ဆိုင်ပါသနည်း။
ကြီးမားသောဦးနှောက်သည် ကိုယ်ခန္ဓာအတွက် ကြီးလေးသော အားအင်ဆုတ်ယုတ်မှုကိုလည်း ဖြစ်စေသည်။ အထူးသဖြင့် ကြီးမားသော ဦးခေါင်းခွံရိုးဖြင့် ဖုံးအုပ်ထားသော ဤဦးနှောက်ကို သွားလေရာသယ်ဆောင်ရသည်မှာလည်း မလွယ်ကူပေ။ ယင်းဦးနှောက်ကို လိုအပ်သော အစာများပံ့ပိုးရသည်မှာ ပို၍ပင် ခက်ခဲသည်။ ကျွန်ုပ်တို့ ဟိုမိုဆေပီယန်စ် လူများတွင် ဦးနှောက်သည် ကိုယ်ခန္ဓာ စုစုပေါင်းအလေးချိန်၏ ၂ သို့မဟုတ် ၃ ရာခိုင်နှုန်းသာရှိသည်။ သို့သော် ခန္ဓာကိုယ် ငြိမ်သက်နေသောအချိန်၌ပင် လူ့ဦးနှောက်သည် လူ့ခန္ဓာကိုယ်၏စွမ်းအင် ၂၅ရာခိုင်နှုန်းကို သုံးစွဲပေသည်။
ဥပမာ နှိုင်းယှဉ်ပြရလျှင် အခြားလူဝံများ၏ ဦးနှောက်သည် ၎င်းတို့ခန္ဓာကိုယ်၏စွမ်းအင် ၈ရာခိုင်နှုန်းကို သုံးစွဲပေသည်။ ရှေးဦး လူသတ္တဝါများသည် ၎င်းတို့၏ ကြီးမားသောဦးနှောက်အဖိုးအခကို နည်း၂နည်းဖြင့် ပေးခဲ့ရသည်။ ပထမအားဖြင့် အစာရှာဖို့အတွက် အချိန်ကို ပိုမိုအသုံးချခြင်းဖြစ်သည်။ ဒုတိယအားဖြင့် ၎င်းတို့၏ ကြွက်သားများ သေးငယ်သွားခဲ့သည်။ အစိုးရတစ်ခုမှ ကာကွယ်ရေးစရိတ်အား ပညာရေးစရိတ်ထဲ ဝေမျှသကဲ့သို့ လူသတ္တဝါများသည် လက်မောင်းကြွက်သားအတွက် စွမ်းအင်များကို ဦးနှောက်ဆဲလ်များသို့ ခွဲဝေလိုက်သည်။ အာဖရိကရှိ ဆဗားနားဒေသတွင် အသက်ရှင်အတွက် ဤသည်မှာ မှန်ကန်သော နည်းဗျူဟာဖြစ်ကြောင်းကို အထူးပြောစရာပင်မလိုပေ။ ချင်ပန်ဇီမျောက်တစ်ကောင်သည် လူသားတစ်ယောက်နဲ့ စကားနိုင်မလုနိုင်ပေ။ သို့သော် လူဝံတစ်ကောင်က လူတစ်ယောက်ကို အဝတ်ရုပ်ကလေးကဲ့သို့ ဆုတ်ဖြဲပစ်နိုင်ပေသည်။
ယခုတွင်ဖြင့် ကြီးမားသောဦးနှောက်ပိုင်ဆိုင်ခြင်း၏အကျိုးကို ကျွန်ုပ်တို့ ကောင်းကောင်းခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် ချင်ပန်ဇီများထက်ပိုမြန်အောင် ကျွန်ုပ်တို့သွားလာနိုင်ရန် ကားများထုတ်လုပ်ကြသည်။ ၎င်းတို့နဲ့ နပန်းလုံးစရာမလိုဘဲ ဘေးကင်းသောအကွာအဝေးမှ ပစ်ခတ်နိုင်ရန် သေနတ်များထုတ်လုပ်ကြသည်။ သို့သော် ကားများ၊ သေနတ်များသည် မကြာသေးမီက ဖြစ်ပျက်လာသော အရာများဖြစ်သည်။ လွန်ခဲ့သော နှစ် ၂ သန်းကျော်ခန့်ကပင် လူသတ္တဝါ တို့၏ ဦးနှောက်အာရုံကြောကွန်ယက်မှာ တိုးသထက်တိုးလာခဲ့သည်။ သို့သော် မီးခတ်ကျောက်လက်နက်အချို့နှင့် သစ်သားချွန်များမှလွဲ၍ လူသတ္တဝါတို့၏ဦးနှောက်မှာ ဘာအစွမ်းမှ ပြစရာ မရှိခဲ့ချေ။ သို့ဖြစ်လျှင် ဤနှစ် ၂သန်းအတွင်း လူသတ္တဝါတို့၏ ဦးနှောက်ကြီးမားလာသော ဆင့်ကဲပြောင်းလဲခြင်းဖြစ်စေရန် မည့်သည့်အရာက တွန်းပို့လိုက်ပါသနည်း။်.. ကျနော်တို့ မသိပါ ဟုသာ အရိုးရှင်းဆုံးဝန်ခံရပေမည်။
လူသတ္တဝါဖြစ်သည့် အခြားသော လက္ခဏာ တစ်ရပ်မှာ ခြေ၂ချောင်းဖြင့် မတ်တပ်လမ်းလျှောက်ခြင်း ဖြစ်သည်။ အာဖရိကရှိ ဆဗားနား မြက်ခင်းပြင်တွင် မတ်တပ်ရပ်ခြင်းက ရန်သူကိုမြင်တွေ့ရန်ဖြစ်စေ၊ အမဲလိုက်ရန်အတွက်ဖြစ်စေ ပိုလွယ်ကူသည်။ ထို့ပြင် လမ်းလျှောက်ရာတွင် အသုံးမဝင်သော လက်များသည် ကျောက်တုံးများပစ်ပေါက်ရန်၊ အချက်ပြရန် စသော အခြားကိစ္စများအတွက် အသုံးဝင်လာသည်။ လက်များ လုပ်နိုင်သောအရာ များပြားလာလေ ဤလက်များကို ပိုင်ဆိုင်ထားသူများ ဘဝတွင်အောင်မြင်ခွင့် များလာလေဖြစ်သည်။ ဤသို့ဖြင့် လက်ဖဝါးနဲ့ လက်ချောင်းများတွင် ညက်ညော၍ကောင်းမွန်သော ကြွက်သားများ၊ အာရုံကြောများတွင် ပိုမိုအာရုံစိုက်လာခြင်းများ စသည်တို့ကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် ဖိအားမှ ဖြစ်စေခဲ့သည်။ ရလဒ် အနေဖြင့် လူသတ္တဝါများသည် အလွန်ရှုပ်ထွေးသောအလုပ်များကိုပင် လက်ဖြင့်လုပ်ဆောင်လာနိုင်ခဲ့သည်။ အထူးသဖြင့် လူသတ္တဝါများက ရှုပ်ထွေးသော ကိရိယာများ ပြုလုပ်၍ အသုံးချနိုင်လာခြင်းပင်။ ပထမဆုံး ကိရိယာ ပြုလုပ်ခြင်းအထောက်အထားကို လွန်ခဲ့သော နှစ် ၂သန်းခွဲတွင် တွေ့ရသည်။ ကိရိယာများ ထုတ်လုပ်နိုင်ခြင်းနှင့် အသုံးချခြင်းသည် ရှေးဦးလူသားများဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက သတ်မှတ်သည့်စံတစ်ခုဖြစ်သည်။
သို့သော် မတ်တပ်လျှောက်နိုင်ခြင်းတွင်လည်း အားနည်းချက်ရှိသည်။ ကျွန်ုပ်တို့ မြစ်ဖျားခံရာ ပရိုင်းမိတ်သတ္တဝါ၏ကျောရိုးသည် နှစ်သန်းပေါင်းများစွာကြာအောင် တိုးတက်ပြောင်းလဲလာသည်။ ထိုကျောရိုးသည် ဦးခေါင်းသေး၍ ခြေလက်လေးချောင်းအသုံးပြု၍ လမ်းလျှောက်သော သတ္တဝါကို ထောက်ပံ့ရန်အတွက်ဖြစ်သည်။ သို့ဖြစ်၍ မတ်တပ်အနေအထားကို ညှိယူရခြင်းသည် တော်တော် ခက်ခဲသောအရာဖြစ်သည်။ အထူးသဖြင့် အလွန်တရာကြီးမားသော ဦးခေါင်းခွံကို ထောက်ပံ့ရန် ငြမ်းကဲ့သို့ ဖြစ်နေခြင်းပင်။ လူသတ္တဝါများသည် အမြင့်မှမြင်ရန်နှင့် အလုပ်များသောလက်တို့ အတွက် ခါးကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းများဖြင့် လဲယူခဲ့ရသည်။
ဘာသာပြန် - မာန်သီဟထွန်း
Photo Credit:
http://www.vce.bioninja.com.au/…/homini…/origins-of-man.html
Comments