မောင်လူပေ - ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြမည်


မောင်လူပေ - ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြမည်
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၈

ကမ္ဘာ့စီးပွားရေးနံပါတ်တစ်နဲ့ နံပါတ်နှစ်တို့ရဲ့ ခေါင်းဆောင်ကြီးတွေ အခုလာမဲ့သောကြာနေ့မှာစတင်မည့် ဂျီ(၂၀) အဖွဲ့အစည်းအဝေးမှာ ဆုံကြမည်။ ကုန်သွယ်ရေးစစ်ပွဲလည်း အဆုံးသတ်မည်ဟု မျှော်လင့်နေကြသည်။

တရုတ်ပြည်စီးပွားရေးက နှေးကွေးလှ၏။ လာမည့်သုံးလပတ်အတွက် ဂျီဒီပီတိုးနှုန်းကို ၆.၅% အထိလျှော့ချထားရသည်။ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်ချိန် ၂၀၀၈ ခုနှစ်က ဂျီဒီပီတိုးနှုန်း ၆.၂% နှင့်အတော်နီးစပ်နေ၏။ စီးပွားရေးအခြေအနေက ယိုင်နဲ့နေသည့်ဖက်ကို ညွှန်ပြနေသလို တရုတ်ယွမ်ကလည်း အကျဖက်သို့ဦးတည်နေတာအတော်ကြာပြီ။ တရုတ်ငွေဈေး ၉% အထိ ကျဆင်းခဲ့ရပြီး စတော့ရှယ်ယာများသည်လည်း ၂၅% အထိ ကျဆင်းခဲ့ပြီဖြစ်သည်။

အမေရိကန်စတော့များလည်း ထိုးဆင်းကြသည်။(၁၀%) အထိ ဆင်းခဲ့သည်။ နှစ်ဆန်းမှစ၍ (၁၀%)တက်ခဲ့ပြီးယခုအခါ (၁၀%) ဆင်းသဖြင့် အမှားပြင်ဆင်သောအခြေအနေ ( correction level) ဟု ဆိုသည်။ ဒေါ်လာလည်း လွန်စွာအားကောင်းရာမှ အားပျော့လာချေပြီ။ ရေနံဈေး ထိုးကျ၍သာ ဒေါ်လာက ထင်သလောက်မကျခြင်းဖြစ်၏။ တရုတ်စီးပွားရေးထက်များစွာတောင့်တင်းခိုင်မာသောကြောင့် မသိသာခြင်းဖြစ်၏။

အမေရိကန်နှင့်ဆင်နွှဲနေသော ကုန်သွယ်ရေးစစ်ကို ဂုဏ်သိက္ခာအတွက်ကြောင့်ဟု ဆိုသော်လည်း အောက်ခြေလူတန်းစားတွေ ထိခိုက်သည်အထိတော့ မိုက်မဲစွာဖြင့် ဆက်လက်ယှဉ်ပြိုင်မည်မဟုတ်ဟု ယူဆကြသည်။ တရုတ်ဒုသမ္မတကလည်း ပြေလည်ရေးအတွက် စီစဉ်ထားကြောင်း သတင်းကောင်းလွှင့်ထားသည်။သို့ပါသောကြောင့် ဂျီ(၂၀) တွေ့ကြသည့်အခါ အဆင်ပြေဖို့ မျှော်လင့်ကြခြင်းဖြစ်၏။ ကနေဒါ၊ မက္ကဆီကိုတို့နည်းတူ တရုတ်နှင့် ကုန်သွယ်မှုသဘောတူညီချက်ရမည်ဟု အများကခန့်မှန်းကြသည်။ ဒါဆိုလျှင် အမေရိကားသည် ဥရောပသမဂ္ဂနှင့်သာ ကုန်သွယ်စစ်ပွဲကျန်ရှိမည်ဖြစ်၏။

တရုတ်စီးပွားရေးအတွက် ကုန်သွယ်ရေးစစ်ပွဲသည် အဓိကပြသနာမဟုတ်။ အကြွေးနွံနစ်နေခြင်းသည်သာ အဓိကပြသနာဟု ကမ္ဘာကျော် ဖေါ်ဘိ( Forbes)စီးပွားရေးမဂ္ဂဇင်းကြီးက ဆို၏။

လူတွေအကြွေးမကင်းသလို နိုင်ငံတိုင်းလည်းအကြွေးမကင်း။ နိုင်ငံ၏အကြွေးကို တမျိုးသားလုံးထုတ်လုပ်နိုင်မှုဂျီဒီပီနှင့် စားလျှင် အကြွေးနှင့် ဂျီဒီပီအချိုး (Dept to GDP ratio) ရသည်။ ရသည့်ရာခိုင်နှုန်းများလျှင် အကြွေးနွံနစ်သည်ဟု ခေါ်ဆိုနိုင်၏။ အမေရိကား၏ အကြွေးနှင့် ဂျီဒီပီအချိုးသည် ၁၀၅.၄% ရှိ၍ ဂျပန်၏ အချိုးသည် ၂၅၀% ရှိသည်။ ဒီနိုင်ငံတွေက အဖြေတွေက အမှန်အတိုင်းမို့ ရှင်းလင်းလှ၏။ ရင်းနှီးမြှုတ်နှံလိုသူတွေအတွက် စွန့်စားမှုဘယ်လောက်ရှိသည်ဟု အဖြေအတိအကျရနိုင်သည်။

တရုတ်ပြည်က တမျိုး။သူ့စနစ်ကလည်းရှုတ်ထွေးလှ၏။ တရားဝင်စာရင်းများအရ တရုတ်အစိုးရ၏ အကြွေးနှင့်ဂျီဒီပီအချိုးက ၄၇.၆% ဟူ၏။ ဒီဂဏန်းသည် အမှန်မဟုတ်ဟု လူတိုင်းသိကြသည်။ တရားမဝင်စာရင်းများအရ မည်မျှဟု တိကျသောအဖြေမရှိ။ အဘယ်ကြောင့်ဆိုသော် အစိုးရသည် ငွေကိုထုတ်ပေးသူဖြစ်သလို ချေးယူသူလည်း ဖြစ်ပါ၏။ ဗဟိုအစိုးရပိုင် ဘဏ်များက ပြည်နယ်၊ မြို့ရွာ အစိုးရပိုင် စီးပွားရေးလုပ်ငန်းစုများကို ငွေချေးငှားကြသည်မှာ အကြွေး၏အများစုဖြစ်လေသည်။ ထိုချေးငွေအကြွေးများပါရေတွက်လျှင် အကြွေးနှင့်ဂျီဒီပီအချိုးက (၃၀၀%)အထိရှိမည်ဟု Institute of International Finance (IIF) က ခန့်မှန်းထားသည်။

အစိုးရအချင်းချင်းငွေချေးကြသည်ဖြစ်သောကြောင့် ထိုကိစ္စကို လူမှုရေးလုပ်ငန်းလို့ ခေါ်၏။ အရှုံးသာပြနေသော အစိုးရပိုင်လုပ်ငန်းအဝဝကို ဖျက်သိမ်းဖို့မစွမ်းသေးမှီ အရှုံးခံလည်ပတ်ရသောထုံးစံရှိ၍ လူမှုရေး welfare လုပ်ငန်းဟုခေါ်ခြင်းသည် လွန်အံ့မထင်။ ထိုငွေများကို ဆုံးရှုံးငွေများဟု ခေါ်နိုင်၏။ (မြန်မာပြည်စီးပွားရေးတိုးတက်မှု၏ အဓိကအဟန့်အတားတစ်ခုမှာလည်း အရှုံးပေါ်နေသော စက်ရုံအလုပ်ရုံများအား မဖျက်သိမ်းနိုင်ခြင်းဖြစ်သည်။)

အစိုးရပိုင်ဘဏ်များက ပုဂ္ဂလိကလုပ်ငန်းရှင်များကို ချေးငှားရာတွင်လည်း အတိုးနှုန်းက မသေးလှ။ အများစုချေးယူသူများက ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးထားခြင်းဖြစ်၏။ ထိုလုပ်ငန်းမှငွေများသည် တရုတ်ဂျီဒီပီ၏ သုံးပုံတစ်ပုံခန့်အထိ ရှိသည်။ တရုတ်စီးပွားရေးကို အဓိကမောင်းနှင်နေသည့် အားလည်းဖြစ်သည်။ သို့သော်အိမ်ခြံမြေဈေးကွက်က ခိုင်မာသည်မဟုတ်။ ဆပ်ပြာဘူဖောင်းလို အချိန်မရွေးပေါက်ကွဲသွားနိုင်သည်။ နိုင်ငံသားတို့၏ ရင်းနှီးမြှုတ်နှံမှုများ၏ အဓိကသည်လည်း အိမ်ခြံမြေဖြစ်၏။ ဒီဂဏ္ဍသာ ဒုက္ခရောက်လျှင် နိုင်ငံစီးပွားရေးကို များစွာထိခိုက်မည်ဖြစ်၏။

ဒီလိုဖြစ်ခဲ့သည့် သာဓကတွေလည်း ကမ္ဘာမှာရှိခဲ့ပါသည်။ မကြာသေးမှီက ဂရိနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းသည် သာဓကဖြစ်၏။ ဂရိသည် တရုတ်နိုင်ငံနည်းတူ ဆိုရှယ်လစ်စီးပွားရေးစနစ်အားကောင်းကာ အစိုးရအချင်းချင်း ချေးယူမှုမှငွေများနှင့် လည်ပတ်ရင်း အကြွေးနွံနစ်သွားခဲ့ရသည်။ စီးပွားရေးပြန်လည်နလံထူရေးအတွက် ချေးငွေများလျှော့ချရန် အစိုးရအထောက်အပံ့များဖြစ်သော ပင်စင်လစာ၊ ကျန်းမာရေးစောင့်ရှောက်မှုစသည်တို့ကို ဖြတ်တောက်ရသဖြင့် ဆန္ဒပြမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ဥရောပသမဂ္ဂသည်လည်း ယူရိုငွေဘီလီယံများစွာ ဆုံးရှုံးခဲ့ရသည်။

တရုတ်ပြည်က ဂရိထက်အဆပေါင်းများစွာကြီးမားသည်။ ထိုသို့ဖြစ်လာလျှင်လည်း ဂရိထက်ဆိုးဝါးသော အဖြစ်နှင့် ရင်ဆိုင်ရမည်မှာမလွဲ။ ကမ္ဘာ့စီးပွားရေးကိုပါ သူနှင့်အတူ ဆွဲချသွားမည်ဖြစ်၏။ အမေရိကားနှင့် အာရှ၊ ဥရောပအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးလည်း နောက်တစ်ကြိမ် စီးပွားရေးကပ်နှင့် ရှောင်လွဲနိုင်မည်မဟုတ်။ ပညာရှင်များက လာမည့်နှစ်များဖြစ်သော ၂၀၁၉နှင့် ၂၀၂၀ တို့ကို စီးပွားရေးနှေးကွေးမည်ဟု ကြိုတင်ခန့်မှန်းထားကြပြီးဖြစ်၏။ အမေရိကား၏ တကြော့ပြန်စီးပွားတိုးတက်မှုအရှိန်သည် ရပ်တန့်နေပြီဖြစ်ပြီး ပြန်ကျမည်ဟု ဆိုကြသည်။ ၂၀၀၈ စီးပွားပျက်ကပ်ကို အစိုးရမှငွေများထုတ်ချေးပြီး ကျားကန်ခဲ့သောတရုတ်သည် အမေရိကန်နှင့် ဆက်လက်ရန်ဖြစ်ဖို့ထက် နောက်တကျော့လာတော့မည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်ဖို့က ပို၍အရေးကြီးနေပြီဖြစ်သည်။

မောင်လူပေတို့ ရွှေပြည်ကြီးသည်လည်း မကြာမှီရောက်လာတော့မည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုအတွက် ကြိုတင်၍ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဖို့အချိန်ကြပြီဟု ဆိုချင်ပါသည်။ မြန်မာသည် တရားအားထုတ်၊ တရုတ်အားထားရသည့်နိုင်ငံဖြစ်ရကား တရုတ်က တစ်ဆဒုက္ခရောက်လျှင် မြန်မာက နှစ်ဆဒုက္ခတွေ့ဖို့သာရှိ၏။တရုတ်ကို လုံးဝနည်းပါးအားထားနေရသည့် အနေအထားမှ ပြန်လည်ရုန်းထွက်ရေးအတွက် ကမ္ဘာ့အလည်တွင်ကျဆင်းနေသော နိုင်ငံပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့လည်း လိုအပ်နေသည်။ ကမ္ဘာ့လူဆိုးလူမိုက်အစိုးရတစ်ရပ်အဖြစ်နာမည်တွင်နေသောအခြေအနေမှ ရုန်းထွက်ရေးအတွက် အားလုံးညီညွတ်ကြဖို့လည်း လိုအပ်လှသည်။ ထိုသို့မဟုတ်ပဲ အရင်အတိုင်း အချင်းချင်း မညီညွတ်စွာဖြင့်သာ ဆက်လက်စခန်းသွားနေမည်ဆိုပါက မြန်မာ့စီးပွားရေးတိုးတက်ရေးအတွက် အလားအလာများ ဆုံးရှုံးရသည်သာ တွေ့ကြုံရမည်ဖြစ်ပါကြောင်း။

ချစ်တဲ့အမိမြေ တိုးတက်ပါစေဟု ဆုမွန်ချွေလျှက်။
ချစ်တဲ့
မောင်လူပေ

ကိုးကား https://www.google.com/amp/s/www.forbes.com/sites/panosmourdoukoutas/2018/11/24/debt-not-trade-war-is-chinas-biggest-problem/amp/


Comments