လွင် (ဘော်တွင်း) ● တချိန်ကချစ်လှစွာသော

လွင် (ဘော်တွင်း) ● တချိန်ကချစ်လှစွာသော
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၈


‘ဖတ်ပြီးပြီဆိုရင် မကျေနပ်တာ၊ ပြင်စေချင်တာရှိရင်ပြောပါ’

ကျေနပ်ပါတယ်ဟူသောသဘောဖြင့် သူခေါင်းညိတ်ပြသည်။ သူ့အမည်၏အပေါ်ဖက်၊ ရှေ့နေမှ ထောက်ပြသော နေရာတွင် လက်မှတ်ထိုးလိုက်သည်။ ပြီးတော့ စာမျက်နှာတိုင်း၏  အောက်ဖက်နေရာလွတ်များတွင် လက်မှတ်ထိုးသည်။ သူလက်မှတ် ထိုးပြီးသောစာချုပ်ကို ရှေ့နေကယူ၍ လက်မှတ်များကိုစစ်ကြည့်ပြီးမှ ယုယုဘက် သို့ချပေးသည်။ ယုယုလက်မှတ်ထိုးရ မည့်နေရာကို ညွှန်ပြသည်။ လက်မှတ်ထိုးပြီးတော့ ရှေ့နေက စစ်ဆေး ပြန်သည်။ လက်မှတ်ကလေးတွေကဆင်တူပါလားဟု မှတ်ချက်ပြုသည်။ ကျောင်းမှာတုန်းက လက်မှတ်ထိုး လေ့ကျင့်ကြရင်း တခစ်ခစ်ရယ်မောနေခဲ့ကြသော ယုယုတို့ချစ်သူ နှစ်ဦးကို ပြန်မြင်ယောင်မိသည်။ ယုယု၏ မျက်ဝန်းသည် ချစ်ခြင်းဖြင့် ရွှန်းလက်နေခဲ့ဖူးသည်။

ရှေ့နေက အသိသက်သေနေရာမှာလက်မှတ်ထိုးဖို့ ကျွန်မဘက်ကို စာချုပ်ကမ်းပေးသည်။ ကျွန်မလည်း ပင့် သက်ရှိုက်ကာ လက်မှတ်ထိုးစရာနေရာတွေကိုကြည့်၍ ခပ်သွက်သွက်ပဲထိုးပေးလိုက်သည်။ ပြီးတော့ သူတို့ နှစ်ယောက်ကို ကြည့်သည်။ သူစိမ်းတွေ ဖြစ်သွားကြပြီပဲ။

ကျွန်မဆီကို ယုယုရောက်လာတော့ ခါတိုင်းလိုပြဿနာဖြစ်ပြီး ဆင်းခဲ့ပြန်ပြီလို့ပဲထင်မိသည်။ ခုတော့ အသိ သက်သေအဖြစ် လိုက်ခဲ့ပေးနိုင်မလားဟု လာခေါ်ခြင်းဖြစ်နေသည်။ ‘အလွယ်တကူ လက်မှတ်ထိုးပေးပါ့ မလား ယုရယ် သေချာရဲ့လား’ ဟုမေးမိသည်။ သေချာစီစဉ်ထားပြီအမ၊ ရှေ့နေနဲ့တိုင်ပင်ပြီး လုပ်ထားတာဟု ဖြေ သည်။ ကျွန်မအံ့သြသွားသည်။ ယုယုဒီလောက်သတ္တိရှိနေပြီလား။ ‘အမရယ်၊ သူ့မှာအားနည်းချက်ရှိတယ်လေ’ ဟုယုယုဆက်ပြောသည်။ ‘သူက အ,တော့  ကောင်မလေးကို ဒီနားမှာပဲ ထားထားတာကိုး’။ ယုယုမျက်နှာတွင် သရော်သော၊ လှောင်သော၊ ခံပြင်းသော၊ မဲ့ပြုံးတခုပေါ်လာသည်။  ကျွန်မဒေါသ ထွက်လာသည်။ ‘ဟဲ့၊ အ တာမဟုတ်ဘူး၊ အရေးမစိုက်တာဟဲ့၊ ဒီနားမှာထားတာ နင့်အသိုင်းအဝိုင်းက သေချာပေါက်သိမှာပဲဆိုတာ သူမတွေးနိုင်လောက်အောင် မတုံးဘူး၊ အရေးမစိုက်ဘူး ဆိုတဲ့အချိုးချိုး တာ’။ ‘ဟုတ်တယ်လေ အမရဲ့၊ အဲဒါ သူ အ တာပဲပေါ့၊ ယုကိုလျော့တွက်ထားတာကိုး’ ဟု အဝေးတနေရာသို့ စိုက်ကြည့်ရင်းဖြေ သည်။   ယုယုပြတ်သား ခဲ့ချေပြီ။ ဆယ့်ငါးနှစ်ခန့်စုဆောင်းထားခဲ့သောအမုန်းနှင့် နာကြည်းမှုသည် ယုယု၏မျက်ဝန်းတို့ကို တောက်ပ နေစေသည်။ မိန်းမပီသစွာ လှပသောမိန်းကလေး၊ ပျော့ပြောင်းနူးညံ့ကာ စကားပင်ကျယ်ကျယ်ပြော လေ့မရှိ သော မိန်းကလေးသည် မာန်အပြည့်ဖြင့် နိုးထလာခဲ့ပြီ။

‘အမရယ်၊ ရှေ့နေနဲ့တိုင်ပင်တော့ သူကျူးလွန်ခဲ့တာတွေကို ချရေးခိုင်းတယ်။ ယုလည်း ကိုယ့်ဘာသာ အံ့သြမိ တယ်။  ဆယ့်ငါးနှစ်ကျော် အချိန်တွေကို ယုမှတ်မိနေတယ်။ ရက်တွေ လတွေကအစ မှတ်မိနေတယ်’ ဟုပြော နေသော ယုယုကို ကျွန်မ ငေးကြည့်နေမိသည်။ ဘယ်လောက်တောင်များ မြိုသိပ်ထားခဲ့ရပါသနည်း။

တဦးကိုတဦး ‘မောင်’၊ ‘ယုလေး’ အပြန်အလှန်ခေါ်ကာ ချစ်ကြည်နူးခဲ့ကြသော နေ့ရက်တွေသည် ကုန်ဆုံးသွား ခဲ့ပြီပဲ။ အကြီးဆုံးသား မွေးဖွားပြီးသည်မှစ၍ သူ့အချစ်တွေ တစတစလျော့ပါးလာခဲ့သည်မှာ ယုယုသာမက ဘေး ကကျမတို့ပါ ခံစားမိလေသည်။  ချစ်လှစွာသောယုလေး၏ပါးပြင်နုနုအပေါ် ဒေါသအလျောက်ကျရောက်ခဲ့သော လက်ဝါးရာများသည် အသည်းတွင်ဖျက်မရအောင်စွဲထင်နေခဲ့သည်ကို မောင်ဟုမြတ်နိုးအားကိုးစွာ ခေါ်ခဲ့သော သူမသိခဲ့။ သိဖို့လည်းမကြိုးစားခဲ့။ နူးညံ့လှသောယုလေး၏အသည်းနှလုံးကို ယုလေး၏မောင်သည်  ဒဏ်ရာ တွေသာ ထပ်ကာထပ်ကာပေးခဲ့သည်။ ‘သည်းခံပြီးနေပေါ့ယုရယ်၊ သူကတော့ သူ့အကျင့်ကိုပြင်မှာ မဟုတ် ဘူး။ ကိုယ်ကလည်း ဟိုတွေးဒီငဲ့နဲ့ ပြတ်သားဖို့မဖြစ်နိုင်တဲ့အတူတူ ဒီလိုပဲနေရတော့မှာပဲ။ ဝဋ်ကြွေးလို့သာ မှတ်လိုက် ပေါ့ယုရယ်။ ကိုယ်တွေရဲ့ အမေတွေ အဒေါ်တွေလည်း ဒီလိုပဲ ဖြတ်သန်းခဲ့ကြတာပဲလေ’ ဟု ကျွန်မပြောခဲ့တာ သိပ်မကြာသေးဘူးဟုထင်မိသည်။

‘ယုက သည်းခံပေမဲ့ သားကြီးက မရတော့ဘူး။ သူကအကုန်သိနေပြီ။ ပြီးတော့အငယ်တွေကိုလည်း အကျင့် တွေ ကူးစက်မှာစိုးတယ်အမ။ အငယ်လေးကဆို သူစိတ်တိုင်းမကျရင် ပစ်ခွဲ၊ ပေါက်ခွဲတာတွေ လုပ်တတ်နေပြီ။ သားတွေအတွက် စဉ်းစားရင် ယုမပြတ်သားလို့မဖြစ်ဘူး။’ ဒီသားတွေအတွက်ပဲ ယုယုတွေဝေခဲ့သည်ကို ပြန် ပြောင်းသတိရမိသည်။ သူသည် သူ့ရင်သွေးဖြစ်သော သားတွေကိုလည်း မညှာတာတတ်ခဲ့ပါ။

မနှစ်က ယုယု အိမ်ကတော်တော်ကြာထွက်သွားခဲ့ဖူးသည်။ ကွဲကွာစကားပြောတိုင်း သားတွေရဲ့မျက်ဝန်းတွေ ကြောင့် ကျရှုံးရသည်တို့ကို ဖြတ်တောက်မည်ဟု ကြိုးစားကြည့်ခဲ့ခြင်းဖြစ်သည်။  သားတွေကို ထားပစ်ခဲ့သည်။ သားတွေမပါပဲ ရုန်းကန်နေထိုင်ကြည့်သည်။ ‘မ ကို ခင်မှ ဥ ကိုခင်သည်’ ဟူသော စကားပုံကို ယုယုနှလုံး သားနှင့်ရင်း၍ သဘောပေါက်ရလေသည်။ ယုယုပြန်မလာပဲမနေနိုင်အောင် ကလေးတွေကို သူအသုံးချခဲ့သည်။ ညနေစာစားစရာမရှိ၊ အဖေလဲအိမ်ပြန်မလာသောကြောင့် ကြောက်ရွံ့တုန်လှုပ်စွာ ငိုကျွေးနေသောအသံများ၊ စာအုပ်မပါ၊ ခဲတံမပါ၊ အိမ်စာမလုပ်ပဲ ကျောင်းသွားသောကြောင့် ဒဏ်ပေးခံရသည်ဆိုသော သတင်းစကားများ၊ ညစ်ပတ်တွန့်ကြေနေသော ကျောင်းဝတ်စုံများသည် ယုယု၏နှလုံးသားကို သွေးစက်စက်ကျစေခဲ့သည်။ မင်းတို့ အမေကို ပြန်ခေါ်ကြ၊ ဒါမှမုန့်ဖိုးရမယ်ဟူသော ခါးသီးရက်စက်မှုသည် ဒီလိုလူမျိုးကိုမှကလေးတွေ၏ အဖေ ဖြစ်စေခဲ့သော သူမကိုယ်သူမ ခွင့်မလွှတ်နိုင် ဖြစ်ရလေသည်။ ဘယ်လိုလှည့်စားမှုတွေကြောင့်များ သူ့ကို ဘဝ တခုလုံးပုံ၍ ချစ်ခဲ့မိပါသနည်း။

မိဘ၏ စကားကိုပယ်ရှားကာ လက်ထပ်ခဲ့သော ယုယုကို အလိမ္မာမရှိသူဟု ထင်ခဲ့သည်ပဲ။ အလိမ္မာမရှိသူကို ရိုက်နှက်ဆုံးမရန် လိုအပ်သည်ဟု သူယူဆခဲ့လေသလား။ အကြီးဆုံးသား ဆယ့်ငါးနှစ်အရွယ်ရောက်သည်အထိ သည်းခံခဲ့သောယုယုကို ငါမရှိရင် မရပ်တည်နိုင်သူဟု မှတ်ယူခဲ့သည်။ ယုယုမှာ သူကလွဲ၍ အားကိုးစရာမရှိ။ မိဘဆွေမျိုးများကလဲ ငါတို့အမျိုးမှာ အိမ်ထောင်ပျက်မရှိဘူးဟူသောစကားဖြင့် ယုယုကို ချည်နှောင်ပေး လိုက် တတ်ကြသည်မို့ တခါရိုက်လိုက်တိုင်း အိမ်မှဆင်းသွားတတ်သောယုယုကို အချိန်တန်တော့လည်း အိမ်ပြန် ရောက်လာမှာဟုသာ သူတွက်ဆထားခဲ့ပုံပင်။ သားတွေ၏မျက်နှာသည် ယုယု၏ခြေထောက်များကို တောင့် မတ်ထားလောက်နိုင်အောင် သန်စွမ်းစေခဲ့သည်။ ပျော့ပြောင်းသော ပခုံးသားများသည် ဝန်ဟူသမျှ ထမ်းနိုင် အောင် မေတ္တာဖြင့် သန်မာနေခဲ့ပြီ။ ဒါကိုသူမသိပါ။

ယုယုသည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။ သူ့ကိုမကြည့်၊ ဘယ်သူ့ကိုမှလည်းမကြည့်။ ရှေ့နေမှ စာချုပ် ကိုဖတ်ပြီး ပစ္စည်းခွဲဝေမှုကိုကျေနပ်မှုရှိမရှိ နောက်တကြိမ်ထပ်မေးသည်။ လက်မှတ်ထိုးပြီးပါက သူမနှင့်သူသည် ဘာမှမသက်ဆိုင်တော့ကြောင်း၊ သူ့အနေနှင့် သူမ၏ဘဝကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့် လုံးဝမရှိတော့ကြောင်း၊ ကလေးတွေကို တွေ့ဆုံရမည့်စည်းကမ်းချက်များအကြောင်း ထပ်ပြောသည်။ သူ့နှုတ်ခမ်းများ လှုပ်ရုံလှုပ်သွား သည်။ နားလည်ပါသည်ဟူသော စကားသည် အသံအဖြစ်နှင့်ထွက်မလာနိုင်ခဲ့။ သူခေါင်းငြိမ့်ပြသည်။ ရှေ့နေက စာချုပ်တစ်စောင်စီခွဲပေးလိုက်သည်။ သူသည် စာချုပ်ကိုကိုင်ကာ ခေါင်းငိုက်စိုက်ချလျက် ထွက်သွားသည်။

ရုံးထဲမှ ကျွန်မနှင့် ယုယုအတူပြန်ထွက်လာခဲ့သည်။ ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားသော ယုယု၏ လက်များသည် အေးစက်လျက်။ သည်လက်များနှင့် တယုတယစိုက်ပျိုးခဲ့မိသော အဆိပ်ပင်ကို သည်လက်များ နှင့်ပင် ဆွဲနှုတ်ခဲ့ပြီ။ ငရဲခန်းမှ ယုယုလွတ်မြောက်ခဲ့ပြီ။ သားတွေကို ပြုစုစောင့်ရှောက်ရဦးမည်။ မေတ္တာမပေးခဲ့ သော ဖခင်ကိုယ်စားရော မိခင်အဖြစ်နှင့်ပါ ရုန်းကန်ရဦးမည်။ နူးညံ့လှပသောယုယုအတွက် ဝန်းကျင်မှ လက်ညှိုးထိုးမေးငေါ့မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရဦးမည်။ ယုယုသည် ကိုယ့်အားကိုယ်ကိုးသော၊ အားကိုးရာ ရှာရန် မလိုသောသူအဖြစ် ရပ်တည်ပြရပေဦးမည်။ ထိုမျှသာမက တနေရာရာမှ သားကောင်ချောင်းသလို ချောင်း မြောင်းနေကြမည့်  ကျားနာများကို ရှောင်ရတိမ်းရပေဦးမည်။

လွင် (ဘော်တွင်း)

Comments