၄၉- အနမ်း
ကျော်ထင်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၈
၁
မိမိ၌ရှိသော နှာဝတစုံဖြင့် ပါးပြင်တခုကို၊ ဒါမှမဟုတ် ပါးပြင်တစုံကို
နမ်းလိုက်သည်ဆိုငြားအံ့။ ထိုအနမ်းတို့ သည် ပြုမူပုံခြင်းသာ တူချင်တူမည်။ လုပ်ဆောင်ပုံခြင်းသာ ထပ်တူကျချင်ကျမည်။ သို့သော် အနမ်း၏ အဓိပ္ပာယ်သည် တူသည်မမည်သေး။ အနမ်း၏အနက်သည် ထပ်တူမဖြစ်သေး။ အနမ်းသည် ကာယကံမြောက် တူသည် ရှိသော်ငြား မနောကံအရမူ အကွဲကြီး ကွဲလေ၏။ စင်စစ် ထိုအနမ်းတို့သည်ဝေါ်ဟာရအရသာ
တူခြင်း ဖြစ်နိုင်သည်။ အနှစ်သာရကား အကွဲကြီးကွဲလေ၏။
၂
ကျနော်သည် သားလေးကို မွေးပြီးကတည်းက နေ့စဉ်လိုလို နမ်းဖြစ်ခဲ့ပါသည်။ သားလေး၏ ပါးပြင်ရဲရဲလေးတွေသာမက သားလေး၏နဖူး၊
သားလေး၏ကုပ်ပိုး၊ သားလေး၏လက်မောင်းသား ဝဝကစ်ကစ်။ သားလေး နီတာ ရဲကာလများကဆိုလျင် ခြေဖဝါး နုနုလေးများကိုပင် နမ်းဖြစ်လိုက်သေး၏။
ထို့အတူ ကျနော်သည် ကျနော်၏ချစ်ဇနီးကိုလည်း မကြာမကြာနမ်းဖြစ်မိပါသည်။ မယား၏
ပါးလျလျနှုတ်ခမ်း လွှာများ၊ အိစက်ညက်ညောသောပါးပြင်နှစ်ဘက်အတွက် ဘယ်ပြန် ညာပြန် အနမ်းများ။ သေးသေးပါးပါး
နားရွက်ဖျားလေးများနှင့်အတူကျဉ်းကျဉ်းသွယ်သွယ် နဖူးပြင်တို့ကိုလည်း မက်မက်စက်စက် နမ်းမိဖူးပါသည်။ နားထင်မှာ ကျဆင်းနေသော ဆံနွယ်စများအပါ
အဝင်၊ လက်မောင်းသားချောမွတ်မွတ်တို့သည်လည်း ကျနော်၏အနမ်းဧရိယာနယ်တခွင်တွင် ပါဝင်ခဲ့ပါသည်။
သို့သော် နမ်းရသော အနမ်းတိုင်းတွင် ခံစားရသော ရသကား
မတူ။ သားလေးကို နမ်းသော အနမ်းတိုင်းတွင် စီးဆင်းသွားခြင်းကို သိသိသာသာ
ခံစားနေရသည်။ မေတ္တာသည် ကျနော့်ထံပါးမှ သားထံပါးဆီသို့သာဥဒဟို စီးဆင်းသွားသည်။ထို့အတွက် ကိုယ်ထဲ၊ စိတ်ထဲ၌ အေးချမ်းနေ၏။ ထိုအနမ်းသည်အပြန်မလိုသော စီးစင်းခြင်း၊ အသွားချည်းပဲ ရှိသောစီးစင်းခြင်းဟု ခံစားမိသည်။
တချို့ က ယင်းကို အစုန်ဟုတင်စားကြသည်။ ကျနော်၏ ချစ်ခြင်းမေတ္တာသည်လည်း သားလေး၏အပေါ်တွင် အစုန်ခရီးသာဖြစ်ရမည်။ သားဆီက
ပြန်လာမည့်အဆန်ကို ကျနော်မသိ။ သားလေးဆီက ပြန်လာဖို့ မလို။
ပြန်လည် ပေးဆပ်ခြင်းကို မမျှော်လင့်မိ။ မျှော်လင့်ချက်မထားသောအနမ်းသည် မပူလောင်၊ထာဝရအေးချမ်းမြဲ၊အေးချမ်း၏။ တခါတရံ ကျနော်၏အနမ်းကို သားလေးက ငြင်းဆန်တတ်သည်။ သို့သော် ကျနော် ဘာမှမဖြစ်မိ။ ကျနော်၏မေတ္တာကား ဆက်လက် စီးမြဲ၊စီးစင်းဆဲပင်ဖြစ်၏။ နမ်းတယ်ကွာ၊ ကိုယ်သားလေး ကိုယ်နမ်းတာ ဘာဖြစ်လဲဟု သားလေးမခံချင်အောင်လည်း စလိုက်သေးသည်။
ထိုအနမ်းတို့သည် ဘယ်အချိန်ဘယ်ကာလက စခဲ့သနည်း။ သားလေးမွေးသော ၂၀၀၈။ ထူးအိမ်သင်သီချင်းနှင့် ပုခက်တွင်း၌ သားလေးကိုသိပ်သောအခါ အိပ်မပျော်သေးခင် နမ်း၏၏။ အိပ်ပျော်နေစဉ်လည်း ဖွဖွနမ်း၏။ ရှမ်း ကန်နံဘေး တွန်းဘီးလေးနှင့် ထိန်းကျောင်းရင်းလည်း နမ်း၏။ ပြေးလွှားလာသော သားလေးကို ဆီးကြိုပွေ့ချီ
ပြီးလည်း နမ်း၏။ သားလေး၏ဗိုက်သားလေးကို ပါးစပ်ဖြင့် ဗွားခနဲအသံထွက်အောင်ပြုလျက် သားလေးရယ်မောအောင်ပြု၍လည်း နမ်းသည်။
သူ့မေမေ ရင်ခွင်တွင်း နို့စို့နေစဉ်လည်း နမ်းသည်။ ထိုအခါမျိုးတွင် သားလေးသည် ပိုချစ်စရာကောင်း၍ ပိုလို့ ပင် နမ်းမဝ ဖြစ်ရသေးသည်။သားလေးကို နမ်း၏။ ထိုသို့ နမ်းစဉ်ကာလများတွင်အေးမြနေသောရင်၌စီးစင်းသွားသော ရသတခုကို ခံစားခဲ့ရသည်။ သို့မဟုတ် ရင်ထဲ၌ အေးမြနေသော စီးစင်းခြင်းတစ်ခု စီးမျှောသွားသကဲ့သို့ ခံစားလိုက်ရသည်။
၃
ဇနီးသည်ကိုနမ်းခဲ့စဉ်က သမီးရီးစားဘဝ။ ငွေဆောင်ရုပ်ရှင်ရုံ ပြင်ပြီးခါစ အပေါ်ထပ်။ အမှောင်ထု၏အောက်ထဲ၌ ကျနော်ကား ရုပ်ရှင်ကိုပင် ကောင်းကောင်း မကြည့်နိုင်။ ဒိန်းတလိန်းနတ်ဖမ်းနေ၏။ ကျနော့်ချစ်သူက ၁၈ နှစ်။ ကျနော်က ၃၂ နှစ်။ ရွက်အိုနှင့် ရွက်နု ပုခုံးခြင်းထိလု ထိလုတွေမှာ လေအေးပေးစက်ကြီးတွေ ဖွင့်ထားရက်သားနှင့် ကျနော်ကား ချွေးပျံနေ၏။ ကာလီမယ်တော်ကြီးမီးနင်းပွဲတော် လှည့်လာသလို ရင်ခုန်လှုပ်ရှား အလုပ်များရသည်။
လက်ကလေးကို ဖွဖွ ဆုပ်ကိုင်ရာမှ ပါးလေးကို မွမွပေးဖို့
သာကျနော် ကြိုးစားမိနေသည်။ သို့မဟုတ် မျှော်လင့်မိနေသည်။ သို့သော် ကျနော့် အနမ်းကို ငြင်းဆန်လိုက်မည်ကိုလည်း ကျနော်ကြောက်သည်။ ငြင်းလိုက်လျှင် ကျနော်ခက်မည်။ ကျနော် ရှက်သည်။ သို့သော် မတတ်နိုင်။ ကျနော် မတတ်နိုင်။ ရုပ်ရှင်ပြီးဆုံးတဲ့ထိ မနမ်းလိုက်ရ မှာကို ကျနော် ပိုကြောက်သည်။ တမ်းမက်ရလွန်းသောအနမ်းတစ်ခုကို ကျနော် ဖန်တီးကြည့်ချင်သည်။ အိပ်မက်ထဲ ထိပင်ဝင်၍ ရင်ခုန်မြန်စေခဲ့သောအနမ်းကို လက်ဝယ်ပိုင်ပိုင်ရလိုချင်မိသည်။
ထိုအနမ်းသည် ဆန်းသည်။ ထိုအနမ်းသည် ကြမ်းလိမ့်မည်။ မနမ်းခင်ကတည်းက ပူလောင်လွန်းနေ၏။ ဆာလောင်လွန်းနေ၏။ အနမ်းတစ်ခုပေးပြီး အနမ်းတစ်ခုကို ပြန်လိုချင်မိသည်။ ထိုအနမ်းကား အသွားအပြန်အနမ်း။ အပြန်အလှန်အနမ်း။ အပေး အယူ အနမ်း။ ရွက်နုလေး၏ ဘယ်ပုခုံးသားကို
လက်ဖဝါးဖြင့် မဟာဗျူဟာမြောက် အုပ်မိုးလိုက်သည်။ ပြီး ဆုပ်ကိုင်လိုက်သည်။ ရင်ဘတ်တွင်းမှာတော အမောလွန်နေသည့် ကစား သမားလို အသက်ရှူနှုန်းတွေ မြန်လွန်းနေသည်။
ကျနော် ဆုံးဖြတ်ချက်ကို တိတိကျကျ သေသေသပ်သပ် ချမှတ်လိုက်သည်။ ထိုခဏ မွတ်သိပ်စွာ နမ်းရှိုက်မှုတို့သည်အပြန်အလှန်စီးမျှောသွားကြ၏။ ထိုအခိုက်အတန့် ရင်နှစ်စုံလုံးတို့တွင် ရေပူစီးကြောင်းများ မြောက်မြားစွာ ဖြစ်ပေါ် စီးစင်းသွားကြပေလိမ့်မည်။
၎
ယခုနှစ်၊ ယခုလ၊ ၂၀ ရက်နေ့တွင် ကျနော့်အသက်သည် ၄၉ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ ထိုအသက်အရွယ်ရောက်မှ အမေ့ကို ကျနော်ထူးထူးခြားခြားနမ်းချင်နေမိသည်။ အမေ့ကိုမနမ်းဖြစ်ခဲ့သည်မှာကြာခဲ့ပြီ။ မူလတန်း လွန်ပြီးကတည်းက အမေ့ကို ကျနော် မနမ်းမိတော့။ အမေ့ပါးပြင်သည် ကျနော့်နှင့် သွေးသား တော်စပ်နေသည့်တိုင် သူစိမ်းတစ်ရံဆံမျှ ဖြစ်သွားခဲ့၏။ အသက်အရွယ်အရ ၉ နှစ်သားအရွယ်အထိသည် အမေ့ပါးပြင်နှင့်ကျနော် နီးစပ်ခဲ့သော ကာလများဖြစ်ခဲ့သည်။ ၉ နှစ်သား၏ အလွန်၊ ဒီမှာဘက်နှစ်ကာလများသည် အမေ့ပါးပြင်နှင့် ဝေးခဲ့သောနှစ်ကာလများသာ
ဖြစ်ခဲ့၏။
အမိ အနမ်းမဲ့ကာလ၊ထိုကာလများသည်နှစ်ပေါင်းလေးဆယ်။ ဆယ်စုနှစ်(၄)စု။အမေ့ကို နမ်းခဲ့ရသော အမိနမ်း ရသကိုပင် ရုပ်ဖမ်းမရတော့။ မမှတ်မိတော့။ အမိနမ်း ရသသည် ကျနော်နှင့် သူစိမ်းပြင်ပြင်ရှိချေ၏။ သွေးအေး၊ နေအေး ဖြစ်နေ၏ ။သို့သော် ယနေ့ လှုပ်ခပ်မှုသည် ထိုသို့ မဟုတ်။ သွေးအေးမှုမှသည် သွေးနွေးမှုဆီ ပြောင်းရွေ့သွား ပြီ။
ကျနော် အမေ့ကို နမ်းချင်နေမိသည်။ ကျနော် နှစ်ခြိုက်စွာနမ်းခဲ့စဉ်ကာလများက
အမေသည် အသက်သုံး ဆယ်အရွယ်၊ လတ်ဆတ်နေသော ဥပဓိများပိုင်ဆိုင်ထားဆဲကာလ။ ကျနော် ကိုးနှစ်သားတွင် အမေ ၃၄ နှစ် သ မီး။မိခင်တစ်ယောက်၏ ဖြစ်တည်မှုများ ဖွံဖြိုးနေဆဲ။ မာတာအင်္ဂါရုပ်များက အားကောင်းနေဆဲ။
ယခုအခါ ကျနော် နမ်းချင်နေမိသော အမေ့ပါးပြင်သည် ခွက်၍ နေသည်။ သွားရိုးတို့သည် ငေါ၍ ထွက်နေ၏။ ပါးစပ်ပေါက်မှ အနံအသက်တို့သည် အသက်ကို အားပြုရှူတိုင်း ပုပ်အီအီထွက်ထွက်လာတတ်သည်။ မျက်ကွင်း နှစ်ကွင်း၏ဧရိယာ ပရဝဏ်သည် အောင်မည်းညိုပန်းနှယ်။ ခရမ်းပြာဘက် လုလျက်။နားထင်စပ်တို့တွင် မည်း ညိုစပြုနေသည်။ ရှုံ့ တွနေသော လက်မောင်းသားတို့သည် ခေါက်ထားသော ခြုံစောင်တခုပေါ်တွင် အသက်ကင်းမဲ့သလိုကျလျက်။ ကျနော်သည် အမေ့ဘေး ခုတင်ဇောင်းတွင် တင်ပါးလွှဲထိုင်လျက် အမေ့ခန္ဓာကို ကျော်၍ လက်ထောက်လိုက်သည်။
မပွင့်တော့သော မျက်လုံး၏အောက်၊ ခွက်ဆင်းသွားသော ပါးပြင်၏နယ်စပ်။ ကျနော် နစ်ခြိုက်စွာ နမ်းလိုက်မိ သည်။စီးဝင်လာသော ရသတစ်မျိုးကို ကျနော် ရရှိလိုက်သည်။ ခံစားမှုသည် ဟေမန္တလိုအအေး။မေတ္တာဓာတ်သည် ကျနော့်ဆီမှ စီးစင်းသွားခြင်းကို လှန်လျက်၊ကန်လျက်။ ကျနော့်ထံပါးသို့သာ ဒလဟော စီးကျလာသည်။ စီးဝင်ခြင်းဖြင့်သာ ကျနော့်ထံပါး တိုးဝင်လာသည်။ တော်ရုံမျက်ရည် မထွက်တတ်သော ကျနော့်မျက်လုံးအိမ်တွင် မျက်ရည်ကငွေ့ရည်လာဖွဲ့သည်။ မျက်တောင်ကို ဆတ်ခနဲခတ်လျက်၊ မျက်ရည်ကိုဖယ်ရှားလိုက်သည်။ လွင့်ပါးသွားသော မျက်ရည်စများအောက်တွင် စီးဝင်လာသောမေတ္တာဓာတ်က ကိန်းလျက်။ မိခင်အနမ်းသည် ကျနော့် ရင်၌စမ်းပေါက်သွားခဲ့ပြီ။
ကျော်ထင်
Comments