သန်းဝင်းလှိုင် - ဗဂျီအောင်စိုး သို့မဟုတ် လောက၏သစ္စာတရားကို ရှာဖွေတွေ့ရှိသူ


သန်းဝင်းလှိုင် - ဗဂျီအောင်စိုး သို့မဟုတ် လောက၏သစ္စာတရားကို  ရှာဖွေတွေ့ရှိသူ
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၈

ကျွန်တော် ပန်းချီဆရာကြီး ဗဂျီအောင်စိုးကို သိခဲ့ သည်မှာ ကြာခဲ့လေပြီ။ သူ့လက်ရာများကို လူချင်းမရင်းနှီး မီကပင် စာနယ်ဇင်းများ၌ တွေ့မြင်ဖူးသည်။ စာနယ်ဇင်း များ၌ ဆရာကြီး၏ တမူထူးခြားသည့် သရုပ်ဖော်လက်ရာ များသည် ကြည့်ရှုသူအာရုံကို ညှို့ငင်သိမ်းပိုက် ခြောက်ခြား စေသည်။

ကျွန်တော်သည် ''သင့်ဘဝ'' မဂ္ဂဇင်း၊ ''တိုင်းရင်း မေ'' ဂျာနယ်၊ ''သောကြာ'' စာစောင်များသို့ ဆောင်း ပါး သွားပို့တိုင်း အပြန်၌ ဆရာကြီးအိမ်သို့ ခဏတဖြုတ် ဖြစ်ဖြစ် ဝင်ဖြစ်အောင်ဝင်ပြီး နှုတ်ဆက်စကား ဆိုခဲ့သည်။ တစ်ခါတရံ ဆရာကြီးအား မတွေ့ရ။ သူ့သား သူရစိုးက ''အဖေမြို့ထဲသွားတယ်'' ဆိုမှ ကျွန်တော် မဝင်ဖြစ်တော့ ချေ။

ဆရာကြီး ဗဂျီအောင်စိုးအိမ်သည် တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သင်္ဂဟလမ်း အမှတ် (၁၁) ၌ရှိသော ကြောင့် တိုင်းရင်းမေဂျာနယ်တိုက်နှင့်ဆိုလျှင် တစ်လမ်း တည်းဖြစ်ပြီး သင့်ဘဝမဂ္ဂဇင်းတိုက်နှင့်ဆိုလျှင် တစ်လမ်း သာ ခြားသည်။

ကျွန်တော်သည် အားလပ်ရက် တစ်ရက်ဖြစ်သော စနေနေ့တစ်နေ့၌ ဆရာကြီးအိမ်သို့ သွားရောက်လည်ပတ်ခဲ့ သည်။ ဆရာကြီးအိမ်သည် မကျယ်လှ။ သုံးပင်နှစ်အိမ်ခန်း ကလေးပင် ဖြစ်သည်။ အိမ်ဘေး၌ အမှီလေးဆွယ်ကာ မီးဖိုချောင်နှင့်တွဲ၍ ကုန်ဆုံဆိုင်လေး ဖွင့်ထားသည်။ ဆရာကြီးဇနီး ဒေါ်သန်းကြည်သည် ကျောက်မြောင်းဈေးထဲ ၌ ကုန်စုံဆိုင်ဖွင့်ထားသည်။ အိမ်ထဲသို့အဝင် ခန်းဆီးကာ ထားသော သုံးထပ်သားနံရံ၌ မင်အနက်ဖြင့် ရေးသားထား သော စာတစ်ပိုဒ်ကို တွေ့ရလေသည်။ စာ၌-
ငါသည် မည်မျှဆင်းရဲမွဲတေနေကာမူ ပန်းချီ၏ ကျေးကျွန်မဟုတ်။
ပန်းချီသည်သာ ငါ့အား အလုပ်အကျွေးပြုနေသော ငါ၏ကျွေးကျွန် ဖြစ်စေရမည်။
ဗဂျီအောင်စိုး

ဆရာကြီးသည် မုတ်ဆိတ်ကျင်စွယ် မွေးများကို ရိတ်ဖြတ်ထား၍ ဆံပင်ကိုလည်း အကျအန ဖြီးသင်ကာ အင်္ကျီအဖြူ၊ အကွက်စိပ် အင်းလေးပုဆိုးတို့ဖြင့် သေသပ် ခန့်ညားနေသည်။ ယခင်ကဆိုလျှင် ဆရာ့ကို ထူထဲသော မုတ်ဆိတ်မွေးများနှင့် အဝတ်အစား ပိုသီပတ်သီဖြင့်သာ အတွေ့များရ၍ ထူးဆန်းသလို ဖြစ်နေသည်။ အသေအချာ ကြည့်မှပင် ဆရာကြီး၏ ပေါ်လွင်ထင်ရှားသော နှာတံ၊ ထူထဲနက်မှောင်သော မျက်ခုံး၊ သိမ်မွေ့နူးညံသော မီးခိုး ရောင် မျက်လုံး၊ ဖော်ရွေနှစ်လိုဖွယ်ကောင်းသော နှုတ်ခမ်း တွန့် အပြုံးများဖြင့် ယောကျာ်းပီသပြီး အနောက်တိုင်းဟန် ထူးခြားသော ဥပဓိရုပ်ပိုင်ရှင် လူချောကြီးတစ်ဦးအဖြစ် တွေ့မြင်ရသည်။ ကျွန်တော်သည် ဆရာကြီးနှင့် တွေ့စက ပင် ဆရာကြီး၏ ရင်းနှီးပွင့်လင်းသော အပြောအဆို၊ သွက်လက်သောဟန်၊ မစိုးမရွံ့သော အမူအယာ၊ နှစ် ကြိုက် စွဲမက်စရာ ဟာသဓာတ်ခံများကြောင့် ဆရာကြီး ကို ချက်ချင်းပင် ရင်နှီးခင်မင်သွားရတော့သည်။

ဆရာကြီးအကြောင်းကို စပ်စုသလိုဖြင့်
''ဆရာကြီး ပန်းချီပညာ စာသင်ကြားခဲ့ပုံကို သိပါ ရစေ''
''ဆရာ ဂျပန်ခေတ်အတွင်း တစ်နေ့ ဗဟန်းဘက်ကို လမ်းလျှောက်သွားရင်း ရွှေကျင်ကျောင်းတိုက်နား ရောက် တော့ ပန်းချီဆရာကြီးတစ်ဦး ပန်းချီကားတစ်ကား ရေး ဆွဲနေတာ မြင်ရတယ်။ အတန်ကြာငေးကြည့်ပြီး အဲသည် ဆရာကြီးရဲ့ ပန်းချီလက်ရာကို ကြိုက်နှစ်သက်တာနဲ့ ဆရာကြီးဆီမှာ ကျွန်တော် ပန်းချီပညာသင်ပါရစေလို့ ပြောပြီး စသင်ကြားခဲ့တယ်''
''အဲ ဒါပေမယ့် စစချင်းတော့ ပန်းချီပညာသင်မပေး ဘူးကွဲ့။ မင်းကို ပန်းချီပညာ သင်ပေးသင့်၊ သင်မပေးသင့် အရင်စမ်းကြည့်ရဦးမယ်။ အခု ဘုန်းကြီးကျောင်းထဲမှာရှိ တဲ့ အိမ်သာတွေမှာ ယိုသူရှိပြီး ကျုံးသူမရှိလို့ မစင်နံ့တွေ တစ်ကျောင်းလုံး နံစော်နေတာ မင်းအမြင်ပဲ။ အဲဒါတွေကို မင်းနဲ့ငါ ကျုံးပစ်ရအောင်'' ဆိုပြီး ဆရာကြီးကိုယ်တိုင် စတင်သန့်စင်တော့တာပဲ။ ဆရာလည်း ပထမတော့ ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် ပန်းချီပညာသင်ချင်တာ ရယ်၊ ဒါဟာ ငါ့စိတ်ကို စမ်းသပ်တာပဲလို့ယူဆပြီး ဆရာ ကြီးနဲ့အတူ ဝင်လုပ်ရတော့တာပဲ။
''အဲသလို ဆရာတို့တတွေ အိမ်သာတွေကို သန့်ရှင်း ရေးလုပ်ပြီးတော့ အနံ့အသက်တွေလည်းပျောက်ပြီး မြင် တဲ့သူတွေက ဆရာတို့ကို ''သာဓု'' သုံးကြိမ်ခေါ်ကြ တယ်။
''အဲသည်တော့မှ ဆရာကြီးက ''အေး မင်းကို ပန်းချီပညာသင်ပေးလို့ရပြီ'' ဆိုပြီး စတင် သင်ပေးခဲ့တာ ပဲ။ ဆရာ့ဘဝမှာ ပန်းချီနဲ့ပတ်သက်ပြီး ကံကူလက်လှည့် သင်ပေးခဲ့တဲ့ ဆရာကြီးနာမည်က ဦးလှအောင်လို့ခေါ်တယ်။ အဲသည်တုန်းက ဆရာကြီးဦးလှအောင်ဟာ ဆရာအတတ် သင် သိပ္ပံကျောင်းမှာ ပုံဆွဲပန်းချီဆရာ လုပ်နေတယ်ကွဲ့''

''ဆက်ပါဦး ဆရာ''
''ဆရာကြီး ဦးလှအောင်ဆီမှာ အခြေခံကစပြီး သင်ပြီးတာနဲ့ ဘိလပ်ပြန် ဗိသုကာဆရာကြီး ဦးသာထွန်းဆီ မှာ ဆက်လက်ဆည်းပူးခဲ့သေးတယ်။ ဆရာကြီးလှအောင် က ပန်းချီသင်ရင်းနဲ့ ''ပန်းချီဆရာဆိုတာ တစ်ကိုယ် ကောင်းစိတ် ပယ်ရမယ်။ အများအကျိုးအတွက် ဆောင် ရွက်ရမယ်၊ လောကမှာ ပန်းချီပညာဟာ အလှဆင်နေတာ မို့ သစ္စာသည်သာ အလှတရား'' လို့ အမြဲဆုံးမတယ်ကွဲ့။ အဲသည်စိတ်ဓာတ်ရှိမှ ပန်းချီဆရာ ပီသတယ်လို့ ဆိုတယ်''
''နောင်အခါမှာ မြို့မကျောင်းကနေ တက္ကသိုလ်ဝင် တန်း အောင်မြင်ပြီးတဲ့အခါ ပန်းချီဆရာကြီး ဦးဘဉာဏ် (၁၈၉၇-၁၉၄၅) အုပ်ချုပ်သော စတိတ်အကယ်ဒီမီသိပ္ပံ ကျောင်းမှာ တက်ရောက်သင်ကြား ဆည်းပူးခွင့် ရခဲ့သေး တယ်''

''ဆရာ မားသားလန်းအင်ဆန်း ကုမ္ပဏီလီမိတက် (Mother Land & Son Co Ltd)  မှာ ၁၉၄၇ ခုနှစ်က စာရေးလုပ်နေတုန်း ဆရာဒဂုန်တာရာနဲ့ တွေ့ဆုံရင်းနှီးပြီး သူ့ရဲ့ ''တာရာ''မဂ္ဂဇင်းမှာ သရုပ်ဖော်ပန်းချီဆရာအဖြစ် စတင်ရေးဆွဲခဲ့ပါတယ်။ ဆရာပထမဆုံး သရုပ်ဖော်ရေးဆွဲ ခဲ့တဲ့ပုံက ကဗျာဆရာမ ငွေတာရီရဲ့ ကဗျာပါပဲ။ နောက် ဆရာမ ငွေတာရီနဲ့ စွန်းလွန်းဝိပဿနာကျောင်းမှာ အတူတူ တရားအားထုတ်ရင်း ဓမ္မမိတ်ဆွေတွေ ဖြစ်ခဲ့ သေးတယ်။ အဲသည်လို တာရာမဂ္ဂဇင်းမှာ တစ်နှစ်လောက် ရေးဆွဲပြီးတဲ့ နောက် အဲသည်ကမှတစ်ဆင့် သွေးသောက်၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ စတဲ့မဂ္ဂဇင်းတွေမှာ မျက်မှာဖုံး ပန်းချီနဲ့ ကဗျာသရုပ်ဖော်ပုံတွေ စဉ်ဆက်မပြတ် ရေးဆွဲခဲ့ ပါတယ်''

''ဆရာ အိန္ဒိယမှာ ပန်းချီကျောင်းတက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒါလေး ကြုံတုန်း ပြောပြပါဦး''
''ဆရာ ၁၉၅၁ ခုနှစ်က အိန္ဒိယနိုင်ငံ သျှန်တီ နီကေတန် တက္ကသိုလ်မှာ အိန္ဒိယပန်းချီနဲ့ အရှေ့တိုင်း ပန်းချီပညာ သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ပညာတော်သင်အဖြစ် စေလွှတ်ခြင်း ခံခဲ့ရပါတယ်။အဲသည် တက္ကသိုလ်ကို ၁၉၁၃ ခုနှစ်က စာပေဆိုင်ရာ နိုဘယ်ဆုရခဲ့တဲ့ ဘင်္ဂါလီကဗျာဆရာကြီး ရာဘင်ဒြာ နတ်တဂိုး (၁၈၆၁ ခုနှစ် မေလ ၇ ရက်-၁၉၄၁ သြဂုတ်လ ၇ ရက်) တည်ထောင် ခဲ့ပါတယ်။ ''သျှန်တီ'' ဆိုတာ ''ငြိမ်းချမ်းခြင်း''၊ ''နီကေတန်'' ဆိုတာ ''အရပ် ဒေသ''လို့ အဓိပ္ပါယ်ရတာ မို့ ''ငြိမ်းချမ်းရေးဒေသ''လို့ မြန်မာလို အဓိပ္ပါယ်ရတယ်။ အဲဒီကျောင်းမှာ ရိုးရာပန်းချီသက်သက်ကိုသာ သင်ပေးတယ်။ အနောက် တိုင်းပန်းချီကို မသင်ဘူး''

''ဟိုမှာ သင်ကြားခဲ့ရပုံ အတွေ့အကြုံလေးကို ပြောပါဦး ဆရာ''
''ဟိုရောက်တော့ ပန်းချီပညာကို အရင်သင်မပေး သေးဘူး။ ယောဂီအရင်ထိုင်ရတယ်။ ယောဂီထိုင်ခိုင်းရခြင်း က အကျင့်စာရိတ္တကောင်းမွန်ဖို့နဲ့ စိတ်ဓာတ်ခွန်အား မြင့်မြတ်ဖို့လို့ ဆိုတယ်။ သူတို့သင်ပေးတဲ့ ပန်းချီအခြေခံ နည်းပညာတွေကတော့ ဆရာ့အဖို့ မဆန်းပါဘူး။ ဂျပန် ခေတ်ကတည်းက ဆရာကြီး ဦးလှအောင်ဆီမှာ သင်ခဲ့တဲ့ နည်းတွေအတိုင်းပဲ။ မြန်မာ့ရိုးရာ ပန်းချီအခြေခံကို သင် ကြားခွင့် ရခဲ့တာပဲ။ ဒါပေမယ့် အဲဒီကျောင်းရောက်မှ အရှေ့တိုင်းပန်းချီနဲ့ အနောက်တိုင်းပန်းချီရဲ့ ကွာခြားချက် ကို ပိုမိုသိမြင်လာတယ်။ နောက်ပြီး အဲသည်ကျောင်းမှာ အပိုဘာသာအဖြစ် အကပညာကိုပါ သင်ကြားခဲ့ရတယ်။ ဆရာတို့ဆီမှာ ဂီတနဲ့အကကျောင်း ဆက်သွယ်နေသလိုပေါ့ ကွာ''

''ဆရာရေးတဲ့ ကဗျာသရုပ်ဖော် ပုံတွေဟာ ကဗျာရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို အမိအရ ကွက်တိပုံဖော်နိုင်တယ် နော်''
''ကဗျာသရုပ်ဖော်ရာမှာ ပန်းချီလက်ရာ ကျွမ်းကျင် မှု (Clever in Hand) အရေးကြီးသလို၊ ကဗျာဆရာရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် အယူအဆ (Clever in Mind) နဲ့ပတ်သက်တဲ့ အတွေးအမြင်ပါရမီလည်း ရှိရပါ မယ်။ ဆိုလိုတာက ကဗျာရဲ့ ဆိုလိုရင်း အနက်အဓိပ္ပာယ်က ဘာလဲဆိုတာကို ကိုယ်က သိနေရမယ်။ ဒါကြောင့် ကဗျာတွေ၊ စာပေတွေ အများကြီးဖတ်ရမယ်။ ကဗျာသရုပ် ဖော်ပုံ ပီပြင်ဖို့အတွက် ပန်းချီဆွဲတာကို များများကျင့်သင့် ပေမယ့် လက်သေအောင်တော့ မလုပ်သင့်ဘူး။ လက်သေ သွားရင် အဲဒီလက်ကို ပြင်ဖို့မလွယ်တော့ဘူး။ ယွန်းပန်း ချီလိုပေါ့။ နောက်တစ်မျိုးကြည့်လည်း သည်အတိုင်း သည်အတိုင်းပဲ။ နောက်ထပ် မလုပ်တော့ဘူး။ အဲဒီလို ဖန်တီးမှု အနုပညာ  (Creative Art) မရှိရင် ဘာနဲ့တူသလဲ ဆိုတော့ လပေါ်တက်တဲ့ ဒုံးပျံလိုပေါ့။ လပေါ်မရောက်ခင် လောင်စာကလည်း ကုန်သွားလေတော့ ရှေ့ဆက်မတက်နိုင် ဘဲ လေဟာပြင်ထဲမှာ တဝဲလည်လည် မျောနေတာမျိုးနဲ့ တူနေရတာပေါ့။ တစ်ခါလာလည်း သည်အတိုင်း၊ နောက် တစ်ခါလည်လည်း မည်းပြာပုဆိုးလိုပေါ့။"

ဆရာပြောပြသည်မှာ မှတ်သားစရာပင်။ ထို့ကြောင့် လည်း ဆရာကြီး၏ ပုံများဆိုလျှင် နည်းဟန်၊ ဝါဒ ပုံစံ က အစ တစ်မျိုးနှင့်တစ်မျိုး မတူဘဲ၊ မထပ်ဘဲ အမြဲ ရှင်သန်နေပြီးလျှင် ရှိသည့်စာရွက်၊ ရှိသည့် စုတ်တံ၊ ဆော့ဖ်ပင်၊ ရှိသည့်ပစ္စည်းများဖြင့်ပင် ပန်းချီကားချပ်ပုံ တစ်ပုံကို ဖန်တီးရေးဆွဲနိုင်စွမ်း ရှိနေသည်မှာ သူပြောသလို ပင် လက်သေအောင် မလုပ်သည့်အတွက် ဖြစ်ကြောင်း ထင်ရှားနေပေသည်။

ဆရာကြီးက သူ့စကားကိုဆက်၍
''ဖန်တီးမှု အနုပညာရဖို့ကတော့ အရင်တုန်းက လေ့ကျင့်ရေးဆွဲခဲ့တဲ့ အတွေ့အကြုံများရမယ်။ အလေ့ အကျင့် များရမယ်။ ဖန်တီးတတ်တဲ့ စိတ်ကူးရှိရမယ်။ ပြီးတော့ တတိယမျက်လုံးခေါ် Mind eye (အတွေးစိတ်ကူး) ရှိရမယ်။ ဒါတွေရှိမှလည်း ဖန်တီးမှုအနုပညာ ထွက်ပေါ်တာကိုး''

''ဆရာ ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန် နည်းပညာတက္ကသိုလ်) အင်ဂျင်နီမဟာဌာနရဲ့ ရန်ကုန် တက္ကသိုလ်ပညာရေး မဟာဌာနတွေမှာ ပန်းချီကထိက အဖြစ် ဆောင်ရွက်ခဲ့သေးတယ်နော်''
''အေး ဆရာ ရန်ကုန်တက္ကသိုလ် ပညာရေးမဟာဌာန ရဲ့ ရန်ကုန်စက်မှုတက္ကသိုလ်တွေမှာ ၁၉၆၂ ခုနှစ်စပြီး ၁၉၇၈ ခုနှစ်အထိ ၁၆ နှစ်ကြာမျှ အချိန်ပိုင်း ကထိကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းက ဆရာ ကျောင်းသား တွေနဲ့ သင်ကြားဆွေးနွေးဖို့အတွက် Elementary of Design, Life Drawing, Graphic Art, History of Art စတဲ့ ပညာရပ်တွေကို ဖတ်မှတ်လေ့လာခဲ့ရပါတယ်။ အဲဒီလို စာတွေနဲ့ မိမိမှာရှိပြီး အသိနဲ့ ပေါင်းစပ်လိုက်တဲ့ အခါ ခေတ်သစ်ပန်းချီ (Modern Art) ကို ဂဃနဏသိ လာရတယ် ဆိုရမှာပဲ''

''ဒါနဲ့ဆရာ ဆရာရေးသားခဲ့တဲ့ ''ရိုးရာမှသည် ခေတ်သစ်ဆီသို့'' စာအုပ်ထဲမှ ဗင်ဂိုး (Vangogh) နဲ့ ဂေါ်ဂင် (Gauguin) တို့ရဲ့ အချို့ပန်းချီလက်ရာတွေဟာ အရှေ့တိုင်းက ဂျပန်ပန်းချီဆရာကြီးတစ်ဦးရဲ့ ပန်းချီ အငွေ့အသက်မကင်းကြောင်း တင်ပြထားတာကို တွေ့ရ ပါတယ်။ အဲဒီအကြောင်း အနည်းအငယ် ရှင်းပေးပါလား ဆရာ''

''နိုင်ငံတကာက ထင်ရှားတဲ့ အနုပညာလက်ရာ ဟောင်းတွေကို လေ့လာကြည့်ရင်း သူတို့ရဲ့ လက်ရာတွေ မှာ စူးရှပြင်းထန်တဲ့ ရနံ့တစ်မျိုးကို ခံစားရတယ်။ အဲဒီ ရနံ့က အခြားမဟုတ်ဘူး။ အမျိုးသားရနံ့သင်းနေတဲ့ အနုပညာလက်ရာမှန်သမျှ အနုပညာလက်ရာကောင်းတွေ ရဲ့ ဂန္ထဝင်မြောက် (Master Piece) လက္ခဏာတွေပဲ။ အမျိုးသားရနံ့ပျံ့လေ နိုင်ငံတကာဝင်လေပဲပေါ့ကွာ''

''စင်စစ် ခေတ်သစ်ပန်းချီ (Modernism ) ဆိုတာ အတင်းဇွတ်လုပ်စရာ မလိုဘူး'' မိမိတို့ အတူတကွ စီးမျောလိုက်ပါနေတဲ့ ခေတ်ရဲ့လှုပ်ရှားနေတဲ့ လူမှုဆက်ဆံ ရေးတွေ၊ ထိုးထွန်းသွားလာနေတဲ့ သိပ္ပံပညာစတာတွေရဲ့ ရိုက်ခတ်မှုကြောင့် မိမိတို့ရဲ့ ရုပ်နာမ်နှစ်ပါးမှာ မော်ဒန် တရားတွေ မွေးဖွားပြီးဖြစ်တယ်။ ထိုတရားကို အနှစ်သာရ တွေကို ညီညွတ်မျှတစွာ စုစည်းပြီး ကိုယ့်အမျိုးသားဟန်၊ ကိုယ့်အမျိုးသားအားမာန်နဲ့ ရိုးရိုးကလေး တင်ပြပေးရုံပါ ပဲ''

မှန်ပေသည်။ တကယ်ဆိုလျှင် ဆရာကြီး၏ ပန်းချီ လက်ရာများမှာ အနောက်တိုင်းပန်းချီ ဆရာကြီးများ၏ လက်ရာအတိုင်း ဝါဒပေါင်းစုံဖြင့် ရေးဆွဲထားသည်ကို တွေ့ရပါတယ်။ သို့သော် ဝါဒနည်းဟန်သာတူ၍ ထိုပန်းချီ ဆရာကြီး၏ လက်ရာနှင့် သိသိသာသာ ကွဲပြား ခြားနား သည့်အချက်မူ မြန်မာ့ရနံ့သင်းနေသည့်အချက်၊ မြန်မာ့ ပန်းချီဖြစ်နေသည့်အချက်၊ မြန်မာပန်းချီဆရာတစ်ယောက် ရေးဆွဲထားမှန်း သိသာထင်ရှားနေသည့် အချက်များပင် ဖြစ်ပေတော့သည်။ တစ်နည်းဆိုရသော် မြန်မာ့ပန်းချီကို ကိုယ်စားပြုနေခြင်းပင်တည်း။

အဆိုပါစာအုပ်၌ အမှာစာ ရေးသားပေးထားသော ဒေါက်တာလွင်အောင် (ဗိသုကာ) ကလည်း ''သူသည် ပန်းချီသက်တမ်းတစ်လျှောက် အတတ်ပညာပိုင်း၌ နည်း အမျိုးမျိုးကို စမ်းသပ်ရေးဆွဲခဲ့ဖူးသော်လည်း ရိုးရာမှသည် ခေတ်သစ်သို့ကူးသော သူ၏ရပ်တည်ချက်ကို မည်သည့် အခါမှ ဖောက်ပြန်ခဲ့သူ မဟုတ်ပေ'' ဟု ရေးသားဖော်ပြ ထားလေသည်။

ဆရာက ဆက်၍-
''တကယ်တော့ ပန်းချီဆရာ ''မိုဒါန်ရမ်''ရေးဆွဲခဲ့ တဲ့ ရောင်စဉ်ကွက် (Colour Pattern) နည်းကို အရင် ကတည်းက မြန်မာတွေ ရေးခဲ့ပြီးသားပါ။ ဗိသုကာ ကျောင်းသားတွေနဲ့အတူ ပုဂံကို ဆရာ ခရီးထွက်ခဲ့တုန်းက အဲဒီမှာ ယွန်းပန်းချီဆွဲနည်းရယ်၊ Pattern တွေရယ် အများကြီး လေ့လာခွင့်ရခဲ့တယ်။ ပုဂံခေတ် နံရံဆေးရေး ပန်းချီတွေကို လေ့လာလိုက်တော့ ပန်းချီမဆွဲခင် Pattern တွေ ချထားတာ အဲဒီအတိုင်း တွေ့ခဲ့ရတာပေါ့''

''အခု ဆရာရေးနေတဲ့ ပန်းချီလက်ရာပုံစံဟာ ဒါ တွေကို နွယ်ပြီး ဖြစ်ပေါ်လာခဲ့တာပါ။ ကဗျာနဲ့ဆိုရင် သိပ်လိုက်ဖက်တယ်။ ဒီပန်းချီ ရေးနည်းဟန်တွေလည်း ပုဂံခေတ်မှာ အများကြီးတွေ့နိုင်တာပေါ့''

''ဆရာ ပန်းချီကားလက်ရာတွေမှာ ရေးထိုးလေ့ရှိတဲ့ ပန်းချီအမှတ်အသားရဲ့ သဘောကို သိပါရစေ''
''ရိုးရိုးလေးပါ။ ကလေးဘဝမှ အမေက သနပ်ခါး လိမ်းပေးရင်း ပါးကွက်ကလေးကွက်ပြီး မီးခြစ်ဆံလေးနဲ့ အစက်အပျောက်လေးတွေ ချပေးတဲ့ မြန်မာ့ရိုးရာဓလေ့ထုံး စံ တစ်ခုကို နှစ်ခြိုက်လို့ သင်္ကေတလုပ်ထားတာပါ''

''ဆရာငယ်စဉ်က ပန်းချီဆွဲရတဲ့ အခြေအနေနဲ့ အခု အသက်ကြီးမှ ပန်းချီဆွဲရတဲ့ အခြေအနေ ဘယ်လို ကွာခြားမှု ရှိပါသလဲ''
''ဆရာ အသက်ငယ်စဉ်ဘဝကထက် အခု အသက် ၇၀ ကျော် ဘဝရောက်မှ ပန်းချီဆွဲရတာ ပိုပြီးစိတ်ချမ်းမြေ့ ပြီး လွတ်လပ်မှုရှိတယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အတ္တကိုသိလာလို့ပါပဲ။ ပြီးတော့ နတ္ထိက သုည ဆိုတာကိုလည်း ပိုပြီးသဘောပေါက်လာလို့ပဲ''

''ဆရာ တစ်ကိုယ်တော် ပန်းချီပြပွဲတွေ လုပ်ဖူးပါ သလား''
''ဆရာအများနဲ့ပဲ ပူးတွဲပြသဖူးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဆရာကမွဲတော့ ဆေးတို့၊ စုတ်တံတို့၊ ကင်းဗတ်တို့ မဝယ်နိုင်ဘူးပေါ့။ အဲဒီတော့ သူများက ဆေး၊ စုတ်တံ၊ ကင်းဗတ်ရှာပေးပြီး ဆွဲခိုင်းမှ ဆွဲတယ်''

''ဆရာ ဘယ်ပန်းချီဆရာတွေရဲ့ လက်ရာကို အထူး ကြိုက်နှစ်သက်သလဲ''
''ဆရာ ပန်းချီကားဆိုရင် ပထမနှစ် ပန်းချီ ကျောင်းသားလေးပဲ ဆွဲဆွဲ ကြိုက်နှစ်သက်ပါတယ်''

''ဆရာ့ရဲ့ မြန်မာ့ရိုးရာပန်းချီအပေါ် ထင်မြင်ချက်ကို သိပါရစေ''
''ဆရာ မြန်မာ့ရိုးရာပန်းချီကို မြတ်နိုးရကောင်းမှန်း ဆရာကြီးဦးလှအောင်၊ ဆရာကြီးဦးဘဉာဏ်၊ ဆရာကြီး ဦးသာထွန်းတို့နဲ့ တွေ့မှပဲသိခဲ့ရပါတယ်။ မြန်မာ့ရိုးရာ ပန်းချီပညာကို လေ့လာရင်းနဲ့ မျိုးချစ်စိတ်လည်း ထက် သန်ခဲ့ပါတယ်။ နောက် ဗိုလ်လကျာ်၊ ဗိုလ်မှူးချုပ် စောကြာဒိုးတို့ရဲ့ ပန်းချီကော်မတီမှာ မြန်မာ့ရိုးရာပန်းချီပြန် လည် ဆန်းစစ်စေတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ပါ တယ်။ ဆရာ မြန်မာ့ရိုးရာပန်းချီ ပြန်လည်ဆန်းသစ်၍ မြန်မာ့ရိုးရာ ပန်းချီဟန်သစ်ကိုပါ ရှာဖွေခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၄၀ ကျော်ရှိပါပြီ။ အခု ချယ်ရီမဂ္ဂဇင်းအတွက် ''၂၀ ရာစုနောက်ပိုင်း မြန်မာ့ရိုးရာ ပန်းချီဟန်သစ်ရှာပုံ တော်'' ခေါင်းစဉ်နဲ့ ဆောင်းပါးတွေ ရေးနေပါတယ်။

''ဟုတ် ဆရာ အခုလို စိတ်ရှည် လက်ရှည်ရှင်းပြပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာကို နောက်ဆုံးမေး ချင်တဲ့ မေးခွန်းက ဆရာ ပန်းချီအပေါ်မှာ ထားရှိတဲ့ ခံယူချက်ပါပဲ''
''ဆရာ့ခံယူချက်ကတော့ ရှင်းပါတယ်။ ပန်းချီဟာ လောကရဲ့ အလှသစ္စတရားကို ရှာဖွေတင်ပြနေတဲ့အတွက် သစ္စာသည်သာ အလှတရားများပါပဲ''

ဆရာကြီး ဗဂျီအောင်စိုးကို ၁၉၂၃ ခုနှစ်၊ ဒီဇင်ဘာ လ ၉ ရက်နေ့တွင် အဖေ ဦးဘချစ်တင် (အမှုလိုက် အင်စပက်တော်)၊ အမိ ဒေါ်အုန်းတင်တို့မှ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ရန်ကုန်မက်သဒစ်ကျောင်း၊ မန္တလေး ဝက်စလီယံကျောင်းနှင့် မြို့မအစိုးရအထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ယူခဲ့ သည်။ ၁၉၄၃ ခုနှစ် ဂျပန်ခေတ်မှ စစ်ပြီးခေတ်အထိ ဗဟန်းတိုက်နယ် အာရှလူငယ် အစည်းအရုံးတွင် ဉာဏ ဗလမှူး တာဝန်ကို ထမ်းဆောင်ရင်းမှ ဗမာ့ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့သည်။

၁၉၄၇ ခုနှစ်မှစ၍ ''တာရာ'' မဂ္ဂဇင်းတွင် စာနယ် ဇင်း သရုပ်ဖော်ပန်းချီကို စတင်ရေးဆွဲခဲ့သည်။ ထိုအချိန်မှ စ၍ စာနယ်ဇင်းသရုပ်ဖော်ပန်းချီကို အစဉ်တစိုက် ဖန်တီး ရေးဆွဲခဲ့သည်။ အထူးသဖြင့် ကဗျာသရုပ်ဖော် ပန်းချီရေး ဆွဲခြင်း၌ အထူးထင်ရှားသည်။ ဆရာသည် မိမိသည် အယူအဆ၊ ယုံကြည်မှုများကို ကာတွန်းများရေး၍လည်း တင်ပြခဲ့ဖူးသည်။ ကာတွန်းသည် ပြည်သူတို့အား အလွယ်တကူ နားလည်နိုင်သည့် ''ပြည်သူ့ပန်းချီ''ဟု သဘောပေါက်ခံယူထားသူ ဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ သျှန်တိနီကေတန် တက္ကသိုလ်၌ အိန္ဒိယပန်းချီနှင့် အရှေ့တိုင်းပန်းချီပညာ သင်ကြားရန်အတွက် ပညာတော်သင်အဖြစ် စေလွှတ်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၌ ဆရာဗဂျီစိုးအောင်သည် ပါမောက္ခ ဦးလှအောင် ဦးဆောင်သော ယဉ်ကျေးမှုအဖွဲ့ဝင် တစ်ဦးအဖြစ် ဆိုဗီယက်ပြည်ထောင်စု (ရုရှားဖက်ဒရေး ရှင်း) သွားရောက်ခဲ့သည်။ လမ်းခရီးတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ ပါကစ္စတန်နိုင်ငံ လာအိုမြို့၊ ပတ်ရှဝါမြို့၊ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့များတွင် အာရှပန်းချီကို လေ့လာခဲ့သည်။ မော်စကိုစသော မြို့ကြီးများသို့လည်း ရောက်ခဲ့သည်။

၁၉၅၃ ခုနှစ်၌ အစိုးရ ဆေးထိုးပန်းရိုက် သင်တန်း ကျောင်းတွင် တွဲဘက်သင်တန်းမှူးအဖြစ် အပ်ခန့်ခြင်းခံရ သည်။ သင်တန်းမှူးမှာ အိန္ဒိယမှ ခေါ်ယူသော ဆေးဆိုး ပန်းရိုက် ပညာရှင် မစ္စတာရှားမားဖြစ်သည်။ မစ္စတာ ရှားမားက ဆရာဗဂျီစိုးအောင်၏ ပန်းချီလက်ရာများကို နှစ်သက်သဖြင့် ゞင်းနှင့်တွဲဖက်လုပ်ကိုင်ခြင်း ဖြစ်သည်။ ထိုစဉ်က ဗဂျီစိုးအောင်သည် မြန်မာ့ရိုးရာ ပစ်တိုင်းထောင်၊ ဖိုးဝရုပ်၊ ဝါးလက်ခုပ်၊ ဆင်၊ ကျား၊ မြင်းရုပ် စသည်များဖြင့် ဆေးထိုးပန်းရိုက် ဒီဇိုင်းများကို တီထွင်ရေးဆွဲခဲ့ရာ လူ ကြိုက်များခဲ့သည်။

၁၉၆၂ မှ ၁၉၇၈ ခုနှစ်အထိ ရန်ကုန်အထိ ရန်ကုန် စက်မှုတက္ကသိုလ်ပညာရေး မဟာဌာနတို့၌ အချိန်ပိုင်း ကထိကအဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် မြန်မာ့ရိုးရာ ပန်းချီဟန်သစ်ဖြင့် ရေးဆွဲလေ့ရှိသည်။ ကျေးလက်ပန်းချီကို လည်း ဟန်သစ်ဖြင့်ပင် ရေးဆွဲတတ်သည်။

ဆရာသည် စာပေဆိုင်ရာ၊ ပန်းချီဆိုင်ရာ ဆောင်းပါး များကို မဂ္ဂဇင်းများ၌ ကြိုကြားကြိုကြား ရေးသားခဲ့ပြီး ရေးသားထုတ်ဝေပြီး စာအုပ်များမှာ ''ရိုးရာမှသည် ခေတ်သစ်ဆီသို့''၊ ''စာမဲ့ကဗျာ''၊ ''မြန်မာ့ရိုးရာ ပန်းချီဟန်သစ် ရှာပုံတော်'' တို့ ဖြစ်သည်။

ဆရာဗဂျီစိုးအောင်သည် ပန်းချီအနုပညာဘက်တွင် သာမက ရုပ်ရှင်အနုပညာသာမက ရုပ်ရှင်အနုပညာဘက် တွင်လည်း ထင်ရှားအောင်မြင်သူဖြစ်သည်။ ဗြိတိသျှ ဘားမားမှ ရိုက်ကူးသော ''တစ်မိနစ်အလို'' ဇာတ်ကားမှ စ၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ဒါရိုက်တာ ဦးသုခရိုက်ကူးသည့် ''မိုးလုံးပတ်လည်'' ဇာတ်ကားတွင် အဓိကအမျိုးသား ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ရသည်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ခန့်တွင် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်အဖြစ် ကျရာအခန်းမှ ပီပြင်စွာ သရုပ်ဆောင် ခဲ့သည်။

ဆရာ ဗဂျီစိုးအောင်သည် ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့လေသည်။

ဆရာသည် ကွယ်လွန်ချိန်အထိ စာနယ်ဇင်းသရုပ်ဖော်ပုံ ပန်းချီကားများကို ရေးဆွဲသွားခဲ့လေသည်။ ကွယ်လွန်ချိန် တွင် ဇနီးဒေါ်အမာခေါ် ဒေါ်သန်းကြည် သားသမီးရှစ် ယောက်နှင့် မြေးများကျန်ရစ်ခဲ့သည်။

ဆရာကွယ်လွန်ခြင်း တစ်နှစ်မြောက် အထိမ်းအမှတ် အဖြစ် ၁၉၉၁ခုနှစ်၊ သြဂုတ်လ ၂၄ မှ ၃၁ ရက်အထိ ရန်ကုန်မြို့ ဗိဿနိုးအနုပညာပြခန်းများ၌ ''ဗဂျီအောင်စိုး အမှတ်တရ'' ပန်းချီပြပွဲကို ခင်းကျင်းပြသလေသည်။
မည်သို့ဆိုစေ လောက၏ သစ္စာတရားကိုရှာဖွေခဲ့ သော ဆရာ၏ ပန်းချီလက်ရာများသည် သဘာဝလောက ကြီး၏ အလှတရားများပင် ဖြစ်နေပါတော့သည်။

Comments