ခက်သီ ● ကဗျာနဲ့ ဝေးဝေးတနေရာ


ခက်သီ ● ကဗျာနဲ့ ဝေးဝေးတနေရာ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၈

ရောင်းရမှ ပန်းချီတဲ့
လေထုကို သားလှီးဓားနဲ့ဖြတ်
ရက်စက်တဲ့အမှန်တရားဟာ
ဘယ်သူ့ကိုမှ မသနားတတ်ဘူး။

ကဗျာဟာ တိတ်တဆိတ်လူသတ်သမား
ကဗျာဟာ ကဗျာဆရာကိုသတ်ပြီး
သူချည်းကျန်နေဖို့ အမြဲကြိုးစားတယ်။

တိတ်ဆိတ်မှုဟာ ကျကွဲလာတဲ့အခါ
တုန်ခါနေတဲ့ ငြိမ်သက်ခြင်းဟာ
ပင့်ကူအိမ်မှာ တဖျပ်ဖျပ်
လူ့လောက ကမ္ဘာမြေကို
သူမတူအောင်ချစ်တတ်သူဟာ ကဗျာဆရာဖြစ်ပြီးတော့
လူ့လောက ကမ္ဘာမြေကို
သူမတူအောင် မုန်းတတ်သူဟာလည်း ကဗျာဆရာဖြစ်ပါတယ်
သူ့ကိုယ်သူ ချစ်ဖို့မေ့နေတတ်ခဲ့ပြီး
ထို့အတွက်ကြောင့်ပဲ သူဟာ သေသင့်ခဲ့ပါတယ်။

သေမှာကို တွေးမပူဘူး
သေပြီးနောက်ကို တွေးပူတယ်။

ချစ်တဲ့လူ့မြေကမ္ဘာမှာ
ပဒေသာပင်များ ပေါက်ရောက်ပြီး
အမြစ်တွေဟာ ကောင်းကင်အထိ ထိုးစိုက်ဝင်
မိုးကုပ်စက်ဝိုင်းအဆုံးအထိ သက်တန့်ကွေးညွတ်ပေါ်မှာ
ဝင်းမှည့်သစ်သီးများ
လူတွေအားလုံး သောကကင်းစွာခူးဆွတ်စားသုံးလို့
ထိုသို့သော = တနေ့တွင်မှ ကဗျာဆရာအားလုံး
တပြိုင်နက် သေဆုံးကြမှာ ဖြစ်ပါတယ်။

ခက်သီ
၉၊ ၁၁၊ ၂၀၁၈

(မသေသော ကဗျာဆရာအားလုံးသို့)

Comments