လီလီခိုင်ညိန်း ● မအေးချမ်းတဲ့ နှင်းတွေ

လီလီခိုင်ညိန်း ● မအေးချမ်းတဲ့ နှင်းတွေ
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၈

ဆောင်းတွင်းရောက်လာတော့ ဖေစ်ဘုတ်ပေါ်မှာ နှင်းနဲ့ပတ်သက်တဲ့ ကဗျာတွေ စာတွေ၊ တဖွဲဖွဲ ကျနေပါတော့တယ်။ ဟိုမှာ တော့ နှင်းတွေ မကျသေးဘူး။ ဒီမှာတော့ မအေးသေးဘူးဆိုတဲ့ အကြောင်းတွေလည်း ဖတ်ရပါတယ်။ အမေရိကန်မှာ နှင်းတွေစကျတဲ့နေ့ကလည်း ဖေစ်ဘုတ်က သူငယ်ချင်းတွေ လိုင်းပေါ်တင်လို့ သိရမြင်ရပါတယ်။ ကျွန်မတို့မြို့လေးက နှင်း ဖတ်တွေမကျသလို ရေခဲအမှတ်ရောက်အောင် မအေးပေမဲ့ အအေးပိုတတ်တဲ့မြို့လေး ဖြစ်ပါတယ်။ အညာနွေ အညာဆောင်း ကို ပီပြင်တဲ့ နယ်မြို့လေးတမြို့ဆိုလည်း မမှားပါဘူး။

အခုလည်း မနက်စောစောဆို နှင်းတွေ ဖွေးနေအောင် ကျနေပါပြီ။ နှင်းကျသံ တဖြောက်ဖြောက်နဲ့ အိမ်တံစက်မြိတ်အောက်ကို ကျနေတဲ့ မြေပြင်ပေါ်က နှင်းပေါက် ရာလေးတွေက အတော်အေးလာ ပြီဆိုတာကို ပြနေပါတယ်။ အခုလို နှင်းကျလာပြီဆိုရင် ကျွန်မတို့နယ်ရဲ့ အဓိကဆောင်းသီးနှံတွေဖြစ်တဲ့ အာလူးနဲ့ကြက်သွန်တွေ စိုက်လေ့ရှိပါတယ်။ ယောနယ်ကစီးလာတဲ့ ယော ချောင်း၊ ကျောနယ်ဖက်ကစီးလာတဲ့ ကျောချောင်း ကျွန်မတို့မြို့နဲ့ကပ်လျှက်က ပေါက်ချောင်းဆိုတဲ့ ချောင်းတွေထဲမှာ စိုက် ကြတာပါ။ မိုးတွင်းတုန်းက ရေစီးသန်ခဲ့တဲ့ ချောင်းတွေက ဆောင်းမှာတော့ စမ်းချောင်းအဖြစ် ရှိနေတတ်ကြပြီး ချောင်းရဲ့ တဖက်တချက် သဲသောင်ပြင်တွေပေါ်မှာ စိုက်ပျိုးကြခြင်း ဖြစ်ပါတယ်။

ဆောင်းစ၀င်ပြီဆိုရင် ချောင်းရဲ့ သောင်ပြင်ကို ရောင်းကြပါတယ်။ ချောင်းနဘေးက ရွာတွေမှာ သူတို့ရွာရဲ့အပိုင် ချောင်း နယ်နိမိတ် ရှိပါတယ်။ ရွာအပိုင် နယ်နိမိတ်ကို ရွာခံလူတွေကို ဦးစားပေးရောင်းချကြပါတယ်။ ရွာနဲ့ အလှမ်းဝေးသွားတဲ့ နေရာတွေ၊ ရွာခံလူတွေ၊ မသွားချင်တော့တဲ့ နေရာတွေကိုတော့ တခြားရွာကလူတွေကို ရောင်းကြပါတယ်။ ရောင်းနဲ့ ကြေး ကတော့ ရွာခံလူကို ဈေးတမျိုး တခြားကလူကို ဈေးတမျိုးရောင်းကြပြီး ရတဲ့ငွေကို ရွာရံပုံငွေအဖြစ် ထားပါတယ်။ ရောင်းတဲ့ အခါမှာ ပေငါးဆယ်ပတ်လည်ကို တကြိုးလို့ခေါ်ပြီး တကြိုးကို ဘယ်လောက်ဆိုပြီး သတ်မှတ်ပါတယ်။ သဲသောင်ပေါ်တဲ့ အနေအထားကို ကြည့်ပြီး တဦးကို တကြိုးနှုန်း၊ နှစ်ကြိုးနှုန်း စသဖြင့် ဝေခွဲရောင်းချပါတယ်။ နေရာကိုတော့ မဲချပြီး ကျတဲ့ နေရာယူရပါတယ်။

မြောက်ဖက်ရွာနယ်နိမိတ်က သဲပြင်ကို မြောက်ဖက်ကြိုး စပါးမျောကျေးရွာနားက သဲပြင်ဆိုရင် စပါးမျောကြိုး ပေါက်မြို့နား ကဆိုရင် ပေါက်ကြိုးလို့ ခေါ်ကြပါတယ်။ ချောင်းကြိုးရောင်တဲ့နေ့ဆိုရင် ချောင်းထဲမှာ လူအုပ်ကြီးက တရွေ့ရွေ့နဲ့ ကိုယ်ရတဲ့ နေရာကို မှတ်တဲ့သူကမှတ်၊ နေရာချင်းလဲတဲ့သူကလဲ၊ နေရာမကြိုက်လို့ ပြန်ရောင်းတဲ့သူက ရောင်း တခြားဖက်က ကြိုးကို ပြန်ဝယ်ဖို့ စောင့်သူက စောင့်နဲ့ ကြိုးမကုန်မချင်း ချောင်းထဲမှာ လူအုပ်မကွဲပါဘူး။ ချောင်းကြိုးများများပေါ်တဲ့နှစ်ဆိုရင် တရွာ ရောင်းရင် သုံးလေးရက်လောက် နေကုန် ရောင်းရပါတယ်။ ချောင်းထဲမှာ ချောင်းကြိုးဝယ်ရတာလဲ မလွယ်ပါဘူး။ မနက်စော စော နှင်းထဲမှာ လေတိုက်နေတဲ့ ချောင်းပြင်ကျယ်ထဲမှာ စမ်းရေအေးအေးကို ဖြတ်သွားရတဲ့နေရာတွေလည်း ရှိပါတယ်။ နေပူလာတော့လည်း ၀တ်လာတဲ့ အနွေးထည်ကို ခေါင်းစောင်း သဲပြင်ပူပူပေါ် လမ်းလျှောက်ရပါတယ်။

ရလာတဲ့ နေရာက အဆင်သင့်စိုက်လို့ရတဲ့ နေရာ မဟုတ်သေးပါဘူး။ ရတဲ့နေရာကို အောက်ဖက်က စမ်းနဲ့ ဆက်မိအောင် တွင်းသေးသေးလေးတူးပြီး ကြည့်ရပါတယ်။ အဲဒါကိုတော့ ရေချိန် ချိန်တယ်လို့ ခေါ်ပါတယ်။ သဲထုထူတဲ့ နေရာဆိုရင် ထူနေတဲ့ သဲကို ဆွဲပစ်ရပါတယ်။ သဲပါးတဲ့ နေရာကျတော့ သဲဖို့ရပါတယ်။ သဲတွေကို ညှိဖို့ ထွန်ဖို့ကိုတော့ နွားနဲ့ ထွန်ကိုပဲ အသုံးပြုပါတယ်။ ထွန်မယ့်နွားတရှဉ်းနဲ့ လူတယောက်ကို ထွန်ရှဉ်းတရှဉ်းလို့ သုံးနှုံးကြပါတယ်။ နေရာမကောင်းရင် ထွန်ရှဉ်း ၀င်ရတာများတော့ အကုန်အကျများပါတယ်။

အာလူးစိုက်တာက စိုက်တာစောမှ အဆင်ပြေပါတယ်။ စောမှ အပင်က နှင်းရည်သောက်ရတာ ၀သလို နေပူရှိန် မပြင်းခင် အာလူးဖော်ရက်ကိုက်မှ ရက်ကိုးဆယ်ပြည့်အောင် နေလို့ဖြစ်တာပါ။ ပုံမှန်ဆိုရင်တော့ စိုက်ပြီးအပင်ပေါက်စုံတဲ့ အချိန် အပင်အတွက် ဆေးဖြန်း တလခွဲဆိုရင် ပေါင်းနှုတ် ရေလောင်း ဆေးဖြန်းချိန် ဖြန်း ရယ်ခြောက်ဆယ်ရဲ့ နောက်ပိုင်းဆိုရင်တော့ အပင်ကို အားဖြစ်မယ့်ဆေးတွေ ရပ်ပါပြီ။ ဥကြီးတော့မယ့် အချိန်ရောက်ရင်တော့ အပင်တွေလည်း တဖြည်းဖြည်းညှိုး လိုက်လာပါတယ်။ ရက်မပြည့်ခင် နေပူလွန်းရင် မဖော်ရသေးတဲ့ အာလူးတွေက သဲပူလောင်ပြီး အရောင်လည်းမလှ၊ အချိန်လည်း မစီးတော့ပါဘူး။ သဲပူလောင်မှာစိုးလို့ ရက်မပြည့်ခင်ဖော်ရင်လည်း အခွံတွေကွာတတ်ပါတယ်။ သဲချောင်းမှာ စိုက်တဲ့ အာလူးက အခွံပါးသလို ခပ်စီးစီးလည်း မနေပါဘူး။

ရှမ်းပြည်ဖက်ကလာတဲ့ အာလူးလို မစီးပဲ ခပ်ဖွယ်ဖွယ်ပါပဲ။ အရောင်ကလည်း အနီရောင်မဟုတ်ပဲ အ၀ါဖြစ်ပါတယ်။ ချောင်း ထဲမှာမစိုက်ပဲ အရာတော်ခုံလို သဲရောနေတဲ့ ယာခင်းပြင်မှာ စိုက်တဲ့ အာလူးကိုတော့ ကုန်အာလူးလို့ ခေါ်ကြပြီး ချောင်းထဲမှာ စိုက်တဲ့ အာလူးကိုတော့ ချောင်းအာလူးလို့ ခေါ်ကြပါတယ်။ အာလူးမပေါ်ခင် တခြားဆောင်းသီးနှံတွေကိုလည်း စိုက်ပျိုးပြီး ရောက်ကြပါသေးတယ်။ ကျွန်မတို့ မြို့လေးမှာ ဈေးက တခုတည်းရှိသလို မနက်ငါးနာရီခွဲလောက်ကနေ ညနေ ငါးနာရီ လောက်အထိ ရောင်းကြပါတယ်။ ရွာက လာပြီးရောင်းတဲ့ ဟင်းသီးဟင်းရွက်သည်တွေ ရှိသလို ဖောက်သည်သွင်းပြီး ပြန်ကြ တဲ့သူတွေလည်း ရှိပါတယ်။ ရောင်းပုံရောင်းနည်း မတူပေမယ့် ဂုတ်တိုအောင် ခံတောင်းနဲ့ ရွက်လာရတာချင်းကတော့ အတူတူ ပါပဲ။

သူတို့ပြန်ခါနီး လိုအပ်တာတွေ ၀ယ်ကြပြီဆိုရင် ကျွန်မတို့က ချမ်းလို့ကောင်းနေတုန်း အချိန်ပါ။ ဖျင်ကြမ်းလုံချည်နဲ့ တက်ထွန် ကွက်အင်္ကျီလက်ရှည်လေးတွေဝတ်ပြီး ကိုယ်လုံးတွေကျုံ့လက်ပိုက်ထားတဲ့ သူတို့ကတော့ အလာတုန်းက ခေါင်းခုရွက် လာတဲ့ ပုဆိုးနွမ်းလေးတွေ ခေါင်းကနေ မေးကို သိုင်းပြီး စည်းထားကြတဲ့ ဆင်တူပုံစံတွေနဲ့။ အကျီထူထူ ဘာလို့ ၀တ်မလာကြ တာလဲမေးရင်တော့ အလာတုန်းက ခံတောင်းရွက်ရင်း လမ်းလျှောက်ရတာ ချွေးပြန်လို့ ၊ အပြန်ကြရင်လည်း လမ်းလျှောက်ရင် မချမ်းတော့ဘူး။ အခု ဈေးထဲမှာမို့ ခဏချမ်းတာလို့ ပြောကြတယ်။ အာလူးစိုက်ချိန်ဆိုရင်တော့ ဈေးကို သိပ်မလာ နိုင်ကြ တော့ပါဘူး။

ကိုယ့်အခင်းစိုက်တော့မယ်ဆိုရင် တခြားသူတွေက ၀ိုင်းကူစိုက်ပေးသလို လာကူတဲ့သူတွေရဲ့ အခင်းစိုက်မယ်ဆိုရင်လည်း တလှည့်စီ လိုက်စိုက်ပေးကြရပါတယ်။ အဲဒါကို သူတို့က လက်စားလိုက်တယ်လို့ ခေါ်ကြပါတယ်။ နေ့စားငှားစိုက်တာ ရှိသ လို နေ့စားခအကုန်မခံနိုင်တဲ့ သူတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ပါပဲ။ အာလူးစိုက်ချိန်တုန်းက ငွေကြေးမပြည့်စုံလို့ ပေါင်နှံ ထားတဲ့ ရွေတိုရွေစတွေ ကိုတော့ အာလူးရောင်းပြီးချိန်မှာ ပြန်ရွေးကြပါတယ်။

ပုံမှန်ရာသီဥတုဆိုရင်တော့ အာလူးစိုက်တာက အမြတ်များတတ်ပေမယ့် ရာသီဥတုမကောင်းတဲ့ အခါမှာတော့ အရင်းတောင် ပြန်မရကြတဲ့ အဖြစ်တွေလည်း ရှိပါတယ်။ အထက်ဖက်က ယောချောင်းရေ၊ ကျောချောင်းရေကျလာလို့ အခင်းတွေ ရေနင်း ခံရတာတွေ အခင်းလိုက် ရေမျောသွားတာတွေလည်း ဖြစ်တတ်ကြပါတယ်။ ဟိုတုန်းကတော့ ဖြစ်တောင့်ဖြစ်ခဲ အဖြစ် တွေပါပဲ။ အခုနောက်ပိုင်းမှာတော့ ဆောင်းတွင်းမှာ မိုးရွာ မိုးအုံ့လို့ စိုက်ခင်းတွေ မှိုကျတတ်ပါတယ်။ ချောင်းရေတွေ အများ ကြီးလာလို့ တရွာလုံးစိုက်သမျှ စိုက်ခင်းတွေ ရေမျောကြတာတွေလည်း ဖြစ်ကြပါတယ်။

ဟိုတုန်းကလို အာလူး၊ ကြက်သွန်က စိုက်လို့ မကောင်းတော့ဘူး။ ရာသီဥတုမကောင်းတာလည်း မပြောနဲ့ လူတွေကလည်း မကောင်းကြတော့ဘူး။ အရင်တုန်းကလို ချောင်းကြိုးဝေရင် မျှမျှတတ ဝေတာမဟုတ်ဘူး။ ပြန်ရောင်းစားမယ့်သူနဲ့ ပေါင်းပြီး နေရာကောင်းတွေကို ချန်ထားပြီးမှ ကျန်တာတွေကို ဝေတော့တာ။ တကယ်စိုက်တဲ့ တောင်သူတွေကျ နေရာမကောင်း တော့ဘူး။ အဲလိုတွေ ဖြစ်လို့ တိုင်ပြန်တော့လည်း ပြဿနာတွေ ရှင်းနေရတာနဲ့ စိုက်ချိန်လွန်သွားတော့ အာလူးတွေ သဲပူမိ စောပြီး ဖော်ရတော့ ဈေးကောင်းမရတော့ဘူး။ အာလူးမျိုးလာဝယ်ရင်းနဲ့ ပြောကြတဲ့ သူတို့ရင်ဖွင့်သံတွေက စုံလို့ပါပဲ။

ဘယ်လိုပဲ ပြောကြပေမဲ့ အချိန်တန်လို့ နှင်းတွေကျလာပြီဆိုရင် ချောင်းထဲမှာ စိုက်ကြတာပါပဲ။ သူတို့အပြောကတော့ ချောင်း ခင်းဆင်းနေကြဆိုတော့ ဆင်းချင်တာပဲတဲ့။ အရင်တုန်းကဆိုရင် အာလူးခင်းတွေမှာ စောင့်ရတယ်လို့ မရှိပေမယ့် အခုတော့ အာလူးဥဖက်ကို လှည့်တဲ့အချိန် တနည်းအားဖြင့် ဥလေးတွေ နည်းနည်းကြီးတဲ့ အချိန်ကတည်းက စောင့်ကြရပါတယ်။ မစောင့်ရင် ခိုးပြီး ဖော်ကြတယ်။ စားဖို့မဟုတ်ပဲ ခိုးပြီးရောင်းကြတယ်။ အိမ်ကထွက်တုန်းက ခံတောင်အခွံနဲ့ ချိန်ခွင်ယူ အာ လူးခိုးဖော်ပြီး တောင်းနဲ့ထည့်ရွက် ဈေးထဲလာရောင်းတဲ့သူတွေ ရှိလို့ ညအိပ်စောင့်ကြရတယ်ဆိုပဲ။

ရာသီဥတုနဲ့ အလောင်းအစားလုပ်ပြီး စိုက်ကြရတဲ့ အထဲ သူခိုးကြောင့် ထပ်ပြီး စိတ်ပူကြရ ပါသေးတယ်။ ရေနံတွေထွက်တုန်းက အပြိုင်အဆိုင် ရေနံတူးကြတာကို သတိရမိပါတယ်။ စက်တွေနဲ့ တူးတာမဟုတ်ပဲ လက်နဲ့ တူးကြတာပါ။ ကျွန်မတို့ဆီမှာတော့ ကျင်းထောင်းတယ်လို့ ခေါ်ပါတယ်။ နွားတွေ ၊ ယာတွေ ရောင်းပြီး ရေနံထောင်းတဲ့ သူတွေလည်း ရှိပါတယ်။ ရေနံထွက်မထွက် မသေချာပေမယ့် ဒီကျင်း ထဲကို ပိုင်ဆိုင်သမျှလေးတွေ ထည့်လိုက်ရတာပါပဲ။ အခုလည်း ရေလာမလား မလာမလား မသိ နိုင်တဲ့ ချောင်းပြင်ထဲမှာ ကံကို ပုံချပြီး အမြတ်အစွန်းလေးများ ရမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပိုင်ဆိုင်သမျှ တချို့ကို ချောင်းထဲချထားကြဦးမှာ ဖြစ်ပါတယ်။

နှင်းတွေ ဝေနေတဲ့ ဆောင်းမနက်ခင်း တချို့မှာတော့ အာလူးခင်းထွန်မယ့် ထွန်ရှဉ်းတွေရယ် ထွန်ပြီးသားအခင်းတွေမှာ နွားချေးဖြူးမယ့်သူတွေရယ်၊ နွားချေးနှပ်ပြီးသားအခင်းတွေက အာလူးစိုက်တဲ့သူတွေရယ်နဲ့ ချောင်းထဲမှာ ဘ၀တချို့ ရှိနေကြ ဦးမှာပါပဲ။ ဝေနေတဲ့ နှင်းတွေကို ကြည့်မိတိုင်းလည်း ချောင်းပြင်ထဲက ပုံရိပ်တွေရယ်၊ ခံတောင်းအလေးကြီး ရွက်ပြီး အပြေး တပိုင်း လမ်းလျှောက်လာမယ့် ပုံရိပ်တွေရယ်၊ ပုဆိုးကို မေးသိုင်းစီးပြီး ချောင်းခင်းထဲသွားဖို့ ဈေးထဲကနေ ခပ်သုပ်သုပ် ပြန် မယ့်ပုံရိပ်တွေရယ်က ကျွန်မအတွေးထဲမှာ နင့်နင့်သည်းသည်း ဝေ့ဝဲလို့….။ ။

လီလီခိုင်ညိန်း
0