လမ်းဆုံက တို့တိုင်းပြည်၊ တို့တိုင်းပြည်ရဲ့မနက်ဖြန်



လမ်းဆုံက တို့တိုင်းပြည်၊ တို့တိုင်းပြည်ရဲ့မနက်ဖြန်
K ငြိမ်းချမ်း (မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၈

အင်္ဂလိပ်အောက် နှစ်ကြိမ်၊ ဂျပန်လက်အောက်တကြိမ် ကိုလိုနီကျွန်ပြုခံရတဲ့တိုင်းပြည်၊ လွတ်လပ်ရေး ရလုရခင်စပ်ကြား ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးကို လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတဲ့တိုင်းပြည်၊ လွတ်လပ်ရေးရတာ ၁၉၄၈ခုနှစ် လက်ငါးချောင်းမပြည့်ခင် ပြည်တွင်းစစ်ဖြစ်တဲ့တိုင်းပြည်၊ ငါတို့ကယ်မှ ဖြစ်တော့မယ်ဆိုပြီး တိုင်းပြည်အာဏာကို တပ်မတော် က နှစ်ပေါင်း ၅၀ကျော် သိမ်းလိုက်တဲ့တိုင်းပြည်၊ တရားပွဲတွေ ဒီလောက်များပါရဲ့ အမုန်းတရားတွေ ထွားနေတဲ့တိုင်းပြည်၊ ဈေးမရောင်းရဆိုင်းဘုတ်အောက်မှာ ဈေးရောင်းနေတဲ့ တိုင်းပြည်၊ အမှိုက်မပြစ်ရဆိုင်းဘုတ်ကြီးအောက်မှာ အမှိုက်ပုံကြီးရှိနေတဲ့တိုင်းပြည်၊ သယံဇာတတွေ သဘာဝအရင်းအမြစ်တွေများပါရဲ့လူမွဲစာရင်းက မထွက်ရသေးတဲ့တိုင်းပြည်၊ ဒီမိုကရေစီလို့နှုတ်က အော်နေသောငြား သေနတ်ကိုင်တွေ အာဏာရှိနေသေးတဲ့တိုင်းပြည်။

ကွယ်လွန်သူ နောင်တော် ကဗျာဆရာလှသန်းပြောခဲ့သလို ကံခေပြီး ချစ်စရာကောင်းနေသေးတဲ့တိုင်းပြည်ကတော့ ဟောဒီ ရွှေပြည် မြန်မာနိုင်ငံတော်ကြီးပါပဲ။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသဖြင့် ကဏ္ဍပေါင်းစုံ အဖက်ဖက်က ကျဆင်းလာပြီး ပြန်လည်ထူထောင်တည်ဆောက်ဖို့ကြိုးစားရာမှာလည်း အမှုအမျိုးမျိုး အခင်းအမျိုးမျိုး နဲ့ ရှေ့ဆက်သွားလို့မရအောင် တန့်နေတဲ့တိုင်းပြည်

သူတော်စင်တ၀က် သူယုတ်မာတ၀က်၊ စိုက်သူတ၀က် ခုတ်တာ တဖွဲ့၊ အပျက်နဲ့အခက်နဲ့ရောထွေးနေတဲ့တိုင်းပြည်

အဲ့ဒီ တိုင်းပြည်ရဲ့အနာဂတ်၊ အဲ့ဒီတိုင်းပြည်ရဲ့မနက်ဖြန်ဆိုတာ ဘယ်လိုလာမှာပါလိမ့်။

ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားအချင်းချင်း ကိုယ့်တိုင်းပြည်ရဲ့မနက်ဖြန်ကိုသာ တန်ဖိုးထားတတ်ကြမယ်ဆိုရင် မနက်ခင်းထွက်မယ့်နေမင်းကြီးဟာ အေးမြမြဖြစ်နေပြီး ညခင်းပိုင်း ထွက်မယ့် လမင်းကြီးက ထိန်ဖြာရောင်ဝါသန်းနေမှာပါ။ ဒါမှမဟုတ်ရင်တော့ မနက်ဖြန်မရှိတဲ့ အနာဂတ်မရှိတဲ့ တိုင်းပြည်ဖြစ်သွားမှာကတော့ အသေအချာပါပဲ။

အဲဒီတော့ ဒီတိုင်းပြည်ထဲမှာနေ ဒီတိုင်းပြည်ထဲမှာပဲ ရှာဖွေစားသောက်နေထိုင်ကြရင်း ဒီတိုင်းပြည်လှစေချင်သူတယောက်ရေးတဲ့ စာအုပ်တအုပ်ထွက်ရှိလာပါတယ်။ စာရေးသူက စာရေးဆရာထိန်လင်းဖြစ်ပြီး စာအုပ်အမည်ကတော့ တိုင်းပြည်ရဲ့မနက်ဖြန် (အတွေးဆောင်းပါးများ)ဖြစ်ပါတယ်။

စာအုပ်မှာ ပါဝင်တဲ့ဆောင်းပါးများကတော့

၁။ တိုင်းပြည်ရဲ့မနက်ဖြန်

၂။ အမှားနဲ့အမှန်

၃။ လောကထဲမှာ အိပ်စက်ခြင်း

၎။ ကလေးတစ်ယောက်ရဲ့နေအိမ်

၅။ တော်လှန်ရေးသည် စာသင်ကျောင်း

၆။ ပိန်းရွက်ပေါ်က ရေစက်များ

၇။ အရည်အချင်းပြည့်ဝမှုနဲ့ နေရာ

၈။ ပုဂံကို ကယ်တင်ပါ

၉။ ပန်းတိုင်းလှကြပါစေ

၁၀။ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်း

၁၁။ ငွေမရှိဘဲ ပိုက်ဆံအိတ်ဝယ်ခြင်း

၁၂။ စိတ်ကူးထဲက အိမ်

၁၃။ စိတ်နေစိတ်ထားနဲ့ ခေတ်အခါ

၁၄။ တစ်ခုခုတော့ လုပ်ဖို့လိုသည်

၁၅။ သမိုင်းဆိုးပြတိုက်များ ကင်းဝေးရေး

၁၆။ ၀ိုင်းလုပ်ဝိုင်းစား ဟုတ်ပါသလား

၁၇။ ပုံသေတွက်လို့မရတဲ့ဘဝ

၁၈။ ဆန္ဒပြင်းအား ဘယ်လောက်ရှိသလဲ

၁၉။ ပုံစံခွက်ထဲက ဘဝ

၂၀။ နှစ်သစ်ကူး အတွေး

၂၁။ နားထောင်ခြင်း အလေ့အထ

၂၂။ အပြန်အလှန် နားထောင်ခြင်း

၂၃။ ဆုတောင်းတိုင်း ပြည့်ပါသလား

၂၄။ မိုးကောင်းကင်တစ်ခုရဲ့အောက်မှာ

၂၅။ မကြီးပွားရခြင်းနှင့်ဆိုင်သော အတွေး

၂၆။ ကံကောင်းခြင်းနှင့် ကံဆိုးခြင်း

၂၇။ အကြံကောင်းတစ်ခုရအောင်ပြုဖို့

၂၈။ ကိုယ်ဘာကို လိုချင်တာလဲ

၂၉။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခြင်း

၃၀။ တွေးကြည့်ရင် ရှက်စရာ

၃၁။ ဘ၀ကို ထီထိုးခြင်း အစရှိတဲ့ဆောင်းပါးပေါင်း ၃၁ပုဒ် ပါဝင်ပါတယ်။

ယခုဆောင်းပါးများနဲ့ပတ်သက်ပြီး စာရေးသူ ထိန်လင်းက မိတ်ဆက်စကားမှာ “အခု စာအုပ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးများဟာ လွန်ခဲ့တဲ့ ၁၅နှစ်ခန့်က တွေးတောဖြစ်ခဲ့တဲ့ အကြောင်းအရာများစွာထဲက တချို့ကို စုစည်းထားခြင်းဖြစ်ပါတယ်။ “အတွေးသမားတစ်ဦး ရဲ့အာဘော်” ဆိုတဲ့ခေါင်းစဉ်နဲ့ လွတ်လပ်တဲ့အာရှအသံ RFA မှာ အသံလွှင့်ခဲ့တဲ့ အပတ်စဉ်ဆောင်းပါးများအနက် တချို့ဖြစ်ပါတယ်။ တိုင်းပြည်အတွက်ကိုယ့်ပြည်သူ ကိုယ့်မိတ်ဆွေများအတွက် ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ တွေးတောရေးသားခဲ့တဲ့ ဆောင်းပါး များဖြစ်ပါတယ်။”လို့ ရေးသားပြောဆိုထားပါတယ်။

ဆောင်းပါးအများစုမှာ စာရေးသူက အချက်အလက်နဲ့အခြေအနေများကိုသာ ရေးသားထားပြီး ကျန်အဖြေကိုတော့ စာဖတ်သူများကိုဆက်လက်တွေးတောစေတာများပါတယ်။ တချို့ဆောင်းပါးတွေကတော့ ဆောင်းပါးလို့တံဆိပ်တပ်ထားသော်လည်း အက်ဆေးဆန်တဲ့ အဖွဲ့အနွဲ့များလည်းပါပါတယ်။ ဘာပဲပြောပြော အပြုသဘောနဲ့ ထောက်ပြဆွေး နွေးချက်များကို အရသာရှိရှိဖတ်ရမယ်လို့ဆိုနိုင်ပါတယ်။

တချို့အချက်တွေကျ တိုင်းပြည်အတွက် အနာဂတ်အတွက် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စရပ်များဖြစ်တာမို့ အနည်းငယ်စီ ကောက်နုတ်ဖော်ပြချင်ပါတယ်။

“လူတစ်ယောက်ရဲ့အနာဂတ်ဟာ ပစ္စက္ခအနေအထားတစ်ခုပေါ်မှာတင် ကောက်ချက်ဆွဲလို့ မရဘူးဆိုပေမယ့် လက်ရှိအနေအထားတွေရဲ့ရိုက်ခတ်မှုတွေကိုတော့ အနည်းနဲ့ အများရင်ဆိုင်ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့လက်ရှိရင်ဆိုင်နေရမှုများဟာ မြန်မာပြည်အနာဂတ်ကို တစ်စုံတစ်ရာ ရိုက်ခတ်မှာပါပဲ။ မြန်မာနိုင်ငံက ကလေး များဟာဟာ ပဋိပက္ခတွေကြားမှာ ကြီးပြင်းခဲ့ရတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ” (တိုင်းပြည်ရဲ့မနက်ဖြန် မှ)

“အဲဒီလို ပဋိပက္ခတွေ စစ်မက်တွေကြားမှာ ကြီးပြင်းလာရတဲ့ကလေးတွေဟာ မုန်းတီးမှု ရန်လိုမှု ဒေါသ အာဃာတစတဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးလွှမ်းမိုးမှုအောက်မှာ ကြီးပြင်းလာ ခဲ့ရတယ် လို့ပြောနိုင်ပါလိမ့်မယ်။ အဲဒါတွေက ဆယ်စုနစ်တွေချီအောင် တည်တံ့လာတဲ့အခါ တနည်းအားဖြင့် အဲဒီစိတ်တွေနဲ့ကြီးပြင်းလာခဲ့တဲ့သူတွေမှာ ငယ်စဉ်ကစွဲနေတဲ့စိတ် တွေက ပျောက် နိုင်ပါ့မလား။ ပြီးတော့ အဲဒီစိတ်တွေ လုံးဝကင်းဝေးအောင် ဘယ်လောက်လုပ်နိုင်ကြပါသလဲ။ ဒါတွေက အရေးကြီးလှပါတယ်။ အစွဲတစ်ခုခုနဲ့ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ အဲဒီအစွဲကို သူ့ရဲ့ဘ၀တစ်လျှောက်လုံးသယ်ဆောင်သွားတတ်တဲ့သဘောရှိပါတယ်။”(တိုင်းပြည်ရဲ့မနက်ဖြန် မှ)

“တစ်ခါတရံမှာကျတော့ အမှားအမှန်ဆိုတဲ့သတ်မှတ်ချက်တွေဟာ သူတို့ရဲ့ပင်ကိုအတိုင်းမဟုတ်ဘဲ လူတွေရဲ့သြဇာ အာဏာနဲ့သတ်မှတ်ထားမှုတွေပေါ်မှာ တည်မှီနေတာတွေရှိ ပါတယ်။ အဲဒီလို သတ်မှတ်ထားချက်တွေဟာ မှားနေနိုင်ပေမယ့် ဘယ်သူကမှ ပြန်လှန်ပြောဆိုဆွေးနွေးခြင်း ငြင်းခုံခြင်းမရှိကြပါဘူး။ ဒါကြောင့် မှားယွင်းတဲ့ အယူအဆတစ်ခုဟာ နှစ်ပေါင်းများစွာ အမှန်အဖြစ်တည်တံ့နေခဲ့တာဖြစ်ပါတယ်။” (အမှားနဲ့အမှန် မှ)

“တချို့က ‘ငါ့သားဟာ ငါ့လိုလူဖြစ်ရမယ်၊ ငါဖြစ်စေချင်တဲ့အတိုင်းဖြစ်ရမယ်’ဆိုပြီး သားသမီးနဲ့ပတ်သက်လို့ တွက်ဆတတ်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တကယ်ကျတော့ လူကြီးတွေ အနေနဲ့ ကလေးတွေရဲ့ပင်ကိုအရည်အသွေးတွေကိုသာ သဘာဝအတိုင်းဖွံ့ဖြိုးအောင် ကူညီဖို့ဖြစ်ပါတယ်။”(ကလေးတစ်ယောက်ရဲ့နေအိမ် မှ)

“ဘယ်လိုပဲဖြစ်ဖြစ် နေရာစုံကနေ တိုင်းပြည်အပြောင်းအလဲအတွက် လုပ်ကိုင်ဆောင်ရွက်နေသူတွေဟာ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေကြတဲ့သူတွေသာဖြစ်ပါတယ်။ ဒါကို အာဏာပိုင်တွေကတော့ ကြိုက်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့စကားရပ်ရဲ့အဓိပ္ပာယ်ကိုက ‘ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ရောက်ရှိအောင် အပြင်းအထန်အားထုတ်လုပ်ကိုင်မှု’လို့ဖွင့်ဆိုထားတာဖြစ်လို့ လက်ရှိစနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တစ်ခုပေါ်ပေါက်ရေးအတွက် လုပ်ဆောင်နေကြသူတွေအားလုံးတော်လှန်ရေးသမားတွေပါပဲ။”(တော်လှန်ရေးသည် စာသင်ကျောင်း မှ)

“ဒီလို ဒုက္ခသည်စခန်းတွေကို ရောက်တဲ့အခါတိုင်း လူသားချင်းထားရှိတဲ့စာနာစိတ်ဆိုတာကို တွေးမိပါတယ်။ ဘာကြောင့်လဲဆိုတော့ စခန်းထဲက ဒုက္ခသည်တွေဟာ အဲဒီလို စာနာစိတ်တွေကို အလိုရှိနေတဲ့လူတွေပဲ မဟုတ်ပါလား။”(ပိန်းရွက်ပေါ်က ရေစက်များ မှ)

“ပညာရှင်တွေ ဦးခိုက်တာကိုမြင်ချင်တဲ့ အာဏာပိုင်တွေ ရပ်ကွက်တစ်ခုလောက်ကို အုပ်ချုပ်နေရတာနဲ့ စကြ၀တေးမင်းလောက် သြဇာညောင်းချင်တဲ့သူတွေ အလှူရှင်မှန်း သိ အောင် မဏ္ဍပ်တိုင်တက်ပြချင်တဲ့သူတွေက အများကြီးပါ။ သူတို့အနေနဲ့ အတုယူစရာတွေကို တွေ့ရင်လည်း အတုယူချင်မှ ယူမယ်ထင်ပါတယ်။”(အရည်အချင်းပြည့်ဝမှုနဲ့နေရာ မှ)

“ကျွန်တော်တို့တိုင်းပြည်မှာလည်း စိတ်ထားလှပတဲ့အတွက် ချစ်ခင်လေးစားခြင်းခံခဲ့ရသူတွေအများကြီးပါ။ ဒါဆိုရင် ကျွန်တော်တို့ကရော အဲဒီလိုစိတ်ထားအလှပိုင်ရှင်တစ်ယောက် မဖြစ်နိုင်ကြဘူးလားလို့ စဉ်းစားကြည့်မိပါတယ်။” (ပန်းတိုင်း လှကြပါစေ မှ)

ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ကျောင်းတွေမှာ အိမ်တွေမှာ အလုပ်အကိုင်တွေမှာ ကွပ်ကဲအုပ်ချုပ်နေသူတွေက ဘယ်လိုဘယ်ပုံဆက်ဆံနေကြပါသလဲ။ကလေးတွေကိုပဲဖြစ်ဖြစ် လက်အောက်ငယ်သားတွေကိုပဲဖြစ်ဖြစ် ချီးမွမ်းစကားပြောဆိုတတ်သူက နည်းပြီး အော်ဟစ်မာန်မဲနေတတ်သူတွေက အရေအတွက် ပိုများနေပါသလား။ တွေးကြည့်စရာပါ။ ”(ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်း မှ)

“ကျွန်တော်တို့အနေနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်တွေအပေါ် အမြဲတမ်းသုံးသပ်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ဟာကိုယ် တာဝန်ယူထားတဲ့အလုပ်ကို တာဝန်ကျေအောင် လုပ်နိုင်ရဲ့လား။ ကိုယ့်ရာထူး ကိုယ့်နေရာတွေနဲ့ရော တကယ်ပဲ ထိုက်တန်ရဲ့လား။ ဒါမှမဟုတ် အရည်အချင်းရှိသူတစ်ယောက်အဖြစ် ကိုယ်က လိမ်ညာနေသလား စတဲ့အချက်တွေကို သုံးသပ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ တစ်ခုခုလွဲချော်နေပြီဆိုရင်တော့ အမြန်ဆုံး ပြင်ဆင်လိုက်ဖို့ပါပဲ။ ဒါမှသာ ပိုက်ဆံမရှိဘဲ ပိုက်ဆံအိတ်ဝယ်ယူသူဘ၀က လွတ်မြောက်နိုင်မယ် မဟုတ်ပါလား။ ”(ငွေမရှိဘဲ ပိုက်ဆံအိတ်ဝယ်ခြင်း မှ)

လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ရေးထားတာဆိုပေမယ့် စာအုပ်ထဲပါ အချက်အလက်ဖြစ်ရပ်တွေဟာ ယခုထိရှိနေပြီး ယနေ့ခေတ်ကို မီးမောင်းထိုးပြနေသေးတယ်ဆိုရင် ပြောင်းလဲမှုကို ဦးတည်ရွှေလျားနေပါတယ်ဆိုတဲ့ ယနေ့ဖြစ်စဉ်များကို သံသယဖြစ်ရမှာဖြစ်ပါတယ်။ ခေတ်က အဲဘက်ပိုင်းမှာ ရပ်နေလို့သာ စာအုပ်ပါလူတန်းစားတွေလည်း ရှိနေသေးလို့ဖြစ်ပါ တယ်။

နောက်ထပ်ကျန်နေတဲ့ဆောင်းပါးတွေထဲက စိတ်ကူးထဲက အိမ်၊ စိတ်နေစိတ်ထားနဲ့ခေတ်အခါ၊ တစ်ခုခုတော့လုပ်ဖို့လိုသည်၊ ၀ိုင်းလုပ်ဝိုင်းစား ဟုတ်ပါသလား၊ ပုံသေတွက်လို့မရတဲ့ ဘ၀၊ နားထောင်ခြင်းအလေ့အထ၊ အပြန်အလှန် နားထောင်ခြင်း၊ မကြီးပွားရခြင်းနှင့်ဆိုင်သော အတွေး၊ အကြံကောင်းတစ်ခု ရအောင်ပြုဖို့၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခြင်း အပုဒ် များကတော့ မြန်မာ့လူအဖွဲ့အစည်းအတွက် အပြုသဘောနဲ့ရေးထားတဲ့ အက်ဆေးငယ်များအဖြစ်တောင် ဖတ်ရှုရပါတယ်။

အနှစ်ချုပ်ဆိုရင် စာအုပ်ကောင်းတအုပ်ဟာ စာဖတ်သူ ဖတ်စေချင်အောင် ရေးဖွဲ့နိုင်ရမယ်။ ဖတ်ပြီးရင်လည်း လွတ်လပ်စွာ တွေးတောနိုင်ရမယ်။ ပြီးရင် ဆုံးဖြတ်စေပါတယ်လို့ စာဖတ်နာသူ တဦးထံက မှတ်သားခဲ့ရဖူးပါတယ်။ စာအုပ်ရေးသားသူ စာရေးဆရာထိန်လင်းကလည်း “ကျွန်တော်တို့အနေနဲ့ မိမိတို့ရဲ့စိတ်တံခါးတွေကို အသေပိတ်ထားပြီး ဘာမှ မတွေးကြဘူး။ ဘာမှ မဆင်ခြင်ကြဘူးဆိုရင်တော့ ကိုယ့်အခွင့်အရေးတွေကို လက်လွတ်စပယ် ပစ်ထားလိုက်တာနဲ့ အတူတူပါပဲ။ ကိုယ့်ဘ၀အတွက် ဘယ်သူကမှ အမြဲတမ်း မစဉ်းစားပေးနိုင်သလို ဘယ်သူကမှ လာရောက်ပုံဖော်ပေးနိုင်မှာလည်း မဟုတ်ပါဘူး။”လို့ ရေးသားထားပါတယ်။

ဒါကြောင့် ယခုစာအုပ်ပါဆောင်းပါးဆိုဆို အက်ဆေးဆိုဆိုတွေကို ဖတ်ကြည့်စေချင်ပါတယ်။ လွတ်လပ်စွာ တွေးတောနိုင်တယ်ဆိုတဲ့ အညွှန်းကိုလည်း ဟုတ်မဟုတ်ဆုံးဖြတ်စေမှာ ကတော့ အသေအချာပဲ ဖြစ်ပါတယ်။

Comments