ဇင်လင်း ● မြန်မာ့ ပထဝီဝင်နိုင်ငံရေး ရေခံမြေခံကိုအသုံးချ၍ နိုင်ငံတကာဖိအားများကို တွန်းလှန်ရေး

ဇင်လင်း ● မြန်မာ့ ပထဝီဝင်နိုင်ငံရေး ရေခံမြေခံကိုအသုံးချ၍ နိုင်ငံတကာဖိအားများကို တွန်းလှန်ရေး
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၈

လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်လာဈေး ရွှေဈေး လောင်စာဆီဈေးနှင့် အခြေခံစားသုံးကုန်ဈေးနှုန်းများမြင့်တက်လျှက်ရှိသည်။ ထိုသို့ စီးပွားရေး မတည်မငြိမ် ဖြစ်နေရခြင်းသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့် တိုက်ရိုက် ဆက်စပ်ပတ်သက်နေသည်။ တနည်း ဆိုရလျှင် နှစ်ပေါင်း ၇ဝ မျှရှည်ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်ကို ယနေ့တိုင် မရပ်နိုင်သေး၍လည်း ဖြစ်သည်။  အကျိုးဆက် အဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း ယခုတိုင်မရရှိနိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလည်း အလှမ်း ဝေးနေဆဲ ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံကို ဘေးကျပ်နံကျပ်ဖြစ်စေသည့် အနောက်တံခါး ကျိုးပေါက်မှုကိစ္စသည် ယခင် ဆယ်စုနှစ် ၅ ခုခန့်အတွင်း တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက် အကျင့်ပျက်လာဘ်စားမှုရောဂါဆိုးကို မထိန်း ချုပ်နိုင်ခဲ့သောကြောင့်ဟု ဆိုနိုင်သည်။ လုံခြုံရေးအရ တာဝန်ရှိ ဝန်ထမ်းပိုင်းက လာဘ်ငွေယူ၍ လူကုန်ကူးမှု (Human Trafficking) တွင် ပါဝင်ပတ်သက်ခဲ့ကြသဖြင့်  အနောက်တံခါးနှင့် အရှေ့မြောက်တံခါးများ ကျိုးပေါက်ခဲ့ရသည်။ မူးယစ်ရာဇာ များနှင့် လူကုန်ကူးသူများကြောင့် လုံခြုံရေးကဏ္ဍ ဝန်ထမ်းပိုင်း အကျင့်ပျက်ခဲ့ကြသည်။ ရလဒ်မှာ အနောက်ဖက်တွင် ဘင်္ဂလီ များ ခိုးဝင်ခဲ့ကြသည်။ မန္တလေးနှင့်တကွ အရှေ့မြောက် မြန်မာပြည်အတွင်းသို့ တရုတ်လူမျိုး အမြောက်အများ စိမ့်ဝင်နေရာ ယူခဲ့ကြသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ လာဘ်စားကာ လက်ပိုက်ကြည့်နေခဲ့ကြသည်။

ယခုအခါ ဘင်္ဂလီပြဿနာကြောင့် မြန်မာအစိုးရအား လူ့အခွင့်အရေးချိုးဖေါက်မှု အမျိုးမျိုးကျူးလွန်သည်ဟုဆိုကာ ကုလ သမဂ္ဂအပါအဝင် အနောက်နိုင်ငံများနှင့် အစ္စလာမစ်နိုင်ငံများက စွပ်စွဲပြစ်တင်ခဲ့ကြသည်။ မြန်မာအစိုးရသည် နိုင်ငံတကာ ဖိအားများစွာ ကြုံတွေ့နေရသည်။ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍအသီးသီးမှ တာဝန်ရှိအရာထမ်း အမှုထမ်းအချို့ နိုင်ငံအပေါ် သစ္စာမရှိမှုကြောင့်၊ အကျင့်ပျက် လာဘ်စားမှုများကြောင့်၊ လူမျိုးခြားများ စိမ့်ဝင်မှုနှင့်အတူ ငွေ မည်းပမာဏလည်း အမြောက်အများ စီးဝင်ခဲ့သည်။ ငွေမည်းပမာဏကြီးမားမှုကြောင့်  ငွေကြေး ဖေါင်းပွမှုနှုန်း မြင့်တက် ကာ နိုင်ငံရေး စီးပွားရေး မတည်မငြိမ်ဖြစ်ရသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ အစ္စလာမစ်နိုင်ငံများအုပ်စု (OIC)က ဖိအားများတိုးမြှင့်ရန် ကြံစည်နေသည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ (UN-FFC) ၏ ၁၅ လကြာ စုံစမ်းကာ အချက်အလက်စုဆောင်းခဲ့သည့်  စာမျက်နှာ ၄၄ဝ ပါ အစီအရင်ခံစာ စက်တင်ဘာ ၁၈ ရက်နေ့တွင် ထွက်လာပြီးနောက် ဖိ အားအရှိန်မြင့်လာခဲ့သည်။

ယင်းသို့သော အခြေအနေမျိုး ဖြစ်ပေါ်နေစဉ် စိတ်ဝင်စားဖွယ် မြန်မာနိုင်ငံဘက်မှ ရပ်တည်ရေးသားထားသော ဆောင်းပါး တပုဒ် ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ အနောက်နိုင်ငံများနှင့် အစ္စလာမစ်နိုင်ငံများတွင် အခြေစိုက်သော သတင်း  မီဒီယာများက မြန်မာနိုင်ငံအား အထီးကျန်စေရန် ကြိုးပမ်းအားထုတ်နေကြသော်လည်း ၎င်းတို့၏လုပ်ဆောင်ချက် မှာ အချည်းနှီးသာဖြစ်သည်ဟု ဆောင်းပါးရှင် Sawako Utsumi နှင့် Lee Jay Walker တို့ ၂ ဦးက အောက်တိုဘာ ၅ ရက်နေ့ ထုတ် “Modern Tokyo Times” သတင်းစာတွင် ရေးသားတင်ပြထားသည်။ ယီမင်နိုင်ငံတွင် လူမဆန်သော အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများကို ထောက်ခံပံ့ပိုးနေသည့်  ဆော်ဒီအာရေဗီးယားကဲ့သို့ လူ့ကျင့်ဝတ်မလိုက်နာသော နိုင်ငံမျိုးက မြန်မာနိုင်ငံအပေါ် ကျင့်ဝတ်ပိုင်းအရ ထိုးနှက်တိုက်ခိုက်ပိုင်ခွင့်မရှိဟု ဆောင်းပါးက ဆိုသည်။

ဆော်ဒီအာရေဗီးယားဦးဆောင်သော ဆွန္နီမူစလင်မဟာမိတ်အဖွဲ့၏ လူသားမဆန်သော လုပ်ရပ်များကြောင့် ယီမင် လူဦး ရေ ၁၂ သန်းခခန့်စားရေရိက္ခာများ ဆိုးဆိုးရွားရွားပြတ်လပ်လျှက် ရှိသည်။  ထိုသို့ လူ့ကျင့်ဝတ်ဖေါက်ဖျက်နေသော ဆော်ဒီ အာရေဗီးယားသို့ အနောက်နိုင်ငံများကလည်း စစ်လက်နက်ပစ္စည်းများ အလျှံပယ်ရောင်းချပေးခြင်းမှာလည်း သံသယဖြစ် ဖွယ်မရှိအောင် ထင်ရှားနေသည်။ ထို့ကြောင့် အနောက်အုပ်စုခေါင်းဆောင်နိုင်ငံများနှင့် အစ္စလာမစ်အုပ်စု ခေါင်းဆောင်နိုင်ငံ များအနေဖြင့် မြန်မာနိုင်ငံအား ကျင့်ဝတ်ဆိုင်ရာ ဖိအားများ အဆက်မပြတ်ပေးနေမည့်အစား၊ ၎င်းတို့သက်ဆိုင်ရာနယ်ပယ် အဝန်းအဝိုင်းအတွင်း လူသားကျင့်ဝတ် ဖေါက်ဖျက်မှုများမဖြစ်ပေါ်စေရန် စနစ်တကျ စီမံဆောင်ရွက်သင့်သည်ဟု ဆောင်းပါး တွင် ဝေဖန်ထောက်ပြထားသည်။

အနောက်နိုင်ငံများနှင့် အစ္စလာမစ်နိုင်ငံများက မြန်မာနိုင်ငံအား အဆိုးမြင်ရှုထောင့်မှ ပုံဖေါ်ဆန့်ကျင်နေခြင်းသည် လက်တွေ့ တွင် ဆခန့်ကျင်ဘက် အကျိုးဆက်များကိုသာ ဖြစ်ပေါ်စေကြောင်း တွေ့ရသည်။ အနောက်နိုင်ငံများနှင့် အစ္စလာမစ်နိုင်ငံများ၏ အဆိုးမြင်ထိုးနှက်မှုများကြောင့် မြန်မာနိုင်ငံအား တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှား၊ တောင်ကိုးရီးယား၊ ထိုင်း၊ ဗီယက်နမ်စသည့် နိုင်ငံများနှင့် ပိုမို၍ ဆက်ဆံရေးကောင်းမွန်အောင် ဖန်တီးပေးသကဲ့သို့ရှိသည်။ တချိန်တည်းတွင် ဖေါ်ပြပါနိုင်ငံများနှင့်တကွ စင်္ကာပူနှင့် ထိုင်ဝမ် စသည့်နိုင်ငံများထံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ရရှိနေသည်ကို ကြည့်ခြင်းအားဖြင့် အ နောက် နိုင်ငံများနှင့် အစ္စလာမစ်နိုင်ငံများ၏ အကြံ မအောင်မြင်ကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ နိုင်ငံခြားရေးပြဿနာ အရှုပ်အထွေကိုအကြောင်းခံ၍ မြန်မာနိုင်ငံအား အထီးကျန်ဖြစ်စေရန် ကြိုးပမ်းမှုမှာ အချည်းနှီးသာဖြစ်သည်ဟု ဆောင်းပါးရှင် Sawako Utsumi နှင့် Lee Jay Walker တို့က သုံးသပ်ရေးသားထားသည်။

ပထဝီဝင်နိုင်ငံရေးစကားဖြင့်သုံးသပ်ရလျှင် စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့်  တရုတ်၊ အိန္ဒိယ နှင့် ဂျပန် စသည့် နိုင်ငံအသီးသီးအနေဖြင့် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို သိရှိနားလည်ကြသည်။ တချိန်တည်းတွင် ‘ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ’ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ရုရှားဖက်ဒရေးရှင်းပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့က လည်း မြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာများ ဖြစ်နေသည်။ သို့ဖြစ်၍ နိုင်ငံတကာမိသားစုဝင် နိုင်ငံများအနေဖြင့် တနိုင်ငံချင်း၏ ရှုထောင့်မှ အကြောင်းချင်းရာတခုတည်းအပေါ်မူတည်ပြီး မြန်မာနိုင်ငံအား မသုံးသပ်သင့်ပေ။ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားသော နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံနှင့် အပြုသဘောဆက်ဆံရေးထူထောင်နိုင်မည့် အခြေခံအချက် အလက်အမျိုးမျိုးကို ရှာဖွေသင့်သည်ဟု ဆောင်းပါးရှင်တို့က သုံးသပ်ထားသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ၎င်းနိုင်ငံအသီးသီး၏ ထူးခြားသော အရည်အသွေးလက္ခဏာများအပေါ်မူတည်၍ ဆက်ဆံရေး  ကောင်းမွန်အောင် အသုံးချသင့်ပေသည်။ ဥပမာ - တရုတ်နိုင်ငံသည် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအတွက် အရေးပါသော  မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည်။ ထို့ပြင် တရုတ်သည် ‘ကုလသမဂ္ဂ လုံခြုံရေးကောင်စီ’ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ် သဖြင့် မြန်မာနိုင်ငံအတွက် အရေးပါသည်။ အလားတူ ဂျပန်သည်လည်း ဒီမိုကရေစီအခြေပြု စီးပွားရေး အင်အားကြီးနိုင်ငံ  ဖြစ်သော ကြောင့် မြန်မာနိုင်ငံအား စီးပွားရေးအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို မြှင့်တင်ပေးနိုင်  ပေသည်။

ထို့ပြင် ဂျပန်သည် မြောက်ကမ္ဘာခြမ်းရှိ အနောက်အုပ်စုခေါင်းဆောင်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ပေါင်းကူး ဆက်စပ်ပေးနိုင်စွမ်းလည်းရှိသည်။ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးကဏ္ဍအတွက်လည်း ဂျပန်က မြန်မာအား အကူအညီပေးနိုင်ပေသည်။ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် အခြားအရေးကြီး ကဏ္ဍများစွာတို့တွင်လည်း ဂျပန်က မြန်မာနိုင်ငံ အား အထောက်အကူ ပေးနိုင်သည်။

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန (International Institute for Strategic Studies –IISS) ၏ အထူးလေ့လာ သုံးသပ်ချက်တရပ်တွင် အိန္ဒိယ၏ အရှေ့ဘက်ဒေသဆိုင်ရာ လုပ်ငန်းစဉ်မူဝါဒအရ မြန်မာနိုင်ငံသည် သော့ချက်နေရာ၌ ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ၂ဝ၁၄ ခုနှစ် ၁၂ ကြိမ်မြောက် အာဆီယံညီလာခံတွင် ပြောခဲ့ဖူးသည်ဟု ဆိုသည်။ အိန္ဒိယက ၎င်း၏စီးပွားရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးအားကောင်းရေးအတွက် မြန်မာနိုင်ငံကို ကြားခံအိမ်နီးချင်းအဖြစ် ပထမ အ ဆင့် အသုံးချမည်။ ထို့နောက် ဒုတိယအဆင့်၌ မြန်မာမှတဆင့် အာဆီယံနိုင်ငံအုပ်စုနှင့် ဒေသဆိုင်ရာ ဆက်ဆံရေး တိုး မြှင့်နိုင်မည်ဟု အိန္ဒိယက ယုံကြည်ထားသည်ဟု IISS က သုံးသပ်သည်။

ယင်းသို့သော အခြေအနေကြောင့် အိန္ဒိယအဖို့ မြန်မာနိုင်ငံသည် ဒေသချင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး ပါသောနေရာ၌ ရှိသည်။ ပထဝီဝင်နိုင်ငံရေး ရှုထောင့်မှ ကြည့်လျှင်လည်း အိန္ဒိယ-တရုတ်ဆက်ဆံရေးတွင် မြန်မာသည် အရေးပါသည်။ အိန္ဒိယ၏ အမျိုးသားလုံခြုံရေးကိစ္စတွင်လည်း မြန်မာက အရေးကြီးသည့်နေရာ၌ တည်ရှိနေသည်ဟု ဆို သည်။ အထူးသဖြင့် အိန္ဒိယ၏ အရှေ့ဘက်ဒေသဆိုင်ရာမူဝါဒ အစပျိုးအကောင်အထည်ဖေါ်ရာ၌လည်း မြန်မာသည်  သော့ ချက်နေရာတွင် ရှိသည်။ အလားတူ အာဆီယံအုပ်စုနှင့် ဆက်သွယ်ရေးအတွက်လည်း ပထဝီအနေအထားအရ မြန်မာနိုင်ငံက သဘာဝ ပေါင်းကူးတံတားသဖွယ် တည်ရှိနေသည်ဟု ဆိုသည်။  မကြာသေးမီ အချိန်များအထိ အိန္ဒိယနှင့် ဂျပန်တို့သည် မြန်မာနိုင်ငံအား ပထဝီဝင်နိုင်ငံရေးရှုထောင့်၊ စစ်ရေးရှုထောင့်နှင့် စီးပွားရေးရှုထောင့်များမှ လေ့လာချဉ်းကပ်မှု ပို၍ လုပ်လာ ကြသည်ဟု ဆောင်းပါးက ဖေါ်ပြသည်။ မကြာသေးမီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်း စုကြည် သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နှင့် တိုကျိုမြို့၌ တွေ့ဆုံခဲ့သည်။ ၎င်းအရေးပါသော တွေ့ဆုံမှုမတိုင်မီ Modern Tokyo Times သတင်းစာက ယခုကဲ့သို့ ရေးသားဖေါ်ပြခဲ့ဖူးသည်။

“မကြာသေးမီက ဖြစ်ပေါ်ခဲ့သော သမိုင်းအတွေ့အကြုံများကို အခြေခံ၍ ဂျပန်နိုင်ငံက ‘မြန်မာနိုင်ငံနှင့် အပြု သဘောဆက်ဆံ ရေး’ ကို အထူးတန်ဖိုးထား လေးစားခဲ့သည်။ အကြောင်းမှာ မကြာသေးမီ နှစ်များအတွင်း မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနယ်ပယ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး ဆိုင်ရာ ဖြစ်တည်မှုအနေအထားသည် အလွန်ထူးခြားတောက်ပစွာ အရေးပါလှသည်။ ထို့ပြင် ဗုဒ္ဓဘာသာအယူဝါဒနှင့် ခိုင်ခိုင်မာမာ ထုံးနှောင်ဖွဲ့စည်းထားပုံအရလည်း မြန်မာနှင့်ဂျပန် နှစ်နိုင်ငံသည် သဘာဝအရ ဆက်နွယ်ပတ်သက်လျှက် ရှိနေ ပေသည်။ ထိုထိုသော အကြောင်းများကြောင့်ပင်လျှင် ဂျပန်နိုင်ငံ၏ အာဏာပိုင်အဝန်း အဝိုင်းက ဒေါ်အောင်ဆန်းစုကြည် အား စိတ်အားထက်သန်စွာဖြင့် စောင့် ကြိုနေသည်ကို သိနိုင်ပေသည်။”

ယေဘုယျအားဖြင့် ခြုံငုံသုံးသပ်ရလျှင် မြန်မာနိုင်ငံသည် နိုင်ငံကြီး တခု၏ သြဇာစက်ကွင်းအတွင်း ကျဆင်းသွားနိုင်ဖွယ်ရာ မရှိဟု ဆောင်းပါးရှင် Sawako Utsumi နှင့် Lee Jay Walker တို့၂ ဦးက သုံးသပ်သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့သည် နည်းအမျိုးမျိုးဖြင့် သြဇာအင်အားရှိသော နိုင်ငံများ ဖြစ်ကြသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံကို နိုင်ငံကြီး တနိုင်ငံက သြဇာလွှမ်းမိုးမသွားစေရန် တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့က အင်အားချိန်ခွင်လျှာ မျှအောင် ထိန်းညှိ နေကြသည့် သဘောဖြစ်သည်ဟု ဆိုသည်။ ထိုနည်းတူစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံကလည်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ အကြား တောင့်တင်းခိုင်မာသော တံတားတစင်းပမာ ဆက်စပ်ပေါင်းကူးပေးထားသည်။ ထို့ပြင် မော်စကိုရှိ နိုင်ငံရေးအာဏာရှိ အသိုင်းအဝိုင်းကလည်း ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးပိုကောင်းမွန်အောင် နည်းလမ်းရှာဖွေ ကြိုးပမ်းနေကြသည်ဟု ဆောင်း ပါးရှင်တို့က ထောက်ပြသည်။ ထို့ပြင် ရုရှားဖက်ဒရေးရှင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ် သည်။ မြန်မာနိုင်ငံအား ရုရှားက လက်နက်ရောင်းဝယ်ရန် ဆက်ဆံမှုလည်း ရှိနေသည်ဟု ဆိုသည်။ ခြုံငုံလေ့လာပါက တရုတ်-ရုရှားဆက်ဆံရေး၊ တရုတ်-အိန္ဒိယဆက်ဆံရေး၊ အိန္ဒိယ-ရုရှားဆက်ဆံရေး၊ ရုရှား-ဂျပန်ဆက်ဆံရေး အစရှိသော နိုင်ငံခြား ဆက်ဆံရေးကဏ္ဍ အသီးသီးတွင် မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး တည်နေရာသည် အရေးပါသော ဗဟိုချက်နေ ရာ၌ရှိနေသဖြင့် နိုင်ငံကြီးတခုခု၏ သြဇာရိပ်အောက်သို့ ကျရောက်သွားမည်ကို မလိုလားကြဟု ဆောင်းပါရှင်တို့က ဆိုသည်။ မဲခေါင်ဖြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၌လည်း မြန်မာနိုင်ငံက ပထဝီဝင်နိုင်ငံရေးအရ အရေးပါသောအခန်း ကဏ္ဍ၌ တည်ရှိနေသည်။ ယင်းသို့သော အကြောင်းအချက်များကြောင့် တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ၎င်းတို့ အားကောင်းသည့် အခန်းကဏ္ဍ ထောင့်အသီးသီးမှ မြန်မာနိုင်ငံ၏ စွမ်းရည်ကို မြှင့်တင်ပေးရန် ကြိုးပမ်းနေကြသည်ဟု  ဆောင်းပါးရှင် Sawako Utsumi နှင့် Lee Jay Walker တို့နှစ်ဦးက   ဝေဖန်သုံးသပ်ထားသည်။

ယေဘုယျအားဖြင့် ပေါင်းချုပ်သုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး ရေခံမြေခံ ထူးထူးခြားခြား ကောင်းမွန်မှု   ကြောင့် အစ္စလာမစ်နိုင်ငံများ၏ အဆိုးမြင်ထိုးနှက်မှု ဖိအားများသည်လည်းကောင်း၊ ကုလသမဂ္ဂ၏ ICC တင်ရေးဖိအား သည်လည်းကောင်း အရာမထင်နိုင်ဘဲ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ အချည်းနှီးသာ ဖြစ်ပေမည်။။

Vol.1, No.222: 3 Nov. 2018: သူရိယနေဝန်းဂျာနယ်တွင် ဖေါ်ပြသည့်ဆောင်းပါး။

Reference: Myanmar should utilize its geopolitical importance: Positive ties with China, India, and Japan by Sawako Utsumi and Lee Jay Walker

Comments