ဟယ်လို...နိုဝင်ဘာ
အိမ့်ကြည်ဖြူ
အိမ့်ကြည်ဖြူ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၈
အိမ်ကိုပြန်ချင်သည်။ ကျွန်မ အိမ်မပြန်ဖြစ်တာ အတော်ကြာပါပြီ။
မနှစ်ကလည်း
အိမ်မပြန်ဖြစ်။
မနှစ်တနှစ်ကလည်း အိမ်မပြန်ဖြစ်။
တတိယနှစ်ကျောင်းသူဘဝကတည်းက
အိမ်မပြန်ဖြစ်တော့ပါ။ မနှစ်တုန်းကယခုလိုအချိန်တွင်
ကျွန်မဘွဲ့ယူနေသည်။
ယခုနှစ်တွင် သင်တန်းတစ်ခုတက်နေရပြန်သည်။
ကျန်အချိန်များတွင်အိမ်ကို လွမ်းလွမ်းဆွေးဆွေးကြီးမဖြစ်။
နှင်းတွေအနည်းငယ်ထူပိန်းလာသည့် နိုဝင်ဘာတွင် တော့ ကျွန်မ၏လွမ်းဆွတ်မှုလည်း
ထူပိန်းလာသည်။ အိမ်ကိုပြန်ချင်သည်။ ကျွန်မအိမ်ကိုပြန်ချင်သည်။
ဇာတိမြို့လေးကိုလွမ်းလာသည်။ ကောင်းကင်တွင်
ကြယ်တာရာများစုံလင်စွာလင်းလက်နေသည်။
လပြည့်ဝန်းက
ရွှန်းရွှန်းတောက်တောက်။ ယခုလိုညမျိုးတွင် အမေ့အိမ်တံခါးကိုသာ
တဒေါက်ဒေါက်ခေါက်လိုက်ချင်မိသည်။
ကျုံးရေပြင်ထဲမှလမင်းကို စတီးလက်ရမ်းများနောက်မှ ငေးနေမိသည်။ ကျွန်မသည်
ထိုလမင်းကြီး ကို ဧရာဝတီမြစ်ကြီးထဲသို့ နေရာ ရွှေ့လိုက်ချင်သည်။ သို့ဆိုလျှင်
ကျွန်မသည်လည်း ဧရာဝတီမြစ်ကြီးထဲမှ သဲသောင်ခုံလေးအပေါ်သို့ ရောက်သွားလေမည်လား။
ဆူညံလှသောဆိုင်ကယ်အိတ်ဇောသံများက လမင်း ကို နှုတ်ခမ်းတွန့်သွားစေသည်။ ၂၆ ဘီလမ်းသည်
တဖြည်းဖြည်းရှုပ်ထွေးလာနေပြီ။ ဆိုင်ကယ်သံများတိုး သွားချိန်တွင် လမင်းက ဝိုင်းစက်လာပြန်သည်။
တငြိမ့်ငြိမ့်တသိမ့်သိမ့် မြစ်ဧရာထဲကလမင်းသည် ပို၍လှ သည်ဟု ကျွန်မထင်ပါသည်။
ယခုလိုညမျိုးတွင် ကျွန်မတို့သူငယ်ချင်းတစ်စုသည် မြို့လေး၏အထက်ဖက်အရပ်၌ရှိသော
သဲသောင်ခုံ ရေလယ်ကျွန်းသို့ သွားကြသည်။
ငှက်ပျောတုံးလေးများပေါ်
ဆီမီးထွန်း၍ ဆီမီးတစ်ထောင်မျှောကြသည်။ မီးမျှောပွဲမှပြန်လာပြီးနောက် ကာ တွန်းဆရာ
ညိုကိုနိုင်၏ကာတွန်းပြပွဲသို့ သွားကြသည်။ မီးပုံးများတွင်ရေးဆွဲထားသောဟာသကာတွန်းများကို
သီတင်း ကျွတ်ပွဲတော်နှင့်ယခုလိုတန်ဆောင်တိုင်ပွဲ တော်တွင် ကြည့်ခွင့်ရပါသည်။
ကာတွန်းအများစုသည် ခေတ်ကာလ၏ ပုံရိပ်ကိုဖော်ပြထားကြသည်။
ဆူညံစွာအော်ဟစ်သွားကြသော
လူငယ်တစု၏အသံများကိုကြားရပြန်သည်။ ကာတွန်းညိုကိုနိုင်၏ဇာတ်လိုက်ကျော်
ကိုရင်သာဂေါင်၏ပါးစပ်ကြီးသည် ပို၍ကျယ်သွားပါသည်။ လမင်းဝိုင်း စက်စက်သည်
ဘဲဥပုံဖြစ်သွားသည်။ ဆူညံသံများသည် ၇၇ လမ်းထဲသို့ ချိုးဝင်သွားကြသည်။
ကျွန်မပြန်အလာကို ဖေဖေနှင့်မေမေက အိမ်လမ်းချိုးကလေးက
စောင့်နေကြသည်။
"မီးမျှောပွဲက ခါတိုင်းနှစ်တွေလို စည်သေးရဲ့လားသမီး၊
ကာတွန်းတွေကရော
ကောင်းရဲ့လား"ဟု မေမေကဆီးမေးသည်။ ဖေဖေက အမေကြီးတို့အိမ်လေးကို
မြန်မြန်သွားချင်နေပုံရသည်။ ကျွန်မသည် အိမ်သို့မပြန်ဖြစ်သေးပဲ
ဖေ ဖေနှင့်မေမေ၏နောက်သို့ လိုက်ခဲ့ရပြန်သည်။
တကယ်တော့ ကျွန်မသည်လည်း အိမ်သို့မပြန်ချင်သေးပါ။
အမေကြီးတို့အိမ်လေးမှာ
လူစုံရှိသည်။ မေမေ့အစ်မများ၏ မိသားစုရှိကြသည်။ မေ့မေ့အစ်မကြီးကြီးသက်၏ယောက်ျားဖြစ်သော
ဘဘမြင့်က ဂစ်တာတီးတတ်သည်။ အမေကြီးတို့အိမ်ခြံဝရောက်လျှင် ကြက်သွန်ဆီသတ် နေသည့်ရနံ့များနှင့်အတူ
မြေပဲဆံထောင်းနေသည့်အသံကိုပါကြားရပါသည်။
အမေကြီးက မယ်ဇလီဖူးလေးများကို ပြုတ်ကာရေညှစ်ပြီးထောင်းနေသည်။
ဖေဖေက ယခုညအတွက် ဘီ ယာနည်းနည်း သောက်ခွင့်ကို မေမေ့ထံမှ ခွင့် ပြုချက်ယူထားပြီးဖြစ်သည်။
ဖေဖေတို့ မယားညီအစ်ကို ငါး ယောက် ဂစ်တာတီးသီချင်းဆို၍ ဆေးပေါင်းခတဲ့ညဟု အော်ဟစ်နေချိန်တွင်
အမေကြီးကပြုံးပြုံး ပြုံးပြုံးနှင့် မယ်ဇလီဖူးသုပ်နေသည်။ ကြီးကြီးသက်က ဘဘမြင့်ကို
မျက်စောင်းတချက်လှမ်းထိုးသည်။ "ဆေးပေါင်းခတဲ့ည" ဟု အုပ်စုလိုက်မူးယစ်နေသူများက
အော်ဟစ်သွားချိန်တွင် ကျူံးရေသည် လှိုင်းဂယက်များထသွားခဲ့သည်။ လမင်းသည်
ရှုံ့တွသွားသည်။ ကြယ်တာရာများ တစ်ပွင့်နှင့်တစ်ပွင့် လွန်စွာဝေးသွား ကြပြန်သည်။
ကျွန်မသည်လည်း ဇာတိမြို့လေးနှင့်ဝေးနေရသည်မှာ မည်သူ့ကြောင့်နည်းဟု မေးချင်လှပါသည်။
ဇာတိမြို့လေးတွင် ကျွန်မဆက်လက်သင်ယူလိုသော ပညာရပ်များမရနိုင်ပါ။ မြို့နှင့်တောသည်
ပညာရေး နှင့်ပတ်သက်၍ ကွာဟချက်များစွာရှိနေသေးသည်။
ပညာဆက်လက်ဆည်းပူးလိုသူတို့သည်
မြို့ပြသို့လာနေကြရဆဲ။ သို့ဖြင့် နိုဝင်ဘာတိုင်းတွင် ဇာတိမြို့လေး နှင့်အဝေးမှာ
ကျွန်မရောက်နေခဲ့ရသည်။ ဇာတိမြို့လေး၏ဘေးမှဖြတ်၍စီးဆင်းသွားသော မြစ်ဧရာရေ အလျဉ်တွင်
ဆီးမီးတစ်ထောင်ပူဇော်ထားသော ငှက်ပျောတုံးဖောင်လေး များ မျှောနေကြရော့မည်။
ရွှေဂူကြီးစေတီ၊ မြစေတီ နှင့်မဟာလေးထပ်ကျောင်းများရှိရာကမ်းနဖူးတွင် မီးမျှောပွဲကို
လာရောက်ဖူးမျှော်ကြည့်ရှုကြသူများဖြင့် စည်ကား နေရော့မည်။ တရုပ်ပြည်မှလာသော
မီးရှုးမီးပန်းဖောက်သံများ ဆူညံသွား ပြန်သည်။ ယခုနေရာသည် ကျွန်မ၏ ဇာတိ မြေမဟုတ်။
နန်းမြို့ရိုးသည် မီးရှုးမီးပန်းများနှင့်အတူဆူညံစွာ ထွက်လာသော တဖောင်းဖောင်းအသံများ ကြောင့်
တုန်လှုပ်သွားပုံရသည်။ ရေပြင်တွင်အရိပ်ထင်နေသော ပစ္စင်သည် သိမ့်ခနဲလူးလွန့်သွားသလိုထင်ရသည်။
ကျွန်မသည် ရတနာပုံနေပြည်တော်ခေတ်က မင်းတရားကြီးတို့၏ တန်ဆောင်တိုင်ပွဲကို
စိတ်ကူး ကြည့်မိသည်။ ထိုအကြောင်း အရာများကို ကျွန်မမလေ့လာဖြစ်သေးပါ။ သို့ဖြစ်၍
ရေးရေးသာ မှန်းဆနိုင်ပါသည်။ ရွှေနန်းတော်ကြီးအတွင်းတွင် မသိုးသင်္ကန်းများလည်း
ရက်လုပ်နေလောက်ပါသည်။ ရေမြေ့သခင်၏အနီးအပါး၌ ခစားနေကြသော နန်းတွင်းသူနန်းတွင်းသားများသည်
ဝတ်ကောင်းစားလှများ ဖြင့် ဖြစ်နေကြလိမ့်မည်။
တရားဒေဿနာတော်များကို
ဆရာတော်ကြီးများက
ရွတ်ဖတ်သရဇ္ဈာယ်နေကြလိမ့်မည်။ ကျွန်မ ယခုရပ် နေသော နေရာလေးသည်
မြို့ပြင်တစ်နေရာဖြစ်လိမ့်မည်။ နန်းမြို့ရိုးကြီးသည်
နှင်းဆီရောင်သမ်းနေပေလိမ့် မည်။ ပြဿဒ်ကလေးတွေ၊
ပြအိုးကလေးတွေကတော့ ယခုလိုပင် အကွာအဝေးညီညီဖြင့်
အစီအရီဖြစ်နေ ကြလိမ့်မည်။
ထိုအချိန်က ကျုံးရေပြင်ထဲတွင် ကြာဖြူပွင့်
ကြာနီပွင့်များရှိခဲ့လေသလားကျွန်မမသိနိုင်တော့ ပြီ။
ယခုနေရာလေးတွင်တော့
နန်းမြို့ရိုးကြီးအတွင်း မဝင်ဆန့်နိုင်သည့် တိုင်းသူပြည်သားဇနပုဒ်သားတို့ သွား လာနေကြပေလိမ့်မည်။ သူတို့ အထဲမှ တချို့သောသူများသည် ရွှေနန်းတော်ကြီးအတွင်းသို့
ရောက်ဖူးချင်ကြလိမ့်မည်။ ရွှေ နန်းတော်ကြီးအတွင်းမှ ဘုရင်နှင့်နီးစပ်သူများ
မိဖုရားနှင့်ပတ်သက်သူများလို အဝတ် ကောင်းဝတ်၍ အစားကောင်း စားလိုကြလိမ့်မည်။
ထိုသူများထဲတွင် လိုအင်မပြည့်ဝကြ၍ ခိုးသားဓားပြ ဖြစ်သွားကြသူများလည်း ရှိနိုင်ပါသည်။
ထိုသို့တွေးမိသည့်အခိုက်အတန့်တွင် ပလက်ဖောင်းဘေးတွင်ရပ်ထား သော ကျွန်မ၏စကူဖီဆိုင်ကယ်လေးကို
စိတ်မချစွာလှည့်ကြည့်မိပါသည်။ ဆိုင်ကယ်လေးသည် ငြိမ်သက်စွာဖြင့်ကျွန်မကိုစောင့်နေရှာပါသည်။
စကူဖီဆိုင်ကယ် လေးကတော့ ရှိနေသေးသည်။ ရတနာပုံနေပြည်တော်၏သီပေါမင်းတရားကတော့
လွန်ခဲ့ပေပြီ။
ယခုလိုအခါသမယတွင် သီပေါမင်းတရားကြီးရော ပံ့သကူပစ်တတ်ပါသလားဟု
ကျွန်မတွေးမိ ပြန်သည်။
သီပေါမင်းတရားကြီး ပံ့သကူပစ်ခဲ့ဖူးလျှင်လည်း အနီးအပါးတွင်
ခစားနေကြသူများနှင့်
ရွှေနန်း တော်အတွင်းနေထိုင်ခွင့်ရကြသည့် ပြင်သစ်လူမျိုး၊
အမေရိကန်လူမျိုး၊
ဂရိလူမျိုး၊ အာမေးနီးယန်းလူမျိုးများ နှင့်အင်္ဂလိပ်လူမျိုးတချို့တို့သာရကြမည့်အကြောင်း
တွေးမိပြန်သည်။ သီပေါမင်းတရားကြီးစိတ်ကောင်းရှိ၍ ယခုနေရာလေးအထိ
ပံ့သကူလာပစ်လျှင်တော့
သူဆင်းရဲဇနပုဒ်သားများလည်း ပံသကူထုပ်ကို ကောက်ရ နိုင်ပါသည်။
ပံ့သကူထုပ်ကောက်ရသည့် သူဆင်းရဲသည် သာဓုခေါ်ဆိုပေလိမ့်မည်။
ကျွန်မဇာတိမြို့လေးတွင်တော့ ပံ့သကူပစ်ခဲ့ကြဖူးသည်။ အမေကြီးကလည်း သူတတ်နိုင်သလောက်လေး
ပံ့သကူပစ်တတ်သည်။ ဖေဖေ မေမေနှင့်ကျွန်မတို့ အိမ်ပြန်ကြပြီး မနက်အစောကြီးတွင်
အမေကြီးကသူပိုင်ပင်စင်လစာလေးများထဲမှ တချို့ကို စာအိတ်ကလေးနဲ့ ထည့်ပြီးပစ်တတ်သည်။
ဖေဖေက "အမေနော် ကျနော်မအိပ်ပဲ ချောင်းနေမှာဗျ" ဟု ပြန်ကာနီးမှာ နောက်တတ်သည်။
ငွေကြေး တတ်နိုင်သူများ ကတော့ လှူချင်သည့်ပစ္စည်းများ၊ ငွေကြေးများကို အိတ်တလုံးဖြင့်ထည့်ပြီး
လမ်းမ တနေ ရာရာမှာ တိတ်တိတ်လေးသွားချထားခဲ့ကြ သည်။ ပံ့သကူအလှူဆိုသည်မှာ ရေထဲသို့
ကျောက်ခဲပစ်ချလိုက်သလို မည်သူ မျှ မရလိုက်ပဲ နစ်မြုပ်ဆုံးရှုံးသွားတာမျိုးမဖြစ်စေရဟု
ကျွန်မကြားဖူးခဲ့ပါသည်။ ပံ့သကူပစ္စည်းလိုက်ရှာနေ ကြသူများကို မနက်ခင်းဝေလီဝေလင်းနှင်းတွေကြားမှာ
မြင်ခဲ့ရဖူးသည်။
"မီးမျှောပွဲက စည်သေးရဲ့လားသမီး၊ ကာတွန်းတွေရော ကောင်းရဲ့လား" ဟူသည့်
မေမေ့အသံ ကို နီးကပ်စွာကြားလိုက်မိသလိုခံစားရသည်။ မီးမျှောပွဲကို ကျွန်မမကြုံကြိုက်တော့တာကြာပါပြီကော။
ကာတွန်းများကအရင်ကထက်ပို၍ကောင်းနေကြမည်ဟု ခန့်မှန်းနေ မိပြန်သည်။ ကာတွန်းဆရာ
ညိုကိုနိုင်တယောက် ကာတွန်းမှဆွဲပါသေးရဲ့လား။ အမေကြီးကျန်းမာသည်ဟု သတင်းကြားရပါသည်။
အမေကြီး ကတော့ သူ၏ချွေးနှဲစာပင်စင်လစာမှ တတ်နိုင်သလောက်လေးကို ပံ့သကူပစ်နေပေလိမ့်မည်။
ခေတ်သည်
လျင်မြန်စွာ တိုးတက်နေပါသည်။ ပံ့သကူပစ္စည်းများလည်း
အရင်ကထက်တိုးတက်လာပါက
မည်မျှကောင်းလေမည်နည်း။ အိုးမဲ့အိမ်မဲ့များအတွက်
အိမ်ခြံမြေစာချုပ်စာတမ်းများ ပံ့သကူ။ ပညာရေးပံ့သကူ။ နာတာရှည်လူမမာများအတွက် ရာသက်ပန်ဆေးဝါးကုသမှု ပံ့သကူ။
စစ်မက်ရေးရာထူ ပြောရာဒေသမှလူများအတွက် ငြိမ်းချမ်းရေးပံ့သကူ။
လက်မထောင်မပြ
ရင်ဘတ်မကော့ပြ မဏ္ဌပ်တိုင်တက်မပြသည့် ပံ့သကူများ။
အထောက်အပံ့ဖြစ်စေ သောပံ့သကူများကို
စိတ်ကူးယဉ်မိရင်း တန်ဆောင်မုန်းလပြည့်ဝန်းတွင်
မထင်မရှားမြင်နေရသည့်
ရှမ်းရိုးမကို ငေးမိပြန်သည်။ ရှမ်းရိုးမသည် မလင်း
တလင်း ဖြစ်နေရှာသည်။
အချိန်များသည် တရွေ့ရွေ့ဖြင့်ကုန်ဆုံးနေပါသည်။ ပဟိုရ်စည်မှတီးခတ်လိုက်မည့်နာရီမောင်းသံ ကို ကျွန်မ မမျှော်လင့်ပါ။
မဖြစ်နိုင်သည်များကို ကျွန်မမမျှော်လင့်သင့်ပါ။
သို့သော် ကျွန်မငယ်စဉ်ဘဝက နိုဝင်ဘာကိုတော့
ပြန်ရချင်နေမိပြန်သည်။ ဧရာဝတီမြစ်ကြီးသည်
တရံရောအခါက ငလျင်လှုပ်ခတ်မှုကြောင့် နောက်ပြန်စီးခဲ့ဖူးသည်ဟု
ဖေဖေကပြောပြဖူးပါသည်။
ဟယ်လို...နိုဝင်ဘာ၊
အချိန်တည်းဟူသောယာဉ်ရထားသည် ကျွန်မထံသို့ ပျော်ရွှင်မြူးတူးစွာဆိုက်ကပ်ခဲ့ပါ တော့။
ကျွန်မ၏ ငယ်စဉ်တောင် ကျေးကလေးဘဝများကို တဆိတ်စာကလေးတော့ ယူဆောင်ပေးခဲ့ပါ။ ကျေးဇူးပြု၍ နိုဝင်ဘာ။
အိမ့်ကြည်ဖြူ
Comments