သန်းဝင်းလှိုင် - ဒေါက်တာမတ်
မြန်မာ့သမိုင်းတစ်ကွေ့မှ နိုင်ငံခြားသားများ
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၈
ဒေါက်တာမာ့က်စ် (John Ebegen Marks) ကို မြန်မာ တို့က ''ဆရာမတ်''ဟူ၍လည်းကောင်း၊ ''ဆရာမှတ်ကြီး'' ဟူ၍လည်းကောင်း တစ်ချိန်က မြန်မာတို့နှုတ်ဖျားဝယ် ရေပန်း စားခဲ့သော ထင်ရှားသည့် ကျောင်းဆရာကြီးနှင့် သာသနာပြု ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
သူသည် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ဒပ်ဖရင်ဆေးရုံ (ယခုဗဟိုအမျိုးသမီးဆေးရုံ)ကြီးအနီး၌ စိန့်ဂျွန်းကောလိပ်ခေါ် စိန့်ဂျွန်းယောကျာ်းကလေး အထက်တန်းကျောင်း (ယခု လမ်းမတော် အထက အမှတ် ၁) ကို စတင်တည်ထောင်ပြီး ကျောင်းဆရာလုပ်ကာ၊ မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ အကြား၌ နှစ်ပေါင်း ၄၀ တိုင် နေထိုင်သွားခဲ့သူ ဖြစ်သည်။ သူသည် မြန်မာတို့ကို အလွန်ခင်မင်တွယ်တာ၍ သံယောဇဉ် ကြီးသူတစ်ဦးလည်း ဖြစ်သည်။ အလုံဒေသ၌ အနေများခဲ့ သောကြောင့် အလုံရပ်တွင်ရှိသော လမ်းတစ်လမ်းကို ''ဆရာ မှတ်ကြီးလမ်း''ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ရာ ထိုအမည်မှာ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့အထိ တွင်ခဲ့သည်။ ထို့နောက် ၁၉၈၉ ဇန်နဝါရီလ ၁၈ ရက်တွင် နဝတခေတ် မျိုးချစ် စစ်ဗိုလ်ချုပ်များက ''ဝေဘာဂီလမ်း''ဟု အမည်ပြောင်းလဲ သောကြောင့် သူ့အမည် ပျောက်ကွယ်သွားခဲ့ရပေသည်။
ဆရာမှတ်ကြီးသည် သာမန်ကျောင်းဆရာမျှသာမဟုတ်။ ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာ မင်းတုန်းမင်းကြီး (၁၈၁၄-၁၈၇၈) ကိုယ်တိုင်က လွန်စွာချစ်ခင်မြတ်နိုးတော်မူ သဖြင့် မန္တလေးရွှေမြို့တော်၌ စာသင်ကျောင်းတစ်ဆောင်၊ ခရစ် ယန် ဘုရားရှိခိုးကျောင်းတစ်ဆောင်၊ ဆရာများနှင့် ကျောင်း အိပ်ကျောင်းစား တပည့်များ နေစရာဘော်ဒါကျောင်းတစ်ဆောင် အသီးသီး ဆောက်လုပ်လှူဒါန်းခြင်း ပြုခဲ့ရုံမျှမက ကျောင်း စရိတ် ကျောင်းလခများကိုလည်း ဘုရင်မင်းမြတ်က အမြဲမပြတ် ထောက်ပံ့လှူဒါန်းတော်မူခဲ့လေသည်။ ထို့အပြင် မင်းတရားကြီး က သူ၏ရင်သွေးတော်များကိုပင် ၎င်းထံတွင် ယုံမှတ်အပ်နှံကာ အင်္ဂလိပ်စာနှင့် အခြားလောကဓာတ်စာပေ (သိပ္ပံပညာရပ်ဆိုင် ရာ)များကို သင်ကြားပို့ချစေခဲ့သည်။
ဤအကြောင်းနှင့်ပတ်သက်၍ နဂါးဗိုလ်ထိပ်တင်ထွေး၏ ''ရတနာသီခကုန်းဘောင်မဟာရာဇဝင်အကျဉ်း'' စာအုပ် (တတိယအကြိမ် ၂၀၁၃) စာမျက်နှာ ၂၉၄ ၌-
ဘဝရှင် မင်းတုန်းမင်းတရားကြီးဘုရားသည် အင်္ဂလိပ်ပညာကို အများပြည်သူတို့ သင်ကြားစေရန် အင်္ဂလိပ် ဘုန်းတော်ကြီးရယ်ဘရင်ဒေါက်တာမတ်ကို တစ်လလျှင် ငွေ တော် ၃၀ဝ ကျော်ပေး၍ သံတဲတွင် ကျောင်းဖွင့်၍ သူဌေး သူကြွယ်ကုန်သည်သားများနှင့် မင်းညီမင်းသားတို့ကို စာသင် စေသည်။ တစ်နှစ်လျှင် ကျောင်းသား ၃၀ဝ ထက် မနည်း ရှိလေသည်''ဟူ၍ ရေးသားဖော်ပြထားသည်။
ဤကဲ့သို့ ဘုရင်မင်းမြတ်၏ ယုံကြည်စိတ်ချခြင်းခံရရုံမျှ သာမက ရင်းရင်းနှီးနှီး ဆက်ဆံခြင်း ပြုခံခဲ့ရဆုံးသောနိုင်ငံခြားသားတစ်ဦးလည်း ဖြစ်သည်။
ဆရာမှတ်ကြီးခေါ် ဂျွန်အီဘင်နီဇာမာ့(က်စ်) (John Ebenezer Marks) ကို ၁၈၃၂ ခုနှစ် ဇွန်လ ၄ ရက်တွင် ဗြိတိန်နိုင်ငံ အင်္ဂလန်ပြည် လန်ဒန်မြို့၌ ဖွားမြင်ခဲ့သည်။ သူသည် ဂျူးလူမျိုးမှ ဆင်းသက်ပေါက်ဖွားလာသူ ဖြစ်သည်။ ငယ်စဉ် ကပင် ကျန်းမာရေး ချူချာသည်။ သို့သော် နာမကျန်းရှိနေသည် ကိုပင် ပဓာနမထားဘဲ အလုပ်ကို ဇွဲကောင်းကောင်းနှင့် လုံ့လ ဝီရိယရှိရှိ လုပ်ကိုင်တတ်သည့်အပြင် အသက် ၈၃ နှစ်တိုင် မနားမနေ တရစပ် အပင်ပန်းခံ၍ လုပ်ကိုင်ခဲ့သောကြောင့် အထူးမှတ်တမ်းတင်ထိုက်သောပုဂ္ဂိုလ်ထူး ဖြစ်သည်။
သူသည် ငယ်စဉ်ကပင် လန်ဒန်မြို့ အိစ်ဒင်းရပ်ရှိ (ယခု ပျောက်ကွယ်သွားပြီ) စာသင်ကျောင်းတစ်ကျောင်း၌ ပညာသင် ခဲ့ရသည်။ နောင်တွင် သူသည် ထိုကျောင်းမှာပင် လစာမဲ့ တပည့်ဆရာကလေးအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် ဒူလ်ဗားဟမ် တန်၊ ဘာမင်ဂမ်နှင့် အီဗာရှမ်မြို့များသို့ ကျောင်းဆရာအဖြစ် အဆင့်ဆင့် ရွှေ့ပြောင်းခန့်ထားခြင်း ခံခဲ့ရလေသည်။
အီဗာရှမ်မြို့တွင် ကျောင်းဆရာလုပ်နေစဉ် တစ်နေ့၌ ၎င်းအား ဘုန်းတော်ကြီး တီ၊ အို၊ ဂွတ်ချိုင်း (T.O. Good-child) က လန်ဒန်မြို့ အရှေ့မြောက်ပိုင်း မဲယာလမ်းရှိ ဟက္ကနီ အခမဲ့ကျောင်းသို့ ရွှေ့ပြောင်းလုပ်ကိုင်ရန် ဖိတ်ကြားခြင်း ခံရ လေသည်။ အဆိုပါကျောင်းမှ ကျောင်းသားကလေးများမှာ အလွန်ဆိုးသွမ်းသော လူပေကလေးများများ ဖြစ်သည်။ ယင်း တို့ကို အရပ်ထဲက ဟက္ကနီခွေးဘီးလူးများ (Hackney Bulldogs) ဟု အမည်ပေးထားကြသည်။ ဆရာမှတ်ကြီးသည် ထို ကျောင်းသို့ ရောက်လျှင် အဆိုပါကျောင်းသားများကို အတော်ပင် ကြိုးစားသွန်သင်ဆုံးမခဲ့ရသည်။ သို့သော် ကျောင်းသားလေး များအပေါ် ပြိုင်ဘက်ကင်းလောက်အောင် စာနာတတ်သော သူ၏ စိတ်ထားကြောင့်လည်းကောင်း၊ ထူးခြားပြောင်မြောက် သော သင်ကြားမှု အတတ်ပညာကြောင့်လည်းကောင်း များ မကြာမီပင် ထိုကျောင်းသားများ၏ ချစ်ကြောက်ရိုသေသမှုကို ခံယူရရှိခဲ့ရသည်။ သူသည် တစ်နေ့လုံးလိုလိုပင် ကျောင်း၌ပင် အချိန်ကုန်ခဲ့သည်။ ညနေပိုင်းတွင် ပျက်စီးနေသောကျောင်းကို ပြင်ဆင်ရခြင်းနှင့် လူပျိုလူရွယ်ကျောင်းသားများကို ညနေ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြင့်သာ သူ့အချိန်ကို ကုန် လွန်စေခဲ့သည်။
ထို့နောက် ၁၈၅၉ ခုနှစ်တွင် သမ္မာကျမ်းစာအသင်းမှ မော်လမြိုင်တွင် ဖွင့်လှစ်ထားသော စာသင်ကျောင်း၌ အလုပ် လုပ်ရန် ဖိတ်ကြားခဲ့သောကြောင့် လူဝတ်ကြောင်တစ်ဦး အနေဖြင့် ထွက်ခွာလာခဲ့ရသည်။ သုံးနှစ်တာမျှ လူဝတ်ကြောင် နှင့် ကျောင်းဆရာအလုပ်ကို အောင်မြင်စွာ လုပ်ကိုင်ခဲ့ပြီးနောက် အိန္ဒိယပြည် ကလကတ္တားမြို့ (ယခု ကိုးလ်ကတ္တား)ရှိ ဂိုဏ်းအုပ် ဘုန်းတော်ကြီးကော့တွန်း (Bishop Colton) ၏ သာသနာ့ ဘောင် သွတ်သွင်းပွဲ၌ ပါဝင်ရန် အရွေးခံရ၍ ဂိုဏ်းအုပ်ကြီး ၏ ကောလိပ်ကျောင်း (ရဟန်းကျောင်း)တွင် ပညာဆက်လက် သင်ယူရန် ကလကတ္တားမြို့သို့ ဖိတ်ခေါ်ခြင်းခံရသည်။ သို့ဖြင့် သူသည် ၁၈၆၃ ခုနှစ်တွင် ကလကတ္တားမြို့၌ ခရစ်ယာန် သူတော်စင်အလုံးစုံအတွက် ကျင်းပသောပွဲတော်နေ့၌ ခရစ်ယာန် သင်းထောက်အဖြစ် ချီးမြှင့်ခြင်းခံရလေသည်။ ထို့နောက် အသည်းတွင် ပြည်တည်နေမှုကို ကုသရန် အင်္ဂလန်ပြည်သို့ ခေတ္တပြန်ခဲ့သည်။ ဆေးကုသပြီးနောက် ကလကတ္တားသို့ပြန်၍ ၁၈၆၆ ခုနှစ်တွင် ခရစ်ယာန်ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့လေ သည်။ သူသည် သိက္ခာတင် ဘုန်းတော်ကြီးအဖြစ် ချီးမြှင့်ခဲ့ ရသည်။
ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ဆရာမှတ်သည် ၁၈၆၄ ခုနှစ် မတ်လ ၁၄ ရက်ကပင် စိန်ဂျွန်းကျောင်း (ယခု အထက ၁ လမ်းမတော်)ကို စတင်တည်ထောင်ပေးခဲ့သည်။ ကျောင်းစတင်စဉ်က စိန့်ဂျွန်းလမ်း (ယခု မင်းရဲကျော်စွာလမ်း) ရှိ အိမ်တစ်အိမ်ကို တစ်လလျှင် ငွေ ၁၀ဝ ကျပ်ဖြင့် ငှားရမ်း ကာ ဖွင့်လှစ်ခဲ့ရသည်။ ယင်းအိမ်၌ နေ့ကျောင်းသားများ သာမက ကျောင်းအိပ်ကျောင်းစားများကို လက်ခံသင်ကြားခဲ့ရာ ကျောင်းသားပေါင်း ၂၂၀ အထိ လက်ခံခဲ့သည်ဟု သိရသည်။ စိန်ဂျွန်းကို တည်ထောင်ပြီး၍ များမကြာမီပင် မကျန်းမာ ဖြစ် လာသဖြင့် ဆရာမတ်သည် အင်္ဂလန်ပြည်သို့ ခေတ္တပြန်ခဲ့သည်။
အင်္ဂလန်ပြည်မှ ပြန်လာသောအခါ ဆရာမတ်နှင့်အတူ သာသနာပြုလုပ်ငန်းနှင့် ပညာရေးလုပ်ငန်းတို့ကို လုပ်ဆောင် နိုင်ရန် အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ဦးတို့ပါ လိုက် ပါလာခဲ့ကြသည်။ အမျိုးသားများမှာ ဆရာမတ်၏ကျောင်း၌ ဝင်ရောက်လုပ်ကိုင်၍ အမျိုးသမီးမှာ ၁၈၆၈ ခုနှစ်တွင် စိန်မေရီ မိန်းကလေးကျောင်းကို စတင်တည်ထောင်ခဲ့သည်။
ထို့နောက် မင်းတုန်းမင်းတရားကြီးလက်ထက်မန္တလေး ရတနာပုံရွှေမြို့တော်၌ ဗြိတိသျှနိုင်ငံရေးရာ ကိုယ်စားလှယ် အဖြစ်ဖြင့် ဆောင်ရွက်နေသူ မေဂျာစလေဒင်၏ ဖိတ်ခေါ်ချက် အရ ၁၈၆၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ဆရာမတ် သည် မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။
မေဂျာစလေဒင်က ဆရာမတ်ကို မန္တလေးနေပြည်တော်သို့ ဖိတ်ခေါ်ရခြင်းမှာ အခြားမဟုတ်၊ မန္တလေး၌ ပြင်သစ်နှင့် အမေ ရိကန်တို့ သာသနာပြုလုပ်ငန်းကို အကြောင်းပြုကာ နိုင်ငံရေး တွင်ကျယ်နေမှုကို ထိပ်တိုက်ယှဉ်ပြိုင်နိုင်ရန်အတွက် ခေါ်ယူခြင်း ဖြစ်သည်။ အောက်မြန်မာနိုင်နိုင်ငံ ကော်မရှင်နာမင်းကြီးကာနယ် ဖိုက်ခ်ျနှင့် ကလကတ္တားမြို့ ဂိုဏ်းချုပ်ကြီးတို့ကလည်း အကြံပေး ခဲ့ကြသည်။
မင်းတုန်းမင်းတရားကြီး၏ရှေ့တော်သို့ ဝင်ရောက်ခစား ပြီးသောအခါ ဆရာမတ်က မင်းတရားကြီးအား-
(က) မန္တလေးရတနာပုံရွှေမြို့တော်၌ အင်္ဂလီကန် ခရစ် ယာန်သာသနာပြုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန်၊
(ခ) ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ဆောက် လုပ်ပေးရန်၊
(ဂ) ခရစ်ယာန်ဘာသာဝင်တို့မြှုပ်နှံရန်သင်္ချိုင်းမြေ ရရှိရန်၊
(ဃ) မြန်မာကလေးသူငယ်များ ပညာသင်ကြားရန် အတွက် ခရစ်ယာန်စာသင်ကျောင်း တည်ထောင် ပေးရန်၊
တို့ကို တောင်းဆိုခဲ့သည်။ မင်းတရားကြီးကလည်း ဘုရားရှိခိုး ကျောင်းနှင့် စာသင်ကျောင်းအဆောက်အဦ တည်ဆောက်ပေး မည်ဟု မြွက်ကြားခဲ့သည်။ ထို့နောက် ဆရာမတ်သည် မန္တလေး ရွှေမြို့တော်သို့ သုံးပတ်မျှသာ နေထိုင်၍ ရန်ကုန်မြို့သို့ ပြန်လာ ခဲ့သည်။
မင်းတရားကြီးကလည်း သူ့ကတိအတိုင်း အင်္ဂလိပ်စာသင် ကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဆောက်လုပ်လှူဒါန်း ခဲ့သည်။ အင်္ဂလိပ်စာသင်ကျောင်းကို ရွှေတချောင်းအနောက် ဘက် ထိပ်ရှိ ဗြိတိသျှသံတဲဝင်းအတွင်း၌ ဆောက်လုပ်ခြင်း ဖြစ်သည်။ စာသင်ကျောင်းဆောက်လုပ်ပြီးနောက် ၁၈၆၉ ခု နှစ် ဇွန်လ ၇ ရက်တွင် ဆရာမတ်သည် မန္တလေးသို့ ပြန်လည် ရောက်ရှိလာသည်။ ဆရာမတ်သည် မင်းတုန်းမင်းတရားကြီး ဆောက်လုပ်လှူဒါန်းသောကျောင်းကို S.P.G Royal School ဟု အမည်ပေးကာ ဖွင့်လှစ်သည်။ ယင်းကျောင်းကို ဗြိတိသျှ သံတဲဝင်းအတွင်း တည်ရှိသောကြောင့် ''သံတဲကျောင်းတော်'' ဟုလည်း ခေါ်ဝေါ်ကြသည်။ ယင်းသို့ မင်းတရားကြီး ကျောင်းဆောက်လုပ်လှူဒါန်း သည့် သတင်းကို လန်ဒန်မြို့ထုတ်သတင်းစာများက ဝမ်းသာ အားရ ရေးသားဖော်ပြခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၃၃ ခု၊ ပြာသိုလဆန်း ၁၁ ရက် (ခရစ် ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်) ထုတ် မြန်မာဂေဇက်သတင်းစာ၌လည်း-
''မန္တလေးရွှေမြို့တော်မှာ အင်္ဂလိပ်လူမျိုးတို့ ကျောင်းတည် ရန် မြန်မာရွှေနန်းရှင်ဘုရားက ငွေတော် ၃၀ဝ၀ဝိ (သုံးသောင်း) ထည့်ဝင်လှူဒါန်းတော်မူလေသည်။ ၎င်းကျောင်းပုံကိုလည်း အင်္ဂလိပ်ဗိသုကာကြီး ပေးသည့်အတိုင်း မြန်မာလက်သမားတို့ က ဆောက်လုပ်ကြလေသည်ဟု လန်ဒန်မြို့တော်မှာ နှစ်သက် ရွှင်လန်းဖွယ် သတင်းဖွယ် သတင်းစာရိုက်လေသည်'' ဟူ၍ ဖော်ပြခဲ့သည်။ မြန်မာဂေဇက်သတင်းစာမှာ မင်းတုန်းမင်း လက်ထက် အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အပတ်စဉ် သော ကြာနေ့တိုင်း မြန်မာဘာသာဖြင့် ထုတ်ဝေသော တစ်ပတ်တစ် ကြိမ်ထုတ် သတင်းစာ ဖြစ်သည်။
ယင်းသို့ ဆရာမတ် မရောက်ရှိမီကပင် မန္တလေးရွှေမြို့ တော်၌ အမေရိကန်နှစ်ချင်းသာသနာပြုဂိုဏ်းမှ ဒေါက်တာ ကင်းကိတ်နှင့် ရိုမန်ကက်သလစ်ဂိုဏ်းမှ ဘရင်ဂျီဂိုဏ်းချုပ် ပြင်သစ်ဘုန်းတော်ကြီး အီဂန်ဒက်တို့ ရောက်ရှိနေကြပြီ ဖြစ် သည်။ ဒေါက်တာကင်းကိတ်သည် သာယာဝတီမင်းလက်ထက် ကပင် ရောက်ရှိနေသူ ဖြစ်သည်။
သို့သော်လည်း ဆရာမတ်သည် သူ၏ဦးတည်ချက်အတိုင်း မန္တလေးရတနာပုံရွှေမြို့တော်၌ အင်္ဂလီကန်ခရစ်ယာန်သာသနာ ပြုလုပ်ငန်းနှင့် ပညာရေးလုပ်ငန်းတို့ကို ပူးတွဲလုပ်ကိုင်နိုင်ခဲ့ရာ အောင်မြင်သည်ဟု ဆိုပေမည်။
မင်းတုန်းမင်းတရားသည် မူလကပင် သားတော်၊ သမီး တော်များကို အင်္ဂလိပ်စာသင်ကြားပေးရန် ဆန္ဒရှိခဲ့သည်။ ထို့ ကြောင့်လည်း ဆရာမတ်ကို မန္တလေးနေပြည်တော်သို့ ခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။)
သားတော်များအား အင်္ဂလိပ်စာသင်ကြားရေးအတွက် မင်း တရားကြီးက ဆရာမတ်အား ''အသက်ဆယ့်နှစ်နှစ်အရွယ် ရှိသည့် မင်းသားကလေးများကို ကျောင်းပို့ပေးရမလား''ဟု မေးမြန်းခဲ့ရာ၊ ဆရာမတ်က-
''အသက် ၁၂ နှင့် အထက် ၁၄ နှစ်အတွင်း မင်းသား ကလေးများကိုသာ ကျောင်းပို့ဖို့ သင့်လျော်ပါမည်''ဟု ပြန်လည်လျှောက်ထားခဲ့သည်။ သို့သော် အများစုမှာ ၁၄ နှစ်ကျော် နေပြီဖြစ်၍၊ အသက် ၁၄ နှစ်အတွင်းရှိ မင်းသား ၉ ပါးကိုသာ ဆရာမတ်ထံ အပ်နှံခဲ့သည်။ မင်းသား ၉ ပါးဟုဆိုသော်လည်း အစပထမတွင် သီပေါမင်းသား အပါအဝင် မင်းသား ၄ ပါး ကိုသာ လက်ခံ၍ ပညာသင်ကြားပေးခဲ့သည်။ အဆိုပါ မင်းသားများ နေသားတကျရှိမှ မင်းသား ၉ ပါးစလုံးကို လက်ခံသင်ကြားသည်။
မင်းသားများမှာ ကျောင်းတက်ရာ၌ ဆင်ပေါ်တွင် ရွှေထီး နှစ်လက်စီမိုးကာ စီးနင်း၍ နောက်မှ လူပျိုတော်သား ၄၀ စီက ခြံရံလိုက်ပါခဲ့ကြသည်။ သို့ဖြစ်ရာ မင်းသား ၉ ပါးနှင့် လူပျိုတော်သားများမှာ စုစုပေါင်း ၄၀ဝ နီးပါး တခမ်းတနားပင် ဖြစ်၍ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်ဟု ဆိုသည်။
ဤအကြောင်းကို ဆရာမတ်က သူ၏ ဗမာပြည်ဝယ် နှစ်လေးဆယ် (Forty Years in Burma) စာအုပ်၌-
... မင်းသား ၉ ပါးစလုံး ကျောင်းတက်လာကြသော အခါ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။ မင်းသား ကိုးပါး ကျောင်းသို့လာကြသည်မှာ တပည့်များ ကျောင်းတက် ရန် လာကြသည်နှင့် မတူ။ ဆန်ဂါ၏ဆပ်ကပ်ပွဲ (Sanger's Circus)) လှည့်လည်လာသည်နှင့် ပို၍ တူလှပါသည်။ မင်း သားတို့ကို ပညာသင်ပေးရာ၌ အခြားတပည့်ကျောင်းသားတို့ ကို သင်ကြားပေသည့်အတိုင်း တစ်ထပ်တည်း သင်ကြားပေး ရန် မင်းမြတ်က နှုတ်မှ မိန့်ြွမက်မှာကြားထားခဲ့ပါသည်။ အထူး သဖြင့် ကျွန်ုပ်၏ ဘာသာရေးသင်ခန်းစာကိုပင် သင်ကြားပေး ရမည်။ သို့မှသာ သူတို့ အရွယ်ရောက်လာ၍ စဉ်းစားဆင်ခြင် တတ်သောအခါ၌ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတွင် ဘယ် ဘာသာ ပိုမိုကောင်းမွန်သည်ကို ပိုင်းခြားဝေဖန်နိုင်လိမ့်မည်ဟု မိန့်တော်မူပါသည်''ဟူ၍ ရေးသားထားလေသည်။
SPG သံတဲကျောင်းတွင် ဆရာမတ်သည် မင်းတရား ကြီး၏ သားတော်များအပြင် အခြားမှူးကြီးမတ်ကြီးများ၏ သားတော်များကို ပညာသင်ကြားပေးခဲ့သည်။ သီပေါမင်းသား ၏ လူပျိုတော်သားများဖြစ်သူ တောင်သမန်လယ်စားမောင်ဖေ ငယ်နှင့် နောင်တွင် ဟံသာဝတီပုံနှိပ်တိုက်ပိုင်ရှင် ဖြစ်လာသူ ရစ်ပလီ စသည်တို့မှာ ဆရာမတ်၏ ကျောင်းထွက်များပင် ဖြစ်သည်။ ရစ်ပလီကို မင်းတုန်းမင်းက မွေးစားထားသည်။
ထိုစဉ်က ဆရာမတ်၏ SPG သံတဲကျောင်းတော်မှ တစ်နှစ်လျှင် ကျောင်းသားပေါင်း ၃၀ဝ ထက်မနည်း မွေးထုတ် နိုင်သည်ဟု သိရှိရသည်။
မင်းတုန်းမင်းသည် ဆရာမတ်ကို မန္တလေးနေပြည်တော် သို့ ခေါ်ယူခြင်းမှာ သားတော်များ၏ ပညာရေးကို အကြောင်း ပြုပြီး နောက်ကွယ်မှ နိုင်ငံရေးရည်ရွယ်ချက်လည်း ပါသည်ဟု ဆိုရပေမည်။ အကြောင်းမှာ မင်းတုန်းမင်းတရားကြီးက ဆရာ မတ်အား အင်္ဂလန်သို့သွားကာ ရန်ကုန်သင်္ဘောဆိပ်ကိုဖြစ်စေ၊ ပုသိမ်သင်္ဘောဆိပ်ကိုဖြစ်စေ မြန်မာအစိုးရအား ပြန်လည်ပေး အပ်ရန်အတွက် ဝိတိုရိယဘုရင်မကြီးထံ ပန်ကြားပေးရန် စေခိုင်း ခဲ့သည်။ သို့သော် ဆရာမတ် နိုင်ငံရေးလုပ်ငန်း၌ ပါဝင်ပတ်သက်ခြင်း မပြုလိုသောကြောင့် ငြင်းဆန်ခဲ့သည်။ ထိုအချိန်မှ စ၍ မင်းတရားကြီးသည် ဆရာမတ်ကို ယခင်ကကဲ့သို့ အခွင့် အရေးများ မပေးတော့ချေ။ ထို့နောက် အတန်ကြာ မင်းသားများ နှင့် မှူးမတ်များ၏ သားတော်များကို ပညာသင်ကြားခဲ့ပြီး နောက် ဘုန်းတော်ကြီး ဂျိမ်းစ်ကောလဘတ် (James Colbeck) ထံသို့ လွှဲအပ်အုပ်ချုပ်စေလျက် ရန်ကုန် စိန့်ဂျွန်း ကျောင်းသို့ ပြန်လည် သွားရောက်ခဲ့လေသည်။ ဆရာမတ်သည် ၁၈၆၈ မှ ၁၈၇၄ ခုနှစ်အထိ စုစုပေါင်း ၁၄ နှစ်ကြာ မန္တလေး မြို့၌ နေထိုင်၍ ကျောင်းသားများကို ပညာသင်ကြားပေးခဲ့ သည်။
မည်သို့ဆိုစေ ... မန္တလေးမှ ပြန်လည်ထွက်ခွာလာခဲ့သော် လည်း အင်္ဂလီကန်ဂိုဏ်းခေါ် အင်္ဂလန်သာသနာပြုဂိုဏ်း (Church of England) က ချီးကျူးမှတ်တမ်းတင်ခဲ့လေ သည်။ သူသည် သာသနာပြုအုတ်မြစ်ကို ချရာ၌ မူလဦးတည် ချက်အတိုင်း ပညာရေးလုပ်ငန်းနှင့်ပါ တွဲဖက်ဆောင်ရွက်နိုင် ခဲ့သဖြင့် ပိုမိုအောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။ မြန်မာနိုင်ငံ အရပ်ရပ်၌ ဆရာမတ်သည် SPG သာသနာပြုကျောင်းများ ကို အမြောက်အမြား ဖွင့်လှစ်ခဲ့ရာ ယင်းတို့အနက် ထင်ရှား သော ကျောင်းများမှာ ၁၈၆၄ ခုနှစ်က ဖွင့်လှစ်ခဲ့သော ရန်ကုန် မြို့ စိန့်ဂျွန်းကျောင်း (နောင် အထက ၁ လမ်းမတော်)၊ ၁၈၆၇ ခုနှစ်တွင် ဟင်္သာတမြို့တွင် ဖွင့်လှစ်ခဲ့သော စိန်ပီတာ အင်ဒရူး ကျောင်း၊ ၁၈၆၉ ခုနှစ်တွင် ဖွင့်လှစ်သော မန္တလေးမြို့ရှိ"SPG" သံတဲကျောင်း၊ ၁၈၇၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ကြည့်မြင်တိုင် စိန့်မိုက်ကယ်ကျောင်းတို့မှာ ထင်ရှားလှပေသည်။
မန္တလေးမြို့မှ ထွက်ခွာသွားခဲ့ပြီးနောက် ၄ နှစ်ကြာ ၁၈၇၉ ခုနှစ်၌ ဂိုဏ်းချုပ်ကြီး ကင်းတိတ် ((Bishop Tait) က ဆရာ မတ်အား အယူဝါဒ ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (ဒီ၊ဒီ) Doctor of Divinity ကို ပေးအပ်ချီးမြှင့်ခဲ့လေသည်။ ထိုအချိန်မှစ၍ ဆရာမတ်ဟူသောအမည်မှ ဒေါက်တာမတ်ဟူ၍ ထင်ရှားလာ ခဲ့လေသည်။ မြန်မာတို့ကမူ ဆရာမတ်၊ ဆရာမှတ်ကြီးဟူ၍သာ နှုတ်ကျိုး ခေါ်ဝေါ်ခဲ့ကြသည်။
ဒေါက်တာမတ်သည် ၁၉၀ဝ ပြည့်နှစ်တွင် သာသနာပြု လုပ်ငန်းအဝ၀မှ အနားယူ၍ အင်္ဂလန်ပြည် လန်ဒန်မြို့၌ နေထိုင် နေစဉ်အတွင်း ၁၉၁၅ ခုနှစ် အသက် ၈၃ နှစ်၌ ကွယ်လွန်သွား ခဲ့လေသည်။
စာကိုး
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀၊ ရန်ကုန်၊ စာပေဗိမာန် ပထမအကြိမ်၊ ၁၉၆၆
၂။ ဦးလှဒင် (မြန်မာပြန်)၊ ဗမာပြည်ဝယ်နှစ်လေးဆယ်၊ ရန်ကုန်၊ အ့န ဃသကစူန စာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၂၀ဝ၆
၃။ သတင်းထောက်အုန်းဖေ၊ ''ခင်ကြီးမတ် သံတဲကျောင်း''၊ မိုးဂျာနယ် ၁၉၉၃၊ ဒီဇင်ဘာလ
၎။ မောင်ကောင်းမြင့် ''ဒေါက်တာမတ်ခေါ် ဆရာမှတ်'' ရှုမဝမဂ္ဂဇင်း တွဲ ၃၇၊ မှတ် ၄၃၉ (၁၉၈၃၊ ဒီဇင်ဘာလ)
၅။ မြင့်ဆွေ ''မင်းတုန်းမင်းနှင့် ဒေါက်တာမတ်'' မြဝတီ မဂ္ဂဇင်း တွဲ ၂၄၊ မှတ် ၈၊ (၁၉၇၆ ဇွန်လ)
Comments