လှကျော်ဇော - တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း ၁၃

ဓာတ်ပုံ - မြ၀တီသတင်းစာ


လှကျော်ဇော - တပ်ပြုပြင်ပြောင်းလဲရေး  - အပိုင်း ၁၃
 တပ်မတော်သမိုင်းအမှန်ပေါ်ရေး
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၈


၁၅-၁၀-၂၀၁၈ နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးအတွက် ထိပ်သီးအစည်းဝေး၊ ကာချုပ်ရဲ့မိန့်ခွန်းမှာ-တပ်မတော်သမိုင်းကို ဗလုံးဗထွေးကြီးပြောသွားပါတယ်။ သိပ်တော့မထူးဆန်းလှပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက-ဖဆပလအစိုးရကစလို့သမိုင်းကို အမျိုးမျိုးပုံဖျက်လာရာမှာ-စစ်အာဏာရှင်အဆက်ဆက်မှာတော့ အဆိုးဆုံးအဆင့်ထိ ရောက်လာပါတယ်။ အမှန်လေးနဲ့ အစချီပြီး မလိုချင်တာတွေကို ပုံဖျက်သင့်ဖျက်၊ လုံးဝဖျောက်တန်ဖျောက်၊ လိုချင်တဲ့ အချက်တွေကို (အခုခေတ်စကားနဲ့ဆို-ဂျင်းထည့်ပြီး) ပုံသွင်းပြောဆိုတာပါပဲ။ အဓိက-ကတော့-ဆင်းရဲဒုက္ခတွင်း နက်နေ ခဲ့တဲ့-ကိုလိုနီဗမာနိုင်ငံကြီး-လွတ်လပ်ရေးရပြီး သာယာဖွံ့ဖြိုးလာရေး--ဆိုတဲ့အတွေးအခေါ်အခြေခံနဲ့တည်ဆောက်ခဲ့တဲ့-ဗမာ့တပ်မတော်ကြီးကို စစ်အာဏာရှင်ကြီးများရဲ့ လက်ကိုင်တုတ် ပြည်သူ့ဖိနှိပ်ရေးယန္တရားကြီးအဖြစ် ပြောင်းလဲသွားရေး အတွက်ကြိုးပမ်းတဲ့ ဖြစ်စဉ်ပါ။

အခုဗမာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲ လမ်းဆုံလမ်းခွ ရောက်နေချိန်မှာ-အခရာဟာ ဗမာ့တပ်မတော်ပါ။ စစ်တပ်က မိမိမတရားရယူထားတဲ့ နိုင်ငံရေးအာဏာတွေ၊ စီးပွားရေးအာဏာတွေကို မူရင်းပိုင်ရှင်များဖြစ်တဲ့ ကျန်(လူမျိုးစုများ အပါ အ၀င်) နိုင်ငံသူနိုင်ငံသားများနဲ့ မျှဝေရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိလာမှ (တနည်း) စစ်တပ်က မိမိတို့ တရားမျှတမှု မရှိဘူး ဆိုတာမြင်လာပြီး-နိုင်ငံရေးကရော၊ စီးပွားရေးအ၀န်းအ၀ိုင်းကရော နောက်ဆုတ်ပေးမှ-ဗမာပြည့်နိုင်ငံရေး ရှေ့တိုးနိုင်ပါ လိမ့်မယ်။

ဒီအတွက် ပထမဆုံး လိုအပ်ချက်ကတော့ (မိမိတို့လောက် တိုင်းပြည်ချစ်သူုများမရှိလို့ ယုံကြည်လာအောင် ဦးနှောက် ဆေးခံထားရတဲ့ ဗိုလ်ချုပ်များအပါ) တပ်မတော်သားများအနေနဲ့ တပ်မတော်သမိုင်းအမှန်သိဖို့ပါပဲ။

တပ်မတော်အစ-ရဲဘော်သုံးကျိပ်က

၁၃၀၀ပြည့်(၁၉၃၈-၃၉ )အရေးတော်ပုံကြီး အကြမ်းဖက်အနှိမ်နှင်းခံလိုက်ရတော့ ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင် နေတဲ့ တို့ဗမာသခင်ခေါင်းဆောင်များဟာ ကိုလိုနီအင်္ဂလိပ်ကို လက်နက်နဲ့တော်လှန်မှ ဖြစ်တော့မယ်-လို့သဘော ပေါက်လာကြပြီး လက်နက်အကူအညီ ရှာဖို့နိုင်ငံခြားကို မျှော်မှန်းကြည့်ရှု ရှာဖွေလာကြပါတယ်။ တိုင်းပြည်တွင်း ဆက်နေ နိုင်သူများကဆက်နေပြီး အဲဒီကာလ-ဆုငွေ-၅ကျပ် အထုတ်ခံထားရလို့ ပြည်တွင်း ရှောင်တိမ်းနေရတဲ့ သခင်အောင်ဆန်း ကိုတရုတ် ပြည်ကွန်မြူနစ်ပါတီရဲ့ မြေအောက်အဖွဲ့ရှိတဲ့ ရှန်ဟိုင်းသွားဖို့စေလွှတ် လိုက်ပါတယ်။ ရရာသဘောင်္နဲ့ လိုက်ရလို့ အမွိုင်ပဲ ရောက်သွားပါတယ်။ အဖော်အဖြစ် သခင်လှမြိုင် (ဗိုလ်ရန် အောင်) ပါသွားပါတယ်။ အဲဒီမှာ ငွေပြတ်လို့ ပြည်တွင်း-ကျန်နေခဲ့တဲ့-သခင်လှဖေ(ဗိုလ်လက်ျာ)ကို လှမ်းတောင်းရပါတယ်။ ဗိုလ်လက်ျာက ငွေ လိုက်အလှုခံရာမှာ သခင်သိန်းမောင်ကတဆင့် ဂျပန်တွေ-သိသွားပါတယ်။ ဒီတင် သခင်အောင်ဆန်းတို့ နှစ် ယောက် ဂျပန်လက်ပါသွားတာပါ။ (ဒီနေရာမှာ ဆက်စပ်လာလို့ အကြောင်းအရာ တချို့ ကိုပြောပြချင်ပါတယ်။

ဂျပန်ဟာ အစောကြီးကတည်းက အာရှနိုင်ငံများကို နယ်ချဲ့ဖို့ စီစဉ်ပြင်ဆင်ပြီးသားပါ။ နိုင်ငံအနှံ့မှာ သူတို့ သူလျှို တွေ သတင်းပေးတွေ ရှိပါတယ်။ တရုတ်ရဲ့ ဂျပန်ခုခံရေးစစ်ပွဲနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတကားထဲမှာ တွေ့ဖူးတာတခု ရှိပါတယ်။ တရုတ်ကွန်မြူနစ်တပ်တွေက ဂျပန်စစ်စခန်းက ရလာတဲ့ စစ်မြေပြင်မြေပုံကိုကြည့် ပြီး အတော်အံ့အားသင့်ကြရတယ်တဲ့။ သိပ်အသေးစိတ်လွန်းလို့တဲ့။ နောက်မှသိရတာက-အဲဒီမြေပုံကို ဆွဲပေး သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂျပန်ထောက်လှမ်း ရေးသမားတယောက်က တရုတ်ကုန်သည် ယောင်ဆောင်ပြီး အဲဒီဒေသတကြော လှည့်လယ်သွားလာ ကုန်ရောင်းကုန်ဝယ်လုပ်ရင်း ဆွဲထားတာတဲ့။ ဗမာ ပြည်မှာလည်း နောင်ဗိုလ်မိုးကြိုးဆိုတဲ့နံမည်နဲ့ ကျော်ကြားခဲ့တဲ့ ဂျပန်ထောက် လှမ်းရေးက ကာနယ်ဆူဇူကီးဟာ လည်း ရန်ကုန်မှာ အစောကတည်းက ရောက်ရှိပြီး သတင်းထောက်အသွင်ယူ နေနေတာပါ။)

တိုတိုရေးရရင် ဒီလိုနဲ့​ ဂျပန်သွားစစ်ပညာသင်တဲ့ ရဲဘော်သုံးကျိပ် ပေါ်လာပါတယ်။ အင်္ဂလိပ်လက်အောက်က-အင်္ဂလိပ်တော်လှန်ဖို့ လုပ်ရတာဖြစ်လေတော့ အလွန်လျှို့ဝှက်ရပြီး သဲထိတ်ရင်ဖိုလုပ် ခဲ့ကြရပါတယ်။ လူငယ် တွေကို (သင်္ဘောနေရာရသလောက်) အသုတ်လိုက် ရွေးချယ်ပြီး လွှတ်ရာမှာ ပထမ (၃)သုတ်ဟာ တို့ဗမာ အစည်းရုံးရဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအဖွဲ့က ဖြစ်ပါတယ်။ ပြောရရင်-လက်ဝဲယိမ်းသူများပါ။ ဒါ့ကြောင့် ဂျပန်က စတုတ္ထ အသုတ်ကျတော့ သခင်ထွန်းအုပ်၊ သခင်ဗစိန် အဖွဲ့က လူတွေ လွှတ်ဖို့ စီစဉ်ပါတယ်။ ဒါပေမယ့် အားလုံးနီးပါးဟာ အဲဒီကာလ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ ကျောင်းသားလှုပ်ရှားမှုများမှာ ပါဝင်ခဲ့ကြ သူများဖြစ်ပါတယ်။ အခြေခံအားဖြင့်နိုင်ငံရေးသမားများပါ။

ဒီလို အသုတ်လိုက် ရွေးချယ်စေလွှတ်ရာမှာ ပြသာနာတွေ ရှိခဲ့ပါတယ်။ တချို့ ရွေးချယ်ထားတဲ့ လူတွေဟာ အနားနီးမှ အကြောင်းအမျိုးမျိုးကြောင့် မလိုက်ဖြစ်ရင်-(ရတဲ့သင်္ဘောနေရာ အဆုံးမခံနိုင်လို့) ရရာလူတွေ ကောက်ထည့်ရတာအဖွဲ့(၂)ဖွဲ့လုံးမှာရှိပါတယ်။ ဒါနဲ့ပဲ-သခင်ထွန်းအုပ်အဖွဲ့က ရွေးထားတဲ့ သခင်ညီသင်္ဘော တက်ခါနီးမှ အဖျားဝင်လာလို့ တူတော်သူ ကိုရှုမောင်(ဗိုလ်နေ၀င်း)ကို အစားထည့်လိုက်ရပါတယ်။ (ကိုကို မောင်ကြီးရေး-တရံရောအခါက)။ အဲဒီအဖွဲ့ရဲ့ နံပါတ်(၁)ခေါင်းဆောင်ဟာ- သခင်ထွန်းအုပ်၊ (၂) ခေါင်းဆောင် ဟာ- သခင်အောင်သန်း(ဗိုလ်စကြ်ာ) ဖြစ်ပါတယ်။ သခင်ထွန်းအုပ်က အုပ်ချုပ်ရေးပညာပဲ သင်မယ်ဆိုပြီး-တိုကျိုမှာပဲနေခဲ့ပြီး၊ သခင်အောင်သန်း (ဗိုလ်စကြ်ာ)ကလည်း စစ်ပညာဝါသနာမပါလေတော့-ဗိုလ်နေ၀င်းက နေရင်းထိုင်ရင်းက အဲဒီ အဖွဲ့ခေါင်းဆောင်ဖြစ်သွားပါတယ်။ ဒါ့အပြင်ဗိုလ်နေ၀င်းဟာ (ဘောလုံးသမားဖြစ်ခဲ့လို့) အခြေခံကျန်းမာရေးကလည်းကောင်းတာကြောင့်၊ သူတို့ နောက်ဆုံးအသုတ်အနေနဲ့ စစ်သင်တန်းတွေ အပြင်း အထန်လေ့ကျင့်ရာမှာ အတော် အပင်ပန်းအဆင်းရဲခံနိုင်တာကြောင့်လည်း ကျန်ရဲဘော်ငယ်များရဲ့ လေးစားမှုကို ရခဲ့တာပါ။ ဒီနေရာမှာ ဗိုလ်နေ၀င်းရဲ့ နောက်ထူးခြားချက် တခုရှိတာကိုလည်း တွေ့နိုင်ပါတယ်။ သခင်အောင် ဆန်း အပါအ၀င်ရဲဘော်(၃)ကျိပ် အများစုကြီးဟာ ကျောင်းသားအရေး လှုပ်ရှားသူများဖြစ်ခဲ့ကြလို့ လူမှုရေး အတွေ့ အကြုံ အားနည်းကြပါတယ်။ ဗိုလ်နေ၀င်း ကတော့ အင်္ဂလိပ်ခေတ်အမှုထမ်း (စာတိုက်စာရေး) ဖြစ်ခဲ့လို့ ပေါင်းသင်းဆက်ဆံရေးမှာ အတော်လူရည်လည်ပါတယ်။ ဘယ်သူကို ဘယ်အချိန်မှာ ကပ်ရမယ်။ ဘယ်အချိန် မှာ ခွာရမယ်ဆိုတာတွေ တွက်တတ်ပါတယ်။ ဒါ့ကြောင့် သူက (အဲဒီတုန်းက သိပ်နံမည်မကျော်ကြားသေးတဲ့) သခင်အောင်ဆန်းကို တလေးတစားဆက်ဆံတာကို မြင်ရတော့ ဆရာကြီးမှိုင်းအဖွဲ့က ရဲဘော်သုံးကျိပ်ဝင်များက အတော်ကျေနပ်ပြီး ဗိုလ်နေ၀င်းကိုလည်း ပြန်လှန်လေးစားသမှုပြုလာပါတယ်။

ဆရာကြီးမှိုင်းအဖွဲ့က နံပါတ်(၁)ခေါင်းဆောင်က သခင်အောင်ဆန်း (၂)ခေါင်းဆောင်က သခင်လှဖေ(ဗိုလ် လက်ျာ) ဖြစ်ပါတယ်။ ဂိုဏ်းဂနစိတ်ကင်းစင်တဲ့ သခင်အောင်ဆန်းရဲ့ ဦးဆောင်မှုအောက်မှာ ဒီအဖွဲ့(၂)ဖွဲ့က လူငယ်တွေဟာ စည်းလုံးညီညွ့တ်စွာနဲ့ ဂျပန်တွေသင်ပေးတဲ့(အဆင့်မမြင့်လှတဲ့) စစ်ပညာကို အဆင်းရဲအပင် ပန်းကြီးစွာနဲ့ သင်ယူခဲ့ကြပြီး အခက်အခဲ အမျိုးမျိုးကြားကနေ ရဲဘော်သုံးကျိပ်ကို အမြူတေထားပြီး-၁၉၄၁-ဒီဇင်ဘာ(၂၇)ရက် ထိုင်းမှာဗမာ့လွတ်လပ်ရေးတပ်မတော်-ဘီ-အိုင်-အေ ကိုတည်ထောင်လိုက်ပါတယ်။

ဒီကနေဘာသင်ခန်းစာတွေရရှိနိုင်ပါသလဲ။

၁။ အင်အားချည့်နဲ့တဲ့ နိုင်ငံငယ်ကလေးများအနေနဲ့ အင်အားကြီး နိုင်ငံများရဲ့ သေနင်္ဂဗျူဟာ ခြေလှမ်းကြီးများ အကြားကနေ မိမိတို့နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း အကွက်ဖော်လုပ်ဆောင်နိုင်ကြောင်း တွေ့နိုင်ပါတယ်။ အဲဒီကာလက ဂျပန်ဟာတရုတ်ပြည်ကို ၀င်ရောက် ကျူးကျော်နေပါပြီ။ တရုတ်ကွန်မင်တန်အစိုးရတပ်ရော တရုတ်ကွန်မြူနစ်တပ်များရော တပ်ပေါင်းစုဖွဲ့ပြီး ဂျပန်ခုခံဆန့်ကျင်ရေးစစ်ပွဲကို အပြင်းအထန်နွှဲနေလို့ ဂျပန် ရှေ့မ တိုးသာဖြစ်နေပါတယ်။ ဒါ့အပြင်အင်္ဂလိပ်-အမေရိကန် မဟာမိတ်များက လီဒိုလမ်းမကြီးကနေတဆင့် တရုတ် တပ်တွေကို အကူအညီပေးနေလို့ ဒီလမ်းကိုဖြတ်တောက်ချင်တဲ့ ဂျပန်က ဗမာပြည် ၀င်ချင်နေတာပါ။ ဒီဂျပန်ရဲ့ ခြေလှမ်းကို ဗိုလ်ချုပ်အောင်ဆန်းအသုံးချပြီး အင်္ဂလိပ်လက်အောက်မှာ လက်နက်ဆိုလို့ (၆)လက်မဒါးတောင် ကိုင်ခွင့်မရှိတဲ့ ဗမာအမျိုးသားများအတွက်-တပ်မတော်တရပ်တည်ဆောက်လိုက်ပါတယ်။

၂။ ရဲဘော်သုံးကျိပ်ဝင်အားလုံးမှာ နိုင်ငံရေးသမားအခြေခံများ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်-စသူများဟာ ရဲဘော်သုံးကျိပ် မဖြစ်ခင် ကတည်းက တိုင်းပြည်မှာ ကျော်ကြားပြီးဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေပါ။

၃။ တိုင်းပြည်ကြီး လွတ်လပ်ဖို့၊ လွတ်လပ်ပြီးရင် ငြိမ်းချမ်းသာယာဖွံ့ဖြိုးပြီး ပြည်သူလူထုတွေ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ဖို့ဆိုတဲ့ ဘုံရည်မှန်းချက်ကြီးနဲ့ အခြေခံမတူတဲ့ ဂိုဏ်း(၂)ဂိုဏ်းကသူတွေ-ညီညီညွတ်ညွတ် တစည်းတလုံးထဲ အဆင်းရဲအပင်ပန်းခံ လုံးပန်းကြပြီးတပ်မတော်ကြီးကို အုတ်မြစ်ချ တည်ဆောက်နိုင်ခဲ့ကြ ပါတယ်။

၎။ ဒီလိုသွေးစည်းညီညွှတ်ရေးမျိုးကို ပြည်သူအကျိုးမှတပါး အခြားဘာမှ မရှိတဲ့ ခေါင်းဆောင်မျိုးကသာ လုပ်နိုင် တာပါ။ ဒီသင်ခန်းစာတွေအပေါ် အခြေခံပြီး ဗမာပြည်ကြီး စည်းလုံးညီညွတ်ရေးအတွက် တပ်မတော်သားများ အနေနဲ့ ကြိုးစားသင့်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ မိန်းခွန်းများကတော့ မကွဲကွဲအောင်လုပ်နေသလိုပါလား။ ထိပ်ပိုင်းခေါင်းဆောင်များအားလုံး စည်းစည်းလုံးလုံး တွေ့ဆုံညှိနှိုင်းရေး အစည်းအဝေးမှာ ကိုယ်ပြောချင်ရာ ပြောပြီး ကျန်သူများဘက်က အပြောကို နားမထောင်တော့ဘဲ အစည်းအဝေးကို ဆက်မတက်တဲ့ လုပ်ရပ်ဟာ အင်မတန် ရိုင်းစိုင်းရာကျပါတယ်။ တိုင်းပြည်ရဲ့ တခြားသေရေးရှင်ရေးကိစ္စမျိုးရှိနေလို့ မဖြစ်မနေ သွားရမှာ မျိုးဆိုရင်တော့ ခွင့်လွှတ် နားလည်နိုင်ပေမယ့် အခုဗိုလ်မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကတော့ ကျန်တိုင်းရင်းသား ခေါင်းဆောင်များအပေါ် မလေးစားရာ ရောက်တယ်လို့ပဲ ဆိုရတော့မှာပါ။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ တိုင်းပြည်ရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှုကတော့ အရာရောက်လိမ့်မယ်လို့ မထင်ပါ။

နောက်ဆောင်းပါးမှာတော့-ဘီ-အိုင်-အေခေတ်တပ်မတော်အကြောင်းပြောပါဦးမယ်။

လှကျော်ဇော
၂၅-၁၀-၂၀၁၈။

Comments