ခိုင်မြဲကျော်စွာ ● ကက်တလောက်ထဲမှာ

 ခိုင်မြဲကျော်စွာ ● ကက်တလောက်ထဲမှာ
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၈

အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

ထိုင်
ငါဟာ အဘဘိုးမင်းခေါင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်
ငါဟာ အဆီပြန်အဆောက်အအုံနဲ့ ဝက်သားဗျူရိုကရက်များအတွက်
ဘောပင်ပျံ
ငါပိုင်တဲ့စားနပ်ရိက္ခာဆိုတာ အဆောက်အအုံဝါဒက
ချက်ပြုတ်ထားတာတွေ
ငါ့ကောင်မလေးရဲ့ကျိန်စာမှာ အဆောက်အအုံလွန်သမား
ဖြစ်ရပါစေလို့ပါတယ်
ငါ့မျိုးဆက်ကို ringtone cutter နဲ့ဖြတ်တောက်တယ်
ငါ့ထုံးစံအတိုင်းအန်ချင်ရင် သူတော်စင်အိတ်တွေ ဘာသာစကားသံတိုင်
နောက်မှာထားပေးတယ်
ငါ့ဘယ်ဘက်ခြမ်းမှာ ဘလော့သေနတ်နဲ့ အိုက်ဝေဝေရှိတယ်
ငါ့ညာဘက်ခြမ်းမှာ ဈာန်သမာပတ်တွေကို ဓားနဲ့ခုတ်သတ်တဲ့
တိုင်းပြည်ရှိတယ်
ငါ မလေးရှားကပြန်လာတော့ အတ္တဘဝအမှန်ဝါဒဆိုတာ ရုပ်တု
အပဲ့မှန်း သိလိုက်တယ်
ငါ့ မနေ့ဘဝက အကောင်းအတိုင်းရှိသေးတဲ့ ရန်ပုံငွေငှက်များ
မီးဆိုင်းကြီးပြိုကျသွားတယ်
ငါ့မီးဆိုင်းကြီးနောက်ကွယ်က တွန်းအားဆိုတာ ကျားကောင်တို့
သွားကြားထဲက
ဆွဲထုတ်ရတဲ့အရာလည်းဖြစ်တယ်
ငါ့အရိုးချောင်းမှာ နောက်ဆက်တွဲဝှေ့ယမ်းနေတဲ့ နင်တို့ယင်ကောင်
များကိုမုန်းတယ်
ငါ့ငါးမန်းထဲကိုဆင်းရင် ငါ့ပင်လယ်က မကိုက်တတ်ပါဘူးလို့
လိုက်ပြောတယ်
ငါ့ကြက်သွန်နီရယ်
ငါ့မုန်လာဥဝါရယ် ငါ့ရေနဲ့ဆားရယ် ငါ့ပါရမီနံနံရယ် ငါ့စတော့ကြက်သားရယ်
ငါ့ဓာတ်လုံးပိုက်လိုင်းရယ် မရှိဘဲ
ငါ့နိုင်ငံကို စွတ်ပြုတ်လုပ်ကျွေးနေရတယ်
ငါ့ကတ်တလောက်ဆိုတော့ ငါ့ကိုယ်ပိုင်သံရုံးမှာ ငါအပ်နှံထားတဲ့အရာ။

ခိုင်မြဲကျော်စွာ
၁၆၊ ၆၊ ၂၀၁၆

Comments