ဇင်လင်း - အိုင်းစတိုင်း ၏ နောင်တ

Life's Regrets by Whimzwhirled


ဇင်လင်း  - အိုင်းစတိုင်း ၏ နောင်တ 

(အတွေးအမြင် နိုဝင်ဘာ ၂၀၁၈)
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၈

ရာစုနှစ်တိုင်းသည် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ကို မွေးထုတ်ပေးလေ့ရှိ ပေသည်။ထိုထိုသော အမျိုးကောင်း သား အမျိုးကောင်းသမီးတို့သည် ထူးထူးချွန်ချွန်ကြိုးပမ်းအားထုတ် အောင်မြင်ကြသူများလည်း ဖြစ်သည်။ သူတို့၏ ကြိုး ပမ်းအားထုတ် အောင်မြင်မှုများမှတဆင့် ဖျောက်ဖျက်၍မရနိုင်သော အမှတ်လက္ခဏာ သင်္ကေတများကို စင်္ကြာဝဠာကြီးထဲ တွင် ချန်ထားရစ်ပေသည်။ ထိုသို့ ဖျောက်ဖျက်၍မရနိုင်သော အမှတ်လက္ခဏာ သင်္ကေတချန်ထားရစ်သူများအနက် ‘အဲလ်ဘတ် အိုင်းစတိုင်း’(Albert Einstein) ထက် သာလွန်သူဟူ၍ တဦးတယောက်မျှ ရှိနိုင်အံ့မထင်။ အဲလ်ဘတ် အိုင်းစတိုင်းသည် ရူပဗေဒပညာရှင်မျှသာ မဟုတ်။ လူသားချင်းစာနာထောက်ထားတတ်သူနှင့် စစ်မှန်သော ပါရမီရှင်လည်း ဖြစ်ပေသည်။

အချို့သော ပါရမီရှင်များ၏ ရှဖွေတွေ့ရှိမှုများသည် ကျွနှုင်္ပ်တို့၏ ဘ၀များအား လုံးဝပြောင်းလဲသွားစေခဲ့ပေသည်။ လျှပ်စစ်ဓါတ်၊ တယ်လီဖုန်းနှင့် မော်တော်ကားစသော ရှာဖွေတွေ့ရှိမှုများကို ကြည့်လျှင် သိနိုင်သည်။ သို့သော် ၎င်း ရှာ ဖွေတွေ့ရှိမှုများသည် အသုံးဝင်ရိုး မှန်သော်ငြားလည်း ‘အဲလ်ဘတ် အိုင်းစတိုင်း’၏ ဆောင်ရွက်ချက်များနှင့် နှိုင်းယှဉ် လိုက်သောအခါ မပြောပလောက်သည့် အဖြစ်သို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။ အိုင်းစတိုင်း၏ သီဝရီ (နိယာမ သဘောအယူအဆ) များသည် ဒြပ်ဝတ္ထု၊ ကာလ၊ အာကာသနှင့် ရွေ့လျားမှု (Matter, Time, Space and motion) တို့နှင့် စပ်လျဉ်းသော ကျွနှုင်္ပ်တို့၏ အမြင်အယူအဆများကို အစဉ်ထာဝရ ပြောင်းလဲသွားစေခဲ့ပေသည်။  ထို့ပြင် သိပ္ပံပညာရှင်များ အားလည်း ကမ္ဘာကြီးကို ဖြတ်သန်း လွန်မြောက်လျှက် ကျွနှ်ုပ်တို့၏ စင်္ကြ၀ဠာကြီးအကြောင်း နားလည်သဘောပေါက် သိမြင်လာစေရန် အိုင်းစတိုင်း၏ သီဝရီများက ကူညီခဲ့ပေသည်။

ဂျာမနီနိုင်ငံတွင်မွေးဖွားခဲ့သူ အိုင်းစတိုင်းသည် အသက် ၁၂ နှစ်အရွယ်တွင် သမားရိုးကျ ပညာရေးကို စိတ်ပျက်ငြီးငွေ့၍ အားရကျေနပ်မှု မရှိဖြစ်ခဲ့သည်။ သို့ဖြင့် ကမ္ဘာလောကကြီး၏ လျှို့ဝှက်နက်နဲ ဆန်းကျယ်မှုများကို ရှင်းလင်း အဖြေရှာရေးအတွက် သူ့ဘ၀ကို ပုံအပ်မြှုပ်နှံခဲ့သည်။ ၁၉၀၅ ခုနှစ်သည် အိုင်းစတိုင်း အထူးအောင်မြင် ထင်ရှားသော နှစ် ဖြစ်သည်။ အသက် ၂၆ နှစ် အရွယ်မျှနှင့် သူသည် စင်္ကြ၀ဠာကြီးအတွင်း၌ ရှိရှိသမျှ ဒြပ်ဝတ္ထုဟူသရွေ့တို့ သည် စွမ်းအင် (Energy) သိုမှီး တည်ရှိရာ ဌာနများဖြစ်သည်ဟူသော သဘောတရားကို တွေးဆ တင်ပြခဲ့သည်။ သူ၏ ကျော်ကြားသော E=mc2 ပုံသေနည်းအရ သေးငယ်သော ရုပ်ဝတ္ထုပမာဏ တခုကို အသွင် ပြောင်းလဲစေခြင်းဖြင့် အလွန်ကြီးမားသော စွမ်းအင် ပမာဏ တရပ် ထုတ်ယူရရှိနှိုင်သည်ဟူ၍ သီဝရီတခု ဖေါ်ထုတ် ပေးနိုင်ခဲ့ သည်။ (နောက်ပိုင်းတွင် အနုမြူဗုံး Atomic-bomb ဖြင့် သရုပ်ပြခဲ့သည်။) ထို ပုံသေနည်း တခု တည်းနှင့်ပင် အိုင်းစတိုင်း၏ နာမည်ဂုဏ်သတင်းသည် သမိုင်းတွင် လုံခြုံစိတ်ချရမှု ပြည့်စုံစွာဖြင့် တည်တန့်နိုင်ခဲ့ကြောင်း တွေ့ရသည်။

၎င်းအပြင် ဖန်တုံးဖြင့် ရောင်စဉ်များဖြစ်ပေါ်ပုံကို ရှာဖွေပြသသည့် အလွန်အရေးပါသော စာတမ်းကို အိုင်းစတိုင်း ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်။ ထိုစာတမ်း ထွက်ပေါ်လာချိန်ကျမှသာ ‘ကောင်းကင် ဘာကြောင့် ပြာရသနည်းဟူသော ပြဿနာအတွက် အဖြေ ပေါ်ထွက်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ကျော်က ပေါ်ထွက်ခဲ့သော အိုက်ဇက် နယူတန် (Issac Newton) ၏ ကမ္ဘာ့ဆွဲငင်အား နိယာမ (Theory of Gravity) ပြီးသည့်နောက်၊ အိုင်းစတိုင်း၏ ယေဘုယျ နှိုင်းရဓမ္မ သီဝရီ (General Theory of Relativity) သည် အလွန်အရေးပါသော ကမ္ဘာ့ဆွဲငင်အား နိယာမ သီဝရီအသစ် ဖြစ်လာခဲ့ သည်။ အိုင်းစတိုင်းသည် အနုမြူဒြပ်စင်တို့၏ တည်ရှိမှုကို သက်သေပြခဲ့သည်။ စင်္ကြ၀ဠာကြီး တခုလုံး၏ လှုပ်ရှားလည်ပတ် မှု သဘာဝကိုလည်း ပုံစံထုတ်ဆောင်ပြခဲ့သည်။ ကွမ်တမ်သီဝရီ (Quantum Theory) ၏ ဖြစ်ထွန်းတိုးတက်မှုကိုလည်း ဖေါ် ထုတ်တင်ပြခဲ့သည်။

အိုင်းစတိုင်းသည် နိုင်ငံရေးရာ ကိစ္စရပ်များကို စိတ်ဝင်စားသူဖြစ်၍ စကားပြောဆိုရာတွင် ဘွင်းဘွင်းရှင်းရှင်းပြောဆိုတတ် သူဖြစ်သည်။ အိုင်းစတိုင်းသည် အကြမ်းဖက်မှု ဆန့်ကျင်သူဖြစ်၍၊ စစ်ဆန့်ကျင်ရေး နိုင်ငံရေးအမြင်ရှိသူလည်း ဖြစ်သည်။ ထို့ပြင် သူသည် ဇီယွန်ဝါဒ (Zionism) ကိုလက်ခံသည်။ သိပ္ပံနည်းကျသော အမြင်အယူအဆ သဘောတရားတို့ကိုလည်း ယုံကြည်သူ ဖြစ်သည်။ ထိုအကြောင်းများကြောင့်ပင် အိုင်းစတိုင်းသည် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတိုက်ခိုက်ခံရမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများလည်း ကြုံခဲ့ရသည်။

သူ၏ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အငြင်းပွားဖွယ် ကိစ္စများအဖြစ် ထင်မြင်ယူဆမှုများ ရှိခဲ့သော်လည်း၊ ၁၉၂၂ ခုနှစ် တွင် အိုင်းစတိုင်းအား ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်လိုက်သောအခါ၊ အခြေအနေ အချက်အလက်များ ထင်ရှားပေါ်လွင် သွားခဲ့သည်။ အိုင်းစတိုင်းရရှိသော နိုဘယ်ဆုမှာ သူ၏ နှိုင်းရဓမ္မသီဝရီအတွက် မဟုတ်ဘဲ၊ “လျှပ်စစ်အလင်းမှုန်များ၏ အကျိုးသက်ရောက်မှု သက်သေပြချက်စာတမ်း” အတွက် ချီးမြှင့်ခြင်း ဖြစ်သည်။

အိုင်းစတိုင်းမတိုင်မီက ရူပဗေဒပညာရှင်များသည် အချိန်ကာလကို ပြောင်းလဲ၍ မရနိုင်သော အကြောင်းအရာအဖြစ် ရှုမြင် ခဲ့ကြသည်။ အချိန်ကာလကို နှိုင်းရဓမ္မ ညီမျှခြင်းတွင် ပထမဆုံး ဆက်စပ်ပေါင်းကူးပေးခဲ့သူမှာ သူပင်ဖြစ်ကြောင်း အိုင်းစတိုင်းက စဉ်ဆက်မပြတ်နှိုးဆော် ပြောဆိုခဲ့သည်။ သူ၏ ‘ဖတက်ဖိလစ်ပ်’ (Patek Philippe) အိပ်ဆောင် နာရီကလေး သည် သူ့ဘ၀သက်တမ်း တလျှောက်လုံး တောက်လျှောက် အသုံးပြုခဲ့သောကြောင့် အမှန်ပင် ဟောင်နွမ်းနေပြီ ဖြစ်သည်။ သူ မျက်စိမှုန်လာသဖြင့် နာရီကလေးမှ ရောမအက္ခရာ ဂဏန်းများကို ပိုမိုကြီးသည့် ဂဏန်းသင်္ကေတများဖြင့် အစားထိုး လဲလှယ်ထားခဲ့သည်။

ရူပဗေဒပညာရပ်ပြီးလျှင် အိုင်းစတိုင်းအတွက် အရးအကြီးဆုံး စိတ်ဝင်စားစရာ ကိစ္စသည် ငြိမ်းချမ်းရေးဖြစ်သည်။ နာဇီတို့ လက်မှ လွတ်မြောက်ရေးအတွက် ၁၉၃၃ ခုနှစ်တွင် အိုင်းစတိုင်းသည် အမေရိကန်နိုင်ငံသို့ ထွက်ပြေး ပြောင်းရွှေ့လာခဲ့ သည်။ သူ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ခဲ့ရခြင်း၏ အဓိကတွန်းအားမှာ ဟစ်တလာ၏ နာဇီဝါဒနှင့် ဂျူးလူမျိုး ဆန့်ကျင်ရေးလုပ်ရပ်များကြောင့်ဖြစ်သည်။ ထိုစဉ်က ဂျူးလူမျိုးသိပ္ပံပညာရှင်မှန်သမျှကို ၎င်းတို့လုပ်ကိုင်နေသော တက္ကသိုလ် ကောလိပ်များ၊ သိပ္ပံသုတေသနဌာနများမှ အကြောင်းပြချက်မရှိဘဲ ဟစ်တလာ၏အမိန့်ဖြင့် အလုပ်မှ ထုတ်ပယ်ခံခဲ့ကြရသည်။ ထိုစဉ်က အိုင်းစတိုင်းသည် ကံအားလျော်စွာ အမေရိကန်သို့ ရောက်ရှိနေသည်။ ဟစ်တလာ အာဏာရရှိနေသည့် သတင်းကြောင့် အိုင်းစတိုင်းသည် ဂျာမနီသို့ မပြန်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ပရင်စတန်တက္ကသိုလ်တွင် အလုပ်တစ်နေရာ လက်ခံရယူခဲ့သည်။ ဟစ်တလာက ဘာလင်ရှိ သူ့အလုပ်ခန်းနှင့် သူ့နေအိမ်တို့ကို စီးနင်းသိမ်းယူကာ ချိတ်ပိတ်ထားခဲ့သည်။

အမေရိကန်တွင်နေထိုင်စဉ်တွင် လူမှုအခွင့်အရေးလှုပ်ရှားမှုများ၊ လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှု များကို အိုင်းစတိုင်းထောက်ခံခဲ့သည်။ ထို့ကြောင့် FBI ဒါရိုက်တာ J. Edgar Hoover က သူ့ကို ဆိုဗီယက်ယူနီယန်၏ သူလျှိုဟု ယူဆကာ စောင့်ကြည့်ခံခဲ့ရသည်။ FBI က အိုင်းစတိုင်း၏ ဖုန်းကို ကြားဖြတ်နားထောင်ခြင်း၊ သူ့ထံပေးပို့သည့် စာများကို ဖေါက်ဖတ်ခြင်းနှင့် သူ့အမှိုက်ခြင်းမှ စာတိုစာစများပါမကျန် စောင့်ကြည့်စစ်ဆေးခဲ့သည်ဟု ဆိုသည်။ သူ အမေရိကန်ရောက်ချိန်မှစတင်ပြီး ၂၂ နှစ်ကြာမျှ FBI ၏ စောင့်ကြည့်ခြင်းခံရသည်ဟု ဆိုသည်။

အိုင်းစတိုင်းသည် သူ၏ ‘ငြိမ်းချမ်းရေးလိုလားသော နိုင်ငံရေးအမြင်’ ကို ဘေးဖယ်မထားလိုဘဲ ထားခဲ့ရပြီးနောက်၊ သမ္မတ ရုဇဗဲ့လ်တ် (President Roosevelt) ထံသို့ စာရေးသားပေးပို့ခဲ့သည်။ စာမှာ ဂျာမနီနိုင်ငံက အနုမြူဗုံး မလုပ်နိုင်မီ အမေရိကန်နိုင်ငံက ထုတ်လုပ်ပါရန် တိုက်တွန်းနှိုးဆော်သော စာဖြစ်သည်။ ထိုအချိန်က ပြည်သူအများ သိရှိထားသော ထင်ရှားသည့် ‘မင်ဟတ်တန် စီမံကိန်း’ (Manhattan Project) အတွက် အသုံးစရိတ် ခွင့်ပြုငွေကို သမ္မတ ရုဇဗဲ့လ်ထ် အနေဖြင့် ဆုံးဖြတ်ချက်ချထားပေးပါရန် အိုင်းစတိုင်း၏ စာ၌ အကြံပေးထားပေသည်။

ဟီရိုရှီးမားနှင့် နာဂါစကီးတွင် အနုမြူဗုံးများ ကျဲချပြီးသောအခါ၊ “နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် လူသားမျိုးနွယ်အား စည်းကမ်းနည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်လာစေရန် အနုမြူဗုံးက ခြိမ်းခြောက်နိုင်လိမ့်မည်။ အကြောက်တရား၏ ဖိအားမရှိလျှင် နိုင်ငံတကာ အရေးကိစ္စများ၌ စနစ်ကျနစွာ ဖြစ်ပေါ်တိုးတက်လိမ့်မည် မဟုတ်ပေ။” ဟု အိုင်းစတိုင်းက မျှော်လင့်ယူဆထားခဲ့သည်။

သမ္မတ ရုဇဗဲ့လ်တ် ထံသို့ စာရေးသားပေးပို့မိခြင်းမှာ သူ၏ ကြီးမားသော အမှားများအနက်မှ တခုဖြစ်သည်ဟု နောက်ပိုင်း တွင် အိုင်းစတိုင်း နောင်တရနေမိသည်ဟု ဆိုသည်။ အကယ်၍သာ ဂျာမန်သိပ္ပံပညာရှင်များ အနုမြူဗုံးထုတ်လုပ်ရန် ကြိုးပမ်းမှု မအောင်မြင်ကြောင်း ကြိုတင်သိရှိခဲ့ပါက သမ္မတ ရုဇဗဲ့လ်တ် ထံသို့စာရေးမိလိမ့်မည်မဟုတ်ဟု အိုင်းစတိုင်းက နယူးစ်ဝိခ် မဂ္ဂဇင်းနှင့်တွေ့ဆုံမေးမြန်ခန်းတွင် ပြောခဲ့ဖူးသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အနုမြူလက်နက်ဖျက်သိမ်းရေး (nuclear disarmament) နှင့် အနုမြူလက်နက် စမ်းသပ်မှုတားဆီးရေးကိစ္စများတွင် ဦးဆောင်ပါဝင်ခဲ့သည်။

၁၉၅၅ ခုနှစ် အေပြီလတွင် အိုင်းစတိုင်း မကွယ်လွန်မီ နောက်ဆုံး ဆောင်ရွက်ချက်များအနက်မှ တခုမှာ ဗြိတိသျှ ဒဿနိက ဗေဒပညာရှင် ဘာထရန်ရပ်ဆဲလ် (Bertrand Russell)နှင့် ပူးတွဲ၍ “Russell-Einstein Manifesto” အနုမြူ လက်နက်ဆန့်ကျင်ရေး ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “နိုင်ငံတကာ အနုမြူလက်နက် စွန့်လွှတ်ရေး သဘောတူညီချက်” ရရှိရေး ပန်ကြားလွှာလည်း ထုတ်ပြန်နိုင်ခဲ့သည်။ ထို ကြေညာချက်တွင် အိုင်းစတိုင်းက သူ၏နာမည်ကို ထိပ်ဆုံးမှ ထားရှိ ပေးရန် သဘောတူညီမှုလည်း ရရှိခဲ့သည်ဟု ဆိုသည်။

“အနုမြူစွမ်းအင်ကို ထုတ်လုပ်နိုင်ခဲ့ခြင်းသည် ကျွနှုပ်တို့၏ တွေးခေါ်မြော်မြင်ပုံစနစ်မှတပါး အရာရာကို ပြောင်းလဲသွားစေ ခဲ့ပေသည်။ ဤပြဿနာ၏ အဖြေသည် လူသားမျိုးနွယ်၏ နှလုံးအိမ်အတွင်း၌ တည်ရှိနေမည် ဖြစ်ပေသည်။ အကယ်၍ ကျွနှုပ်သာ သိမြင်နားလည်မှု ရှိခဲ့မည်ဆိုလျှင် ကျွနှုပ်သည် နာရီပြင်ဆရာ တယောက် ဖြစ်လာဖွယ်ရာ ရှိပေသည်။” ဟု အိုင်းစတိုင်းက စိတ်မချမ်းမြေ့စွာ ငြီးတွားရေရွတ်ခဲ့ပေသည်။

(အတွေးအမြင်စာစောင် အမှတ် ၃၁၅၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ်တွင် ဖေါ်ပြခဲ့သော ဆောင်းပါး)
Reference: (1) Beyond Genius: Patek Philippe’s legendry legacy – Time: December 31, 1999.
(2) HISTORY: 9 Things You May Not Know About Albert Einstein. Oct 26, 2015
0