နေနေ ● အမေ

နေနေ ● အမေ
(မိုးမခ) နိုဝင်ဘာ ၆၊ ၂ဝ၁၈
အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂ဝဝ၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


ကျနော်သည် ငယ်ငယ်က အဖေ့ကို အချိန်မရွေးနေရာမရွေး နမ်းရဲသော်လည်း အမေ့ကိုမနမ်းရဲပါ။ အမေကိုတခါနမ်းရဲလျှင် ငွေငါးကျပ်ပေးမည်ဟု အဖေကပြောသောအခါ ပိုက်ဆံကိုလိုချင်သဖြင့် အမေ့ပါးကို မရဲတရဲနမ်းခဲ့ပါသည်။ နောက်ပိုင်းတွင် တော့ မနမ်းတော့ပါ။

သားသမီး ခုနစ်ယောက်မွေးခဲ့သောအမေသည်အဖေလို မရော၊ အဖေ့လို မဆူ၊ အဖေ့လိုလည်း မရိုက်ပါ။ ကျနော် မှတ်မိ သလောက် အမေကရိုက်တာ တခါသာခံခဲ့ရဖူးပါသည်။ အိမ်ခေါင်းရင်းဘက်ဇီးပင်အောက်တွင် ဇီးကိုင်းခြောက်ဖြင့် အရိုက်ခံ ခဲ့သည်ကို မှတ်မိပါသည်။ ဘာအကြောင်းကြောင့်ရိုက်ခဲ့သည်ကိုကား မမှတ်မိတော့ ပါ။ နောက်တခါမှာ ခေါင်းကိုခေါက်ခဲ့သည်။ ကျနော်သည် အမေ့လိုပင် ဒညင်းသီး၊ ဆူးပုတ်၊ ငါးပိရည်တို့ကို အလွန်ကြိုက်ပါသည်။ ကျနော်တို့မိသားစုသည် ထမင်း ဝိုင်းဖွဲ့ပြီး စားလေ့ရှိသော်လည်း တညနေတွင် မိသားစုအားလုံး အလုပ်များနေခိုက် ညစာကို ကျနော်တယောက်တည်း စားခဲ့ သည်။ ထိုညနေကဟင်း မချက်၊ ဒညင်းသီးပြုတ်တအိုး၊ ငါးပိရည်တအိုးသာ ပြင်ထားသည်။ ကျနော်သည် စားကောင်း ကောင်းနှင့် ဒညင်းသီးလေးလုံးနှင့်တခြမ်းကို စားလိုက်မိသည်။ အမှန်မှာ ထိုနေ့ညစာအတွက် တယောက် အတွက်၂ လုံး ကျနှုန်းဖြင့်ပြုတ်ထားရာ ကျနော်ကမသိဘဲ ပိုစားသဖြင့် ခေါင်းခေါက်ခံရသည်။

ကျနော်သည် တက္ကသိုလ်အောင်ပြီးနောက် နှစ်အတန်ကြာအိမ်ပြေးဖြစ်ခဲ့သည်။ အငယ်ဆုံးသားလည်းဖြစ်သဖြင့် အိမ်မှ ပျောက်သွားသည့်အခါ တအိမ်လုံး စိတ်မကောင်းဖြစ်ကြသည်။ ကျနော့်အစ်မတယောက်ဆိုရင် ကျနော့်အတန်းဖော်ငယ်သူငယ်ချင်းတွေအိမ်ကိုအလည်လာတိုင်း ငိုနေတတ်သည်ဟု နောက်မှပြန်ကြားရပါသည်။ အဖေသည် ကျနော့်နေ့စဉ်ဒိုင်ယာရီထဲမှဓာတ်ပုံကိုထုတ်ပြီး အိမ်ခေါင်းရင်းမြေကွက်မှာ ညနေတိုင်းလိုလို ထိုင်မှိုင်နေတတ်သည်ဟု နောက်မှပြန်သိရပါသည်။ အမေကား သူ့စရိုက်အတိုင်း ခံစားချက်ကိုမပြခဲ့ပါ။

သို့သော် မိသားစုထမင်းဝိုင်းတွင် ဒညင်းသီးပြုတ်ပါလာလျှင် အမေသည် သူ့သားထွေးကိုသတိမရဘဲ မနေနိုင်တော့။ ဒညင်းသီးဇာတ်လမ်းကို မျက်ရည်ဝဲရင်း ပြန်ပြောနေတတ်သည်ဟု နောက်မှပြန်သိရသောအခါ ကျနော်လည်း ဝမ်းနည်း နောင်တရ မိပါသည်။

အမေသည် ကျနော့်ကိုသေမည့်ဘေးမှလည်း ကယ်ခဲ့ဖူးပါသည်။ တခါမှာ ကျနော့်အသက် ၆ နှစ်၊ ၇ နှစ်ဝန်းကျင်ရှိမည်ဟု ထင်သည်။ ထိုစဉ်ကကျနော်သည် အလယ်တန်း မရောက်သေးသဖြင့် တောအိမ်တွင် မိဘများနှင့် အတူနေပါသည်။ ကျနော့် အထက်မှ အစ်ကိုနှင့်အစ်မတို့မှာ အလယ်တန်းတက်နေသဖြင့် ကျောင်းနှင့်နီးသော ကျနော်တို့ အိမ်အသစ်တွင်နေကြသည်။ အိမ်နှစ်အိမ်မှာ ၁ဝ မိုင်သာရှိသော်လည်း ယခုခေတ်ကဲ့သို့ လမ်းပမ်းဆက်သွယ်ရေးမလွယ်ကူသေး။ မိုးတွင်းကာလတွင် ကုန်းတတန် ရေတတန် သွားရသည်။ တယ်လီဖုန်းတွေမပေါ်သေးသဖြင့် လူကြုံစောင့်ပြီးစာပါးရသည်။ မိုးတွင်းတခုတွင် မိုးသည်းလေထန်သဖြင့်အမေသည် အစ်ကိုတို့အစ်မတို့ကို စိတ်မချနိုင်ဘဲ ကျနော့်ကိုခေါ်ပြီးသွားပါသည်။ အမေက စားစရာ တွေ ခေါင်းပေါ်ရွက်၊ ကျနော်က ကြက်ပေါက်ကလေးနှစ်ကောင်ကိုပိုက်ပြီး သွားကြပါသည်။ လှေကြုံမရသဖြင့် လယ်ကွင်း ကျယ်ကြီးကိုဖြတ်ပြီး လယ်ကန်သင်းပေါ်ကသွားရသည်။ ဗွက်တောများကိုလည်း ဖြတ်ရသည်။ ချောင်းရိုးများကိုလည်း ခနိုးခနဲ့ဝါးလုံးတံတားများပေါ်မှ သတိထားဖြတ်ကူးခဲ့ရသည်။မိုးထဲလေထဲရေထဲတွင် ကျနော်သည် ရေလျှံနေသော ဝါးလုံးတံတားကိုအလောသုံးဆယ်ဖြတ်ကူးရာ အဆက်နေရာတွင် ခြေလှမ်းကျွံပြီးရေထဲသို့ ကျသွားတော့သည်။ရေမကူးတတ်သော ကျနော်သည် အရှိန်နှင့်စီးနေသောရေစီးကြောင်းနှင့် မျောပါသွားရာ အမေကရေထဲအမြန်ခုန်ချပြီး အချိန်မီလိုက်ဆယ်ခဲ့သ ဖြင့် သေဘေးမှလွတ်မြောက်ခဲ့ပါသည်။

နောက်တခါမှာ ကျနော်တက္ကသိုလ်ကျောင်းသားအရွယ်ဖြစ်သည်။ ကျောင်းပိတ်ရက်ကာလတခုတွင် ကျနော်သည် အိမ်မှာ ဆက်ကြေးလာကောက်သော လက်နက်ကိုင်အဖွဲ့နှင့် တည့်တည့်တိုးမိသည်။ ကျနော်တို့မိသားစုပိုင် ဆန်စက်အတွက် အခွန်ကောက်သည်ဟုဆိုကာ ပိုက်ဆံ အဆမတန်တောင်းလာသည်။ ကျနော်သည် ငယ်စဉ်ကတည်းက တောအိမ်တွင် အနေနည်းခဲ့သဖြင့် ထိုအရပ်တွင်ကြီးစိုးသောလက်နက်ကိုင်အဖွဲ့၏အကြောင်းကို လည်းကောင်းကောင်းမသိ။ ထိုအဖွဲ့က လည်း ကျနော့်ကို လူစိမ်းဟု ထင်နေသည်။ အိမ်ရှေ့မြေကွက်လပ်တွင် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်နဲ့ ကျနော်တို့ စကား အခြေအတင်စကားများကြသည်။ ကျနော်က“အစိုးရတခုကိုသာအသိအမှတ်ပြုနိုင်မည် တခြားအဖွဲ့တဖွဲ့ကို အခွန် မပေးနိုင်” ဟူသောသဘောမျိုးပြောသောအခါ ထိုအဖွဲ့ကခေါင်းဆောင်က မခံမရပ်နိုင်ဖြစ်ကာ ခါးကြားမှသေနတ်ထုတ်ပြီး ကျနော့် ကိုပစ် ရန်ချိန်ရွယ်ထားခဲ့သည်။ အမေသည်အိမ်ပေါ်မှပြေးဆင်းလာပြီး ကျနော့်ရှေ့မှာကာရပ်ရင်း “ဒါ ငါ့သား ဒါ ငါ့သား” ဟုအော်နေခဲ့သည်ကို ယခုစာရေးနေသည့်အချိန်တွင်ပင် မြင်ယောင်နေပါသည်။

အမှန်မှာ ထိုလူမှာ အရင်ကကျနော်တို့အိမ်မှာ ဝင်ထွက်စားအိမ်သောက်ခဲ့သဖြင့် ကျနော်တို့မိသားစုနှင့် ရင်းနှီးပါသည်။ နောက်တော့ ဘယ်ကဘယ်လိုဖြစ်သွားသည်မသိ။ အပစ်ရပ်အဖွဲ့တဖွဲ့၏ နယ်မြေထိန်းကြီးဖြစ်သွားခဲ့သည်။ နဂိုပုံစံလည်း မဟုတ်တော့ဘဲ အတော်ကြမ်းသဖြင့် နယ်ခံတွေက သူ့ကိုကြောက်ကြသည်။ ထိုအကြောင်းကို မသိသောကျနော်က သူ့ကို ကြောက်ရကောင်းမှန်းမသိခဲ့။ စောင်းပါးရိပ်ခြေနားမလည်ဘဲ စာအုပ်ကြီးအတိုင်းခံပြောခဲ့ရာ အမေက ဝင်မကာလျှင် ဘယ် သို့ဖြစ်မလဲ မပြောတတ်ပါ။

အမေသည် ငယ်စဉ်ကတည်းက ကိုယ့်အားကိုယ်ကိုးခဲ့ရ၍လားမသိ၊ အလွန်သတ္တိကောင်းသည်ဟု ကျနော်ထင်သည်။ အမေတို့ မောင်နှမတတွေသည် လူမမယ်အရွယ် ကတည်းက မိဘနှစ်ပါးစလုံးကိုရှေ့ဆင့် နောက်ဆင့်ဆုံးရှုံးခဲ့ကြရှာသည်။ အမေ၏အမေ ကွယ်လွန်ပြီးသိပ်မကြာခင်မှာပဲအမေတို့ဖခင်မှာဓားပြတွေ သတ်တာ ခံလိုက်ရ သည်။ ထိုစဉ်ကအမေတို့ညီအစ်မတွေမှာအပျိုပေါက်အရွယ်တွေသာရှိသေးပြီးကျနော်ဦးလေးနှစ်ယောက်မှာလူမမယ်အရွယ်မျှသာ ရှိသေးသည်။

ယခုအထိ အမေသည် မောင်နှမများအပေါ် အလွန်သြဇာရှိနေသည်ဟုကြည့်လျှင် ဉာဏ်ကောင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည် မှုရှိသော အမေသည် မောင်နှမတွေကို မှန်မှန်ကန်ကန် ဦးဆောင်မှုပေးခဲ့သည်ဟု ခန့်မှန်းမိပါသည်။

အဖေနှင့်အမေတို့ဇာတ်လမ်းမှာလည်း ရုပ်ရှင်ဆန်ပါသည်။ အဖေတို့မျိုးရိုးမှာ တောသူကြီးမျိုးရိုးဖြစ်ပြီး ငွေကြေး အတန်အ သင့်ပြည့်စုံပါသည်။ အဖေသည်ကိုးတန်းကျပြီးနောက် ရွာပြန်ကာ မူလတန်းကျောင်း ဆရာလုပ်နေခဲ့သည်။ ထို့နောက်သမဝါ ယမဆိုင်များပေါ်လာသောခေတ်တွင် ဆိုင်တာဝန်ခံပြောင်းလုပ်သည်။ ဆိုင်တွင် အကူဝန်ထမ်းအဖြစ် ခေါ်ထားသောအမေနှင့် မေတ္တာမျှပြီး ခိုးပြေးကြသည်။ အဘွားကသဘောမတူသဖြင့် အဖေ့ကို အဝတ်အစားပင်မပေးဘဲ သေတ္တာသော့ပိတ်ထားခဲ့ သည်။ မြေးဦးရသည့်အထိ အဘွားက အမွေဖြတ်ထားခဲ့သဖြင့် အမေနှင့်အဖေသည် အမေတို့သည် အိမ်ထောင်ဦးကာလမှာ ဥစားကြက်မွေး၊နို့စား နွားမွေးရင်း ဘဝကို သုညကစခဲ့ရသည်ဟု သိရပါသည်။

ကျနော်မှတ်မိသည့်အရွယ်မှစ၍ အဖေနှင့်အမေသည် ရန်ဖြစ်သည့်အခါ ဖြစ်သည်။ သို့သော် သိပ်မကြာခင်မှာပင် ပြန်တည့် သွားတတ်ပါသည်။ တခါတွင် ဘာကြောင့်မှန်းမသိ၊ စကားမပြောဘဲ အကြာကြီးနေခဲ့ကြသည်။ အလယ်တန်းကျောင်းသား ကျနော်က အိမ်ပြောင်းသွားပြီ။ သို့သော် အဖေနှင့်အမေတို့စကား မပြောသည့်သတင်းကြောင့် ကျနော်တို့မောင်နှမတတွေမှာ စိတ်မချမ်းသာဖြစ်ကြသည်။ ကျနော်သည် လူကြုံဖြင့် စာတိုလေးရေးပို့လိုက်သည်။

‘သို့
အဖေနှင့်အမေ၊
ကမ္ဘာမှာ အီရန်နဲ့အီရတ်တောင် တည့်သွားကြပြီ။ အဖေနဲ့အမေတို့ မတည့်ကြသေးဘူးလား။

သား”

စာမှာဤမျှသာဖြစ်သည်။ ယခုပြန်စဉ်းစားသည့်အခါထိုစဉ်ကအီရန်၊အီရတ်ဆက်ဆံရေး နောက်ခံ အကြောင်းကို ကျနော်မမှတ်မိတော့ပါ။ ကျနော်သည်ငယ်စဉ်ကတည်း ကရေဒီယိုနားထောင်သဖြင့် ထိုကဲ့သို့ကိစ္စမျိုးတွေကိုသိနေခဲ့တာဖြစ်မည်။ စာတိုကလေးမှာအလွန်ထိရောက်ပါသည်။ နောက်တရက်တွင် လင်မယားနှစ်ယောက် ကျနော်တို့စားဖို့အသီးအရွက်၊ အသားငါးတွေထမ်းပိုးပြီး ကျနော်တို့ဆီချီတက်လာကြတော့သည်။

ပုံမှန်ဆိုလျှင် စာမေးပွဲရက်များတွင် အဖေသည် ကျနော်တို့မောင်နှမတွေဆီကို ရောက်လာတတ်သည်။ ဖျားနာသည့်အခါ မျိုးတွင် အမေအလှည့်ဖြစ်သည်။ အမေသည် သားသမီးတယောက်ချင်း၏ အကြိုက်အလိုက်ကို နောကျေသည်။ ဖျားနာ သည့်အခါ မြိုးမြိုးမြက်မြက် မထပ်အောင်ချက်ကျွေးတော့သည်။ ထို့ကြောင့် ကျနော်တို့ဖျားသည့်အခါ အမေ့ကိုမျှော်ကြသည်။ အမေမလာမချင်း အဖျားမပျောက်၊ အမေလာမှ အဖျားပျောက်ကြသည်။ တခါတရံလည်း လယ်ယာလုပ်ငန်းခွင်တွင် ခဏနား သည့်အခါ  တောဘက်တွင် သားငါးပေါသည့်အခါမျိုး၊ အိမ်တွင်စားကောင်းသောက်ကောင်းချက်စားသည့်အခါ၊ မုန့်လုပ်စားသည့်အခါမျိုးတွင်လည်း အမေ သို့မဟုတ် အဖေ၊ သို့မဟုတ် နှစ်ယောက်စလုံး အထုပ်အပိုးတွေသယ်ပြီးရောက်လာလေ့ ရှိပါ သည်။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသဖြင့် ကုန်းကြောင်းလာကြသည်။ တခါတလေ မုန့်တွေနှင့်ရောက်လာသည်။ တခါ တရံ ကြက်အရှင်ကိုကြိုးနှင့်တုပ်ပြီး ပေါက်လာသည်။ တခါတရံ မိုးဖွဲဖွဲတွင်ရာသီပေါ် မှို၊ အင်ဥ၊ မြစ်၊ ခြံထွက်အသီးအနှံတွေကို တရွက်တပိုးနှင့် လာကြသည်။ ပင်ပန်းမှာစိုး၍တားလည်း ဘယ်လိုမှတားမရပေ ကျနော်တို့ကိုလည်း ကျွေးသည်။ အနီးအနား အိမ်တွေကိုလည်း အဝေခိုင်းသည်။

အမေက ကျနော့်ကို စစ်ဗိုလ်ကြီးဖြစ်စေချင်သည်။ တကယ်တမ်းကျနော့်မှာ စစ်တက္ကသိုလ်သို့မရောက်ဘဲ အင်ဂျင်နီယာတက္ကသိုလ်ရောက်သွားတော့လည်း အမေသည် သားအတွက်ဂုဏ်ယူပါသည်။ ပုံမှန်ဆိုလျှင်ခရီးထွက်လေ့မရှိသောအမေသည်ပြည်မြို့အစွန်ကကျနော်တို့အဆောင်၊ ကျနော်တို့ကျောင်းအထိ လိုက်ကြည့်ခဲ့သည်။ ဘွဲ့ယူသည့်အခါတွင်လည်း အဖေနှင့် အတူ ရန်ကုန်သို့တက်လာသည်။ ထိုစဉ်ကကျနော် သည်အာစီတူးထဲကသူငယ်ချင်းအဆောင်မှာနေပြီး ကွန်ပျူတာ သင် တန်းတခု တက်နေသည်။ ဘွဲ့ယူဖို့လည်း စိတ်မဝင်စားသလို အိမ်ကိုလည်း အကြောင်းမကြားခဲ့ပါ။ သူငယ်ချင်းက အ ကြောင်းကြားသဖြင့် အမေတို့လိုက်လာကြခြင်းဖြစ်သည်။ ကျနော်သည် အင်ဂျင်နီယာတက္ကသိုလ်တွင် ထူးချွန်သူမဟုတ် သဖြင့် ဘွဲ့ယူသည့်အခါ ခုံနံပတ်အစဉ်အတိုင်း ဘိတ်ဆုံးပိုင်းကျမှ စင်ပေါ်တက်ခဲ့သည့်အခါ အမေတို့ကို အားနာမိပါသည်။

မောင်နှမ ၇ ယောက်တွင် အငယ်ဆုံးဖြစ်သည့် ကျနော်သည် ငယ်စဉ်က ပညာအထူးချွန်ဆုံးဖြစ်သလို အလိုလိုက်အခံရဆုံး၊ ပညာရေးအတွက် အကုန်ကျအများဆုံးဖြစ်ပါသည်။ တခါတွင် အိမ်မှာ ငွေကြေးကျပ်တည်းချိန်ကို အလိုက်ကန်းဆိုးမသိဘဲ ကျနော်ကသင်တန်းတခုတက်ချင်သည်ဟု ပူဆာလွန်းသဖြင့် အမေသည် သူ၏ရွှေလက်ကောက်ကို ထုတ်ပေးဖူးပါသည်။ အသက်ကြီးလာသောအခါ အမေသည် သားထွေးဆီမှသိတတ်မှုကို မျှော်လင့်နေသည်ကိုလည်း နောက်တော့ သိခဲ့ရပါသည်။ တခါတွင် ကျနော်သည်“ ကြီးမေ” ဟုကျနော်တို့ခေါ်သော အမေ၏အစ်မကြီးထံသို့ လူနာမေးသွားခဲ့ပါသည်။

“ဟဲ့.. နင့်အမေက နင့်လုပ်စာကိုစားချင်တယ်လို့ ငါ့ကိုပြောနေတယ်” ဟု လေထိထားသောကြီးမေက အားမနာဘဲပြောသော အခါ ကျနော်သည်မျက်နှာပူခဲ့ရပါသည်။

အမှန်မှာ အမေသည် ကျနော်ဆီမှသိတတ်မှုကိုသာ မျှော်လင့်နေခြင်းဖြစ်သည်။ တခါတွင် ကျနော်သည် ပထမဆုံးရသည့် စာမူခစာအိတ်ကလေး ၆ အိတ်၊ ၇ အိတ်ကို အမေ့ကိုအမှတ်တရ ကန်တော့ခဲ့ဖူးပါသည်။ စာပေအသိုင်းအဝိုင်းမှမဟုတ်သောအမေသည် စာမူခစာအိတ်များကို တခါမှမမြင်ဖူး။ ထူးဆန်းနေသည်။ ကျနော်က ဂုဏ်ယူစွာ ရှင်းပြသောအခါ အမေသည် ကျနော်နည်းတူ ဂုဏ်ယူ ရွှင်လန်းစွာပြုံးနေလေသည်။ အတန်ကြာသည့်အထိလည်းငွေတသောင်းစီပါသော ကျနော့်စာမူခ စာအိတ်လေးများကို မဖောက်ရက်ဘဲ တသသဖြစ်နေသည်ဟု အစ်မလတ်က ကျနော့်ပြန်ပြောပြပါသည်။ တခါတွင် အမေ သည်ရွှေဆွဲကြိုးတကုံးကို ကျနော့်ကိုပြပါသည်။

“အမေတို့ လိုတာသုံးပါ’ ဟုဆိုကာ အဝေးမှ ကျနော်ကန်တော့သောငွေကို မသုံးရက်ဘဲ ရွှေဆွဲကြိုးတကုံး ဝယ်ထားခြင်းဖြစ် သည်။ “အခုတော့ အမေဝတ်ရတာပေါ့၊ အမေသေတော့ သားတို့ယူပေါ့” ဟုပြောသောအခါ ကျနော်သည်ဝမ်းနည်းဝမ်းသာ ဖြစ်ရပါသည်။

ကျနော်သည် အိမ်ပြေးဘဝတွင် အဖေနှင့်အမေကို အသက်ရှင်လျက်ပြန်မတွေ့ရလည်း  နောင်တမရဖို့ အဆိုးဆုံးအခြေအ နေအထိ မိမိစိတ်ကိုကြိုတင်ပြင်ဆင်ခဲ့ဖူးပါသည်။ သို့သော် နှစ်အတန်ကြာသောအခါ အဖေနှင့်အမေကို ကျန်းမာစွာပြန်တွေ့ ရသဖြင့် ကံကောင်းသည်ဟု တွေးမိပါသည်။ အဖေနှင့်အမေသည် ကျနော်က အိမ်ကို အဆက်အသွယ်ဖြတ်ထားခဲ့ခြင်းအတွက် အပြစ်မဆို၊ အမေသည် ကျနော်ကြိုက်တတ်သော ဟင်း၊ မုန့်များကိုသာ မနားမနေ ချက်ပြုတ်ကျွေးမွေးနေသည်။ ထုံးစံအ တိုင်း အစောဆုံးအိပ်ရာမှထပြီး မိသားစုစား သောက်ရေးကိစ္စ တကုတ်ကုတ်ချက်ပြုတ်စီစဉ်နေလေသည်။ အမေ့လက်ရာ အရမ်းကောင်းသည်ဟုပြောလျှင် အမေသည် ပီတီဖြာ၍ ပြုံးနေတတ်သည်။

သို့သော်အိမ်တွင်ငယ်ငယ်ကလိုလူမစုံတော့ပါ။ အိမ်ထောင်ကျသူကျပြီး သားသမီးခုနစ်ယောက် အနက်လေးယောက်မှာ တနယ်တကျေးမှာရောက်နေ သည်။ ကျန်းမာရေးအနည်းငယ်ချူချာနေသောအဖေက သားသမီးအားလုံးကိုဆုံစေချင်သည် ဟု တဖွဖွမှာသည်။ အဖေ့ဆန္ဒသည် အမေ့ဆန္ဒပင်ဖြစ်ပါလိမ့်မည်။ သို့သော် အမေသည်ဘာမှမပြောဘဲ ဆိတ်ဆိတ်သာ နေသည်။

ကျနော်တို့မိသားစုသည်ငွေကြေးအရမပြည့်စုံသော်လည်း အမေနှင့်အဖေတို့ကြောင့် မေတ္တာအရာတွင် လိုလေသေးမရှိ အောင်ပြည့်စုံခဲ့ပါသည်။ အမေသည် ယခုအခါဆံပင်တွေပိုဖြူလာသည်။ ခါးအနည်းငယ်ကုန်းလာသည်။ သို့သော်အမေ အိုသည် အနားမရသေးဘဲ သားသမီးများမှမွေးသောမြေးများကို ပြုစုပျိုးထောင်နေပြန်သည်။ စိတ်ကောက်နေသော အသက် ၄ နှစ်အရွယ်မြေးမလေးကို အမေက စိတ်ရှည်လက် ရှည်ချော့မော့နေသည်ကိုတွေ့ရသောအခါ ကျနော်ငယ်စဉ်က ဇီးပင် အောက်မှာအရိုက်ခံခဲ့ပုံ၊ ရေနစ်စဉ်နှင့် သေနတ်ချိန်ရွယ်ခံရစဉ်မှာ အမေက အတင်းဝင်ပြီး ကာကွယ်ပေးခဲ့ပုံများကိုပြန် အောက်မေ့ရင်း အမေအိုကို ငေးကြည့်နေမိပါသည်။
0