နိုင်ဝင်းသီ - မြူများရဲ့ခြေသံ
(မိုးမခစာအုပ်အညွှန်း) နိုဝင်ဘာ ၃၊ ၂၀၁၈
( တစ် )
သစ်တောတွေဆုတ်ခွာသွားခဲ့တဲ့ သည်ဘက်နှစ်တွေထဲမှာပဲ ပျော်ရွှင်စရာသိပ်မကောင်းတဲ့ နှစ်ကာလတွေထဲကို သူတို့တွေ ဟာ ရောက်ရှိလာခဲ့ကြ။ နည်းပညာကြောင့်ပဲ အချိန်တိုတိုအတွင်းမှာ အရေးအသားချင်း ချိတ်ဆက်မိကြ။ လူချင်း ချိတ်ဆက်မိကြ။ စကားလုံးချင်း ချိတ်ဆက်မိကြ။ စိတ်ကူးစိတ်
သန်းချင်း ချိတ်ဆက်မိကြ။ ဝေမြင့်မောင်(ဆလိုင်းမြတ်နိုးသူ) ၊ ဆလိုင်းဇုန်၊ မောင်နောင်မွန်နှင့် ကျွန်တော်။
သူတို့ဟာ Y မျိုးဆက် ဖြစ်မလား။ X မျိုးဆက် ဖြစ်လေမလား။ ဘယ်လိုခေတ်မျိုးကို အခြေပြုပြီး ခွဲခြားကြမယ်ဆိုတာ သိပ်မသဲကွဲလှသော်လည်း မည်းမှောင်အေးစက်နေတဲ့ နှစ်ကာလတွေထဲမှာ ရွေ့လျားလာခဲ့တဲ့ ၉၀ပြည့်နှစ်အလွန် မျိုးဆက်တွေဆိုတာကတော့ သေချာခဲ့။
လွတ်လပ်ရေးရပြီးမှ မွေးဖွားလာခဲ့တဲ့ ကျွန်တော်တို့အတွက် ပျော်ရွှင်စရာတချို့ထဲကို ရောထွေးစိမ့်ဝင်ခဲ့ဖူးပေမယ့် ၉၀ပြည့်နှစ် အလွန် သူတို့ မျိုးဆက်တွေ အတွက်ကတော့ အမှောင်ခေတ်ထဲက generation တွေ အသေအချာ ဖြစ်နေခဲ့။ ပျော်ရွှင်စရာတွေ ပျောက်ဆုံးနေခဲ့တဲ့ နှစ်ကာလတွေထဲမှာပဲ သူတို့ဟာ နာနာကျင်ကျင်နဲ့ ပျော်ရွှင်ခဲ့ကြ။ အမှောင်ခေတ်ထဲမှာ ကြီးပြင်းလာခဲ့ရင်း အလင်းထဲကို ရောက်ရှိလာအောင် ကိုယ့်ကိုကိုယ် ထိန်းညှိ သယ်မ တိုးဝင်လာခဲ့ရတဲ့ လူငယ်တွေလို့ ပြောမယ်ဆိုရင် ရနိုင်လိမ့်မယ်ထင်။
ဖြတ်သန်းလာခဲ့ရာ နောက်ခံကားချပ်ချင်း မတူညီခဲ့ပေမယ့် ခေတ်ကြီးဟာ ဒါလီရဲ့ နာရီတွေလို ပျော့တွဲအိကျလို့။ မီးစွဲနေတဲ့ နာရီလက်တံတွေဟာ မံမီ ရုပ်အလောင်းကောင်တွေလို မိန်းမောရီဝေလို့။
သူတို့ဟာ ညည်းတွားအော်ဟစ်သံတွေ လျှံတက်နေတဲ့ မြို့ပျက်ကြီးထဲက တီးခတ်ဖို့ ခက်ခဲနေတဲ့ စန္ဒယားတစ်လုံး။ သူတို့ဟာ မုန်တိုင်းကို ဆာလောင်မွတ်သိပ်နေတဲ့ ပင်လယ်တစ်စင်း။ သူတို့ဟာ ညဥ့်နက်သန်ခေါင်ထဲမှာ မုန်ယိုထကြွနေတဲ့ အရိုင်းဂစ်တာတစ်လက်။ ကြည့်နေကြည့်နေရင်းကပဲ ခေတ်ကြီးကို
တီးခတ်ဖို့အတွက် သံမဏိကြိုးမျှင်တွေဟာ တဆတ်ဆတ်နဲ့ တုန်ရီလာခဲ့ပြီ။
(နှစ်)
သိစိတ်ဟာ တစ်ခါတစ်ခါမှာတည်ငြိမ်နေတယ်။ တစ်ချက်တစ်ချက်မှာတော့ ပြန့်ကားဖြာထွက် သွားတတ်တယ်။ သေချာတာ တစ်ခုက အရေးအသားတွေအောက်မှာ ကျွန်တော်တို့ဟာ လေးလံဖိစီးမှုတွေ ရှိမနေခဲ့ဘူး။ တိတ်ဆိတ်ညင်သာနေတဲ့ သူတို့ရဲ့ဘာသာစကားထဲမှာပဲ အဖြစ်အပျက်တွေကို ကြည်လင်ပြတ်သားစွာနဲ့ ရှုမြင်ခွင့် ရနေခဲ့တယ်။ ဆက်သွယ်ထားတဲ့ ဘာသာစကားထဲမှာ တုန်ရီထစ်အမှုတွေ ရှိမနေခဲ့ဘူး ဆိုပေမယ့် တစ်ခါတစ်ခါမှာတော့ ရှော့ခ်ဟာ မီးပွားတွေလို ဖျပ်ကနဲ ဖျပ်ကနဲ။
( သုံး )
ဆလိုင်းဇုန်ရဲ့ စီးဆင်းပေါ့မဏိပူရ်မြစ်ရေထဲမှာ"ဆရာမ ဒေါ်ဆွီး ကွယ်လွန်။နေအိမ်ပေါ်လက်နက်ကြီးကျ။ အမြန်လာပါ " ဆိုတဲ့ ကြေးနန်းစာလေး တစ်စောင်ဟာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးကို နာကျင်ကြေကွဲ သွားစေတဲ့ ကြေးနန်းစာလေး တစ်စောင်ပါပဲ။
ကျွန်တော်တို့ မမွေးခင်ကတည်းက တိုက်လာခဲ့တဲ့ စစ်ပွဲတွေဟာ သူတို့ မျိုးဆက်ကို ရောက်လာတဲ့အထိ မပြီးစီးနိုင်သေးပါဘူး။ ကျွန်တော်ကတော့ အဲဒီကြေးနန်းစာလေး ကိုဖတ်ပြီး သွေ့ခြောက်မွဲရီနေတဲ့ မျက်လုံးလေးတွေကို မြင်တွေ့နေရပါတယ်။ အဲဒီ မျက်လုံးလေးတွေဟာ ခြေဦးတည့်ရာ အရပ်ဒေသ အသီးသီးကို ကူကယ်ရာမဲ့ လွင့်ပြေးနေကြတယ်။ ယမ်းငွေ့တွေ ဝေရီနေတဲ့ ကြားက လက်နက်ငယ်ပစ်ခတ်သံတွေကို ကြား နေရ တယ်။ လက်နက်ကြီး ပေါက်ကွဲသံတွေကို ကြားနေရတယ်။ကလေးငယ်လေးတွေရဲ့ အော်ဟစ်ငိုယိုသံတွေကို ကြားနေရတယ်။ အဲဒီ ပစ်ခတ်သံတွေဟာ ကိုယ်တွေနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ အရပ်ဒေသမှ ဖြစ်ပျက်နေတာပဲဆိုပြီး မသိကျိုးကျွံ နေ နေလို့တော့ မရပါဘူး။ လက်နက်ကြီး ကျည်စတစ်ခုဟာ အချိန်အခါနေရာဒေသမရွေး ကျွန်တော်တို့ရဲ့ခေါင်းပေါ်ကို ပြုတ်ကျလာနိင်တယ်ဆိုတာ သိထားရပါမယ်။
ကျည်ဆန်တွေဟာ တောင်ယာခင်းထဲကို ဖြတ်သန်းမသွားဖို့။ ကျည်ဆန်တွေဟာ လူနေအိမ်ရာတွေပေါ် ထိုးဆင်းမလာဖို့။ ကျည်ဆန် တွေဟာ မိသားစုရဲ့ ညစာစားပွဲထဲကို လမ်းမှာုးပြီး ကွေ့ဝင်မလာဖို့ ဘယ်လောက်တောင် ကြာမြင့်ဦးမှာလဲဆိုတာကိုတော့ ဘုရားသခင်မှပဲ သိတော်မူပေလိမ့်မယ်။ အနိဌာရုံမျိုးစုံ ရောထွေးပျော်ဝင်နေတဲ့ စစ်ပွဲတွေဟာ တချို့တချို့သော လူသားတွေအတွက်တော့
နှစ်ချို့ဝိုင်တစ်ခွက်လို ဖြစ်နေခဲ့တာ ရာစုနှစ်ထက်ဝက်ကိုတောင် ကျော်လွန်လာခဲ့ပြီ မဟုတ်လား။
(လေး)
မောင်နောင်မွန်ရဲ့ အာရုံခံစားမှုထဲမှာ ကျေးလက်ဟာ အသေအချာ တွယ်ငြိနေပုံ ရတယ်။ သူ့ရဲ့ ကျေးလက်ထဲမှာ နှစ်လိုဖွယ် ကောင်းတဲ့ အဖွဲ့အနွဲ့လေးတွေကို မြင်တွေ့နေရပေမယ့် မွန်းကျပ်သွားစေတဲ့ အဖြစ်အပျက်တွေကိုလည်း မြင်ရ တွေ့ရပြန်ပါတယ်။
အလုပ်အကိုင် အခွင့်အလမ်း ပါးရှားမှုကြောင့် ပျိုမြစ်တဲ့ လူငယ်လူရွယ်တွေဟာ ကျေးလက်
တွေမှာ မရှိကြတော့ဘူး။တစ်ဖက်နိုင်ငံတွေဆီကူးလူး ရောက်ရှိသွားကြပြီ။ ခွန်အားကို ညှစ်ထုတ်ပြီး အလုပ်လုပ်ရတဲ့ ကြမ်းရှသော လုပ်ငန်းခွင်မျိုးတွေမှာ သူတို့လို ပျိုမြစ်တဲ့ လူငယ် လူရွယ်လေးတွေကို မြင်တွေ့ကြရလိမ့်မယ်။
ဘီယာ၊အရက်နဲ့ အခြား မူးရီလွင့်မျောစေသောဆေးပြားတွေဟာ ကျေးလက်လို ဒေသမျိုးအထိ လွယ်လင့်တကူ ရောက်ရှိလာလို့လည်း ကျေးလက်က လူငယ်လေးတွေ ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးသမား အမူးသမားလေးတွေ ဖြစ်ကုန်ကြတာဟာ သိသာထင်လင်းစွာ ပြောင်းလဲလာခဲ့တဲ့ ကျေးလက်ရဲ့ အရွေ့တစ်ခုပါပဲ။
ဒီလို ကျေးလက်လေးတွေနဲ့ ဒီလိုအမူးသမားလေးတွေကို အမှောင်ကမ္ဘာထဲကနေ ဆွဲထုတ်ချင်တဲ့ စိတ်အခံနဲ့ ဘုရားသခင်ဆီကို မက်ဆေ့ခ်ျတစ်စောင် ပို့ပြီး စောင့်နေတဲ့ မောင်နောင်မွန်ကို အဝေးကနေပဲ ငေးရီကြည့်နေတာဟာ ကျွန်တော်တို့အတွက် ပိုပြီးတော့ သက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။
ဒီလိုနဲ့ပဲ ဘဝတွေဟာ အော့ဇ်ဝစ်ခ်ျ အကျဉ်းစခန်းထဲကို မျက်လုံးအသေတွေနဲ့ တန်းစီပြီး ဝင်သွားတဲ့ ဂျူးတွေနဲ့ တူမှန်းမသိ တူလာခဲ့ရတာ မဟုတ်လား။ ဒီလိုခြစ်ရှရာတွေ များနေတဲ့ကြားကပဲ ကျွန်တော်တို့ဟာ နယ်သစ်ပယ်သစ်ကိုရှာဖွေဖို့အတွက် မီးပင်လယ်ထဲမှာ ရွက်လွှင့်ခဲ့ကြရတာ မဟုတ်လား။
( ငါး )
ဝေမြင့်မောင်ရဲ့ ကိုက်ခဲသူခေါင်းလောင်း ကတော့ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက ညတွေကို တစစ်စစ်နဲ့ ကိုက်ခဲသွားစေတဲ့ ခေါင်းလောင်း သံပါပဲ။ ငြိမ်းအေးချိုလွင်နေတဲ့ ခေါင်းလောင်း သံကို သေခြင်းတရားနဲ့ ယှဉ်တွဲပြီး ဘယ်တုန်း ကများ ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးလို့လဲ။ ဒါပေမယ့် မြူတွေကြားမှာ ခေါင်းလောင်းသံ
တစ်ချက်ပြီးတစ်ချက် လွင့်မျောလာပြီဆိုရင် လူတစ်ယောက် သေဆုံးသွားတဲ့အကြောင်း တောင်ပေါ်မြို့လေးက လူတွေကို ဆက်သွယ် အသိပေးလိုက်တာတဲ့။ တစ်သက်လုံးက သေခြင်းတရားကို မေ့လျော့ထားခဲ့တဲ့ ကျွန်တော် တို့ဟာ သူ့ရဲ့ခေါင်းလောင်းသံကို ကြားလိုက်ရတဲ့ အချိန်မှာတော့ သေခြင်းတရားရဲ့ နောက်
ကွယ်က အတွေးစီးကြောင်းကို ချဲ့ထွင်မိသွားပြီ။
သေဆုံးသွားတဲ့ လူဟာ နှစ်လိုဖွယ်ကောင်းတဲ့လူလား။ဆိုးသွမ်းဟော့ရမ်းနေတဲ့ လူလား။ ပိုပေါ့လို၊မက္ခီရာဘယ်လီလို လူမျိုးတွေ သေဆုံးသွားတာဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်ပေါ့ပါးသွားသော သေဆုံးမှုမျိုးတွေ ဖြစ်ပါလိမ့်မယ်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဝမ်ဂါရီမာသီ လို၊
ဘယ်သူမှ မထိချင် မကိုင်ချင်တဲ့ ကိုယ်ရေပြားရောဂါသည်တွေကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မာသာထရီဆာလို လူမျိုးတွေ ကွယ်လွန်သွားတာကတော့ ကမ္ဘာကြီးအတွက် ဘယ်လိုမှ အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုတွေပါပဲ။
ဓမ္မနဲ့ အဓမ္မနဲ့ အားပြိုင်လာလေတိုင်း အဆုံးသတ်မှာ ဓမ္မသည်သာ အနိုင်ရသွားတယ်လို့
ဆိုထားပေမယ့် အဲဒီအမှန်တရားဆီကို ဆိုက်ရောက်ဖို့အတွက် အချိန်တွေ ဘယ်လောက်တောင် ကြာမြင့်ဦးမှာပါလဲ။ အမှန်တရားတစ်ခုဆီကို ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် မှာ အဆီးအတား အပိတ်အပင်တွေ များပြားလွန်းလှတဲ့အတွက် ခေါင်းလောင်းသံကို ကြားမိလေတိုင်း လူ့အဖွဲ့အစည်းကို ပူလောင်လေးလံစေတဲ့ လူရမ်းကားတွေကိုပဲ ရွေးပြီး ထွက်ခွာသွားစေချင်မိတယ်။ခေါင်းလောင်းသံ
တစ်ချက်ပြီးတစ်ချက် လွင့်မျောလာလေတိုင်း ဆိုးသွမ်းဟော့ရမ်းနေတဲ့ လူမိုက်တွေထဲက
ဘယ်သူတွေများ ထွက်ခွာသွားပြီလည်းလို့ တွေးနေမိတတ်တယ်။
အဲဒီ လူရမ်းကားတွေ လက်ထဲကို နိုင်ငံတော်တစ်ခု ရောက်ရှိသွားခဲ့ရင် အဲဒီနိုင်ငံတော်ဟာ နှစ်ပေါင်းများစွာ ကြာမြင့်သွားအောင် ဆွံ့အမည်းမှောင် သွားတတ်တာ မဟုတ်လား။
( ခြောက် )
တစ်ခုခုကို ရေးနေပြီ ဆိုကတည်းက သူတို့ဟာ တစ်ခုခုကို တော်လှန် ပုန်ကန်နေတာပါပဲ။ အရေးအသားတွေဟာ တည့်တည့် မတ်မတ် ဖြစ်ချင်လည်း ဖြစ်လိမ့်မယ်။ရွဲ့စောင်းချင်လည်း ရွဲ့စောင်းနေလိမ့်မယ်။သူတို့ ဘာကို တော်လှန်ပုန်ကန်နေတာလည်းလို့ မေးလာခဲ့ရင်တော့ ခေတ်ကြီးကို
ပုန်ကန်နေတာလို့ပဲ ပြောရပါလိမ့်မယ်။ နွေဦးတော့ ရောက်လာခဲ့ပြီ။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ နှင်းခဲတွေ ပျော်ကျလာ မယ့် အရိပ်အယောင်ကို မမြင်တွေ့ရသေးဘူး။ နှင်းခဲတွေပျော်ကျလာဖို့ထက် နဂို ရှိရင်းစွဲ နှင်းတွေကိုပဲ အေးခဲ မသွားရလေအောင် သတိကြီးစွာနဲ့ တစ်လှမ်းချင်း လျှောက်လှမ်း
နေရသော အနေအထားမျိုး။ နှင်းခဲပျော်ချိန်ကို မမြင်တွေ့ရသေးပေမဲ့ မြူတချို့ရဲ့ အရွေ့အလျားကိုတော့ မြင်တွေ့ ခွင့် ရလာခဲ့ပြီ။ အခု ကျွန်တော်တို့ဆီကို လွင့် မျောလာခဲ့တဲ့ မြူတွေဟာ ခေတ်ကြီးထဲကနေ
တိုးထွက်လာခဲ့တဲ့ လူငယ်သုံးယောက်ရဲ့ခြေသံတွေပါပဲ။ တရှပ်ရှပ် ခြေသံတွေဟာ ကျွန်တော်တို့နဲ့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။ သူတို့ဟာ ရှေ့ဆက်သွားကြဦးမှာ အသေအချာ။ အဲဒီ မြူတွေထဲမှာပဲ ပျောက်ဆုံးနေခဲ့တဲ့ သူတို့ရဲ့ လူငယ်ဘဝကို မြင်တွေ့ခွင့်ရလာခဲ့ပါတယ်။ အဲဒီမြူတွေထဲမှာပဲ လူ့ဘဝရဲ့ ဖြစ်တည်မှုထဲက မရေရာ မသေချာမှုတွေကို ဆင်ခြင်ခွင့်ရလာခဲ့တယ်။ အဲဒီ မြူတွေရဲ့အရွေ့အလျားကို ကြည့်ပြီးတော့ ကျွန်တော်တို့ ကျရောက်နေတဲ့ ခေတ်ကြီးကို ပြန်လည် ဆင်ခြင် တွေးဆခွင့် ရလာတဲ့အတွက် သူတို့ကို ကျွန်တော် ကျေးဇူးတင်ရပါတယ်။
တစ်ခုတော့ရှိပါတယ်။ မြူတွေရဲ့ အေးမြစင်ကြယ်မှုကို ထိစမ်းနိုင်ဖို့အတွက် မြူတွေဆီကို ချဉ်းကပ်တဲ့နေရာ
မှာ ကျွန်တော်တို့ရဲ့ စိတ်တွေဟာ ကြည်လင် ရှင်းသန့် ( ကြည်လင်ရှင်းသန့် ) နေဖို့တော့ လိုအပ်ပါလိမ့်မယ်ဆိုတဲ့ အကြောင်း။ ။
နိုင် ဝင်း သီ
နိုင်ဝင်းသီရဲ့ အမှာစာထဲက မြူတွေကို ထိစမ်းမိရုံနဲ့တင် ရင်ခုန်ချင်စရာ ကောင်းသွား ခဲ့ပါပြီ။
အဖုံးပန်းချီကို ဘဌေးကြည် က ရေးဆွဲ ပေးထားပြီး တန်ဖိုး ၂၅၀၀ကျပ်နဲ့ ကဗျာဆရာ မိုးဦးဆွေညိန်းရဲ့ လင်းသစ်ရောင်စဉ်စာပေက နေပြီး ပြည်လုံးကျွတ်ဖြန့်ချိပေးထားပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလထဲမှာ ပထမ အကြိမ် ပုံနှိပ်ထားပါတယ်။ ( စာပေတမန် )
Comments