ကျော်ထင် ● မောင်သောင်း စိတ်မကောင်းပါ

ကျော်ထင် ● မောင်သောင်း စိတ်မကောင်းပါ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၈

(၁)
၁၆ နှစ်၊၁၀ လ၊ ၁၄ ရက် goodbye ဆိုပြီး facebook မှာ post တင်လိုက်မိတယ်။ ကျနော့် post ကို ဖတ်ပြီး အတွင်းသိတွေအားလုံးက စိတ်မကောင်းကြဘူး။ မသိတဲ့သူတွေကတော့ comment မှာ ဘာလဲ၊ဘာဖြစ်တာလဲ၊ ဘာအဓိပ္ပါယ်လဲဆိုပြီး ဝင်မေးကြတယ်။ ကျနော် ပြန်မဖြေဖြစ်ခဲ့ဘူး ။ကျနော် စိတ်ညစ်သွားတယ်။ ဘဝတခု ပျက်သွားတာဖြစ်နေတော့ စိတ်ဟာ လေသွားတယ်။ ဆောက်တည်ရာ မရချင်တော့ဘူး။ ပေးဆပ်ခဲ့တဲ့နှစ်ပေါင်းများ စွာဟာ အလဟဿဖြစ်သွားပြီ။အဲ့ဒီလို ခံစားလိုက်ရတယ်။ လုပ်ရက်လိုက်တာ၊လုပ်ဝံ့လိုက်တာလို့ တွေးဖြစ်နေတဲ့စိတ်ဒုက္ခကြောင့် ဘယ်လိုမှ တည်ငြိမ်အောင် နေကြည့်လို့ မရဘူး။

ဆောက်တည်ရာ မရ လွင့်ပါးနေတဲ့ စိတ်တွေကို ဘယ်လိုက်ဖမ်းရမှန်းလဲ မသိတော့ဘူး ။ဒါနဲ့ပဲ ကန်ဘောင်တလျှောက်မှာ ရည်ရွယ်ချက် မရှိဘဲ လျှောက်ဖြစ်သွားတယ်။ ပတ်ဝန်းကျင်မှာ အမှောင်ထိုးနေပြီ။ ရေပြင် မှာက အ လင်းပြန်နေလို့ လင်းနေသေးတယ်။ အဆောက်အဦရိပ်နဲ့သစ်ရိပ်တွေမှာ အမှောင်တော်တော်သန်းလာတယ်။ အမှောင်နဲ့အရိပ် မကွဲတော့တဲ့အချိန်ကျမှကန်ဘောင်မီးတိုင်လေးတွေ လင်းလာတယ်။ ကျနော်က အဲ့ဒီ့မီးတိုင်မှာ ထွန်းထားတဲ့မီးလုံးအသစ်တွေကို အဓိပ္ပါယ်မဲ့လိုက်ကြည့်ရင်း ကန်ကို ပတ်မှန်းမသိ ပတ်လျှောက်မိနေတယ်။

ရာပြည့်ပွဲ ပြီးကတည်းက မဖြုတ်မသိမ်းသေးဘဲထားတဲ့ မီးတန်းပြေးတွေက ကန်လယ်တံတားတလျှောက် ဖြတ်ဖြတ်ပြေးလို့နေတယ်။ ကန်လယ်ဘုရားရဲ့ တန်ဆောင်းပြာသာဒ်မှာလည်း အလှည့်ကျမီးလေးတွေက တချို့ စူးလို့၊လက်လို့။ တချို့ကွယ်လို့ပုန်းလို့ ။သူ့အလှည့်နဲ့သူ အလင်းရောင်တွေက ဖျပ်ဖျပ်ခါပြနေတယ်။ ရေပြင်ထဲထိအောင် လက်လက်ကို ထရောပဲ။

ကန်ကို ဘယ်နှခါမှန်းမသိ ပတ်အပြီးမှာ ဘုရားကိုးဆူပေါ် တက်ရမလား စဉ်းစားမိတယ်။ အဆိုးတွေဒီလောက်ဖြစ်နေတာ ၊အညံ့တွေပျောက်ပြီး အကောင်းတွေ ရောက်လိုရောက်ညား ဘုရားကူခိုင်းရမလား ။ဗုဒ္ဓကယ်ပါ့ ဘုရားလုပ်ရမှာလည်း အားနာတယ်။ ဒါပေမဲ့ ကယ်သူမယ့်နေတဲ့ဒုက္ခတွေအတွက်တော့ ဘုရားကို အားကိုး ချင်မိတယ်။ အဲ့ဒီလိုနဲ့ ဒွိစိတ်ဟာ မတည်မငြိမ်ဖြစ်လိုက်၊ စိတ်နဲ့ကိုယ်ဟာ တွဲမနေဘဲဖြစ်လိုက်နဲ့ ခြေလှမ်း ကတော့ ရှေ့ဆက်လျှောက်လာနေမိတာ။ စံတော်မီလက်ဖက်ရည်ဆိုင်နားထိ ရောက်လာတယ်။ ဆိုင်ထဲကို လှမ်းကြည့် လိုက်တော့ ရေတမာပင်ခြေကခုံမှာ နှုတ်ခမ်းမွေးတကားကားနဲ့ကိုကျော့်ကို တွေ့လိုက်ရတယ်။ သူနဲ့မျက်နှာချင်း ဆိုင်မှာ ထိုင်နေတာက ကိုသက်နိုင်။

(၂)
"တကယ်တော့ ဒါတွေဟာ လူတန်းစား မညီညွတ်လို့ ဖြစ်ရတာ။ ဗမာပြည်မှာ အလုပ်သမား လူတန်းစားတွေ ဟာ ကိုယ့်အတန်းစားချင်းကိုယ် ညီညွတ်အောင် မလုပ်ကြဘူး။ အဲ့ဒီ့တော့ လူနည်းစု အရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်တာကို လည်စင်းခံရတာပဲ ။ဒါ-မဆန်းဘူး။"

ကိုကျော်က သူ့ပြောလက်စကို မရပ်သေးဘဲ ဆက်ပြောပြန်တယ်။

"လူတန်းစား ညီညွတ်ဖို့ ပထမဦးဆုံး အလုပ်သမား လယ်သမားနဲ့ အခြေခံလူတန်းစားတွေကို အတွေးအခေါ် အရ ပွင့်လင်းအောင် လုပ်ပေးရမယ်။အဲ့လိုမှ မလုပ်ပေးနိုင်ရင် လူတန်းစားညီညွတ်မှုဆိုတာ ဖြစ်မလာနိုင်ဘူး။ လူတန်းစား မညီညွတ်သမျှ လူတန်းစားတိုက်ပွဲ မဖြစ်ပေါ်နိုင်ဘူး။အရင်းရှင် လူတန်းစားကို မဖြိုခွင်းနိုင်ဘူး။ဒါဆို အရင်းရှင် လူတန်းစားတွေ တိုက်သမျှ ကျိန်စာကို ပစ္စည်းမဲ့တွေ ခံနေရဦးမှာပဲ။"

ကိုကျော့်စကားတွေကို မောင်သောင်း ငေးပြီး နားထောင်မိတယ်။ ကိုသက်နိုင်က ဆေးလိပ်နှစ်ခုကို ထိပ်ချင်းတေ့ရင်းမီးခိုးတထောင်းထောင်းထွက်အောင်ဖွာပြီး ဆေးလိပ်အသစ်ကို မီးညှိတယ်။ ပြီးမှ ကျနော့်ဘက်လှည့် ကြည့်ရင်း

"စိတ် မကောင်းဘူးကွာ-တကယ်--။ ငါတို့ မျက်စေ့အောက်မှာ မင်းရဲ့ ဖြစ်တည်မှုတွေ တဖြည်းဖြည်းပြောင်းလဲ လာတာကို မြင်တွေ့ခဲ့ရတာပဲ ။မင်းတို့ ဘဝလေးတွေ မြင့်မားလာတာကို တွေ့ရလို့ တကယ်လည်း ဝမ်းသာနေခဲ့ တာ။ခုတော့ ကြားရတာ စိတ်မကောင်းဘူး။"

"ဒီကောင့်ကို ငါပြောသားပဲ။ မင်းတို့ အင်အားစု တခုရအောင် ဖွဲ့ထားလို့ဆိုတာ။ အဲ့ဒီ့ပြောတုန်းက ကျနော်တို့ကမှ နိုင်ငံရေးတွေ ဝါသနာမပါတာ၊ သမဂ္ဂတွေဘာတွေလည်း မလုပ်ချင်ဘူးလေနဲ့တွေ့ရာတွေလျှောက်ပြောပြီး ငြင်းခဲ့တာ။"

"ဟာ-ကိုကျော်ကလည်း အဲ့ဒီ့တုန်းက ဆရာထင်တို့ ပုဂ္ဂလိကကျောင်းဆရာများ သမဂ္ဂဖွဲ့ဖို့ လျှောက်တာတောင် ရမှ မရတာ။"

"ကျနော်တို့လို ဘဏ်ဝန်ထမ်း နည်းနည်းလေးနဲ့ သွားလုပ်ရင် ဂိသွားမှာပေါ့ဗျ။ ဆရာထင်တို့က ကျူရှင်ဆရာတွေ ဖြစ်လို့သာ သူတို့ကို ဖြုတ်မယ့်သူမရှိလို့ ဘာပြဿနာမှမရှိတာ။ ကျနော်တို့ ထလုပ်လိုက်ရင် အဲ့ဒိကတည်းက အလုပ်ပြုတ်ပြီ။"

ကျနော်ပြောတာကို ပြီးအောင် စောင့်ပြီးမှ ကိုသက်နိုင်က မင်းလစာက ဘယ်လောက် ရခဲ့တာလဲတဲ့။

"လေးသိန်း"

"တကယ်တော့ကွ၊ဒါဟာ အမှန်တကယ်ရသင့်တဲ့ လုပ်ခလစာ မဟုတ်သေးဘူး။"

ကိုကျော့်စကားကို ကိုသက်နိုင်က-

"မင်းကလည်း လေးသိန်းဆို မနည်းဘူးလေကွာ။ဘယ်မှာ အဲ့ဒီ့ လစာရနိုင်လို့တုံး။ဆေးရုံကြီးက ဆရာဝန်ပေါက်စတွေလည်း သုံးသိန်းမပြည့်ဘူး။ကျောင်းဆရာဆို နှစ်သိန်းပတ်လည်ပဲ ရတာ။။"

"ဟေ့ကောင် သက်နိုင်ရ၊မင်းတို့ တွေးပုံ၊ခေါ်ပုံတွေကိုက အရှင်ရှင်အကြိုက်တွေ။အရင်းရှင်တွေအကြိုက် ရေးတဲ့၊ သားတဲ့၊ပြတဲ့ အနုပညာပစ္စည်းတွေကိုခံစားပြီး ရှင်သန်လာတော့လည်း၊မင်းတို့လိုကောင်တွေ အရင်းရှင်စနစ်ရဲ့ ဒေါက်တိုင်ဖြစ်ကြမှာပေါ့။"

"ဟာ-ကျော်ကြီးရ-။မောင်သောင်းလစာ လေးသိန်းကွာ၊ကဲ-နည်းလား။ပြီးတော့ တနှစ်တခါလည်း ဘောနပ်တွေ၊ ဆုကြေးတွေဆိုပြီး ပေးသေးတာပဲ။ကျန်တဲ့အလုပ် သွားရှာကြည့်လေ၊အဲ့လို ရမလားလို့။"

"ခက်တယ်ကွာ။မင်းတို့က ဒီလစာကို ခံစားခွင့် အပြည့်ရတဲ့ လုပ်ခလစာလို့ ထင်နေကြတာ ခက်တာပဲ။"

ကိုသက်နိုင်က ရေနွေးတခွက်ကို ပြည့်အောင်ငှဲ့ရင်း "အဲ့ဒါ လုပ်ခလစာ မဟုတ်လို့ ဘာတုံး"ဆိုပြီး မျက်စောင်း ထိုးတယ်။ကိုကျော်က သူ့နှုတ်ခမ်းမွေးတွေကို ပွတ်လိုက်တယ်။မျက်လုံးကို ပိုပြူးလိုက်သလို လုပ်ပြီး-

"အဲ့ဒါ အရင်းရှင်တွေရဲ့ မလိမ့်တပတ်လုပ်ပြီး ပေးထားတဲ့ လုပ်ခလစာတွေ၊ကုပ်သွေးစုပ်တာတွေကို ဖုံးကွယ်ထားတဲ့ဟာတွေ။" ခဏ နားတယ်။ကိုသက်နိုင်နဲ့ ကျနော့်ကို ကြည့်တယ်။

"လုပ်ခလစာဆိုတာ လုပ်အားရောင်းချမှုအတွက် ရတဲ့ အခကြေးငွေပဲ။အဲ့ဒီ့အခကြေးငွေဟာ ရောင်းခဲ့တဲ့ လုပ်အားနဲ့ ညီရဲ့လားဆိုတာ မင်းသိလား။မင်းလည်း မသိဘူး၊မောင်သောင်းလည်း မသိဘူး။ဒီမှာအလုပ် လုပ်နေတဲ့ အလုပ်သမားတိုင်းလည်း မသိကြဘူး။သိတဲ့သူနည်းတယ်။"

ကိုသက်နိုင်က ခေါင်းကိုတဗျစ်ဗျစ်ကုပ်ရင်း-

"ဘာတွေလဲကွာ၊ ဒီကောင် မနက် ၉ နာရီ၊ အလုပ်ဝင်တယ်။ ညနေ ၅ နာရီမှာ အလုပ်ဆင်းတယ်။ တနေ့ ၈ နာရီ ဆိုတဲ့အလုပ်ချိန်အတွက် လေးသိန်းရတယ်။ အဲ့ဒါ မောင်သောင်းရဲ့ လုပ်အားတန်ဖိုးပဲ မဟုတ်လား။"

"ကဲ-ဒါဆို လုပ်အားတန်ဖိုးကို နိုင်ငံတကာမှာ ဘယ်လိုစံနှုန်းတွေနဲ့ ဆုံးဖြတ်ပေးလဲ။" လို့ ကိုကျော်က ကိုသက် နိုင်ကိုမေးရင်း ကျနော်ဘက်ပါလှည့်ပြီး မေးဆတ်ပြတယ်။ကျနော်ကတော့ မဖြေဘူး။ ကိုသက်နိုင် ဘယ်လို ဖြေမလဲပဲ စောင့်ကြည့်နေလိုက်တယ်။ကိုသက်နိုင် ဖြေတယ်။

“လုပ်အားတန်ဖိုးကို ကိုယ့်လုပ်အားနဲ့ အညီ တန်ရာတန်ကြေးပေးဖို့ ဆုံးဖြတ်တာပေါ့ဟ။”

"မှတ်ထားကွ။ဘဝရပ်တည်ရေးနဲ့ လုပ်အားတန်ဖိုးကို ဆုံးဖြတ်ကြတယ်။"

"အေး-အဲ့ဒီ့နေရာမှာ ဘဝရပ်တည်ရေးဆိုတာကို ဘယ်လိုတွက်လဲ။ ရုပ်ဘဝသက်သက်ချည်း မဟုတ်ဘူးဆိုတာကော မင်းသိရဲ့ လား။"

ကိုကျော့်အမေးကို ကိုသက်နိုင် ဆက်မဖြေတော့ဘူး။ကျနော့်ကို ဝေ့ခနဲ လှမ်းကြည့်တယ်။

"မှတ်ထားကွ၊မင်းတို့ငါတို့ နေထိုင်ရှင်သန်နေတဲ့ လူမှုအခြေအနေတွေကနေ ပေါ်ပေါက်လာတဲ့ ဘဝလိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနိုင်တဲ့ လုပ်အားခမျိုးကမှ လုပ်အားခ အစစ်အမှန်ကွ။အဲ့ဒါမျိုးကို ဘယ်အလုပ်ရှင်က ပေး လို့လဲ။"

   ကိုကျော့်စကားဆုံးတော့ ကိုသက်နိုင်က သူ့ခေါင်းသူ ပွတ်နေတယ်။ကျနော်က ဖုန်း message ဝင်သံကြားလို့ ဖွင့်ကြည့်လိုက်တယ်။ကိုမြင့်ဦးဆီက message ။ဘောလုံးလောင်းကြေး လှမ်းပို့တာ။ကျနော်က သိပြီးတဲ့သင်္ကေ တ OK လို့ ပြန်ပြီးမှ ဖုန်းကို ချလိုက်တယ်။ကိုကျော့်ဘက်ကို ကြည့်မိတယ်ဆိုရင်ပဲ ကိုကျော်က စကား ပြန်စ တယ်။

"ဘယ်အရင်းရှင်ပဲဖြစ်ဖြစ် သူတို့ရဲ့ ကုပ်သွေးစုပ်တာကို ဖုံးထားဖို့ ထွင်ပေးတဲ့ လုပ်အားခဆိုတာ နှစ်မျိုးပဲရှိတယ်။ အချိန်နဲ့ တွက်ပေးတဲ့ လုပ်ခရယ်၊ပုတ်ပြတ်စနစ် လုပ်ခရယ် ဒါပဲရှိတယ်။"

"အချိန်နဲ့လုပ်ရတဲ့အလုပ်ပဲဖြစ်ဖြစ်၊ပုတ်ပြတ်အလုပ်ပဲဖြစ်ဖြစ် တကယ်တော့ဒါဟာ အလုပ်သမားက လုပ်အား ရောင်းပြီး၊အရင်းရှင်တွေက လုပ်အားကို ဝယ်ယူတာပဲ။အဲ့ဒီလို ဝယ်ယူတာကို တို့ အလုပ်သမားတွေက အလုပ်တခုလုံးအတွက် တန်ဖိုးအပြည့်ရတယ်လို့ ထင်နေကြတာ။"

"အမှန်က အလုပ်သမားဟာ သူ့လုပ်ခရဖို့အတွက် ဘယ်လောက်လုပ်ရပြီး၊အလုပ်ရှင်အတွက် ဘယ်လောက် လုပ်ခဲ့ရတယ်ဆိုတာကို မတွက်ဆတတ်ကြဘူး။"

ကျနော့်ဆီ ဖုန်း message ဝင်လာပြန်တယ်။ဟန်ထွန်းက mpt နဲ့ telenore ဖုန်းဘေ နှစ်ထောင်ဖိုးဆီ ထည့်ပေးဦးတဲ့။ကျနော် ဟန်ထွန်းဆီ ဖုန်းဘေ ထည့်ဖို့ လုပ်နေတုန်းမှာ သီချင်းအကျယ်ကြီး ဖွင့်ထားတဲ့ထီလှည်းက ဆိုင်ရှေ့မှာ လာရပ်တယ်။စကားသံတွေအားလုံးကို သီချင်းက ဖုံးလွှမ်းသွားတယ်။ခုခေတ်ကောင်လေး တယောက်ဆိုထားတာ။ကြေးဖလား အက်သံလိုလို အသံနဲ့ "အရွယ်ရောက်တဲ့အခါ"""--ယုံကြည်ရာတခုခု-လုပ်ရမယ်"""-- အဖေပြောတော့-ကျွန်တော်""""--စစ်သားကြီးအရမ်း- ဖြစ်ချင်တယ်--"""

ကိုကျော် ထသွားတယ်။ဒါကို မြင်ပေမယ့် ပြန်တာလားလို့ မေးဖို့၊ပြောဖို့ လူက မအားဘူး။ဖုန်းဘေထည့်ပေးပြီးလို့ကိုသက်နိုင်ဆီ ကြည့်မိတော့မှ ဟိုကောင် ဒေါခီးပြီး ပြန်သွားပြီတဲ့။ကျနော် ရယ်နေလိုက်တယ်။

(၃)
ကိုမြင့်ဦး အိမ်ရောက်လာလို့ အိမ်ရှေ့ ရေတမာပင်လေးအောက်မှာ ထန်းပက်လက်ကုလားထိုင်လေးတွေချပြီး ထိုင်ဖို့ ပြင်ဆင်လိုက်တယ်။ကိုမြင့်ဦးက ရေနွေးကြိုက်တတ်သူဖြစ်လို့ ဓာတ်ဘူးတင်ဖို့ ခုံပါ ထုတ်လိုက်တယ်။ အောင်ဖြိုးလွင် ဖြတ်သွားတာတွေ့လို့ ချက်ချင်းပြန်လာမှာလား မေးပြီး ကြယ်နီဆေးပေါ့လိပ်လေးလိပ် မှာလိုက်တယ်။ထန်းပက်လက်ကုလားထိုင်မှာ ထိုင်ရင်း၊"ဇော်လင်းနောင်ကော ပါတာဆို။"လို့ ကိုမြင့်ဦး မေးတာကို

"ဟုတ်တယ်၊အားလုံးပေါင်း ရှစ်ယောက်။အကုန်လုံး စာမေးပွဲ ဖြေပြီးမှ ပြုတ်ကုန်ကြတာ။"လို့ ဖြေလိုက်တယ်။ ကိုမြင့်ဦးက လှုပ်နေတဲ့ ဓာတ်ဘူးတင်ထားတဲ့ ခုံကို ညီအောင်ရွှေ့တယ်။ကျနော်က တစ်ရှူးစက္ကူစကို လုံးပြီး ခုပေးလိုက်တယ်။ငြိမ်သွားတော့မှ-

"ကံပေါ့ကွာ။မဟုတ်ဘူးလား။ဒီလောက်ပဲ လုပ်ထိုက်လို့ ဒီလောက်ပဲ လုပ်ရတယ်လို့ နှလုံးသွင်းပေါ့။ကိုယ်လည်း တတ်စွမ်းသလောက် အကျိုးပြုခဲ့တာပဲ။အလုပ်ကလည်း ကိုယ့်စားဝတ်နေရေးအတွက် ထိုက်သင့်သလောက် မင်း မပြုတ်ခင်အထိအကျိုးပြန်ပေးခဲ့တာပဲ။"

ကျနော် ပြန်ပြောမယ် အလုပ်မှာ ဆိုင်ကယ် အိပ်ဇောသံတဗျင်းဗျင်းပေါ်လာတယ်။အဲ့ဒီ့ဆိုင်ကယ် အိပ်ဇောသံ အကျယ်ကြီး ပျောက်သွားအောင် စောင့်နေလိုက်တယ်။စောင့်ရင်းနဲ့ ကျနော့် ခြေသလုံးခြေမှာ ဝိုင်းနေတဲ့ခြင်ကို လက်နဲ့ယမ်းလိုက်တယ်။အိပ်ဇောသံ တသံအပျောက်မှာ နောက်ထပ်တသံ ပေါ်လာပြန်တယ်။လမ်းပေါ်လှမ်း ကြည့်လိုက်တော့ ဆယ်ကျော်သက်လူငယ်တွေ။အသံတွေ ဆိတ်သွားတော့ ကျနော် ပြန်ပြောမယ့် အကြောင်း အရာက စိတ်ထဲမှာ မရှိတော့ဘူး။ပျောက်သွားတယ်။ဝေါဟာရတွေလည်း စိတ်အင်အားပေါ်မူတည်ပြီး သုဉ်းလို့ နေတယ်။

"တကယ်တော့ တို့ဘဝတွေမှာ ဖြစ်သမျှပျက်သမျှတွေဟာ အကြွေးဆပ်နေရတာပဲကွမောင်သောင်းရ။ဆရာတော်ဦးဗုဒ်က နန်းမတော်မယ်နုကို ရေချ သတ်ခါနီးမှာ ပြောခဲ့တဲ့စကားကို နှလုံးသွင်းကွာ။သူ့ကြွေး ရှိရင် ဆပ်ရမှာပဲတဲ့။ကြွေးရှိလို့ ဆပ်ရတာပဲမှတ် မောင်သောင်း။"

"ပြုသူ အသစ်၊ဖြစ်သူ အဟောင်းပဲလေ။"တဲ့။

ကိုမြင့်ဦးစကားကို ငေးပြီးနားထောင်နေရာက-

"ရန်ကုန်သွားပြီး စာမေးပွဲ ဖြေကတည်းက ကျနော် စိတ်တွေ လေးနေတာ။ရှေ့မှာ ကျတယ်ဆိုပြီး ပြုတ်သွားတဲ့ မန်နေဂျာကို တွေးမိပြီး၊ငါလည်း ကျရင်ဆိုပြီး ထင့်နေတာ။"

"အရင် မန်နေဂျာမ ပြုတ်သွားပြီပေါ့။"ဆိုတဲ့ ကိုမြင့်ဦး အမေးကို ခေါင်းညိတ်ပြပြီး ကျနော် ဖြေလိုက်တယ်။ဘုံက ထိန်လှည့်ရာက ဆူညံနေတဲ့ အသံတွေကို ကျနော် မကျော်နိုင်ဘူး။အသံတွေ ဝေးဝေးတိုးတိုးဖြစ်တော့မှ ကိုဖိုးအောင်ကတော့ သူအပ်ထားတဲ့ငွေတွေ ပြန်ထုတ်ယူသွားပြီဆိုတဲ့အကြောင်း ပြောရတယ်။

"ရန်ကုန်ရုံးချုပ်ကလည်း ကျနော်တို့ကို အလုပ်ဖြုတ်ပစ်လိုက်တဲ့အတွက် တုံ့ပြန်လာမယ့် ရလဒ်ကို သိချင်လို့ လှမ်းလှမ်းမေးနေတယ်"တဲ့။

"ဖိုးအောင်အပြင် ဘယ်သူတွေ ပြန်ထုတ်သေးလို့လဲ။"

"မရှိဘူးလေ။ကျနော်တို့ လူဆိုလို့ သူပဲ မာမာချာချာ ရှိတာ။"

"မင်းတို့ ပြုတ်သွားတာကို မကျေနပ်လို့ ငွေပြန်ထုတ်တဲ့သူတွေ များလာရင်တမျိုး စဉ်းစားနိုင်လို့လား။"

ကိုမြင့်ဦး မေးပေမယ့် ကျနော့်မှာ သေချာတဲ့အဖြေက ရှိမနေဘူး။ဖြစ်ချင်တာတွေကိုသာ မျက်ကလဲဆန်ပျာလျှောက်ပြီး စဉ်းစားနေတာ။

"လူတွေအများကြီး ပြန်ထုတ်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ကိုနီရယ်၊ကိုနိုင်ထူးရယ်တို့ပါ ပြန်ထုတ်ရင်တော့ ငွေပမာဏက များတယ်။အဲ့ဒါအပြင် သူတို့က နေ့စဉ် ငွေလွှဲနေတဲ့သူတွေလေ။"

ကိုမြင့်ဦးက ခေါင်းရမ်းရင်း-

"မဖြစ်နိုင်ဘူးကွ၊မောင်သောင်းရ။ကိုနီဆိုတာက သူ့မိန်းမ order အောက်မှာ အလုပ်လုပ်ရတယ်။သူ့မိန်းမက အပ်ဆိုအပ်၊ထုတ်ဆိုထုတ်ပဲ။နိုင်ထူးကျတော့ ကိုယ်ပိုင်မှ မဟုတ်တာ။သူက မန်နေဂျာအဆင့်ပဲရှိတာ။မဖြစ်နိုင်ဘူး။"

ကိုမြင့်ဦး စကား မဆုံးခင်မှာပဲ ဆိုင်းသံ ဗုံသံတွေ ညံလာပြန်တယ်။ဦးရွှေရိုးနဲ့ ဒေါ်မိုးအကကို ကရင်း တီးသွား ကြတာ။နှုတ်ခမ်းမွေးတကားကားနဲ့ ဦးရွှေရိုးကြီးက မျက်စပစ်လိုက်၊နှုတ်ခမ်းမွေး ပင့်လိုက်နဲ့။ကျနော့်စိတ်ထဲ ကိုကျော့်ကို ပြေးမြင်မိတယ်။သူပြောနေ၊ဟောနေတဲ့ တရားတွေကို ဆိုင်းသံဗုံသံကြားကပဲ ကျနော် ပြန်ကြားယောင်မိတယ်။လူတန်းစားတော်လှန်ရေး-တဲ့၊ကိုကျော့်နှုတ်ခမ်းမွေးအောက်က နှုတ်ခမ်းဖျားကနေ ခဏခဏထွက်ပေါ် လာတတ်တဲ့ဝေါဟာရ။

(၄)
တကယ်တော့ ကျနော် ပုဂ္ဂလိကဘဏ်ဝန်ထမ်းတယောက်ဖြစ်လာဖို့ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေက ခါးသီး စရာ ကောင်းလွန်းတယ်။အဲ့ဒီ့တုန်းက ကိုကျော်ရယ်၊ကိုညီရယ်၊ကျနော်ရယ်။သုံးယောက်ပေါင်းလို့မှ လက်ဖက်ရည် နှစ်ခွက်စာ မရှိတဲ့ကာလ။စက်ဘီးတစီး လူသုံးယောက် စီးခဲ့ရတယ်။ကိုကျော်က မင်္ဂလာပွဲတွေအတွက် သတို့သား၊သတို့သမီး နာမည်တွေရေးပေးတဲ့အလုပ် လုပ်တယ်။၊ကိုညီက သစ်တိုသစ်စ ပွဲစားလုပ်။ကျနော်က တိုက်ချောသမား။တိုက်ချောသမားဆိုတာက ပန်းပုထုထားတဲ့ အရုပ်ကြမ်းတွေကို ကော်ပတ်တွေ၊တံဇဉ်းတွေနဲ့ တိုက်ရ ချောရတဲ့အလုပ်။အရုပ်ကြီးကြီးတရုပ် ချောနိုင်မှ ၁၂ ကျပ်လောက်ရတာ။အရုပ်သေးတွေက တရုပ် ၃ ကျပ်။ကျနော်က တနေကုန်မှ သုံးယောက်လောက်ပဲပြီးတယ်။

ကြားထဲမှာ ဆရာလေးတို့ဆိုင်မှာ ကြံရည် ကြိတ်လိုက်ရတာပါသေးတယ်။အဲ့ဒီ့ကနောက် ဟိုတည်လောက် အဆင့်မရှိတရှိ တည်းခိုးခန်းမှာ room boy လုပ်တယ်။အဲ့ကပြီးတော့ ကိုဖိုးအောင်ရဲ့လက်ဖက်ရည်ဆိုင်မှာ waitre ဖြစ်။အဲ့ဒါပြီးတော့မှ ဘဏ်တွေဖွင့်လာတာနဲ့ ဘဏ်မှာလျှောက်လိုက်တာ။ရတယ်။ဘဏ်လုပ်ငန်း ဘာမှ မတတ်ဘဲ ဘဏ်ဝန်ထမ်း အလုပ်ရလာတော့ ပျော်ခဲ့တယ်။ဣနြေ္ဒရတဲ့ အလုပ်လေးမို့လည်း ကျေနပ်တယ်။ ဘဝ တဆစ်ချိုးဟာ အဲ့လိုပြောင်းလာခဲ့ပြီးမှ၊အဲ့ဒီ့ဘဏ်မှာ ၁၆ နှစ်၊၁၀ လ၊၁၄ ရက်လုံးလုံး ပေးဆပ်ခဲ့ပြီးမှ စာမေးပွဲ မအောင်လို့ အဖြုတ်ခံလိုက်ရတယ်။ဘဏ်ကို နှုတ်ဆက်လိုက်ရတယ်။ကျနော် နားလည်တာက စာမေးပွဲ မအောင်ရင် ရာထူးမတိုးတာတို့၊လစာ မတိုးတာတို့ပဲ ကြားဖူးခဲ့တာ။ဒါပေမယ့် ခုဟာက စာမေးပွဲဖြေခိုင်းပြီး အလုပ်ဖြုတ်လိုက်တယ်။

နားမလည်ဘူး။ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ကိုကျော်ပြောခဲ့သလို ကျနော်တို့က ဘာအဖွဲ့အစည်းမှလည်း မလုပ်ခဲ့တော့ ရပ်တည်ပေးမယ့်သူ၊ဦးဆောင်ပေးမယ့်သူ ဘယ်သူမှ မရှိဘူး။အချင်းချင်းလည်း ကျော မကပ်ကြ ဘူး။ကိုကျော် ပြောတဲ့ လူတန်းစားညီညွတ်ရေး မရှိတော့၊လူတန်းစားတော်လှန်ရေးကို မလုပ်နိုင်ကြဘူး။ဘဏ်က ဒီလကုန်ရင် ပေးမယ့် ၈ လစာနဲ့၊ဆုကြေးကို ထုတ်ယူဖို့ စောင့်မျှော်နေရုံပဲ ရှိတော့တယ်။ရမှာက သိန်း ၈၀ ကျော်ကျော်ရမှာ။ဒီငွေလေးနဲ့ probox ကားလေးတစီးဝယ်ပြီး ကားအငှါးလိုက်စားရမလား တွေးမိတယ်။

ဒါပေမယ့် မနှစ်က ချေးထားတဲ့ သိန်း ၂၀ ကို ပြန်ဆပ်ပေးခဲ့ရမှာဆိုတော့ ဒီအစီအစဉ်လည်း ဖြစ်မှာ မဟုတ်ဘူးလေ။တွေးမိတိုင်း၊တွေးကြည့်တိုင်း ရင်မောရတယ်။ဒီ့ထက် ပိုတာက မောင်သောင်း စိတ်မကောင်းဖြစ်ရတာ ပဲ။တွယ်နေတဲ့ သံယောဇဉ်ကို ဖြတ်တောက်လိုက်ရမှာ။လုပ်ဖော်ကိုင်ဖက်တွေ၊ရုံးချိန် ၉ နာရီ အမီ ပြေးပြေး လွှား လွှား လုပ်ရတာတွေ၊ဘဏ်ထဲက ကောင်တာတွေ၊ငွေသတ္တောပုံးတွေ၊ငွေတွက်စက်တွေ၊ကိုယ့်ဆီ တိုက်ရိုက်လာ တဲ့ ငွေထုတ်၊ငွေလွှဲမိတ်ဆွေတွေ၊ယုတ်စွအဆုံး ဘဏ်အဝင်အထွက် တံခါးတွေ၊ဒါတွေကိုပါ တွယ်တာနေတာ။

မတွယ်တာဘဲ နေနိုင်ပါ့မလား။သံယောဇဉ်ကြိုးက မခိုင်ဘဲ ရှိပါ့မလား။လွန်ခဲ့တဲ့ ၂၀၀၂ ကတည်းက ဟာကို။

ကျော်ထင်

Comments