မောင်စွမ်းရည် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး အတ္ထုပ္ပတ္တိစာအုပ်များ


မောင်စွမ်းရည် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီး၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး အတ္ထုပ္ပတ္တိစာအုပ်များ
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၈

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာ မျက်မှောက်ကာလ စစ်မှုထမ်းဟောင်းများ အတွင်းမှာရော၊ နိုင်ငံရေးလောကမှာရော အသက်ဂုဏ်ဝါ အကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ အသက်၉၀ ကျော်၁၀၀ တန်းပေါ့။ ကျွန်တော်တို့ကိုယ်တိုင်အသက်၈၀ ကျော်ဖြစ်နေတော့ ကျွန်တော်တို့က ကန်တော့
ဂုဏ်ပြုရမယ့်ပုဂ္ဂိုလ်ရှာတဲ့အခါ အလွန့်ကိုရှားနေလို့ဦးတင်ဦးကိုပဲ ရှာပြီးကန်တော့ခဲ့ရပါတယ်။
ဒီလို သက်ကြီးဝါကြိးခေါင်းဆောင်ကြီးဆိုတာ အတ္ထုပ္ပတ္တိတို့၊ ရုပ်တုတို့လုပ်ထားသင့်ပါတယ်။ တိုင်းပြည်
ရဲ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးမဟုတ်လား။ ကျောင်းသားလူငယ်တွေအဖို့ဆိုရင်လည်း ဒီလိုပုဂ္ဂိုလ်ကြီးမျိုးတွေရဲ့
အတ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်ရှုပြီး အားကျဂုဏ်ယူကြရမှာကိုး။ ဖတ်ရှုအတုခိုးရမှာကိုး။ သူရဦးတင်ဦးဆိုတာ
ရှားရှားပါးပါး သူရဘွဲ့စစ်သားဟောင်းကြီးမဟုတ်လား။ ပြည်တွင်းစစ်ပွဲမှာ တိုင်းရင်းသားအချင်းချင်း သတ်ကြ ဖြတ်ကြလို့ရတဲ့ ဘွဲ့မျိုးမဟုတ်ဘူး။ တိုင်းတပါးကျူးကျော်သူ တရုတ်ဖြူတွေကို သူကိုယ်တိုင် ရှေ့ကတက်ပြီး လှံစွပ်ထိုး တိုက်ခိုက်စွန့်စားခဲ့သူစစ်သားကြိး။ ဖက်ဆစ်ဂျပန်တွေကိုလည်း တော်လှန်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ဗထူးတပ်က တော်လှန်ရေးသူရဲကောင်းကြီး တဦးအဖြစ်နဲ့လည်း ထင်ရှားသူပါ။

သူနဲ့အတူ ဖက်ဆစ်တွေကို တိုက်ရာမှာ ခေါင်းဆောင်ခဲ့သူက ရဲဘော်သုံးကျပ်ဝင် ဗိုလ်ချုပ်ကျော်ဇောလေ။ ဗိုလ်ချုပ်ကျော်ဇောဆိုတာက မျက်နှာလိုက်တာတွေ၊ မတော်မတရားလုပ်တာတွေ လုံးဝမလုပ်တဲ့ ပုဂ္ဂိုလ်ကြီးမျိုးပါ။ သူက သူနဲ့အတူ သက်စွန့်ကျိုးပမ်းတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းစစ်သားကြီးကို သီဟသူရဘွဲ့ ပေးဖို့ အထက်ကို တင်ပြခဲ့တာပါ။ ဒါပေမဲ့ အထက်က ဘာမှမတိုက်မခိုက်ခဲ့ရသူ ဗိုလ်နေဝင်းက တွန့်တိုရှာတယ်။ ဗိုလ်ချုပ်တင်ဦးကို “သီဟသူရ” ဘွဲ့ မပေးဘဲ “သူရ” ဘွဲ့ပဲပေးခဲ့ပါတယ်။ နောက်ထပ် ရန်ကုန်ကို သူပုန်စီးတော့လည်း ဗိုလ်တင်ဦးတို့၊ ဗိုလ်လွင်တို့ သက်စွန့်ကျိုးပမ်း တိုက်ခိုက်ခဲ့ကြရတယ်။ (ဒီလိုတိုက်ပွဲမျိုး ဦးနေဝင်း တပွဲမှ မတိုက်ဖူးပါ။)


ဗိုလ်ချုပ်တင်ဦးဟာ ပြည်ပရန်သူတွေနဲ့ တိုက်ခိုက်ရာမှာ သက်စွန့်ကျိုးပမ်း အမှုထမ်းလေ့ရှိပေမယ့်
ပြည်သူတွေနှိမ်နှင်းခြင်းတွင်တော့ အတတ်နိုင်ဆုံးသက်ညှာတတ်ပါတယ်။ ဘုန်းကြီးတို့၊ ကျောင်းသားတို့၊
အလုပ်သမားတို့ကို သက်ညှာခဲ့လို့ “ဗိုလ်ချုပ်တင်ဦး ကျန်းမာပါစေ”၊ “နေဝင်း၊ စန်းယု အလိုမရှိ” လို့
ကျောင်းသားတွေ၊ အလုပ်သမားတွေက အော်ကြတော့ ဗိုလ်နေဝင်းက သူ့အောက်ကလူကို မနာလိုဖြစ်တယ်။ သူ့ကိုလေးစားချစ်ခင်လို့ မိဘလို၊ သားသမီးလို ဆက်ဆံခဲ့သူကို သူနိုင်တဲ့ဘက်ကနှိမ်ပြီး နောက်ဆုံးတော့ ထုတ်ပစ်လိုက်တဲ့အထိ ဖြစ်တော့တာပါပဲ။ ခုလို စစ်တပ်အပြင်ဘက်ရောက်သွားတော့ ပြည်သူလူထုက သူ့ကို ကြိုဆိုတယ်။

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးပြီးတော့ နိုင်ငံရေးပါတီထောင်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့
သမီးကို ဗိုလ်ချုပ်တွေက ဝန်းရံကြတယ်။ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်ချုပ်လွင်၊ ဗိုလ်ချုပ်ချစ်ခိုင်၊ ဗိုလ်မှူးကြီး
ကြည်မောင်၊ ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်ရဲထွတ်၊ ဗိုလ်သော်က စသဖြင့် ပါကြတယ်။ ဒါပေမဲ့ “အောင်ဆန်း” ဆိုတာက စစ်ဗိုလ်မဖြစ်ခင်က ကျောင်းသားခေါင်းဆောင် နိုင်ငံရေးသမားလေ။ မုံရွာတင်ရွှေ၊ မောင်ကိုယု၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ မောင်သိန်းနိုင်၊ တင်မိုး တို့ကို ကျောင်းသားလောက၊ တက္ကသိုလ်လောကဘက်က ရဲဘော်တွေကလည်း ရှေ့တန်းထွက်ပြီး ဝန်းရံလာကြတာပေါ့။ စစ်ဗိုလ်တွေဘက်ကဆိုရင် ဒီနေ့ထိ နောက်ဆုံးဆန်ခါတင် ကျန်ရှိပြီး နာယကကြီးအဖြစ် ရပ်တည်နေသူကတော့ ဗိုလ်ချုပ်သူရဦးတင်ဦးပေါ့။

သူရဦးတင်ဦးဟာ စစ်ဗိုလ်လောက၊ စစ်တပ်လောက ကလာတာဆိုတော့ နိုင်ငံရေးလောကမှာ လူသိနည်းမှာပေါ့။ ဒါ့ကြောင့် စာနယ်ဇင်းလောကနဲ့ အသံလွှင့်ဌာန သတင်းလောကသားတွေက တွေ့ဆုံမေးမြန်းဖော်ထုတ်ကြပါတယ်။ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ တို့က တွေ့ဆုံမေးမြန်းတာတွေ လုပ်ကြပါတယ်။ ဒါကို ဗမာလို မပြောချင်ရင်တော့ “အင်တာဗျူး” လုပ်ကြတယ်လို့ပြောကြတာပေါ့။ သူတို့ “ဗျူး” ထားတာတွေကိုသတင်းသမားနှစ်ဦးက မှီငြမ်းပြီး စာအုပ်ထုတ်ပါတယ်။ သတင်းသမားလည်း ဗမာလိုမပြောချင်ရင်“ဂျာနယ်လစ်” လို့ပြောကြပေါ့။

ဒီလိုနဲ့ “ဗျူး မှီငြမ်း အတ္ထုပ္ပတ္တိ” စာအုပ်နှစ်အုပ် ထွက်လာခဲ့ပါတယ်။ “မြန်မာ့ဒီမိုကရေစီခရီးနှင့်
သူရဦးတင်ဦး [ဗိုလ်ချုပ်ကြီး(ငြိမ်း)]၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း)” လို့ဆိုတာ တအုပ်။ နောက်
တအုပ်က “ပြည်သူချစ်သော ကာကွယ်ရေးဦးစီချုပ်ဟောင်း သူရဦးတင်ဦး NLD ဗဟိုနာယက” တဲ့။ ဒီမှာလည်း NLD တဲ့။ ဗမာလိုမသုံးဘူး။ ကလောင်ရှင်နာမည်မှာတော့ ဗမာလို “ဂျာနယ်လစ်” လို့ရေးထားလေရဲ့။ စာနယ်ဇင်းသမား၊ သတင်းစာဆရာကိုလည်း သတင်း “မီဒီယာ” သမားတဲ့။ မီဒီယာတို့၊ ဂျာနယ်လစ် တို့ကို တော်တော်လေး အရသာတွေ့နေပုံရပါတယ်။

စာရေးဆရာတွေရဲ့ နာမည်တွေဘာတွေကို အသေအချာမဖော်ပြတော့ပါဘူး။ စာအုပ်တွေက သူများဆီက ငှားဖတ်ရတာဆိုတော့ ပယ်ပယ်နယ်နယ်မင်နီမင်နက်တွေသားပြီး အမှတ်အသားတွေလုပ်လို့မရ
ဘူးလေ။ အမြန်ပြန်ပေးရတဲ့ သူတပါးရဲ့စာအုပ်။ အတ္ထုပ္ပတ္တိစာအုပ်အဖြစ် ရေးထားတာကလည်း သူတပါး
တွေ့ဆုံမေးမြန်းထားတာတွေကို ပြန်ရေးထားတာတွေဆိုတော့ သိပ်ပြီး နှိုက်နှိုက်ချွတ်ချွတ် ဖတ်မနေ၊
မှတ်မနေတော့ဘူး။ ဒါပေမဲ့ ကျောင်းဆရာလုပ်လာတဲ့ အဖတ်သမားအနေနဲ့ သဒ္ဒါသတ်ပုံနဲ့ပတ်သက်ရင်
မျက်စိလျှင်နေတဲ့အတွက်သဒ္ဒါသတ်ပုံ ခိုးလိုးခုလုလေးတွေတွေ့ရင်တော့ စိတ်မချမ်းသာဘူး။

ခေါင်းဆောင်ကြီးတဦးရဲ့ အတ္ထုပ္ပတ္တိကို ရေးဖော်ရတာကိုတော့ ကျေးဇူးတင်ရမှာပေါ့။ ဒါပေမဲ့ “အပြောမတတ်တော့ ဆဲသလို” ဆိုတဲ့စကားလည်း အရှိသားမဟုတ်လား။ အရေးမတတ်ရင် “အဂါရဝ” မရိုသေရာကျပါတယ်။ မသေမသပ် ရေးရင်ထောက်ပြဝေဖန်တဲ့လူကလည်း ဒီလောက်ပဲ ရှားနေသလားမသိ။ စာနယ်ဇင်းတွေမှာ စာအုပ်ဝေဖန်ရေးကဏ္ဍတွေလည်း မယ်မယ်ရရပါတာ မတွေ့ရမိတော့။ စာရေးဆရာတွေကလည်း “ဆရာဘွဲ့ခံ” ပြီး လက်မထောင်နေကြဟန်ရှိပါတယ်။ ထောက်ပြဝေဖန်သူဆိုတာ လိုအပ်လှပါတယ်။

တခါက မောင်စွမ်းရည်က ဆရာတက်တိုးကို ပယ်ပယ်နယ်နယ်ဝေဖန်ဖူးတယ်။ ဆရာတက်တိုးရဲ့
တပည့်တစုက လာပြီး “ဆရာကြီးရယ် ဒီကောင်က ဘာတတ်လို့လဲ။ လူကြီးတွေကို စော်ကားနေတာ” လို့
လာပြောသတဲ့။ ဆရာတတ်တိုးက ဘာပြောတယ်မှတ်သလဲ။ “ဟဲ့ ... ဒီလိုမပြောကြနဲ့။ ဒဂုန်တာရာတို့၊
မောင်စွမ်းရည်တို့က သူတို့အမြင်နဲ့ သူတို့ရေးနေကြတာ။ ပုဂ္ဂိုလ်ရေးအမုန်းနဲ့ ပုတ်ခတ်ရေးသားနေတာ
မဟုတ်ဘူး။ ဒီလိုရေးတဲ့လူတွေ လိုအပ်တယ်ကွဲ့။ အတမ်းအစောင်း နည်းနည်းပါးပါး ရှိချင်ရှိမှာပေါ။ ရိုးရိုးသားသားရေးနေကြတာကို ၀မ်းသာရမယ်။ ရေးပါစေကွယ်” လို့ ပြောဆိုဆုံးမဖူးသတဲ့။ သြော်... ခုတော့ ဝေဖန်သူ တက်တိုးတို့လို ဆရာကြီးတွေကလည်း ရှားပါး။ ဝေဖန်သူကလည်း ခေါင်းပါးနေတော့ မြန်မာစာပေလောကမှာ အင်္ဂါမစုံသလို ဖြစ်နေမှာပေါ့နော်။ အမုန်းခံရဲသူက ရှားတယ်လေ။

တိုတိုပြောရရင်သူတို့ရေးဖော်ရတာ ဝမ်းသာပါတယ်။ တခြားလူက ဘယ်သူမှမရေးဘဲကိုး။ ကျွန်တော့်
သဘောပြောရရင်တော့ ဒီစာအုပ်တွေမှာ အမှာစာရေးကြတဲ့ စာရေးဆရာတွေထဲက စာရေးကောင်းသူနှစ်ဦးကို တွေ့ပါတယ်။ ဆရာမင်းယုဝေ နဲ့ဆရာမောင်မိုးသူပါ။ သူတို့ဟာ အတ္ထုပ္ပတ္တိစာပေတွေလည်း ရေးဖူးကြပါတယ်။ ဒါပေမဲ့ ဆရာမောင်မိုးသူက နိုင်ငံခြားစာပေ၊ နိုင်ငံခြားအတ္ထုပ္ပတ္တိ ရေးတာများပါတယ်။ တကယ်ရေးမယ်ဆိုရင် တနယ်တည်းသား၊ တမြို့တည်းသားဖြစ်တဲ့ စာပေအခန့်ရေးသားသူ ဦးဝင်းတင်လို၊ မင်းယုဝေလို ပုဂ္ဂိုလ်မျိုး
ရေးသင့်ပါတယ်။ ဟိုနှစ်ဦးရေးထားတာဟာ မရှိသုံး ဖတ်ပျော်ပါတယ်။ ဒါပေမဲ့ မခန့်ညားဘူး။ ကျွန်တော်က
သူတို့နှစ်ဦးလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့အရေးအသားကတော့ သူရဦးတင်ဦးလို ပုဂ္ဂိုလ်မျိုးရဲ့ အတ္ထုပ္ပတ္တိ အတည်အခန့်နဲ့ မလိုက်ဖက်ဘူးလို့တော့ ပြောပါရစေ။ အသားလွတ်ပြောတာမဟုတ်ပါ။ ၀ါကျဖွဲ့တာ၊ စာပိုဒ်ခွဲတာ အစ “ပညာ” လိုပါတယ်။ ဆရာကြီးရွှေဥဒေါင်းစကားနဲ့ပြောရရင် “ခွန်အားရှိသော ၀ါကျ” များကို သူတို့မတည်ဆောက်နိုင်ကြဘူး။ အားနည်းချည့်နဲ့တဲ့ ဝါကျတွေပဲ ရေးတတ်ပါသေးတယ်။ “ကို နဲ့ အား” ကို ကောင်းကောင်းကောင်းမသုံးတတ်ဘူး။ “လည်း၊ လဲ” “နည်း၊ နဲ” စသည်တို့ကို ကောင်းကောင်း မသုံးတတ်ဘူး။

ချည့်နဲ့သောဝါကျကိုကျွန်တော်နမူနာပြမယ်။

၁။ အပြန်အလှန် ကရင်ဗမာအဓိကရုန်း ဖြစ်သည် တဲ့။ ဒီဝါကျက တိုတိုလေးပါပဲ။ အပြန်အလှန်ဆိုတာ
လုံးဝ မလိုပါဘူး။ (နှာ-၁၀၆)

၂။ ကျွန်တော်လွတ်ပြီဆိုရင် မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မှာပါ ဆိုသည့်
အဖြေစကားကိုဖြေကြားသည်
။  ဒီဝါကျမှာ အဖြေစကားကိုဖြေကြားသည်ဆိုတာ နားကလောစရာ။ ... ဒေါ်အောင်ဆန်းစုကြည်လည်း မကြာမီလွတ်မှာပါ ဟုဖြေသည် ဆိုရင်ပြီးတာပါပဲ။ ရှည်ရုံမက ထပ်နေသေးလို့ပြောတာပါ။

၃။ ထိုသို့ လုပ်ကိုင်စဉ် တလလျှင် ဂျပန်ယန်းငွေ ၆၀ ကျပ် ရရှိသည်။ ထိုအချိန်တွင် ဒေါက်တာဘမော်အစိုးရ
က ဂျပန်အစိုးရနှင့်ပူးပေါင်းကာ နိုင်ငံတော်၏ မူဝါဒတခုကို ချမှတ်ထားသည်
။ “နိုင်ငံတော်၏ မူဝါဒ” နှင့် “တလ ဂျပန်ယန်းငွေ ၆၀ ကျပ်” နဲ့ ဘယ်လိုဆက်စပ်ရမလဲ မသိ။ ယန်းငွေကို “ကျပ်” လို့ ထည့်စရာလည်း မလို။ ယန်းက ယန်း။ ကျပ်က ကျပ်။ ဒေါ်လာ ၆၀ ကျပ်လို့ သုံးချင်ရင်လည်း မရဘူး။ ဥပမာပြောတာပါ။ ဒေါ်လာက ဒေါ်လာ။ ကျပ်က ကျပ်။

၎။ ပါတီအဖွဲ့ဝင်များ၏ ယုံကြည်မှုနှင့်အတူ အမျိုးသားခေါင်းဆောင်ကြီး၏ သမီးဖြစ်သူ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးတင်ဦးလွတ်ပြီးလျှင် မကြာခင် ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်
မြောက်တော့မည်ဖြစ်ကြောင်း သူရဦးတင်ဦးက အောက်ပါစကားကို သတင်းမီဒီယာသမားများနှင့် တွေ့ဆုံစဉ်ဖြေကြားခဲ့သည်
။ ဒီဝါကျမှာ ရှေ့အစက (ပါတီအဖွဲ့ဝင်များ၏ ယုံကြည်မှုနှင့်အတူ) ဆိုတာ မလိုဘူး။ အမျိုးသားခေါင်းဆောင်ကြီး၏ သမီးဆိုတာလည်း မလိုတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်အလုပ်နဲ့၊ သူရဦးတင်ဦးအလုပ်ကို ဒီဝါကျတခုတည်းမှာ နှစ်ခါထပ်နေတယ်။ အထက်မှာ သူပြောချင်တာပြောပြီးမှ “အောက်ပါစကား” ကို ဆိုတာ ထည့်လိုက်သေးတယ်။ သတင်းမီဒီယာသမားများဆိုတာလည်း မျက်စိနောက်စရာပါပဲ။ “သတင်းသမားများ” “စာနယ်ဇင်းသမား” စသည့်ပြောရင်ရပါပြီ။

၅။ သူရဦးတင်ဦးသည် ပင်နီတိုက်ပုံအင်္ကျီဖြင့် သတင်းသမားများကို အပြုံးဖြင့် ဆီးကြိုဧည့်ခံနေသည်။ (နှာ-
၁၀၀) ဒီဝါကျလေးမှာ ပင်နီတိုက်ပုံဖြင့်ဆိုတာကို သူရဦးတင်ဦးသည်နဲ့ တွဲချင်တာပါ။ ဒါပေမဲ့ (ပင်နီတိုက်ပုံ
အင်္ကျီဖြင့် သတင်းထောက်.....) လို့ တွဲဖက်လို့လည်း ရနေတယ်။ ဖတ်မိတယ်။ ပြီးမှ စာဖတ်သူကပဲ ပြင်ဖတ် ရပါတယ်။ (ဖြင့်) ဆိုတဲ့စကားလုံးကလည်း ဝါကျတိုတခုထဲမှာ ကပ်ပြီး ၂ ခါ ထပ်နေတော့ နားကလောရပါတယ်။

၆။ ယင်းနေ့တွင် ကာကွယ်ရေးဦးစီချုပ်အဖြစ် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား
ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးသည် ဒီပဲယင်းလုပ်ကြံမှုတွင် အကြမ်းဖက်ခံရကာ အာဏာပိုင်များ၏ ဖမ်းဆီးထိန်း
သိမ်းခြင်းကို ခံရရာမှ ပြန်လည်လွတ်မြောက်လာသော နေ့လည်းဖြစ်၏
။  ဒီဝါကျကို ဖတ်လျှင်ဖတ်ချင်း (ယင်းနေ့တွင်)ပဲ ဦးတင်ဦးက ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်သလို ဖြစ်နေပါရောပေါ့။ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကလည်း တပ်မတော်မှာ မထမ်းဆောင်ရင် ဘယ်မှာ ထမ်းဆောင်မှာလဲ။ (တပ်မတော်) ဆိုတာ မလိုဘူး။ အလကားနေရင်း ချဲ့ကားနေသလိုဖြစ်နေ တယ်လေ။

၇။ ထိုနေ့သည်သူရဦးတင်ဦးလည်း ထောင်မှလွတ်သောနေ့ ဖြစ်သည်... ဆိုရင်ပြီးပါပြီ။ သူရဦးတင်ဦးက
တပ်မတော်မှာ အမှုထမ်းတာ၊ ကာကွယ်ရေးဦးစီးချုပ်လုပ်ခဲ့တာတွေ ရှေ့မှာ ပါပြီးပါပြီ။ စဖတ်ခဲ့ရတာလည်း
ဘာကြောင့်ဆိုတာ ဖော်ပြပြီးနေရင် အထပ်ထပ်ပြန်လုပ်ဖော်ပြနေစရာ လိုပါဦးမလား။ ခုလို ကလေးကလား
ထောက်ပြနေရတာကိုက ရှက်စရာဖြစ်နေရပါပြီ။

ဆိုချင်တာက ရေးသားပြုစုတာကို ကျေးဇူးတင်တယ်။ စာမရေးတတ်တာကြောင့် သူရဦးတင်ဦးနဲ့ ဒီလို
ဝါကျတည်ဆောက်ပုံ အရေးအသားတွေနဲ့ မထိုက်တန်ဘူးလို့ ဆိုချင်တာပါ။ အားနာပါတယ်။ ဒါပေမဲ့ သူတို့က ကျုပ်တို့ နာယကကြီးကိုမှ အားမနာတတ်တော့ ပြောရတော့မှာပဲ။ အဖွဲ့ချုပ်စာရေးဆရာတွေက ဦးစွာ ကြည့်ရှုတည်းဖြတ်ပေးရင် ကောင်းမှာပဲ။ “ဒီလှိုင်း” ဆရာတွေ မအားလပ်ရင်ကျွန်တော့်ကို အလုပ်အပ်ပါ။ အခမဲ့ မေတ္တာ ဖြင့် သည်းခံဖတ်ရှု တည်းဖြတ်ပေးပါမယ် ခင်ဗျား။

ကျေးဇူးတင်ပါတယ်။
မောင်စွမ်းရည်
၂၀၁၈ နိုဝင်ဘာ ၂၀
0