လူမမာ
ကျော်ထင်
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၈
(တစ်)
တိုးညင်တဲ့အသံတွေလား၊ မဟုတ်ဘူး၊ ကျွက်ကျွက်ဆူ နေတဲ့အသံတွေ။ ဒါလည်း မဟုတ်သေးဘူး။
အသံတွေက ကျယ်တာလား တိုးတာလား။
တိုးတယ်ကျယ်တယ်ဆိုတာ ဘယ်နေရာမှာ
ဘယ်လိုသုံးရမှာလဲ။ ဘယ်လို ပြောရမယ်မှန်း မသိတော့ဘူး။ သခွားမွှေးသီးတွေ ချောင်းဦးက ဝယ်လာတာတဲ့။ သခွားမွှေးသီးဆိုတာ
ဘာလဲ။ ဟို..ကလေးလေးဆော့ဆော့နေတဲ့ လုံးတုံးတုံးဟာကိုပြောတာလား။ လုံးတုံးတုံးဆိုတာကကော ဘာပါလိမ့်။ ခြေထောက်တွေနဲ့ ကန်နေတာလေ။ ကလေးလေး နာမည်ကလည်း ဘာလဲ။ မေ့တောင် နေပြီ။ ဝဝတုပ်တုပ်လေးနဲ့၊ဖွေးဖွေးလေး တစ်ယောက်လေ။ ကျမသားတစ်ယောက်ရဲ့ သားပဲ။
သူ့နာမည်က ဘာတဲ့၊ မမှတ်မတော့ဘူး။ ချောင်းဦးဆိုတဲ့
စကားကကော။ ဘယ်ကဟာလဲ။
စစ်ကိုင်း၊မုံရွာတွေသွားကြတယ်တဲ့။ ကိုဉာဏ်က မန္တလေးမှာ အစည်းအဝေး လုပ်နေတယ်လည်း ပြောတယ်။ ကိုဉာဏ်တဲ့။ ကိုဉာဏ်ဆိုတာ ကျမသားလား။ ကျမသားတွေထဲမှာ
အဲ့ဒီ့နာမည်ပါသလား။ ဦးကျော်ထင်က အသီးကို မကြည့်ဘူး၊ အစ်မ တို့ ခွဲပြီး နောက်တစ်နေ့မှာ ခွဲရင် ပုပ်မှာ မဟုတ်ဘူးတဲ့။
ပုပ်တာတွေကော၊ ကျော်ထင်ကော။ဘာတွေလဲ။ ဘယ်ကအကောင်တွေလဲ။ ကျော်ထင်ဆိုတာ ဘယ်သူ လဲ။ ကျမ အနားမှာထိုင်နေတဲ့လူတစ်ယောက်တော့ ရှိတယ်။သူက ဧည့်သည်လား။ အိမ်သားလား။ ကျမ
သားထဲက တစ်ယောက်ယောက်လား။ ဒီရုပ်ကိုတော့ တရင်းတနှီးမြင်ဖူးနေသလိုပဲ။ သူ့ကို ကြည့်ရတာ (ကျမကို
ပြုံးပြီး ကြည့်နေပေမယ့်)မျက်နှာတည်ကြီးနဲ့။သွေးအေးသလို ခံစားရတယ်။
(နှစ်)
ဒါပေမဲ့ ဒီလူ အနားမှာ ရှိနေတာကို လုံခြုံသလို ကျမ ခံစားရတယ်။သူက ကျမ ခြေသလုံးသားတွေကို နှိပ်ပေးနေတယ်။ ယင်နဲ့ခြင်တွေက ပေါလိုက်တာဆိုပြီး
ယပ်တစ်ချောင်းနဲ့ မောင်းပေးနေတယ်။ ကျမ ကိုယ်ပေါ်မှာ ခြင်တွေကိုက်၊ယင်တွေ အုံနေတယ်တဲ့။ ကျမဖြင့် သိတောင်မသိဘူး။ မရှိတာကို အရှိလုပ်နေတာ လား။ ယပ်တစ်ချောင်းဟာ ကျမကိုယ်ပေါ်မှာ ဖြတ်ဖြတ်သွားတယ်။တဖျပ်ဖျပ်နဲ
့။နောက်တစ်ခေါက်သွားရင် ချက်ချင်းခွဲစားလို့ရတာ ဝယ်မယ်။ ကိုဉာဏ့်ကို လှမ်းမှာလိုက်မယ်။အသံတွေ ပြန်ပေါ်လာပြန်တယ်။
ဒီအသံတွေဟာ ခေါင်းရင်းဘက်က လာတာလား။ခြေရင်းကလား။နေပါဦး ခေါင်းရင်းဘက်ဆိုတာ ဘယ်ဘက်လဲ။ကျမရဲ့ ညာဘက်လား။မဟုတ်သေးဘူး။ညာဘက်ဆိုတာကလဲ မသေချာဘူး။ ဘယ်နဲ့ညာဆို တာဘယ်ဟာမှန်းကို မသိတော့ဘူး။ဒါပေမယ့် အသံကျွက်ကျွက်တွေက ကျမနားထဲကို ထိုးထိုးဝင်လာနေတယ်။ ကျမစိတ်ထဲမှာ သိချင်နေတယ်။ ကျမ မေးကြည့်တယ်။
“ဘ လ ဝူ ဒေ ရဲ။” ကျမ မေးတာကိုကျမနားကလူက နားမလည်ဘူးနဲ့တူတယ်။ကိုယ်ကိုညွှတ်ပြီး ကုန်းနားထောင်တယ်။ဘာပြောတာလဲ အမေတဲ့။ဒါဆို
ဒီလူဟာ ကျမသားပဲ။သေချာတယ်။ကျမကို အမေလို့ ခေါ် တာ ကျမသားပဲဖြစ်မှာပေါ့။သိပြီ၊သိပြီ။ဒါ ကျမရဲ့သား။သူ့နာမည် စဉ်းစားကြည့်တယ်။ပေါ်မလာဘူး။ဘာလို့ ဒီလိုတွေ စဉ်းစားရကျပ်ကျပ်နေတာလဲ။အရာရာကို မေ့မေ့နေရတာလဲ။သတိတရားတွေ တည်ဆောက်ဖို့တော့ ကျမ သား တစ်ယောက်က ပြောပြောဖူးတယ်။ပြောဖူးတဲ့သားရဲ့ နာမည် မေ့နေတ။အစားတွေ လျော့စားဖို့ ပြောတာတွေ လည်း ပြန်ကြားရတယ်။အမေ နေကောင်းအောင်နေတဲ့။အသံတွေ အများကြီးပဲ။ကျမ
အသိထဲမှာ သွေးသွေးဆို တာ သိနေတယ်။ဇော်မင်းလွင် ဆိုတာ ပေါ်နေတယ်။သူတို့တတွေ အဆင်မှ ပြေကြရဲ့လား။
အမေ-အမေ ဘာပြောတာလဲဆိုတဲ့အသံ ကျမနားမှာ ထပ်ပေါ်လာတယ်။ ကျမတွေးတာ ရပ်လိုက်တယ်။ ကျမ ဘာပြောမိတာလဲ။ဘာပြောမိလို့လဲ။
“ဘာ.....ပရော
...
ဝူး”
“အော်....ဘာမှ မပြောဘူး။အင်းအင်း အမေ အိပ်အိပ်။ပျော်အောင်အိပ်။သား ဘေးမှာ ရှိတယ်နော်။အမေ သားကိုကော သိလား” တဲ့။
“သိ...ရယ်”
ဒီအမေကို ကျမ မဖြေနိုင်ဘူး။ကျမသား။ဒါဟာ
ကျမသား။ကျမသားမှ ကျမသား လို့ သိတယ်။ ဒါပေမဲ့ ဘယ်သူဆိုတာ မဝေခွဲ တတ်ဘူး။ “ခေါင်းရင်းမှာ စကားပြောနေတာ မွန်မွန်နဲ့မချိုလေ။အမေ သိတယ် မဟုတ်လား။” အင်း လို့ ကျမ ခေါင်းညိတ်အဖြေပေးလိုက်တယ်။ပြီးတော့ နောက်ထပ် ဘာမှ ထပ်မမေးပါစေနဲ့လို့ မျှော်လင့်မိ လိုက်တယ်။မွန်မွန်တဲ့။ဒီနာမည်ဟာ ကျမဘဝမှာ တော်တော်လေး ရင်းနှီးခဲ့တာ။မွန်မွန်ရေ--မွန်မွန်ရေ--မွန်မွန်ရေ၊ဒီလိုတွေတောင် ခေါ်မိသလားပဲ။ အမှတ် မထားမိတော့ဘူး။မသိတော့ဘူး။ဒါ-ဘယ်သူ့အမည်လဲဆိုတာ မသိတော့ ဘူး။ကျမနဲ့
လင်ညီအစ်မလား။ဟုတ်တယ် မွန်မွန်ဟာ ကျမနဲ့ လင်ညီအစ်မ။
“မွန်မွန်က သားမိန်းမလေ အမေ။မချိုက ဉာဏ်ဉာဏ့်မိန်းမ။အမေ့ ချွေးမတွေ။”အဲ့ကျမှ ကျမ ရယ်မိတယ်။အော်...သိပြီသိပြီ။ လက်ညှိုးလေးနဲ့ ထောင်ပြီး ကျမ ဝမ်းသာအားရ ပြောမိတယ်။ဟုတ်သားပဲ။ကျမ သိသွာပြီ။ဝမ်းသာ လိုက်တာ။ဉာဏ်ဉာဏ်...ဉာဏ်ဉာဏ်။ဒီကောင်လေးလည်း မတွေ့ဘူး။ဘယ်သွားနေတာလဲလည်း မသိဘူး။အိမ်သာ တက်နေတာနဲ့ တူ တယ်။ဒါနဲ့ မွန်မွန်က သားမိန်းမလို့ ပြောတော့၊သူက ဘယ်သူတုံး။မေ့နေပြန်ပါပြီ။စောစောက သိသွားတဲ့အသိ ဘယ်ရောက်သွားပြန်ပြီလဲ။
ကျမ နားမှာ ထိုင်နေတဲ့အကောင်။ဘယ်သူတုံး။ “သားက ကျော်ကျော်လေ” တဲ့။ဟုတ်ပြီ၊ဟုတ်ပြီ။စာရေးတဲ့အကောင်။ကလေးလေး ရောက်ပြီလားလို့ သူ့သားလေးကို ကျမ
မေးမိတယ်။ဒီလို မေးတာကို သူတို့တွေ ဝမ်းသာနေကြတယ်။ “အမေ မှတ်မိတယ်။မှတ်မိတယ်” တဲ့။ပြောနေတုန်း ကျမအနား နောက်တစ်ယောက် ရောက်လာ ပြန်တယ်။ဝဝနဲ့။ပုပု။စောစောက အနားမှာ ထိုင်နေတဲ့ကောင်က ထွက်သွားတယ်။ဝဝနဲ့ပုပုကို ဟိုမှာ နင့်အစ်ကိုလို့ ကျမပြောလိုက်တော့ သူတို့က
ရယ်ကြပြန်တယ်။မဟုတ်ဘူးလေ၊သားက အကြီးဆုံး၊အမေ့ရဲ့ သြရသ
တဲ့။အဲ့ဒါ အလတ်ကောင် ကျော်ကျော်လေတဲ့။
(သုံး)
ဘာတွေလဲ။ရှုပ်လိုက်တာ။ခေါင်းကို နောက်ရောပဲ။ကျမ မျက်စိ မှိတ်လိုက်တယ်။အရှုပ်တွေ၊အနောက်တွေ သက်သာလို သက်သာငြားပေါ့။အိပ်ပျော်သလို ဖြစ်သွားတယ်။အားလုံးကိုခဏမေ့သွားတယ်။ကျမ အသိတစ်ခုရတော့ ကျမ အိပ်ရာလေးရှိတဲ့နေရာ။ခု လှဲလျောင်းနေတာဟာ ကျမ နေရာ မဟုတ်ဘူး။ကျမ
နေရာက အပေါ် ထပ်မှာ ဒါကို ကောင်းကောင်းသိတယ်။ကျမ နှစ်နှစ်ဆယ်ကျော် အိပ်စက်ခဲ့တဲ့ နေရာဟာ အပေါ်ထပ်က ပြူတင်းပေါက်ဘေးမှာ။ကုတင်ပေါ်ကနေ စောင်းပြီးကြည့်ရင်း တီဗွီကိုလည်း မြင်ရတယ်။ဘုရားအိုးစင်လည်း ဖူးရတယ်။ ဟုတ်တယ်။ ကျမ နေရာကို ကျမ သွားမယ်။ကျမ ထလိုက်တယ်။
ခန္ဓာကိုယ်ဟာ လေထဲမှာ မြောက်တက်သွားတယ်။ခြေထောက်တွေ လှမ်းစရာ မလိုဘဲနဲ့ လှေကားအတိုင်း ကျမ တက်သွားတယ်။ကျမ အိပ်ရလေးကို ပြန်ရောက်တော့မယ်ဆိုတဲ့အသိနဲ့
ပျော်နေတယ်။ကျမ အိပ်ရာလေးကိုမမြင်ရခင် လှေကားထိပ်ရောက်ရောက်ချင်း ဘုရားအိုးစင်ကို ဖူးလိုက်ရတယ်။ပန်း၊ရေချမ်း၊အားလုံး ကျမဝတ်ပြုခဲ့တဲ့ အချိန်ကာလတွေကအတိုင်းပဲ။ပန်းလည်း
ဝေဝေဆာဆာ၊ရေချမ်းတွေလည်း ပြည့်ပြည့် ဝဝ။ ကျမ လက်အုပ်ချီမိသလား။ဒီအတိုင်းပဲ ဆက်တက်ခဲ့သလား။ဒါကိုတော့ သတိ မထားမိဘူး။
တီဗွီကိုကျမကြည့်လိုက်တယ်။တီဗွီဟာ ကျမအပေါ်မှာရှိနေတဲ့အတိုင်းမဟုတ်ဘူး။ပိတ်လို့။တိတ်လို့။ ခလုပ်
ကို ကျမ လက်လှမ်းလိုက်တယ်ထင်ရဲ့။လက်က မြောက်သွားတယ်။ခလုပ်နဲ့ လက်ကတော့ ထိမိလိုက်တာ လား၊မထိမိလိုက်ဘူးလား။မသဲကွဲ ဘူး။ လက်ထဲမှာတော့ အရာတခုခု ပါလာတယ်။ပါလာတဲ့အရာကို
ကျမ ဆွဲ လိုက်တယ်။ပါလာတယ်။ပြီးတော့တင်းသွားတယ်။ဆွဲတဲ့အရာဟာ
အစပိုင်းမှာ ချောချောမောမော ပါ လာပေမယ့်၊ နောက်ပိုင်းမှာ တင်းသွားတယ်။ပါမလာတော့ဘူး။ကျမ
အားပိုစိုက်ပြီး ဆက်ဆွဲတယ်။ ပါမလာ ဘူး။ဆက်ဆွဲတယ်။
(လေး)
“ဆွဲ မတင်နဲ့လေ အမေ။ဆွဲတင်တော့ အမေ့ ခြေထောက်တွေ ပေါ်ကုန်ပြီး၊ခြင်ကိုက်မှာပေါ”့ တဲ့။ကျမ
ဆက်မဆွဲဘဲ အဆွဲကို ရပ်လိုက်တယ်။ ဒါပေမဲ့ ကျမ စွဲနေတဲ့ခလုပ်ကိုပဲ ကျမ ဆက်နှိပ်နေမိတယ်။ကျမ နားမလည်ဘူး။ခလုပ်ကို နှိပ်တာနဲ့ ထဘီမြှောက်ပြီး ကျမ ခြေထောက်တွေ ပေါ်နေတယ်ဆိုတာ။တကယ်ကို ကျမ
နားမလည်တော့ပါဘူး။
ကျော်ထင်
Comments