ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ဒီမိုကရေစီ၏ အရေးပါသောစံနှုန်းနှစ်ခု



ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ဒီမိုကရေစီ၏ အရေးပါသောစံနှုန်းနှစ်ခု
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၄
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈


Steven Levitsky နှင့် Danicl Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE မှ The Guardrails of Democracy ကိုဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်ကို တည်မြဲစေသောစံနှုန်းနှစ်ခုရှိသည်။ ၄င်းတို့မှာ နှစ်ဦးနှစ်ဖက် (TOLERANCE) သည်းခံခြင်းနှင့် အများနှင့်ဆိုင်သော အဖွဲ့အစည်းအပေါ် (FORBEARANCE) စိတ်ရှည်နိုင်ခြင်းတို့ဖြစ်သည်။

နှစ်ဦးနှစ်ဖက် သည်းခံခြင်းဟူသည်ကို နိုင်ငံရေးဝေါဟာရ အနေဖြင့် အဓိပ္ပါယ်ပေါ်မည်ဆိုလျှင် ဆန့်ကျင်ဘက်နိုင်ငံရေးပါတီထဲတွင် ရှိကြသော နိုင်ငံရေးသမားများသည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်များဖြစ် သော်လည်း ရန်သူများဟု သဘောမထားခြင်းကို ဆိုလိုသည်။ ဤအဆင့်ကို အမေရိကန်နိုင်ငံတွင် ရောက် အောင်တော်တော်စောင့်ခဲ့ရသည်။ ဤအဆင့်ကိုမရောက်လျှင်လည်း ဒီမိုကရေစီစနစ်သည် ရှင်သန်ရန် တည်မြဲရန်မဖြစ်နိုင်ပါ။

အမေရိကန်နိုင်ငံ၏ သမိုင်းအစတွင် အာဏာလက်ရှိ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ကို ဆန့်ကျင်ခြင်းကို သစ္စာဖောက်ခြင်းဟု ခေါ်လေ့ရှိခဲ့သည်။ ထိုအချိန်က အာဏာလက်ရှိပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်းကို တရားဝင် ဆန့်ကျင်ခွင့်ရှိခြင်းဟူသော အတွေးအခေါ်ကို လက်ခံခြင်းမရှိသေးပါ။ အမေရိကန်သမိုင်းအစတွင် ဖက်ဒရယ် ပါတီ( Federalist)နှင့် ရီပတ်ဘလစ်ကန်ပါတီ (Republican) ဟူသော ပါတီနှစ်ခုသည် အာဏာရရန် ယှဉ်ပြိုင် ကြသည်။ ဖက်ဒရယ်ပါတီကို ဂျွန်အက်ဒင် (John Adams)နှင့် ရီပတ်ဘလစ်ကန်ပါတီ ကို သောမတ်ဂျက်ဖာဆင်(Thomas Jefferson) တို့က အသီးသီးခေါင်းဆောင်ကြသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး နိုင်ငံ၏ရန်သူများ၊ အဖျက်သမားများ၊ နိုင်ငံကိုအန္တရယ်ပြုသူများဟု ယူဆကြသည်။ ပါတီတစ်ခု၏ ခေါင်းဆောင်သည် အခြားပါတီ၏ ခေါင်းဆောင်ကို အခြေခံဥပဒေကို ဖျက်ဆီးသူများဟု ယူဆကြသည်။ ပါတီကို ဆန့်ကျင်ခြင်း သည် အမေရိကန်နိုင်ငံကိုဆန့်ကျင်ခြင်းဟု အမြင်ရှိကြသည်။ နိုင်ငံကို အန္တရယ်ပြုသူများဖြစ်ဟု မြင်ကြသည်။

ပါတီနှစ်ခု၏ ပဋိပက္ခသည် နိုင်ငံကိုပင် ပြိုကွဲမည့် အန္တရယ်ရောက်တော့မည်ဟုပင် ထင်ရလောက် အောင် ပြင်းထန်ခဲ့သည်။

သို့ရာတွင် နိုင်ငံရေးပြိုင်ဘက်များသည် ရန်သူများမဟုတ် ပြိုင်ဘက်များသာဖြစ်သည်။ တစ်ဦးကိုတစ်ဦး ဖျက်ဆီးရန် မဟုတ်၊ ဒီမိုကရေစီစနစ်ရှင်သန်ရေးကို အတူလုပ်ဆောင်နိုင်ရမည်ဟူသော အရေးအခေါ်ကို ရရှိ လာ စေရန် အတော်စောင့်ခဲ့ရသည်။ အာဏာရပါတီကို ဆန့်ကျင်ခြင်းသည် သစ္စာဖောက်ခြင်းမဟုတ်၊ ဒီမိုကရေစီစနစ်အတွက် ပူးပေါင်းလုပ်ခြင်းဖြစ်သည်ဟူသော အတွေးအခေါ်ကို ရရှိလာအောင် အတော်ပင် လုပ်ယူခဲ့ရသည်။ အတိုက်အခံ၏တရားဝင်မူကို အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီ၏အရေးပါသောအခြေ ခံဖြစ်လေသည်။

နှစ်ဦးနှစ်ဖက်သည်းခံခြင်း တည်းဟူသော နိုင်ငံရေးစံနှုန်းသည် အားနည်းပြီဆိုလျှင် ဒီမိုကရေစီစနစ်ကို ကြာရှည်ထိန်းသိမ်းစောင့်ရှောက်ဖို့ တော်တော်ခက်သွားပါလိမ့်မည်။ ဖြစ်ပင် မဖြစ်နိုင်တော့ပါ ဟုပင် ဆိုနိုင် ပါသည်။

အကယ်၍ နိုင်ငံရေးပြိုင်ဘက်များကို ရန်သူများဟုယူဆလျှင် ပြိုင်ဘက်များအာဏာရသွားခြင်းကို တော်တော်ကြောက်ရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့အာဏာမရအောင် သူတို့ကို နိုင်အောင် နည်းအမျိုးမျိုး ကိုသုံးရတော့မည်ဖြစ်ပါသည်။ သုံးနိုင်သောနည်းများတွင် သူတို့ကို ရာဇဝတ်သားများ၊ အပြစ်ရှိသူများပမာ အမှုရှာ၍ ထောင်ကျအောင် ပြုလုပ်ခြင်းတို့ပင် ပါဝင်ပါသည်။ အာဏာရသွားသောပါတီသည် အစိုးရဖြစ်သွား သည့်အခါတွင် အာဏာရှင်ပမာပြုကျင့်ရန် အကြောင်းများရှိလာပါသည်။ ကမ္ဘာတွင် ဤနည်းအတိုင်း ဒီမိုကရေစိဆုံးရှုံး၍ နိုင်ငံပင် ပြိုကွဲသွားသော ဥပမာများရှိပါသည်။

ကမ္ဘာတွင် ဖရင်ကို၊ ဟစ်တလာ၊ မူစီလီနီ၊ မားကိုး၊ ကက်(စ)ထရို၊ ပီနိုချေး၊ ပူတင်၊ ချာဘက်(စ) (Franco, Hitler, Mussolini, Marcos, Castro, Pinochet, Putin, Chavez) တို့သည် သူတို့၏ နိုင်ငံရေးပြိုင် ဘက်များကို အဖျက်သမားများ၊ နိုင်ငံ၏ရန်သူများ ဟူ၍ သမုတ်ကာ သူတို့၏ အာဏာရှင်ဖြစ်ခြင်းကို မှန်ကန်ကြောင်း တရားမျှတကြောင်းကို ဖော်ထုတ်ပြသကြသည်။

ဒီမိုကရေစီ၏ စံနှုန်းနှစ်ခုထဲမှ၊ ပထမစံနှုန်းဖြစ်သော နှစ်ဦးနှစ်ဖက်သည်းခံခြင်း၏ နိုင်ငံရေးဆိုင်ရာ အဓိပ္ပါယ်အကြောင်းကို ယခုပြောခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ ဒုတိယစံနှုန်းဖြစ်သော အများနှင့်ဆိုင်သော အဖွဲ့အစည်းအပေါ် စိတ်ရှည်နိုင်ခြင်း၏ နိုင်ငံရေးအဓိပ္ပါယ်ကို ဆက်လက်ဖော်ပြပါမည်။

ဤနေရာတွင် စိတ်ရှည်နိုင်ခြင်းဟူရာတွင် ကိုယ့်ကိုယ်ကို ထိန်းနိုင်ခြင်း၊ တစ်နည်းဆိုရသော၊ တရားဥပဒေအရ ကိုယ့်တွင်လုပ်ပိုင်ခွင့်ရှိတိုင်းမလုပ်ဘဲ၊ ထိန်းနိုင်ခြင်းဖြစ်သည်။ နိုင်ငံရေးအရအဓိပ္ပါယ် ဖော်သော၊ စာထဲတွင်ဖော်ပြထားခြင်းအရ လုပ်ပိုင်ခွင့်ရှိသော်ငြားလည်း ရေးသားထားခြင်းမရှိသော အနှစ်သာရကို ချိုးဖောက်နိုင်သော လိပ်ပြာမသန့်နိုင်သော အရာများကို မလုပ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ရမည်ဟု ဆိုလိုသည်၊ ဤကဲ့သို့ ချိုးဖောက်သော ကိစ္စများဖြစ်လာခဲ့လျှင် ချိုးဖောက်သူဘက်နှင့် အချိုးဖောက်ခံရသူတို့ဘက်တို့တွင် ဘယ်ဘက်ကိုမှ လိုက်၍ မရပါ၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် အခါတွင် အများနှင့်ဆိုင်သော အဖွဲ့အစည်းအပေါ် စိတ်ရှည်ခြင်းဟူသော စံနှုန်းသည် ဧကန်တကယ်အား ကောင်းသောအခါ၊ နိုင်ငံရေးသမားများသည် သူတို့၏ လုပ်ပိုင်ခွင့်ကို အပြည့်အဝသုံးခွင့်ရှိသော်လည်း မသုံးကြပါ၊ ဤကဲ့သို့လုပ်ခြင်းသည် ရှိနေသော စနစ်ကို အန္တရယ်ပြုနိုင်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။

အများနှင့်ဆိုင်သောအဖွဲ့အစည်းအပေါ်တွင် စိတ်ရှည်နိုင်ခြင်းဟူသည့် သဘောတရားသည် ဒီမိုကရေ စီစနစ်မပေါ်မီကပင် ပေါ်ပေါက်ခဲ့သော အရာဖြစ်သည်။ သက်ဦးဆံပိုင်ဘုရင်များလက်ထက်ကပင် ရှိခဲ့လေ သည်။ ဘုရင်များအုပ်ချုပ်သော လက်ထက်က ဘုရင်၏ အာဏာကို ဘာအကန့်အသတ်မှ ပြုလုပ်ထားခြင်း မရှိပါ။ ဘုရင်သည် ဘာကိုပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုရမည်။ သို့သော ဥရောပတိုက်တွင် အုပ်ချုပ်ခဲ့သော ဘုရင်များသည အဖွဲ့အစည်းအပေါ်တွင် စိတ်ရှည်ခြင်းကို ကျင့်သုံးကြသည်။ ဤတွင် အဖွဲ့အစည်းဟူသည်မှာ ပြည်သူလူထုကို ဆိုလိုသည်။ မင်းကျင့်တရားဖြင့် ညီညွှတ်ခြင်းတွင် ပညာရှိခြင်းနှင့် ကိုယ့်ကိုယ်ကိုထိန်းချုပ်ခြင်း တို့ ရှိရန် လိုအပ်သည်။ မင်းကျင့်တရားဖြင့် ညီညွှတ်ခြင်းသည် အုပ်ချုပ်သောဘုရင်ကိုယ်တိုင် ရွေးချယ်သော လမ်းဖြစ်သည်။ ဘယ်ဥပဒေကမှ ပြဌာန်းထားခြင်းမဟုတ်ပါ။

ပြဇာတ်ရေးဆရာကြီး ရှိတ်စပီးယား( Shakespeare)သည် ဒုတိယမြောက် ရစ်ချပ်ဘုရင် (King Richard 2) ပြဇာတ်တွင် မင်းကျင့်တရားမရှိသော ဘုရင်ကို သရုပ်ဖော်ပြထားသည်။ ထိုပြဇာတ်တွင် ပါဝင်သော ရစ်ချပ်ဘုရင်သည် အပြစ်များစွာကို ကျူးလွန်သည်ကို ပြသထားသည်။ သို့သော သူကျူးလွန် သောအပြစ်များသည် တရားဝင်ပြုလုပ်ခြင်းဖြစ်သည်။ ဘယ်ဥပဒေကိုမှ ချိုးဖောက်ခြင်းမဟုတ်၊ လူ့အဖွဲ့အစည်း၏ ဓလေ့ထုံးစံများကိုသာ ချိုးဖောက်ခြင်းဖြစ်သည်။ တစ်နည်းဆိုသော အများနှင့်ဆိုင်သော အဖွဲ့အစည်းအပေါ် စိတ်ရှည်ခြင်းဟူသော အကျင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။ ထိုပြဇာတ်ထဲတွင် ပါဝင်သော ကာလိ(စ)(Calisle) အမည်ရှိဇာတ်ကောင်တစ်ဦးက သူ၏ အပေါင်းအဖော်များကို ဤသို့ သတိပေးသည်။ “ရဲဘော်တို့ အများနှင့်ဆိုင်တဲ့ အဖွဲ့အစည်းအပေါ် သည်းခံစိတ်မထားရင် သွေးမြေကျလိမ့်မယ်၊ နောင်အနာဂါတ်မှာ ဒီအလုပ်ကို ကဲ့ရဲ့ရှုတ်ချကြလိမ့်မယ်”။

သက်ဦးဆံပိုင်ဘုရင်များသာ အဖွဲ့အစည်းအပေါ်တွင် စိတ်ရှည်ရန် လိုအပ်ခြင်းမဟုတ်ပါ၊ ဒီမိုကရေစီကျင့်သုံးရာတွင်လည်း အဖွဲ့အစည်းအပေါ်တွင် စိတ်ရှည်ရန်လိုအပ်ပါသည်။
0