မိုက်ခဲစိန် - သတင်းသမားတွေကို အကာအကွယ်ပေးဖို့


မိုက်ခဲစိန် - သတင်းသမားတွေကို အကာအကွယ်ပေးဖို့
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၈

Marie Colvin ကို တွေ့ရာသင်းချိုင်း ဓားမဆိုင်း သတ်ဖို့  အမိန့်ပေးထားပြီးသားဖြစ်တယ်။ သူမကို ဆီးရီးယား အာဏာရှင် ဘာရှာအာဆဒ်က ပစ်မှတ်ထားတာဟာ ဆော်ဒီအာရေဗျနန်းတော်ရဲ့ လက်မည်းကြီးတွေက Jamal Khashoggi ကို လုပ်ကြံဖို့ အကွက်ချခဲ့ကြတာမျိုး နည်းတူပဲ။ ကာရှိုးဂျီဟာ တူရကီက ဆော်ဒီသံရုံးထဲ ၀င်ပြီးပြီးချင်းမှာပဲ အသတ်ခံလိုက်ရပါတယ်။ မေရီဟာလည်းပဲ သူမရဲ့ ဆက်တလိုက်သတင်းပို့ချက်ကို အာဆဒ်ရဲ့ အမြောက်တပ်က ထောက်လှမ်းသိချိန်မှာပဲ ကျဆုံးခဲ့ပါတယ်။

အခုထွက်လာတဲ့ ရုပ်ရှင်အသစ် - A Private War က မေရီကိုလဗင်ရဲ့ လူသတ်ကွင်း ၆ ကွင်းထဲမှာ မြုပ်နှံလှုပ်ရှားခဲ့ပုံများကို ပုံဖော်ပြသထားတာပါ။ သူမရဲ့ မျက်လုံးတလုံးဟာ သီရိလကာင်္မှာ လက်ပစ်ဗုံးစ ထိမှတ်ပြီး ပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ ကျက်သရေနဲ့ တောက်ပမှုကို မှေးမှိန်ခြင်းငှာ မစွမ်းသာခဲ့ပါဘူး။ စစ်ပွဲတွေကြောင့် ဘ၀တွေ ပျက်စီးခဲ့ရတာတွေကို ပြောင်းလဲပစ်နိုင်ဖို့ ကိုယ်တိုင်မျက်မြင် အသေးစိတ်သတင်းပို့ခြင်းဖြင့် သူမရဲ့ဘ၀ကို စွန့်စား ရဲရင့်မှုများနဲ့ မောင်းနှင် မြုပ်နှံခဲ့ပါတယ်။ ဆီးရီးယားမှာ၊ အီရတ်မှာ၊ အီရန်မှာ၊ ချေချင်းညာမှာ၊ လစ်ဗျားမှာ၊ အရှေ့တီမော စစ်မြေပြင်တွေမှာ သူမက သည်မေးခွန်းကို အကြိမ်ကြိမ် မေးမြန်းပါတယ်။ "ကမ္ဘာကြီး ဘယ်ရောက်နေသလဲ?" တဲ့။

လူတွေ ဘေးဒုက္ခဆိုက်နေတာကို သတင်းပို့ပေးနေတဲ့ သတင်းထောက်တွေ ဓာတ်ပုံဆရာတွေ ယနေ့ခေတ်မှာ အတော်ရှားပါးလာပါပြီ။ ဆိုရှယ်မီဒီယာတွေရဲ့ စီးပွားရေးအကျိုးအမြတ်သဲ့ယူနေမှုက သတင်းစာထုတ်ဝေသူတွေကို အငတ်ဘေးဆိုက်စေပါတယ်။ သည်ထက်ပိုအခြေအနေဆိုးတာကတော့ အယ်ဒီတာတွေ သတင်းသမားတွေကိုယ်တိုင်လည်း မျိုးတုန်းတဲ့ဘေးကို ရင်ဆိုင်နေရပါတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ စွန့်လွှတ်စွန့်စားနေရတဲ့ သတင်းသမားတွေလည်း သတင်းအတွက်နဲ့ ထိခိုက် ဆုံးရှုံးနေရပါတယ်။ သတင်းသမားတွေဟာ စစ်မြေပြင်မှာ ကျည်သင့်ကြတယ်။ မိုင်းတွေ နင်းမိကြတယ်။ စစ်သားမှတ်ပြီး မှားအသတ်ခံကြရတယ်။ ဒါပေမယ့် သတင်းသမားအများစုဟာ ကံမကောင်းလို့ သေကြရတာမဟုတ်ပါ။ သူတို့တွေဟာ လုပ်ကြံသတ်ဖြတ်ခြင်း ခံကြရတာပါ။ ၁၉၉၂ က ၂၀၁၈ အတွင်းမှာ စစ်မြေပြင် ကျည်သင့်ပြီး အသက်ဆုံးရတဲ့ သတင်းသမား ၂၉၉ ဦး ရှိပါတယ်။ အသက်အန္တရာယ်ကြီးတဲ့  သတင်းအဆိုင်းမင့်ကြောင့် သေရတာက သတင်းသမား ၁၇၀ ရှိပါတယ်။ သို့သော်လည်း သတင်းသမား ၈၄၉ ဦးဟာ အစိုးရတွေ၊ လူဆိုးဂိုဏ်းတွေ၊ အကြမ်းဖက်သမားတွေ၊ အကျင့်ပျက်ခြစားသူတွေရဲ့ အမျက်အမုန်း အညှိုးထားမှုတွေကြောင့် အသတ်ဖြတ်ခံခဲ့ရပါတယ်။ သတင်းသမားက သူ့အလုပ်ဖြစ်တဲ့ သတင်းပို့တဲ့အလုပ်လုပ်ကြတာ၊ အမှန်တရားကို ဖော်ထုတ်တာ၊ အမှားတရားကို ထုတ်ဖော်ကြတာတွေကို မလိုလားသူတွေက သတ်ဖြတ်ရှင်းလင်း သုတ်သင်ပစ်ကြပါတယ်။

ဆိုရှယ်မီဒီယာက ကောလဟာလတွေ၊ ကြားဖူးနားဝတွေ၊ အမုန်းစကားတွေနဲ့ အလံထူ ကန်းတက်နေချိန်မှာ ပင်မရေစီးသတင်းဌာနတွေဟာ သတင်းပို့နိုင်ဖို့ မနည်းအားစိုက် ရုန်းကန်နေကြရပါတယ်။ ထရန့်ကို မျက်ကန်းထောက်ခံသူ ဗုံးထောင်သမား ဆီဇာဆိုင်ယော့ဂျူနီယာဟာ ဖေ့စ်ဘွတ်ပေါ်မှာ လော်စပီကာတတ်ပြီး သောင်းကျမ်းနေပါတယ်။ တွစ်တာက အဲသည်ကောင်ရဲ့ တွစ်တွေကို ဖြုတ်ချပေးဖို့ ငြင်းဆန်ပါတယ်။ ပစ်စဘတ်က သေနတ်သမားအဖြစ် အစွပ်စွဲခံထားရတဲ့ ရောဘတ်ဘော်ယာဟာ အစွန်းရောက် နာဇီထောက်ခံသူ လူဖြူကြီးစိုးရေးကို အားပေးတဲ့ Gab ဆိုတဲ့ ၀က်ဆိုက်အမှိုက်သရိုက်ထဲ ကူးခတ်ပျော်ပါးနေပါတယ်။ ဖေ့စ်ဘွတ်နဲ့ တွစ်တာဟာ ဒီမိုကရေစီကို အန္တရာယ်ပေးသူတွေ ဖြစ်လာနေပါပြီ။ ကြော်ငြာကရတဲ့ ငွေကြေးအမြတ်အစွန်းကို လောဘတက်ပြီးတော့ သန်းနဲ့ချီတဲ့ အမေရိကန်မဲဆန္ဒရှင်တွေကို ပစ်မှတ်ထား အဆိပ်ခတ်တဲ့ သွေးထိုးလှုံဆော်တဲ့ ကင်ပိန်းတွေတင်သွင်းတဲ့ ရုရှားတွေရဲ့ ငွေကို လက်ခံခဲ့ကြပါတယ်။ ဖေ့စ်ဘွတ်သုံးစွဲသူ သန်း ၅၀ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တလွဲသုံးစွဲဖို့ ဖေ့စ်ဘွတ်ဟာ ကင်းဘရစ်အနာလစ်တကာ ကုမ္မဏီကို ခွင့်ပြုခဲ့ပါတယ်။

မှန်ပါတယ်။ ပင်မရေစီးသတင်းဌာနတွေဟာ တရားဝင်ဖြစ်နေရဲ့နဲ့ တာဝန်ယူမှုရှိနေရဲ့နဲ့ ဒေါ်နယ်ထရန့်က 'အန္တာရယ်ကောင်တွေ၊ အရူးတွေ"လို့ ပုတ်ခတ်နေချိန်မှာ ဆိုရှယ်မီဒီယာကတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ လွတ်လပ်ရေး ရနေပါတော့တယ်။ အမေရိကန် ဆက်သွယ်ရေး လွတ်ကင်းမှု ဥပဒေ ပုဒ်မ ၂၃၀ အရ ဆိုရှယ်မီဒီယာတွေဟာ လွတ်ငြိမ်းချမ်းသာဖြစ်နေကြပါတယ်။ အဲသည်ဥပဒေရဲ့ အစပထမ ဦးတည်ချက်က လူတိုင်းလူတိုင်း အချင်းချင်း နားလည်မှု တည်ဆောက်ရန် ရိုးသားစွာနဲ့ ကိုယ်ထင်တာ မြင်တာ ထုတ်ဖော်ခွင့်ကို အာမခံချက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန်တွေကို သွေးခွဲတဲ့နေရာမှာ ဆရာကြီးတဆူဖြစ်တဲ့ ဒေါ်နယ်ထရန့်က ပင်မရေစီးသတင်းစာတွေဟာ အမေရိကန်တွေကို သွေးခွဲသူတွေ သံသယမှိုင်းတိုက်သူတွေလို့ ပြောပါတယ်။ သူရဲ့ စွမ်းဆောင်မှုကြောင့်သာ အမှန်တရားကို ပြည်သူတွေ သိခွင့်ရတယ်လို့ သူက ကျေးဇူးရှင်ဇာတ် ခင်းပါတယ်။ သူက ပစ္စဘတ်လူသတ်ပွဲပြီးနောက် ဘာသာရေးသွေးခွဲမှုကို ရှုတ်ချတယ်လို့ ပြောခဲ့ပေမယ့် အကြမ်းဖက်မှုတွေကို တဖက်ကနေ မြှောက်ပင့်ပေးနေပြန်ပါတယ်။ သတင်းသမား ကာရှိုဂျီ အသတ်ခံရပြီးနောက်မှာ ထရန့်က သတင်းစာသမားကို လူချင်းလုံးခဲ့တဲ့ အမေရိကန်လွှတ်တော်အမတ်ကို 'ဒါမှ ငါ့လူကွ" လို့ ဆိုလိုက်ပြန်ပါသေးတယ်။ သူ့ကို ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပရိသတ်ထဲက လူတွေ ၀တ်ဆင်လာတဲ့ တီရှပ်က - "ကြိုးကွင်း၊ သစ်ပင်နဲ့ သတင်းထောက် - ကွက်လပ်ဆက်ဖြည့်ပေးပါ" ဆိုတာဟာ ထရန့် လှုံဆော်ဖန်တီးနေတဲ့ သဘောထားတွေကို ထင်ဟတ် ပေါ်လွင်နေပါတယ်။  ဂျာနယ်လစ်တွေ သတင်းသမားတွေဟာ လူတွေကို လိမ်လည်လှည့်ဖြားမှုများကနေ မူးယစ်ဆေးရောင်းဝယ်မှုများကနေ ကာကွယ်ပေးဖို့ မည်သို့ပင် ကြိုးပမ်းနေသည် ဖြစ်စေ၊
သတင်းသမားတွေဟာ ပြည်ပနိုင်ငံများမှာ အသက်စွန့်ပြီး သတင်းမည်သို့ပင် ပေးပို့နေသည် ဖြစ်စေ၊ ထရန့်နဲ့ စတာလင်တို့ရဲ့ နှုတ်ဖြားမှာတော့ သတင်းသမားတွေဟာ 'လူထုရန်သူတွေ" ဖြစ်တယ် ဆိုတာပဲ ထွက်နေတော့တာပါပဲ။

ဒီနှစ်အတွက် Committee to Protect Journalists အဖွဲ့က မှတ်တမ်းတင်ရာမှာ သတင်းသမား ၂၈ ဦးဟာ သူတို့ပို့တဲ့သတင်းတွေကြောင့် သတ်ဖြတ်ခြင်း ခံခဲ့ကြရပါတယ်။ Daphne Caruana Galiza က မော်တီးအစိုးရ ထိပ်တန်းအရာရှိကြီးများ၏ မှောင်ခိုလုပ်ငန်း၊ ငွေမည်းခ၀ါချလုပ်ငန်း ပတ်သက်နေပုံများကို ထုတ်ဖော်ရေးသားခဲ့ပြီးနောက် ကားဗုံးထောင် အသတ်ခံလိုက်ရပါတယ်။ ကိုလံဘီယာမှာ Javier Ortega နဲ့ Paul Rivas တို့ နှစ်ဦးက မူးယစ်ဂိုဏ်းအကြမ်းဖက်မှုများကို ထုတ်ဖော်သတင်းပို့လို့ ပြန်ပေးဆွဲ အသတ်ခံလိုက်ရပါတယ်။ Jan Kuciak ဆိုရင် ဆလိုဗက်နိုင်ငံက ခရိုနီနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အခွန်ရှောင် အရှုပ်တော်ပုံကို စုံစမ်းဖော်ထုတ်ရေးသားခဲ့လို့ သူ့တိုက်ခန်းမှာ ပစ်သတ်ခံလိုက်ရပါတယ်။ သက်ဆိုင်ရာဒေသတွင်းက သည်လိုရာဇ၀တ်မှုတွေကို လူတွေက သိပ်စိတ်ဝင်မစားကြပါ။ သည်တော့ ဂျာနယ်လစ်တွေ အတော်များများဟာ လူမသိသူမသိ သေကြပါတယ်။ လူသတ်သမားတွေဟာလည်း ဥပဒေကနေ လွတ်မြောက်နေကြပါတယ်။

Reporters without Borders က ပြောတာကတော့ သည်လို လူသတ်မှုတွေဟာ ဒီမိုကရေစီတန်ဖိုး ဥရောပမှာ ကျဆင်းနေတာကို ပြနေတယ်တဲ့။ သတင်းစာလောကကို ဆန့်ကျင်မုန်းတီးရေးဟာ ဟန်ဂေရီတို့ အယ်ဘေးနီးယားတို့ သြစတြီးယားတို့မှာ ဖြစ်နေသလို အခုဆိုရင် အမေရိကမှာလည်း ဖြစ်နေပါပြီ။

နိုင်ငံတကာဥပဒေအဖြစ် ဂျနီဗာစာချုပ် အပိုဒ် ၇၉မှာ သတင်းသမားများ ကာကွယ်ပေးရေး ပါဝင်ပါတယ်။ နိုင်ငံပေါင်း ၁၇၄ နိုင်ငံက သဘောတူလက်မှတ်ထိုးပြီး ကိုယ်တိုင်လည်း ကျင့်သုံးကြပါတယ်။ အမေရိကန်က လက်မှတ်တော့ ထိုးပါရဲ့ ကိုယ်တိုင်လက်တွေ့တော့ မကျင့်သုံးတဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ ခုထိ ပါဝင်နေတုန်းပါပဲ။

Times မဂ္ဂဇင်း နိုဝင်ဘာ ၁၉ ထုတ်၊ Protecting The Press by Harold Evans ကို ဘာသာပြန်ဆိုပါတယ်။


Comments