ခရမ်းပြာထက်လူ ● တော်လှန်သူ အနုပညာတယောက်
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၈
အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။
နိုင်ငံတော် ချွတ်ခြုံကျသလို
ငါလည်း ကုန်ပြီ။
ဘဝ သြဂဲနစ်စိုက်ခင်းလေး
သွေးစွန်းခဲ့ပြီ။
အမှောင်တွေကို အမှောင်နဲ့ပွတ်တိုက်
မီးကို ငါရအောင်ခြစ်/ချစ်ခဲ့ပြီးပြီ။
သဘောမတူသူများကြိုးကွင်းမှာ
ထိုးကွင်းမင်ကြောင်အပြည့်နဲ့ ငါမဏ္ဍပ်တိုင် တက်ရပ်ပြီးပြီ။
သဘောတူသူများပန်းကုံးမှာ
နေ့ရောညပါ အရေခမ်းခမ်း အရိုးတရမ်းရမ်းနဲ့ ငါကခဲ့ပြီးပြီ။
ဝေးဝေးနေစမ်းပါ
သာဒင်ကို ဘာထင်သလဲ ထင်တုန်းကောင်တွေရဲ့ ထွန်ဖျားမှာ၊
စုပ်တသပ်သပ် သေနတ်ပြောင်းပါးစပ်ကြီးတွေရဲ့ မီးပုံဝထဲလည်း
ငါ ခုန်ဆင်းခဲ့ပြီးပြီ။
သွေးစွန်းချိန် မိနစ် ၉၀
နာကျင်ချိန် အနိုင်ဂိုးလည်း ငါသွင်းခဲ့ပြီးပြီ။
ဓာတ်တော်မကျလည်း
အရည်ပြားအောက် မီးထတောက်
ငါချစ်/ခြစ်အော်လို့ ချော်မချစ်ခဲ့ပြီ။
ကြိုးကွင်းတွေထဲ လမ်းလျှောက်နေတဲ့ကြိုးစင်ကို
မိုက်ကြည့်ကြည့်
ကျင်ငယ်စွန့်သလို အရာရာကို စွန့်ခဲ့ပြီးပြီ။
မိုးစက်များ ကျောက်တုံးများလို
ကျောက်တုံးများ ထမင်းကြမ်းခဲများလို
နှင်းဟာကျဆဲ
နှင်းများထဲ ငါဟာ မကျဆဲ။
အံ့မခန်း လက်ခုပ်တွေထဲမှာ
ငါးဖယ်တစ်ကောင်လို နန်းပြားနန်းနားကျခဲ့။
ဝေးဝေးနေစမ်းပါဆိုတဲ့
ငါးမန်းနှုတ်ခမ်း ဂူကြမ်းကြီးတွေထဲ
မိုးအလင်း ပုစဉ်းရင်ကွဲခဲ့ပြီးပြီ။
တော်လှန်ကမ္ဘာအတွက်
မော်ဒန်ကဗျာတွေ ရေးခဲ့ပြီးပြီ။
အချစ်ဆုံးများအတွက်
ရှစ်လေးလုံး ကျောခင်းတံတားငါခင်းခဲ့ပြီးပြီ။
ရွှေဝါရောင်ပိတောက်လမ်းတွေအတွက်
နေကြာပန်းများတော်လှန်ရေး ငါစိုက်ခဲ့ပြီးပြီ။
မြို့တော်ရဲ့သွားများ သန့်ရှင်းသွားအောင်
လမ်းအနှံ့ ငါသွားခဲ့ပြီးပြီ။
ငါ့ကို တစ်ရွက်ချင်း လှည်းကျင်းကြည့်စမ်းပါ
မှားခဲ့မယ်
အဲ့ဒီအမှားဟာ
ကောင်းကင်ပြာမှာ ပြေးနေသောတိမ်တစ်ဆုပ်။
မှန်ခဲ့မယ်
Night Club မှာ လက်လက်ထနေသော
ကြွက်ကြွက်ညံနေတဲ့ကြယ်။
ကိုယ့်စွပ်ကြောင်းနောက် နတ်သားတွေလိုက်ပါစေ
မယုံရင် ပုံပြင်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေပါစေ။
မြို့တစ်မြို့ဟာ ငါ့မှတ်တမ်းမှတ်ရာ
မြစ်တစ်မြစ်ဟာ ငါ့ခြေရာ လက်ရာ။
ငါ ဗာဒံရွက်တွေလို နီရဲလာပြီလား
ငါ လေထီးမပါ အလွတ်ခုန်ချလိုက်ရတော့မလား။
ငါ ရေးခဲ့တာ ကဗျာလား
ငါမရေးခဲ့တာ ကဗျာလား။
ငါ့အိမ်ခေါင်မိုးပေါ်က နတ်ဆိုးတို့ရဲ့ မိုးခြိမ်းသံတွေ
အမေတို့မကြားပါစေနဲ့။
သန်းခေါင်ယံ ငါ့အိမ်မက်ထဲက ငှက်ဆိုးထိုးသံတွေ
ကလေးတွေ မကြားပါစေနဲ့။
ငါ့ ပတ်ဝန်းကျင် အရပ်ရပ်က
ငါ့ကိုစောင့်ကြည့်နေသော hungry ghosts တွေ
ငါ့ အစ်ကို အစ်မတွေ မမြင်ပါစေနဲ့။
ကျုပ် ကျီးကန်းတွေပါးစပ်ထဲက ညနဲ့ ပတ်ထားတဲ့ ကျွဲတွေကို
ပြန်နှိုက်ထုတ်ပေးခဲ့တယ်။
ကျုပ် ခင်ဗျားမိန်းမထဘီချွတ်ယူသွားသလို
ခင်ဗျားလည်ပင်းကကြိုးကွင်းကို ပြန်ချွတ်ယူပေးခဲ့သလို
လယ်တွေ ယာတွေ ပြန်ယူပေးခဲ့တယ်။
တချို့ကပြောမယ်
ကျုပ်ဟာ
သွေးစုပ်ဖုတ်ကောင်တွေဆီက သွေးကို
ပြန်စုပ်ယူပေးတဲ့သွေးစုပ်ဖုတ်ကောင်။
အဲ့ဒီ စမ်းချောင်းကို အလံတပ်ပြီး မြစ်အတိုင်း ချီ
ပင်လယ်ကိုချော့ပြီး ယူပေရော့။
လာကြ သိုးတွေ
ကျုပ်အသည်းကိုစားပြီး ခြင်္သေ့တွေကိုသတ်ကြ။
ထောင်ထဲကနေ အပြင်ကလေထုကို မေတ္တာပို့ပါတယ်
သန့်ရှင်းမှုဖြင့်
ကျုပ်ပြည်သူကိုစောင့်ရှောက်ပါ။
ကျုပ်ဟာ
ဒါလီရဲ့ ဂါစီယာမားကွဇ်ပဲ။
ဒီနိုင်ငံဟာ
ခင်ဗျားတို့မျက်ရည် ကျုပ်ချွေးစက်တွေနဲ့
ဒီဘုရားဟာ
ကျုပ်အမှန်တရား ခင်ဗျားတို့သစ္စာနဲ့ တည်ထားတာ။
ကံကုန်လို့ ခန္ဓာရုန်းရင်တောင်
ငါ့ကို မင်းတို့စားလို့မရ
ငါဟာ ဘလိတ်ဓားတစ်သောင်းနဲ့လုပ်ထားတဲ့ ပြည်သူ့ရဲတိုက်။
ငါ့လျှာကို ဘိုးတံနဲ့လှီးဖြတ်နေတယ်ဆိုသော်လည်း
ကျလာမယ့်သီချင်းဟာ နှင်းဆီပွင့်တွေဖြစ်ကြောင်း ဒင်းဆောင်း ကောင်းကောင်းသိ။ ။
ခရမ်းပြာထက်လူ
၈/၁ /၂၀၁၈
(ကိုဘောင်းဘောင်းသို့)

Comments