K ငြိမ်းချမ်း - အညတရ သူရဲကောင်းတို့ ပုံရိပ်များ
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၈
“သေသူများကို ရှင်သူများ၏နှလုံးသားထဲ မြှုပ်နှံ၍မထားလျှင် သူတို့သည် တကယ်ပင် သေသွားကြလိမ့်မည်”
အထက်ပါ စကားကတော့ တရုတ်စာဆိုကြီး လူရွှန်း(၁၈၈၁-၁၉၃၆)ပြောဆိုခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်အတွက် လူမျိုးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်အနစ်နာခံပြီး ကွယ်လွန်သွားချိန်မှာ တိုင်းပြည်က တသနေရတဲ့လူပုဂ္ဂိုလ်များအတွက် အသက်ရှင်ကျန်ရစ်သူများကို သတိပေးစကားလည်းဖြစ်ပါတယ်။ သူတို့ရဲ့ပေးဆပ်မှုတွေ ကျေးဇူးတရား တွေကို အစဉ်အောက်မေ့သတိရကြဖို့ သတိပေးစကားလည်းဖြစ်ပါတယ်။
အများသိကြတဲ့အတိုင်း ကျနော်တို့ မြန်မာနိုင်ငံဟာ စစ်အစိုးရလက်အောက် နှစ်ပေါင်းများစွာ ခါးသီးဆင်းရဲစွာနေထိုင်ခဲ့ကြရပါတယ်။ ဒါကို မနှစ်မြို့တဲ့နိုင်ငံသူနိုင်ငံသားတွေဟာ အခွင့်အရေးရတိုင်း အခွင့်ကြုံတိုင်း စစ်ဝါဒီများကို ရာဇပလ္လင်ထက်က ဖြုတ်ချဖို့ကြိုးစားခဲ့ကြပါတယ်။ ၁၉၆၂ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ မှိုင်းရာပြည့်၊ ကျွန်းဆွယ်အရေးအခင်း၊ မေဒေးအလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ဖုန်းမော်အရေးအခင်း၊ ရှစ်လေးလုံးလူထုလှုပ်ရှားမှု၊ ၁၉၉၆ကျောင်းသားအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှု အစရှိတဲ့ အာဏာရှင်ကိုဖြုတ်ချဖို့ကြိုးစားတဲ့ လူထုလှုပ်ရှားမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။
ထိုလူထုလှုပ်ရှားမှုတွေမှာ ပြည်သူလူထုပါဝင်လာအောင် ဦးဆောင်ခဲ့တဲ့ပါဝင်လှုပ်ရှားခဲ့တဲ့သူရဲကောင်းတွေလည်း အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ သူရဲကောင်းလို့ပြောဆိုရတာက လက်နက်နဲ့အာဏာရှင်ကို လက်ဗလာနဲ့ဖြုတ်ချဖို့ကြိုးစားခဲ့လို့ဂုဏ်ပြုပြောဆိုတာဖြစ်ပါတယ်။ စစ်ဝါဒီတွေဟာ သူတို့ရာဇပလ္လင်ထိပါးမယ့် မည်သူ့ကိုမဆို ချေမှုန်းလိုက်ဖို့ လက်မနှေး ကြတာလည်း လူတိုင်းအသိဖြစ်ပါတယ်။
ခေတ်အဆက်ဆက် သူရဲကောင်းတွေဟာ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်ရှေ့ရေးအတွက် မျှော်တွေးခဲ့လို့သာ ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုဆို အမျိုးသား ရင်ကြား စေ့ရေးပဲဆိုဆို ဒီနေ့ဒီအချိန်ခါကို သူတို့ရဲ့ကျေးဇူးတရားများနဲ့ရောက်ရှိခဲ့ရတာဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။
တိုင်းပြည်အတွက် လူမျိုးအတွက် ကျရာတာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ခဲ့ကြပြီး တချို့သူရဲကောင်းများကတော့ တိုင်းပြည်ကောင်းစားချိန်မှာလည်း မထင်မရှားနဲ့ ကွယ်လွန်ပြီး တချို့ကတော့ တိုင်းပြည်အတွက် မလိုအပ်ရင် တိတ်တိတ်ဆိတ်ဆိတ်ဖြတ်သန်းပေးနေသူတွေလည်း ယနေ့ထိရှိနေဆဲဖြစ်ပါတယ်။
ဒါ ငါတို့လုပ်ခဲ့တာကွ၊ ဒါကတော့ ငါတို့ဖောက်ခဲ့တာကွလို့ မြည်ဟီးခဲ့ခြင်းမရှိဘဲ စစ်အာဏာရှင်ပေးတဲ့ ထောင်တွင်းဆိုးမွေဒဏ်ရာတွေနဲ့ မိသားစုဘ၀ကိုလက်လွတ် ဆုံးရှုံး၊ အသက် ပါပေးလိုက်ရသူတွေ ကျနော်တို့ဝန်းကျင်မှာအများကြီး ရှိနေပါသေးတယ်။ ယခုလိုအချိန်မျိုးမှာ သူတို့ရဲ့ကျေးဇူးတရားကို မဆပ်နိုင်သေးရင်တောင် မေ့ပစ်ဖို့ကြိုးစားရင်တော့ ကြီးလေးတဲ့ ရာဇ၀တ်ပြစ်မှုကို ကျူးလွန်သူများအဖြစ် သမိုင်းမှာ နောင်မျိးဆက်တွေက မှတ်တမ်းတင်သွားမှာ မလွဲပါဘူး။
အဲဒီ အညတရသူရဲကောင်းတွေ အကြောင်းရေးသားထားတဲ့ စာအုပ်တအုပ် ယခု နိုဝင်ဘာလထဲမှာ ခေတ်ပြတိုက်စာပေကနေ ထွက်ရှိလာပါတယ်။ ရေးသားသူက စာရေးဆရာ ကိုဝဖြစ်ပြီး စာအုပ်အမည်ကတော့ နရသိန် အတွင်းအပြင်က ပုံရိပ်များဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ စာရေးသူ ကိုဝဟာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်လည်းဖြစ်ပြီး သူဖြတ်သန်းရာ နိုင်ငံရေးလောကထဲက လူပုဂ္ဂိုလ်များအကြောင်းကို ဂျာနယ် စာစောင်များမှာရေးသားခဲ့တဲ့ဆောင်းပါးများကို စုစည်းထုတ်ဝေထားတာဖြစ်ပါတယ်။
စာအုပ်မှာ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ရုန်းကန်သူ၊ ရှစ်လေးလုံးမျိုးဆက်များ၊ လူပုဂ္ဂိုလ်နှင့် အတွေးစများ ဆိုတဲ့ အခန်း ၃ ခန်းပါရှိပါတယ်။
လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ရုန်းကန်သူကဏ္ဍမှာ ပြည်သူ့နှလုံးသားထဲမှ ဗိုလ်ချုပ်အောင်ဆန်း၊ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်း၊ စိတ်အာရုံထဲက(သို့မဟုတ်) ဗိုလ်မှူး ချုပ်(ငြိမ်း) မောင်မောင်၊ ဦးကြည်မောင်(သို့မဟုတ်) နှစ်ရှည်ပင်စိုက်သော အဘိုးအို၊ ဦးလေးဗိုလ်ညွှန့်မောင်(သို့မဟုတ်) သမိုင်းပေးတာဝန် ကျေပွန်သူတစ်ဦး၊ စံနမူနာ၊ အရွယ် နှင့်ရင့်ကျက်မှု၊ ဦးထွေးမြင့်(သို့မဟုတ်) တိုင်းပြည်၏သားကောင်းတစ်ဦး၊ ပဉ္စလက်တို့၏အဆုံးသတ်နိဂုံးတို့ပါဝင်ပါတယ်။
ဒုတိယအပိုင်းဖြစ်တဲ့ ရှစ်လေးလုံးမျိုးဆက်များမှာ ဦးထင်ကျော်(သို့မဟုတ်) ပြည်သူထဲက ပြည်သူ၊ ခေါင်းဆောင်ထဲက ခေါင်းဆောင်၊ ချမ်းမြေ့ပါစေ သမ္မတကြီး(ငြိမ်း)၊ ဆရာ မောင် ၀ံသသို့၊ ဦးမာဃ(လူ့ဘောင်သစ်ပါတီ၏ သိကြားမင်း)၊ လွန်လေပြီးသော ၂၆နှစ်က ခံစားချက်များ၊ တိုင်းပြည်၏သားကောင်း ဦးကိုနီ၊ အညတရဒီမိုကရေစီ သူရဲကောင်းများ(၁)၊ အညတရဒီမိုကရေစီ သူရဲကောင်းများ(၂)၊ သမိုင်းဒီလှိုင်းအောက် တိမ်မြှုပ်သွားသော အညတရဒီမိုကရေစီ သူရဲကောင်းများ၊ ကျောင်းသားသွေး ပြသွားသော သူငယ်ချင်း၊ ယုံကြည် ချက်ဖြင့် ရွက်လွှင့်သူများ၊ ကိုဌေးအောင်(သို့မဟုတ်) ပြည်သူထဲက ပြည်သူ သူရဲကောင်းထဲက သူရဲကောင်း၊ ငြိမ်းချမ်းရေးညစာစားပွဲ၊ ပြည်သူထဲက ပြည်သူ အင်အားထဲက အင်အား၊ မတင်တင်ညို(သို့မဟုတ်) ဒီမိုကရေစီ အညတရ သူရဲကောင်းတို့ပါဝင်ပါတယ်။
စာအုပ်ရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ လူပုဂ္ဂိုလ်နှင့် အတွေးစများကဏ္ဍမှာတော့ အရေးတော်ပုံ ငွေရတု၊ ပြိုကျသွားသော အနီရောင် မိုးကောင်းကင်နှင့် ကျွန်တော့်အတွေး၊ ခေါင်း ဆောင်ပုဂ္ဂိုလ်နှင့် နိုင်ငံရေးစနစ်၊ အမြစ်တူးဆွ ရှင်းလင်းရမည့် ဂိုဏ်းဂဏ၀ါဒ၊ တွေးမိတွေးရာ အတွေးများ၊ နိုင်ငံရေးဖြတ်လမ်း၊ သံအမတ်ကြီး(ငြိမ်း)နှင့် စကားပြောခြင်း၊ နိုင်ငံ ရေးပါတီတစ်ရပ် မီးရှူးသန့်စင်ဖွားမြင်ခြင်း၊ ဒေါက်တာညီညီ၏ အတွေးများ၊ ရမ်းကြိတ်ဘ၀က လွတ်မြောက်ကြမယ် စတဲ့ဆောင်းပါးများကိုဖတ်ရှုရမှာဖြစ်ပါတယ်။
ဆောင်းပါးအများစုက ပြည်သူ့ခေတ်၊ ပြည်သူ့အရေးဂျာနယ်မှာ ရေးသားခဲ့တဲ့ဆောင်းပါးများဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း၊ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်မှူးချုပ် မောင်မောင်၊ ဦးကြည်မောင်၊ ဗိုလ်ညွှန့်မောင်၊ ဦးထိန်လင်း၊ ဦးထွေးမြင့်၊ ဦးထင်ကျော်၊ သတင်းစာဆရာ မောင်ဝံသ၊ ဦးမာဃ၊ ဦးကိုနီ၊ ကိုခွန်မြတ်ထွန်း၊ ကိုသက်ဝင်းအောင်၊ ကိုတင်ထွန်းလှိုင်၊ ကိုတိုးလွင်၊ ကိုဌေးအောင်၊ ကိုဝင်းနိုင်၊ ကိုဝတုတ်၊ မတင်တင်ညို၊ ဦးချစ်ခိုင်၊ ဒေါက်တာ ညီညီအစရှိတဲ့သူတို့အကြောင်းတွေအပြင် စာရေးသူရဲ့နိုင်ငံရေးအမြင်၊ ယူဆချက်တွေပါဝင်တဲ့ဆောင်းပါးတွေဖတ်ရှုရမှာဖြစ်ပါတယ်။
,ယခုစာအုပ်မှာ ဆောင်းပါးပေါင်း ၃၄ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပြီး ကျနော့်အနေနဲ့ ကောက်နုတ်ဖော်ပြချင်တဲ့ လူပုဂ္ဂိုလ်ကတော့ ဦးကြည်မောင်အကြောင်းဖြစ်ပါတယ်။ တပ်မတော် ကနေလာခဲ့ပြီး ဂန္ဒီကြေညာချက်နဲ့ပတ်သက်ပြီး ထင်ရှားခဲ့သူဖြစ်ပါတယ်။
တပ်မတော်က လာခဲ့သော်ငြား ဒီမိုကရေစီ စနစ်ကိုယုံကြည်သူ စစ်သားဆိုတာ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးတာဝန်ကိုပဲ ပီပီပြင်ပြင်ထမ်းရွက်ရမယ်လို့ ယုံကြည်တဲ့ သူအကြောင်းကို အနည်းငယ်ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
“၁၉၆၂ခုနှစ်မတ်လ၂ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းတော့ အန်ကယ်ဦးကြည်မောင်က အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးပါ။ ဗိုလ်ချုပ်နေ၀င်းက အာဏာ သိမ်း ယူမယ့် အစီအစဉ်ကို စစ်တိုင်းမှူးအားလုံးကို ကြိုအသိပေးတိုင်ပင်ခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် အန်ကယ်ဦးကြည်မောင်က ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းယူမယ့် အစီအစဉ်ကို ကြိုမသိခဲ့ပါဘူး။ အန်ကယ်ဦးကြည်မောင်ဟာ အခွင့်အရေးကို မျှော်ကိုးတဲ့ပုဂ္ဂိုလ်မျိုး(ဒါမှမဟုတ်) အထက်အမိန့်ကလွဲရင် ဘာမှ မစဉ်းစားဘူးဆိုတဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် အာဏာသိမ်းတဲ့ ရေစီးကြောင်းမှာ အသာကလေးဖော့လိုက်သွားမှာပါ။ စစ်တိုင်းမှူးဆိုတဲ့ ရာထူးတာဝန်ဟာ စစ်တပ်က အာဏာသိမ်းယူတဲ့ကာလမှာ ခေတ်စကားနဲ့ပြောရရင် အတော်ကြီးကို ခိုင်နေ ပါပြီ။ ဒါပေမယ့် အန်ကယ်ဦးကြည်မောင်က စစ်သားဆိုတာ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးတာဝန်ကိုပဲ ပီပီပြင်ပြင်ထမ်းရွက်ရမယ်လို့ ယုံကြည်တဲ့ ပုဂ္ဂိုလ်ပါ။ လောကဖြစ်ရပ် တွေကိုကြည့်ရင် ယုံကြည်တယ်ဆိုပေမယ့်လည်း ကိုယ်ယုံကြည်ချက်အတိုင်း ဆောင်ရွက်ရဲတဲ့ ပုဂ္ဂိုလ်က အတော်ရှားပါတယ်။ အန်ကယ်ဦးကြည်မောင်ဟာ စစ်တပ်က အာဏာသိမ်း ယူတာကို မနှစ်မြို့တဲ့အတွက် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်”။ (စာ- ၃၂)
“စာရေးသူအတွက် အန်ကယ်ဦးကြည်မောင်နဲ့ ပတ်သက်တဲ့နောက်ဆုံးအမှတ်တရဟာ အန်ကယ်ဦးကြည်မောင် မကွယ်လွန်မီ ဆေးရုံက ဆင်းလာတဲ့ကာလပါ။ အန်ကယ်ဦး ကြည် မောင်ရဲ့အိမ်ကို ကိုတင်မောင်ဦးနဲ့ အတူ စာရေးသူရောက်သွားပါတယ်။ အန်ကယ်ဦးကြည်မောင်က အိပ်ခန်းထဲကထွက်လာပြီး စာရေးသူနဲ့ ကိုတင်မောင်ဦးကို ဧည့်ခန်းထဲမှာ စကားလက်ခံပြောပါတယ်။ စာရေးသူက အန်ကယ်ဦးကြည်မောင်ကို သူ့ကျန်းမာရေးအကြောင်းမေးပေမယ့် အန်ကယ်ဦးကြည်မောင်က သူ့ကျန်းမာရေးအကြောင်းကို သိပ်မပြော ပါဘူး။ တိုင်းပြည်နဲ့ပတ်သက်တဲ့ သူ့သဘောထားအမြင်တွေကို နာရီနဲ့ချီပြီး ပြောပါတယ်။ ကိုတင်မောင်ဦးနဲ့စာရေးသူက အန်ကယ်ဦးကြည်မောင်ရဲ့ကျန်းမာရေးကို စိတ်ပူလို့ အန် ကယ် “နားပါဦး”လို့ ပြောတာတောင် အန်ကယ်ဦးကြည်မောင်က စကားကို မရပ်ခဲ့ပါဘူး။ စာရေးသူတို့ကိုလည်း စာဖတ်ဖို့ စာရေးဖို့ကို အတော်ကြီးကို လေးလေးနက်နက် ပြော ခဲ့ပါတယ်။ အဲဒီနေ့ ကိုတင်မောင်ဦးရော စာရေးသူပါ အတော် စိတ်မကောင်းဖြစ်ရပါတယ်။ အန်ကယ်ဦးကြည်မောင်ရဲ့ကရားရေလွှတ်လာ စေတနာကောင်းတွေရဲ့နောက်မှာ “သိပ်နေရတော့မှာ မဟုတ်ဘူး” ဆိုတဲ့ အတွေးကို ခံစားနေရလို့ပါ။ အန်ကယ်ဦးကြည်မောင်ဟာ တရားဘာဝနာကို လေးလေးနက်နက် ပွားများနေသူဖြစ်လို့ သင်္ခါရသဘောမှာ တုန်လှုပ်တာ မဟုတ်ပါဘူး။ ရနိုင်သမျှ အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ အန်ကယ်ဦးကြည်မောင်ရဲ့ပင်ကိုစိတ်ဓာတ်ပါ။ အနာဂတ်အတွက် လူငယ်မျိုးဆက်သစ်တွေကိုပျိုးထောင် ရမယ်ဆိုတဲ့ အန်ကယ်ဦးကြည်မောင်ရဲ့ခံယူချက်ကိုလည်း ထင်ဟပ်နေပါတယ်။ ပြောရရင် အန်ကယ်ဦးကြည်မောင်ဟာ နှစ်ရှည်ပင်စိုက်တဲ့ အဘိုးအိုပါပဲ။” (စာ-၃၅)
ယခုစာအုပ်မှာ နောက်ထက်ကောက်နုတ်ဖော်ပြချင်သူတယောက်ကတော့ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတွင်းမှာ စစ်အစိုးရရဲ့နှိပ်ကွပ်ဖိနှိပ်မှုတွေကြောင့် တကယ့်အရွယ်ကောင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရတဲ့ မတင်တင်ညိုဆိုတဲ့ အညတရသူရဲကောင်းပါပဲ။
“ယုံကြည်ချက်ပြင်းထန်တဲ့ လူငယ်ကျောင်းသားတွေထဲမှာ မတင်တင်ညိုဟာ ထိုးထွက်နေတယ်လို့ ပြောရလောက်အောင် ယုံကြည်ချက်ပြင်းပြတဲ့ လူငယ်အမျိုးသမီး တစ်ယောက်ပါ။”(စာ-၁၅၃)
“မတင်တင်ညို ဒုတိယအကြိမ်အဖမ်းခံရတာက ၁၉၉၀၀န်းကျင်လို့ယူဆရပါတယ်။ နှစ်ပေါင်း ၃၀ကို ပြန်ဖြတ်ပြီး စဉ်းစားကြည့်လိုက်တော့ တချို့ဖြစ်ရပ်တွေက မသဲကွဲတော့ပါဘူး။ သေချာတာကတော့ ၁၉၉၀နိုဝင်ဘာမတိုင်ခင်မှာ မတင်တင်ညိုဟာ ထောင်ထဲရောက်နေပါပြီ။ မခင်မိုးအေးနဲ့ မတင်တင်ညိုက ထောင်ထဲမှာ ဟိုဘက်အခန်း ဒီဘက်အခန်း အခန်းကပ်လျက်နေခဲ့ကြတာပါ။ မခင်မိုးအေးကို မတင်တင်ညိုအကြောင်း မေးကြည့်တော့ မတင်တင်ညိုရဲ့ယုံကြည်ချက် ပြင်းပြပုံကို သတိတရ ပြောပြပါတယ်။”
“ဒုတိယအကြိမ် အဖမ်းခံရချိန်မှာ မတင်တင်ညို ထောင်ဒဏ် ၅နှစ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်၁၉၉၂မှာ မတင်တင်ညို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာပါတယ်။ ထောင်ကပြန်လွတ်တဲ့အချိန်မှာ မတင်တင်ညိုရဲ့ကျန်းမာရေးဟာ အတော်ကြီးကိုချည့်နဲ့လာပါတယ်။ မိသားစုဝင်တွေ ပြေပြချက်တွေအရ မတင်တင်ညိုဟာ အကျဉ်း ထောင်ထဲမှာတိုက်ပိတ်ခံရတဲ့အထိ ဆိုးဆိုးရွားရွား အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာပါ။ မတင်တင်ညို ထောင်က ပြန်လွတ်လာပုံကလည်း ကြေကွဲ စိတ်မကောင်းစရာပါ။ မတင်တင်ညိုဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာဖြစ်လို့ မတင်တင်ညိုပြန်လွတ်လာမှာကို အိမ်က ကြိုမသိခဲ့ပါဘူး။ မတင်တင်ညိုမိသားစုက တံခါးခေါက်သံကြားလို့ ဖွင့်လိုက်တဲ့အချိန်မှာ မတင်တင်ညို တံခါးရှေ့မှာခွေခွေလေးလဲကျနေတာပါ။”
“၁၉၉၂ခုနှစ်ဝန်းကျင်လောက်က နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေ အင်မတန်ပြင်းထန်တဲ့ကာလပါ။ မတင်တင်ညိုကို ဆရာဝန်နဲ့ပြဖို့ခေါ်သွားတော့ ပထမဆေးခန်းက ထောင်ထွက်လို့သိလိုက်တဲ့အချိန်မှာ လက်ခံကုမပေးရဲခဲ့ပါဘူး။ ဒီအတွေ့အကြုံရလိုက်တော့ မတင်တင်ညိုရဲ့မိသားစုဟာ ဒုတိယဆေးခန်းမှာ ထောင်ထွက်ဆိုတာ မပြောတော့ပါဘူး။ ဒီတော့မှပဲ ပြခွင့်ရခဲ့တာပါ”။
“ထောင်ကထွက်လာတဲ့အချိန်မှာ ကျန်းမာရေးကလည်းထိခိုက်လာ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေကလည်း လှုပ်ရှားမှု မရှိလောက်အောင်ကို ဖိနှိပ်မှုပြင်းထန်နေတာမို့လို့ မတင်တင်ညို အတော်ကြီးကို မွန်းကျပ်ခဲ့ပုံရပါတယ်။ ဒီနေရာမှာ မခင်မိုးအေး ပြောပြခဲ့တာကို ကိုးကားချင်ပါတယ်။ မခင်မိုးအေး ထောင်က ပြန်လွတ်လာချိန် ဆွေမျိုးတွေ မိဘ၊ မိတ်ဆွေတွေ အိမ်လာလည်တိုင်း မခင်မိုးအေးကို “စေတနာနဲ့ပြောတာ မမိုက်နဲ့တော့”ဆိုတဲ့ ဆုံးမစကားတွေကို အမြဲလိုလို ပြောခဲ့ကြပါတယ်။ စေတနာနဲ့ပြောတာ မှန်ပေမယ့် ကိုယ့်ယုံကြည်ချက်ကို မိုက်မဲမှုနဲ့ တစ်တန်းတည်းထားပြီး ပြောတဲ့အပေါ်မှာ မခင်မိုးအေးဟာ အတော်ကြီးကို ခါးခါးသီးသီးခံစားခဲ့ရတာပါ။ ဒီခံစားချက်ကို ထောင်ထွက် လူငယ်ကျောင်းသားတိုင်းခံစားခဲ့ကြရတာပါ။ မတင်တင်ညိုလည်း မခင်မိုးအေး ခံစားခဲ့သလို ခံစားခဲ့ရပါတယ်။”
“တိုင်းပြည်မှာ မြင်တွေ့နေရတာတွေကလည်း ဘာကိုမှ စိတ်တိုင်းကျစရာမရှိ၊ ဖိနှိပ်မှုတွေကလည်း ပြင်းထန်လွန်းတော့ နိုင်ငံရေးလှုပ်ရှားမှုဆိုတာ “စ”လို့မရအောင် ဖြစ်နေ။ မိသားစုဝင်တွေကလည်း စိုးရိမ်တကြီး သတိပေး။ ဖိအားတွေအောက်မှာ မတင်တင်ညိုရဲ့မွန်းကျပ်မှုဟာ အဆုံးစွန်ထိရောက်သွားခဲ့ပုံရပါတယ်။ ၁၉၉၃ခုနှစ်ဒီဇင်ဘာ၃၁ရက်နေ့မှာ မတင်တင်ညို သူ့ဘ၀ကို သူကိုယ်တိုင် အဆုံးစီရင်ခဲ့ပါတယ်။ သူ့နေအိမ်တိုက်ခန်းမှာပဲ ကြိုးဆွဲချပြီး သူ့ဘ၀ကို သူ့ကိုယ်တိုင် အဆုံးစီရင်ခဲ့တာပါ။ မတင်တင်ညိုရဲ့နေအိမ်က ရန်ကုန်မြို့လယ်၃၉လမ်းပထမထပ်မှာပါ။ တိုက်ခန်းရဲ့အမြင့်အနေအထားက သိပ်ရှိတာ မဟုတ်ပါဘူး။ ကြိုးဆွဲချတဲ့အချိန်မှာ မတင်တင်ညိုဟာ ဒူးကွေးပြီး အဆုံးစီရင်ခဲ့တာပါ။ မိသားစုဝင်တွေရဲ့ပြောပြချက်အရ မတင်တင်ညိုဟာ မဆုံးခင်ဝယ်လာတဲ့ အသုပ်ကိုစားခဲ့ပါသေးတယ်။ မိသားစုဝင်တွေ အလုပ်သွားလို့ တစ်ယောက်တည်းကျန်တဲ့အချိန်ကျမှ အခန်းတံခါးတွေကို ပိတ်ပြီး အဆုံးစီရင်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၂၇နှစ်ပဲရှိပါသေးတယ်။”(စာ-၁၅၅-၁၅၆)
မျိုးဆက် ၂ဆက်နီးပါးလောက် တိုက်ယူခဲ့ရတဲ့ စစ်အာဏာရှင်စနစ်တိုက်ပွဲရှည်ထဲမှာ စတေးခံအသက်ပေးစွန့်လွတ်ရင်း လမ်းခုလတ်မှာ ကြွေလွင့်သွားခဲ့ရသူတွေ အများကြီးရှိခဲ့ ပါတယ်။ တချို့ကျ လူသိများထင်ရှားခဲ့ပေမယ့် တချို့ကျ လူမသိသူမသိပေးဆပ်ခဲ့ရသူတွေလည်း ရှိပါတယ်။ သူတို့လိုချင်ခဲ့တဲ့ ဒီမိုကရေစီစနစ်တွေ ပြည်သူတင်မြှောက်တဲ့ သမ္မတ စနစ်တွေကို ယခုတ၀က်တပျက်လောက် အကောင်အထည်ဖော်ခွင့်ရနေကြပြီဆိုတာများ သူတို့သိရင် သူတို့ပေးဆပ်ခဲ့ရတာတွေ အတွက် ဂုဏ်ယူနေကြဦးမှာ မလွဲပါဘူး။
ယခုစာအုပ်ကတော့ ဒီမိုကရေစီတိုက်ပွဲရှည်ကြီးထဲက ရာထူးနေရာအကျိုးစီးပွားတွေမမက်မောခဲ့ဘဲ အညတရဒီမိုကရေစီ သူရဲကောင်းတွေအကြောင်း အတော်များများပါရှိပါတယ်။ နောက်မျိုးဆက်အတွက် စာအုပ်ပါ လူပုဂ္ဂိုလ်တွေဟာ တိုင်းပြည်အတွက် ဒါမျိုးရှင်သန်နေထိုင်ရပ်တည်ခဲ့ကြတယ်ဆိုတဲ့ စံပြုနမူနာယူဖို့ကောင်းတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ မပါဝင်သေးတဲ့ အနယ်နယ်အရပ်ရပ်က အညတရသူရဲကောင်းတွေလည်း အများကြီး ရှိနေသေးပါတယ်။ ဒါကိုလည်း သူတို့ရဲ့ဂုဏ်ဒြပ်တန်ဖိုးတွေကို ထပ်မံကြိုးစားမှတ်တမ်းတင်ကြ စေချင်ပါတယ်။
ဒါမှလည်း ကျနော်တို့တိုင်းပြည်နဲ့ လူမျိုးဟာ သူရဲကောင်းတွေကို ချစ်မြတ်နိုးပြီး သူတို့ရဲ့တန်ဖိုးတွေကို ဂုဏ်ယူတတ်တဲ့လူမျိုးအဖြစ် မျက်နှာပန်းလှစေမှာဖြစ်ပါတယ်။ လူတစုဟာ ဘယ်သူသေသေ ငတေမာ ၀ါဒများကျင့်သုံးခဲ့ကြလို့ အနာဂတ်တွေ မဲ့ခဲ့ရတာက အကောင်းဆုံးသက်သေမဟုတ်လား။
စာရေးဆရာ- ကိုဝ
စာအုပ်အမည်- နရသိန် အတွင်းအပြင် ပုံရိပ်များ
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေသည့်ကာလ-၂၀၁၈။ နိုဝင်ဘာ
ထုတ်ဝေသည့်တိုက်- ခေတ်ပြတိုက်စာပေ တန်ဖိုး-၂၅၀၀ကျပ်
Comments