ရဲရင့်ဘုန်း - ကျွန်တော့်ရဲ့အချစ်ဦး - XY-ADW



ကျွန်တော့်ရဲ့အချစ်ဦး - XY-ADW
  ရဲရင့်ဘုန်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၈

                          ( တစ် )  


ကျွန်တော်အပါအဝင် ချစ်တတ်တဲ့လူတွေ အားလုံးမှာ တစ်ခုသေချာတာကတော့ အချစ်ဦးကို ဘယ်သော အခါမှ မေ့လျော့ခဲ့ခြင်းမရှိခဲ့ဘူးဆိုတာပါပဲ။
လူငယ်ဘဝ ကိုယ်ရဲ့ပထမဦးဆုံး  ရင်နှင့်အမျှ ချစ်ခဲ့ရသူပေါ့ဗျာ။
ရည်းစားဖြစ်မှ ချစ်သူကျွမ်းဝင်သူဖြစ်မှရယ်လို့တော့မဟုတ်ပါဘူး။ အစွဲအလမ်းတစ်ခုခုဟာ ကျွန်တော်တို့ရဲ့ အချစ်ဦးပဲပေါ့။

ကျွန်တော်ဟာ ဘာရယ်ကြောင့်မှန်းမသိ။ ငယ်ငယ်လေးကတည်းက ကောင်းကင်ထက်မှာပျံသန်းနေတဲ့ လေယာဉ်ပျံနဲ့ ကြည်လင်ရှင်းသန့်တဲ့ ကောင်းကင်ပြာကို အရမ်းချစ်မြတ်နိုးခဲ့ပါတယ်။ 

စစ်ဝတ်စုံစိမ်းစိမ်းထက် လေယာဉ်မှူးရဲ့ဝတ်စုံကို ပိုပြီး နှစ်သက်ခဲ့တယ်။ လေယာဉ်ပျံတွေနဲ့ မိုးသားပြာပြာကို အစွဲအလမ်း ကြီးမားခဲ့လို့ ဖြစ်လိမ့်မယ်။ ဝင်းဦးရဲ့တိမ်ဦးလေပြေမောင့်ကိုစေကို အခါများစွာအခွင့်ရတိုင်း ကြည့်ဖြစ်ခဲ့ပါတယ်။ လေသူရဲတဦးရဲ့ဆောင်းပါးတွေကိုလည်း စိတ်ဝင်တစားနဲ့ ရှာဖတ်ခဲ့ပါတယ်။ 

အိမ်ဘေးက ငယ်သူငယ်ချင်းနဲ့လည်း စိတ်တူသဘောတူ လေယာဉ်မှူးလုပ်ဖို့ စိတ်ကူးတွေယဉ်ခဲ့ကြတယ်။ သူ့ရဲ့ဦးလေးက ဘုရင့်လေတပ်မတော် Royal Air Force က ဆင်းလာတဲ့ လေတပ်အရာရှိတစ်ယောက်ပါ။ နောက်တော့ BAC ဘက်ကို ပြောင်းသွားခဲ့တယ်။

       ကျွန်တော့်ရဲ့ သူငယ်ချင်းက သိပ်တော်ပြီး ဇွဲသိပ်ရှိပါတယ်။ သူ ဆယ်တန်းအောင်တော့ DSA ကို လျှောက်ပြီး ဝင်ဖြေတာ အောင်သွား တယ်။ DSA တက်နေရင်းနဲ့ မိမိတာဝန်ထမ်းဆောင်ချင်တဲ့ လက်ရုံး တပ်တွေလျှောက်တော့လည်း သူဟာ လေတပ်ကိုပဲ ရွေးလျှောက်ခဲ့တယ်။ ပြောရရင်တော့ သူဟာ တပ် မတော်( လေ ) ထဲကို ရောက်ရှိသွားခဲ့ပြီး တပ်မတော်(လေ)ထဲမှာ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သွားတဲ့ အထိ ထူးချွန်တောက်ပခဲ့ပါတယ်။ ကိုယ်တွေကတော့ အခုအချိန်အထိရောက်လေရာအရပ်မှာ မိုးသားပြာ ပြာကို ငေးရီမော့ကြည့်နေရင်းနဲ့ တသိမ့်သိမ့်တငြိမ့်ငြိမ့်  စိတ်ကူးရွက်လွှင့်နေရဆဲပါပဲ။

                         ( နှစ် )

ငယ်ငယ်တုန်းက အကြောင်းသင့်လို့ မင်္ဂလာဒုံလေယာဉ်ကွင်းထဲကိုရောက်သွားခဲ့ရင်  အရမ်းပျော်တာပဲ။ လေဆိပ်အဆောက်အအုံထဲကို ရောက်သွားရင် သန့်ရှင်းပြီး အေးမြနေတာကို ကျွန်တော်ငယ်ငယ်လေး ထဲက အရမ်းကြိက်နှစ်သက်ခဲ့ပါတယ်။
ညီအစ်ကိုတွေ လှေကားကနေ ပြေးတက်ပြီး မှန်ပြူတင်းအကျယ်ကြီးနဲ့ မှန်ဘောင်တွေပေါ်ကို ပြေးတက်ကြ တယ်။

လေယာဉ်အတက်အဆင်းရှိရင်တော့ ကျွန်တော်တို့ ညီအစ်ကိုတွေဟာ ပိုပြီးတော့ ပျော်ရွှင်ရပါတယ်။ မိုးသားထဲက ပျံဝဲဆင်းလာတဲ့ လေယာဉ်တွေနဲ့  လေထဲကိုပျံတက်သွားတဲ့ လေယာဉ်ကြီးတွေကို မြင်နေရ တာဟာ စိတ်လှုပ်ရှား စရာမြင်ကွင်းတွေပါပဲ။ လေယာဉ်ရဲ့အင်ဂျင်စက်သံကလည်း တုန်ခါမြည်ဟီးလို့ပေါ့။

       တပ်မတော်( လေ ) က T-33 အမျိုးအစားဂျက်တိုက်လေယာဉ်တွေ အုပ်ဖွဲ့ပြီး လေ့ကျင့်ပျံသန်းနေတာ ကိုလည်း ကျွန်တော်တို့ မြင်တွေ့ဖူးပါတယ်။ နေရောင်အောက်မှာ ပျံသန်းနေရင် အဲဒီတိုက်လေယာဉ်အုပ် ဟာ ငွေရောင်တဖျပ်ဖျပ်တောက်ပလို့။

       ၁၉၇၅ ခုနှစ်လောက်ကဖြစ်လိမ့်မယ်ထင်တယ်။T-33တိုက်လေယာဉ်တွေဟာ အုပ်စုလိုက် formation လေ့ကျင့်ပျံသန်းနေဆဲမှာပဲ  တောင်ကိုဝင်တိုက်မိပြီး  တိုက်လေယာဉ် ငါးစင်းလုံးပျက်ကျသွားခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်ပါပဲ။ ပျက်ကျသွားတဲ့  T- 33 တွေထဲမှာ ထူးချွန်တဲ့လေသူရဲတွေ ပါသွား ခဲ့ပါတယ်။   

         လေယာဉ်ပျက်ကျတဲ့အကြောင်းတွေကို နားလည်တတ်ကျွမ်းတဲ့ဆရာဦးမျိုးသိုက်တို့၊ ဦးဉာဏ်ဝင်း တို့၊ ကိုဂျင်ဆင်တို့နဲ့ကျွန်တော် အတော်လေး ဆွေးနွေးခဲ့ဖူးပါတယ်။ သူတို့ပြောပြတာတွေဟာ စိတ်ဝင်စား စရာပါပဲ။

        ကျွန်တော် သတိပြုမိသလောက်တော့ ၁၉၇၂ ခုနှစ် သံတွဲမှာ DC-3 ဒါကိုတာလေယာဉ် ပျက်ကျ သွားပြီးတဲ့ နောက်ပိုင်းကစလို့ မြန်မာ့လေကြောင်း ( အဲဒီကာလတုန်းက BAC ) မှာ  DC-3 ဒါကိုတာ လေ ယာဉ်တွေကို အသုံးမပြုတော့ပါဘူး။ အဲဒီ လေယာဉ် သံတွဲမှာ ပျက်ကျ သွားခဲ့တုန်းက အဲဒီလေယာဉ်ပေါ် မှာ" လေယာဉ်မယ်လေးလှိုင် " ပါသွားခဲ့ပါတယ်။ အဲဒီလေယာဉ်မယ်လေးလှိုင်ကို အမှတ်သင်္ကေတ ပြုပြီး တော့ပဲ " လေယာဉ်မယ်လေးလှိုင် "စတီရီယိုသီချင်းတစ်ပုဒ်ထွက်လာခဲ့ပါသေးတယ်။ ဇော်မင်းလေး သီဆို ခဲ့တယ်လို့ ထင်ပါတယ်။
        အဲဒီနောက်ပိုင်း သုံးတဲ့ လေယာဉ်တွေက  ဖော်ကာ ဖရင်းရှစ် Fokker Friendship F-27 အမျိုး အစားတွေပါ။ ပြောမယ်ဆိုရင် အဲဒီအချိန်က BAC မှာ အင်ဂျင် ၃လုံးနဲ့ Boeing727 ဂျက်လေယာဉ်တစ်စင်း တောင် ရှိခဲ့ဖူးပါတယ်။ နောက်တော့ အဲဒီ 727 ကို နီပေါကို ရောင်းပစ်လိုက်တယ်။

      ၁၉၇၆ ခုနှစ်ထဲမှာ အာဏာရှင်ကြီးဟာ စိတ်ကောင်းဝင်နေပုံရတယ်။ BAC အတွက် Fokker F-28 အမျိုးအစား ခေတ်မီလေယာဉ်သုံးစင်းဝယ်ပေးခဲ့ပါတယ်။ အဲဒီခေတ်ကာလရဲ့စံချိန်စံညွှန်းအရဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အတော့်ကို ကြီးကျယ်ခန်းနားခဲ့တယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။
ကျွန်တော့်စိတ်ထင် BAC ဟာ အဲဒီ ဖော်ကာလေယာဉ်တွနဲ့ ရန်ကုန်-စင်ကာပူလေကြောင်း ခရီးစဉ်တွေကို စတင် ပြေးဆွဲခဲ့တာပါ။

                          ( သုံး )

       ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ပျံသန်းနေကြတဲ့ လေကြောင်းလိုင်းတွေမှာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ မှတ်ပုံတင်အမှတ် Airplane Registration Number ဆိုတာ သီးသန့် ရှိပါတယ်။ မြန်မာပြည်က XY- နဲ့ စပါတယ်။ မြန်မာပြည်မှာ ပျံသန်းနေတဲ့ ( စစ်ဘက်လေယာဉ်မပါ)လေယာဉ်မှန်သမျှရဲ့ရှေ့မှာ XY- နဲ့ စတင် ထားတဲ့သဘော ပါပဲ။

          ၇၆ ထဲမှာဝယ်ယူခဲ့တဲ့ ဖော်ကာသုံးစီးထဲမှာ  နှစ်စီးက ၆၅ ယောက်ဆန့်တဲ့ လေယာဉ်ဖြစ်ပြီး ကျန်တဲ့ တစ်စီးက ခရီးသည် ၈၅ ယောက် ဆန့်တဲ့  4000 model ဖြစ်ပါတယ်။ ဦးနေဝင်းခရီးသွားရင် စီးတတ်ပါ တယ်။ သူစီးတဲ့လေယာဉ်ကိုမောင်းတဲ့လေယာဉ်မှူးက ရက်ပ်အဆိုတော် မျိုးကျော့မြိုင်တို့ရဲ့ဖခင်ဖြစ်သူ ဦးကျော့မြိုင်ပါ။

        ကျွန်တော်ငယ်ငယ် ၈ နှစ် သားလောက်တုန်းက အဘိုးက ပုသိမ်ကို လေယာဉ်နဲ့ခေါ်သွားတာက လွဲလို့ ဂျက်လေယာဉ်ပျံကို တစ်ခါမှ စီးဖူးသေးပါ။ ၁၉၈၂ ဇူလိုင်ထဲမှာစင်ကာပူကိုသွားတော့မှ ဂျက်လေ ယာဉ်ပျံကို ပထမဦးဆုံးအကြိမ် စီးဖူးခဲ့တာပါ။ 
        မဆလခေတ်တုန်းက အစစအရာရာဟာ ရှားပါးခက်ခဲပြီး  နိုင်ငံကူးလက်မှတ်ရဖို့ဆိုရင် သုံးလေးလ လောက်အထိ ကြာမြင့်တတ်ပါတယ်။

          ဘာမှန်းညာမှန်းမသိသေးတဲ့ ကလေးဘဝတုန်းကဆိုရင် နိုင်ငံခြားဆိုတာကို အရမ်းသွားချင်ပေမယ့် တကယ်တမ်းသွားရတော့မယ်လည်းဆိုရော မသွားချင်တော့ပြန်ဘူး။
         အင်္ဂလိပ်စကားကိုလည်း မပြောတတ်။ စာကလည်းကျက်ရဦးမယ်။ ဟိုရောက်ပြန်ရင်လည်း ဘယ်လိုလူမျိုးတွေနဲ့ ထိတွေ့ဆက်ဆံရဦးမယ်မသိ။

          အဲဒီလို စိတ်အခံမျိုး ရှိနေလို့ ဖြစ်လိမ့်မယ်။ သွားရမယ့်နေ့ကိုရောက်တော့ ကျွန်တော့်စိတ်တွေ အရမ်းလှုပ်ရှားနေပါတယ်။ သူငယ်ချင်းတွေကို လှည့်ပတ်နှုတ်ဆက်ပြီး အိမ်ပြန်ရောက်တော့  ညဆယ်နာရီ ထိုးနေပါပြီ။ သူငယ်ချင်းတွေနဲ့ သောက်ထားတဲ့ အာမီရမ်ကလည်း မူးစပြုနေပြီ။ အိမ်ထဲကိုကျွန်တော်ဝင်လာတဲ့ အချိန်မှာ အမေက ကျွန်တော့်ဆံပင်တွေကို ကြည့်ပြီး ခေါင်းကို ခါရမ်းလိုက် ပါတယ်။ စင်ကာပူ  လဝကအဝင်မှာ ဆံပင်ရှည်ရင် ပြဿနာရှာတယ်ဆိုပြီး အိမ်ကကပ်ကြေးနဲ့ပဲ ကျွန်တော့် ခေါင်းပေါ်ကဆံပင်တွေကို အမေညှပ်ချလိုက်ပါတယ်။ အမေ့လက်ရာကတော့ အပျံစားလက်ရာပါပဲ။ မှန်ထဲမှာကြည့်လိုက်တာ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မမှတ်မိချင်တော့ဘူး။ ကြွက်ကိုက်ထားတဲ့ အတိုင်းပါပဲ။

                        ( လေး )

         အဲဒီအချိန်တုန်းက စင်ကာပူကို သွားရင် ဘန်ကောက်ကတဆင့် Thai  Airways နဲ့သွားရင်သွား။ အဲဒီလိုမှ မသွားချင်ဘူးဆိုရင် BAC နဲ့ တိုက်ရိုက် Direct Flight ။ ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေ တစ်ပတ်ကို  နှစ်ရက် ထွက်ပါတယ်။
Flight No UB231 နဲ့ UB232 ပါ။ တိုက်ရိုက်ခရီးစဉ်ဖြစ်တဲ့အတွက် ပျံသန်းချိန် ၂ နာရီနဲ့ ၄၅ မိနစ် လောက် ပဲ ကြာမြင့်ပါတယ်။
       အဲဒီကာလတုန်းက ပြည်ပထွက်ခွင့်ကိုကြပ်ထားတဲ့အတွက် ခရီးစဉ်ခုဆိုရင် ခရီးသည် ၂၀ လောက်ပဲ ပါတတ်ပါတယ်။ ခရီးသည်တွေထဲမှာလည်း သင်္ဘောသားတွေပဲများပါတယ်။ နိုင်ငံခြားသားပါရင်လည်း တယောက် နှစ်ယောက်လောက်ပါပဲ။

           အဲဒီအချိန်တုန်းက အခုလိုမျိုး လေယာဉ်ပေါ်တက်တဲ့ Jetway မရှိသေးသလို ဘတ်စ်ကားလည်း မသုံးသေးပါဘူး။ ရပ်ထားတဲ့လေယာဉ်ဆီကို လမ်းလျှောက်သွားရတဲ့အနေအထားမျိုးပါ။ ကွင်းထဲမှာလည်း လေပြေနုက တလွင့်လွင့်နဲ့ပေါ့။
ပြောမယ်ဆိုရင်ပေါ့။ အဲဒီနေ့ဟာ ကျွန်တော့ရဲ့အချစ်ဦးနဲ့ ပထမဦးဆုံး စတွေ့တဲ့ တွေ့ဆုံခန်းပါပဲ။
       ကျွန်တော်တို့ စီးရမယ့် လေယာဉ်က XY-ADW  ပါ။ ခပ်လှမ်းလှမ်းမှာ ရပ်နားထားပါတယ်။ လေယာဉ်က ငါးနှစ်သားပဲ ရှိသေးလို့ အသစ်လို့ ပြောလို့ရနိုင်တဲ့အခြေအနေပါ။

အဲဒီနေ့က ကျွန်တော့်မှာ အိတ်လေးတစ်လုံးပဲ ပါပါတယ်။ အမေက ညီမလေးရဲ့လက်ကိုဆွဲထားတယ်။ သူက ခုနှစ် နှစ်သမီးလေး။ ညီနှစ်ယောက်နဲ့ ကျွန်တော်။
အားလုံးပေါင်း ငါးယောက်။ အဲဒီငါးယောက်ထဲမှာ ကျွန်တော်ကလွဲရင် အားလုံးဟာ ပျော်ရွှင်တက်ကြွနေတဲ့ ပုံပါပဲ။ ကျွန်တော်ကတော့ ဝမ်းနည်းကြေကွဲနေသလိုလို ခံစားနေရတယ်။

      အပေါ်ဝရံတာကိုတက်ပြီး ခါတိုင်းလို ထွက်ကြည့်ချင်ပေမယ့် အဲဒီနေ့က ဝရန်တာပေါ် တက်လို့ မရပါ ဘူး။ ထွက်လို့ရပြီဆိုမှ လေယာဉ်ကွင်းထဲကို တန်းထွက်ရပါတယ်။ ဝရန်တာပေါ်ကလူတွေက နံမည်တွေ အော်ကြ ခေါ်ကြပေါ့။ ပျော်ရွှင်စရာလိုလို ဝမ်းနည်းကြေကွဲစရာလိုလို ခံစားမှုမျိုးပါပဲ။

ကွင်းထဲမှာရပ်နားထားတဲ့ တနည်းပြောရရင် ကိုယ့်ကို ရေခြားမြေခြားဆီ ခေါ်ဆောင်သွားမယ့် လေယာဉ်ဆီ ကို လျှောက်လှမ်းသွားရတဲ့ခံစားမှုမျိုးဟာ ဘယ်ခံစားမှုမျိုးနဲ့မှမတူအောင်ထူးခြားလှပါတယ်။ အစောပိုင်းက ကျွန်တော်ပြောပြခဲ့သလို အစစအရာရာ ခက်ခဲကြပ်တည်းလှတဲ့ မဆလခေတ်လို အမှောင်ခေတ်ကြီးထဲမှာ နိုင်ငံခြားကို ပထမဦးဆုံးအကြိမ်သွားဖို့ လေယာဉ်ဆီကို သွားနေရပါလားဆိုတဲ့အသိ။
ကိုယ့်ရေကိုယ့်မြေကနေ ထွက်ခွာသွားရတော့မှာပါလားဆိုတဲ့ ခံစားချက်။

အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာထဲမှာ ရောထွေးစိမ့်ဝင်နေတဲ့ ခံစားချက်ကိုပြောပြဖို့ဆိုတာ အလွန် ခက်ခဲလှပါတယ်။
ဒီလို စိတ်ကတည်ငြိမ်မှု ပျက်ပြားနေချိန်မှာ ဘယ်အချိန်ပြန်လာရမယ်မှန်းမသိတဲ့ ကိုယ့်ရဲ့တိုင်းပြည်ကို  လမ်း တစ်ဝက်မှာ ခဏခဏရပ်ပြီး လှည့်ကြည့်မိသေးတယ်။

ဝရံတာပေါ်မှာကလည်း လူတွေကအများကြီး၊ လက်တွေကို ဝှေ့ယမ်းလို့။ အဲဒီ လူတွေထဲမှာ တစ်ယောက် သောသူကတော့  နောက်နားခပ်ကျကျမှာ ငြိမ်သက်စွာရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ သူကတော့ ကျွန်တော့်ကို တစ်ချိန်ချိန်မှာ ပြန်လာစေချင်တဲ့သူ ဖြစ်မှာပါ။
         လေယာဉ်ပေါ်ကိုတက်လိုက်တော့ လေယာဉ်ဟာ အတာ့်ကို သစ်လွင်နေပါသေးတယ်။ ခရီးသည်က နည်းနည်း၊ ထိုင်ခုံကများများမို့ ကြိုက်တဲ့နေရာထိုင်လို့ ရပါတယ်။ ကျွန်တော်က ပြတင်းပေါက်ရှိတဲ့နေရာကို ရွေးလိုက်တယ်။ လေယာဉ်ဟာ သိမ့်ခနဲ ကြွတက်သွားပြီး  သိပ်မကြာခင်မှာပဲ ဝါဝင်းနေတဲ့  ရွှေတိဂုံစေတီ တော်ကြီးကို အဝေးကနေ လှမ်းဖူးလိုက်ရတယ်။ ကျွန်တော်နဲ့အတူ မိသားစုပါလာတာတောင်မှ  အတော့် ကို ဝမ်းနည်းကြေကွဲမိပါတယ်။


          အဲဒီနေ့ဟာ ကျွန်တော်တို့မိသားစုကို ပြိုကွဲသွားစေပြီး တစ်ယောက်တစ်နေရာစီ ရောက်ရှိသွားစေဖို့ အစပျိုးလိုက်တဲ့ပထမဦးဆုံးသော နေ့ရက်ပဲဆိုတာ အဲဒီတုန်းက ကျွန်တော် ဘယ်သိလိမ့်မှာလဲ။
         အဲဒီ XY- ADW ရဲ့ လေယာဉ်မှူးကြီးက ဦးကြည်တင်ပါ။ တကယ့်ကို လူကြီးလူကောင်း Gentleman ဆန်ပြီး ဝတ်စားဆင်မှုနေရာမှာလည်းပဲ အလွန်ကို သပ်ရပ်ခန့်ငြားလှပါတယ်။

         လေယာဉ်ပေါ်က ဆင်းချလာတိုင်းဘယ်လိုအထုတ်အပိုးမှ မပါဘဲနဲ့ လက်ချည်းပဲ ဆင်းလာတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ပါ။ သူ့လေယာဉ် လေထဲကိုရောက်သွားပြီဆိုရင်  အပြင်ကိုထွက်လာပြီး လေယာဉ်ပေါ်က ခရီးသည်တွေကို တရင်းတနှီး နှုတ်ဆက်တတ်ပါတယ်။
တွဲဖက်လေယာဉ်မှူးက ဦးဖေသန်းဝင်း။ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်ရဲ့ ဦးလေးပေါ့။
သူ့ရဲ့ဆံပင်က crew cut အတိုနဲ့။ သူဟာ ဘယ်တော့မှမပြုံးဘူး။ သူ့ရဲ့ဇနီးက ဒဂုံ အထက ၁ က ကျောင်း ဆရာမ တစ်ယောက်ပါ။ သူဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် နိုင်ငံခြားမှာ လေယာဉ်မောင်းသင်လာတဲ့ ပိုင်းလော့ပေါ့။
တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေပါပဲ။

        ၁၉၈၇  ပုဂံမှာ လေယာဉ်ပျက်ကျတော့ ခရီးသည်အားလုံးနဲ့အတူ သူလည်းပဲ ကွယ်လွန်သွားခဲ့ပါ တယ်။
          အခု ရွှေပြည်တော်က ထွက်ခွာခဲ့ရတဲ့ ဟောဒီ ADW လေယာဉ်ကိုတော့ ကျွန်တော့်တစ်သက် ဘယ်တော့မှ မမေ့ပါဘူး။
        စင်ကာပူကိုရောက်တော့လည်း အိမ်လွမ်းစိတ္တဇနဲ့ လေဆိပ်ကို တနင်္ဂနွေနေ့တိုင်း ဆင်းကြည့်ကြပါ တယ်။ လေဆိပ်က ကျွန်တော်တို့နေတဲ့ အိမ်နဲ့နီးပါတယ်။မြန်မာပြည်က ထွက်လာတဲ့လေယာဉ်က တနင်္ဂနွေနေ့တိုင်း စင်ကာပူခရီးစဉ် ရှိပါတယ်။ ဟိုကလာတဲ့လူတွေကိုလည်း ငေး။ ဒီက ပြန်မယ့်လူတွေ အတွက်လည်း ပျော်ပေါ့လေ။ BAC က ကိုယ့်လူမျိုး လေယာဉ်အမှုထမ်းတွေကိုလည်း လိုက်ငေးကြည့်ရ တာပေါ့။  တခါတလေမှာ ဦးဖေသန်းဝင်းတို့၊ ဦးလှိုင်ဘွားတို့လို လူမျိုးတွေ ပါလာတတ်ပါတယ်။

            လေဆိပ်ရဲ့အပေါ်ထပ် ပြေးလမ်းကို မြင်တွေ့နေရတဲ့  နေရာကနေပြီး BAC  က မြန်မာလေယာဉ် တွေ ပျံဝဲဆင်းသက်လာတာကို ကျွန်တော်တို့ အမြဲတမ်းလိုလို စောင့်ကြည့်ကြပါတယ်။ ပျံဝဲထိုးဆင်းလာတဲ့ လေယာဉ်တွေဟာ ကျွန်တော့်ရဲ့အချစ်ဦး  ADW ပါပဲ။
ADW မဟုတ်ရင်တော့  ADU ပါပဲ။

        အဲဒီမဆလခေတ်တုန်းက အစစအရာရာဟာ ခက်ခဲလေတော့ လေယာဉ်အမှုထမ်းတွေနဲ့ပဲ  စာရွက် စာတမ်း၊ လူကြုံပစ္စည်း၊စားစရာတွေကို သယ်ပေးကြရပါတယ်။
        အပတ်တိုင်းလိုလို  ကျွန်တော်တို့ဟာ လေယာဉ်ကွင်းကို သွားဖြစ်ကြပါတယ်။ ကျွန်တော်တို့ ရောက် ပြီး သိပ်မကြာခင် သြဂုတ်လမှာ  စတီရီယိုအဆိုတော် ကိုစိန်လွင် လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွား ကြောင်း လေယာဉ်မှူးတွေကတဆင့် ကြားသိခဲ့ရပါတယ်။ သူကွယ်လွန်ခဲ့စဉ်က  အသက် ၃၀ ကျော်လေး ရှိသေးတာမို့ အရမ်းကို  ဝမ်းနည်းကြေကွဲနှမြောမဆုံး ဖြစ်ခဲ့ရပါတယ်။

                           ( ငါး )

       နောင်နှစ်အနည်းငယ်ကြာမှာ လုံးဝမထင်မှတ်ဘဲ  မြန်မာပြည်ကို ပြန်ခွင့်ရတော့လည်း စီးတော်ယာဉ် က ကျွန်တော့်ရဲ့အချစ်ဦး  XY-ADW ပါပဲ။ အဲဒီနေ့ရက်တုန်းက သူမရဲ့ကိုယ်ထည်ကို ကိုင်တွယ်ပွတ်သပ် နေရင်းနဲ့ ကျွန်တော်နဲ့ အနီးဆုံးနေရာက ပြောင်းလဲသွားခဲ့တဲ့ လူတွေ၊ ဘဝ တွေ၊ သက္ကရာဇ်တွေ၊ အဖြစ် အပျက်တွေ အကြောင်းကို ကျွန်တော်စဉ်းစားနေမိတယ်။ နှစ်ကာလတွေအောက်မှာ အားလုံးဟာ ပြောင်း လဲသွား ခဲ့ပေမယ့် ကျွန်တော့်ရဲ့ အချစ်ဦး XY-ADW ကတော့ အပြောင်းအလဲ သိပ်မရှိဘဲနဲ့ တည်ငြိမ်လန်း ဆန်းနေဆဲပါပဲ။ ပြည့်စုံကြွယ်ဝမှုမရှိတဲ့ ဘဝ အခြေအနေကြားထဲကပဲ သူမဟာ တိမ်တိုက်တွေကြားထဲမှာ ဦးမော့ပျံသန်းနေဆဲပါပဲ။

         ဒါပေမဲ့.....
         ဒါပေမဲ့  ကျွန်တော် သိပ်ကို ချစ်မက်ခဲ့ရတဲ့ ကျွန်တော့်အချစ်ဦးရဲ့ နောက်ဆုံးနေ့ရက်တွေကတော့ မလှပခဲ့ပါဘူး။
           Myanmar Airways လိုဂိုလေးဟာ မိုးသားအပြာရောင်ပြောင်းသွားပြီးနောက်ပိုင်းပေါ့။ အချစ်ဦးလေးဟာ  စစ်တွေလေဆိပ်မှာ မိုး တွင်းဘက် လမ်းချော်ပြီး ပြင်လို့မရအောင် ထိခိုက်ပျက်စီးသွားခဲ့ ပါတယ်။ အဲဒီနေ့တုန်းက သူမဟာ မိုးရေစက်တွေအောက်မှာ မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက် ကျ နေခဲ့တာပေါ့။ သူမရဲ့ကြေကွဲဖွယ် ငိုကြွေးသံကို မိုင်ပေါင်းများစွာ ကွာဝေးနေတဲ့အရပ်ကနေပြီး ကျွန်တော် အသေအချာ ကြားနေရတာပေါ့။ သူမဟာ ရပ်တန့်နေချင်တာမဟုတ်ဘဲ တိမ်တိုက်တွေကြားထဲမှာ တလွင့် လွင့်နဲ့ပျံသန်းနေချင်တဲ့သူမို့လား။
          ဘာပဲပြောပြော ကျွန်တော့်ရဲ့အချစ်ဦးဟာ ပြည့်စုံကုံလုံမှုမရှိတဲ့ အမှောင်ခေတ်ကြီးထဲမှာ သူမရဲ့ တာဝန်ကို အကောင်းဆုံးနဲ့အနူးညံ့ဆုံးဖြစ်အောင် ထမ်းဆောင်ခဲ့တယ်ဆိုတာကိုတော့ နည်းနည်းလေးမှ သံသယရှိစရာမလိုပါဘူး။

       သူမဘဝရဲ့ နောက်ဆုံးအချိန်အထိ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်..နာကျင် ..သေဆုံး သွားအောင် လုပ်မသွားခဲ့ဘူးဆိုတာနဲ့တင် သူမဟာ အရမ်းလွမ်းစရာ ကောင်းသွားခဲ့ပါပြီ။

           Goodbye XY-ADW........။      ။
      
                                                ရဲရင့်ဘုန်း

0