မောင်စွမ်းရည် - အမှတ်အနည်းဆုံးကျောင်းသား မြန်မာစာကိုသွား


မောင်စွမ်းရည် - အမှတ်အနည်းဆုံးကျောင်းသား မြန်မာစာကိုသွား
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၈

ကျွန်တော်က မူလယူခဲ့တာ သိပ္ပံဘာသာပါ။ ဒါပေမဲ့ ဘွဲ့ရတော့ “ဝိဇ္ဇာ” ပါ။ မူလက ဆေးကျောင်းသား၊ ဆရာဝန်လောင်း ဆိုရမှာပေါ့။ ဒါပေမဲ့ နောက်ဆုံးဖြစ်လာတာက ကျောင်းဆရာပါ။ “ကိုယ်ကြိုက်ရာ” လုပ်ခဲ့တာလို့ ဆိုချင်ဆိုလို့ရပါတယ်။ “ကိုယ်မိုက်ရာ” လုပ်ခဲ့တာလို့ ဆိုချင်လည်း ဆိုလို့ရပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရောက်တဲ့နှစ်က “လွတ်လပ်တယ်” လို့ ဆိုနိုင်ပါတယ်။ ကိုယ်ယူချင်တဲ့ဘာသာကို ယူလို့ရပါတယ်။ နောက်ပိုင်းတော့ အဲသလိုမဟုတ်တော့ဘူး။ တက္ကသိုလ်ဝင်ရာမှာ ကိုယ်ကြိုက်ရာ ရွေးလို့မရတော့ဘူး။ အမှတ်ကောင်းမှသာ ‘ကိုယ်ကြိုက်ရာ’ကို ရွေးလို့ရပါတော့တယ်။ “ကိုယ်ကြိုက်ရာ” လို့ဆိုတာက ဆရာဝန်၊ အင်ဂျင်နီယာ ဘာသာရပ်။ ဆေးကျောင်း၊ စက်မှုကျောင်းတို့ကို ဆိုလိုတာပါ။ ‘ကိုယ်ကြိုက်ရာ’ ဆိုပေမယ့် ခေတ်အလျှောက် အများကြိုက်၊ ရေပန်းစားတာကို ဆိုလိုတာဖြစ်ပြီး ‘ကိုယ်ဝါသနာပါရာ’ တော့ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ငွေကြေးတတ်နိုင်သူ၊ အာဏာပါဝါရှိသူ၊ ဟိုလိုက်ဒီနှိုက်၊ လိုက်နိုင်နှိုက်နိုင်သူတွေက ကိုယ့်သား သမီးများအတွက် ‘အမှတ်ကောင်း’ အောင် ရေးဆုံးမိုးဆုံး လိုက်ကြတာပါပဲ။ လူကြီးမိဘတွေကြိုက်တာကို သားသမီးတွေကတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်ကြရတာပဲဖြစ်ပါတယ်။

ဝိဇ္ဇာဘာသာတွဲတွေမှာတော့ စီးပွားရေး၊ ပညာရေး၊ ဥပဒေ၊ သမိုင်း၊ မြန်မာစာ စသဖြင့်ရှိကြပါတယ်။ လိုရင်းကိုပြောရရင်တော့ ဆယ်တန်းမှာ အမှတ်ပေါင်းအနည်းဆုံးရသူကျောင်းသားများဟာ မြန်မာစာကို ယူကြရ ပါတယ်။ နောက်ဆုံးမှာ ဘွဲ့ရရင်ပြီးရောဆိုတဲ့ အနေနဲ့ မြန်မာစာကို ယူကြရတာဖြစ်ပါတယ်။ ကျွန်တော်တို့ တုန်းက ဒီလိုမဟုတ်ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့တုန်းကဆိုတာက ၁၉၅၀-၆၀ ခုနှစ်တွေလောက်ကလို့ ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရောက်တော့ မန္တလေးတက္ကသိုလ်မှာ မြန်မာစာထူးချွှန်တဲ့ မောင်ပေါက်စည်၊ မောင်အောင်သျှန်၊ တင်မိုး၊ မောင်သိန်းနိုင် စတဲ့ ကျောင်းသားကြီးတွေ ထင်ရှားပါတယ်။ သူတို့ဟာ မြန်မာစာထူးချွှန်ပြီး မြန်မာစာပေဝါသနာပါကြလို့ မြန်မာစာယူကြသူတွေ ဖြစ်ပါတယ်။ အမှတ်နည်းလို့ မြန်မာစာယူကြသူတွေ မဟုတ်ကြောင်း လူတိုင်းသိကြပါတယ်။ အမှတ်နည်းလို့ မြန်မာစာယူကြတာလို့ တွေးကြတဲ့ခေတ်လည်း မဟုတ်ပါ။ မဟုတ်သေးပါ။

စစ်အစိုးရခေတ်မှာ သူ့အရင် အရပ်သားအစိုးရခေတ်နဲ့ မတူအောင် ခြားနားကွဲပြားအောင် လုပ်ပါတယ်။ လုပ်နိုင်ပါတယ်။ အဲဒီကာလမှာ ပညာရေးဌာနရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေဟာ နိုင်ငံခြားပြန် ပညာရှင်တွေချည်း ဖြစ်ကြလို့ ပညာရေးပုံစံမျိုးစုံကို သိရှိနားလည်ကြသူတွေ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေနဲ့ အံဝင်ခွင်ကျဖြစ် မဖြစ်ဆိုတာထက် အာဏာရှင်ကြိုက်မကြိုက်ဆိုတာပဲ တွေးကြပုံရပါတယ်။ (ဒီလိုထင်မြင်မိတဲ့အတွက် ကိုယ့်ဆရာကြီးတွေကို ကန်တော့ပါတယ်။ ထင်စရာရှိလို့ ထင်မိတာကို ဆရာကြီးတို့ ခွင့်လွှတ်ကြပါစေသတည်း) ဒီလိုနဲ့ အင်္ဂလိပ်လို ပညာရေးဝေါဟာရတွေကို ကွင်းသွင်း(ဘရက်ကက်နဲ့) ဖော်ပြတဲ့ ပညာရေးစီမံကိန်းတွေ ရေးဆွဲတင်ဆက်ကြပါတယ်။ ‘အိုင်ကျူ’ ဆိုတာကနေ ‘လစ်ထရေစီကမ်ပိန်း’ ဆိုတာတွေအထိပေါ့ အဲဒီကနေစပြီး ဝါသနာပါသူ ကြိုက်တဲ့ဘာသာယူစနစ်ကနေ အမှတ်ကောင်းသူ ကြိုက်ရာယူစနစ်ကို ပြောင်းသွားခဲ့ပါတယ်။ စနစ်နှစ်မျိုးလုံးမှာ အားသာချက်၊ အားနည်းချက်တွေ သူ့ဟာနဲ့ သူတဟ်မျိုးစီရှိနိုင်ပါတယ်။ သေချာတာတခုက ကျွန်တော်တို့ မြန်မာစာဟာ မျက်နှာအငယ်ဆုံးအဆင့်ကို ရောက်သွားတဲ့အချက်ပါပဲ။

နောက်ဆုံးတော့ ‘မည်သို့ပင်ဆိုစေ’ ဆိုတဲ့အတိုင်း မြန်မာစာနဲ့ ဘွဲ့ရသူများဟာ ဘွဲ့လွန်ဆက်တက်ရင် မြန်မာစာမဟာဝိဇ္ဇာနဲ့ မြန်မာစာပါရဂူဘွဲ့တွေကိုပဲ ဆက်တက်ရပါတယ်။ ဒီတော့လည်း မျက်နှာငယ်ငယ်နဲ့ပဲ မဟာဘွဲ့ရှင်၊ ပါရဂူဘွဲ့ရှင်တွေ ဖြစ်လာပေမယ့် ရိုးရိုးဝိဇ္ဇာထက်တော့ သာသေးတာပေါ့။ အလုပ်လျှောက်ရင် မြန်မာစာဌာနမှာပဲ ဆရာပြန်ဖြစ်နိုင်ကြတာပေါ့။ အမှတ်နည်းပြီး ‘ညံ့တယ်’လို့ သတ်မှတ်ခံရသူများဟာ ညံ့သူ တွေယူတဲ့ ဘာသာတွဲကိုယူလိုက်ကြတဲ့အခါ နဂိုကညံ့လို့လားမသိ နည်းနည်းတော့ ညံ့ပုံရကြပါတယ်။ ကိုယ့်ဖာသာ အားငယ်စိတ်ဝင်ကြလို့လားမသိ၊ ကျွန်တော်တို့ခေတ်တုန်းကလို ငါတို့က ‘မြန်မာစာပေသမား’၊ ‘မြန်မာပညာရှင်’ ဆိုပြီး ထောင်ထောင် ထောင်ထောင် မလုပ်ကြဘူး။ ကျွန်တော်ဆိုရင် မန်းတက္ကသိုလ် ကလောင်ရှင်အတွင်းရေးမှူးလုပ်၊ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းအတွင်းရေးမှူးလုပ်ပြီး တင်မိုးတို့၊ ဂုဏ်ထူးသိန်းနိုင် တို့နဲ့ ရင်ဘောင်တန်းရင်း ထောင်ထောင် ထောင်ထောင် လုပ်ခဲ့တာပေါ့။ ဇီဝတို့၊ ဘူမိတို့က ပြောင်းလာပြီး မြန်မာစာ၊ မြန်မာသမိုင်းကို ယူခဲ့တာပါ။ အခု အဲသလိုလုပ်ကြပုံမရတော့ပါဘူး။

တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းဟာ အောင်ဆန်းတို့၊ ညိုမြတို့ခေတ်က အထူးဂုဏ်တက်ခဲ့တာလေ။ အခုတော့ ကလောင်ရှင်အသင်းကလည်း ဘယ်တက္ကသိုလ်မှာမှ ရှေ့တန်းအသင်းမဟုတ်တော့ဘူး။
ကျွန်တော်တို့ခေတ်က တက္ကသိုလ် ‘မြန်မာအသင်း’တို့၊ ‘မြန်မာစာအသင်း’တို့ ရှိခဲ့တယ်။ ကျွန်တော် တက္ကသိုလ်ရောက်စနှစ် ၁၉၅၆၊ ဇော်ဇော်အောင်(ကိုဇော်မြင့်)ဟာ မန်းတက္ကသိုလ်မြန်မာစာအသင်း အတွင်း ရေးမှူးလုပ်ခဲ့တာ မှတ်မိပါတယ်။ စာပေပြိုင်ပွဲတွေ ဦးစီးပြီးလုပ်သူအဖြစ် ထင်ရှားတဲ့ကျောင်းသားတဦးပေါ့။ သူ့အရင်ကတော့ မောင်ပေါက်စည်၊ မောင်အောင်သျှန်၊ နွယ်ထွဏ်း၊ ထွန်းဝေ စတဲ့ မြန်မာစာသမားတွေပဲ ထင်ပေါ်ခဲ့ပြီး သူ့နောက်မှာလည်း မြန်မာစာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်တန်းအောင်လာတဲ့ တင်မိုး (ရေစကြိုက မောင်ဘဂျမ်း)၊ ဂုဏ်ထူးသိန်းနိုင် (မုံရွာက မောင်သိန်းနိုင်) တို့ဟာ ထင်ရှားတဲ့ ကျောင်းသားတွေပေါ့။ (မောင်သာနိုး ကတော့ အင်္ဂလိပ်စာထူးချွှန်သူ ကျောင်းသားခေါင်းဆောင်အဖြစ် ထင်ရှားခဲ့တာပါ) တင်မိုး၊ ဘုတလင်ချစ်လေး၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်စွမ်းရည်၊ မောင်သန်းဌေး၊ မောင်မျိုးမြတ် တဲ့။ အမျိုးသားစာပေဆုတွေကို မန်းတက္ကသိုလ်ကျောင်းသားတွေကပဲ နှစ်ဆက်တန်းစီပြီး ရရှိခဲ့တာလည်း ထူးခြားချက်တခုအဖြစ် ရှိခဲ့ပါတယ်။

မြန်မာစာဟာ အမှတ်နည်းသူတွေယူတဲ့ ဘာသာရပ်ဖြစ်လို့လားမသိ မြန်မာစာမျက်နှာငယ်တာနဲ့အတူ မြန်မာစာအသင်းဆိုတာလည်း မရှိတော့ဘူးလို့ သိရပါတယ်။ တက္ကသိုလ်ကလောင်ရှင်အသင်းဆိုတာလည်း ရှိတယ်လို့မကြားမိတော့ပါ။ လှုပ်လှုပ်ရှားရှားမလုပ်လို့လား (မလုပ်ရလို့)လား မသိပါ။ မြန်မာစာမှမဟုတ်
တခြားဘာသာရပ်အသင်းတွေလည်း မရှိတော့ဘူးလားမသိ၊ လှုပ်ရှားသံမကြားမိတော့ပါ။ ကိုယ်ကပဲ အနေ ဝေးသွားလို့လား၊ သူတို့ကပဲ တိတ်ဆိတ်ကုန်ကြလို့လားမသိတော့ပါ။ ‘လှုပ်ရှား’တယ်ဆိုတာက ကျွန်တော် တို့တုန်းကဆိုရင် စာပေပြိုင်ပွဲတွေလည်းလုပ်ကြတယ်။ ကြွားတယ်လို့ မထင်ပါနဲ့။ မောင်စွမ်းရည်ဆိုရင် တက္ကသိုလ်ရောက်စနှစ်ကပဲ စာပေပြိုင်ပွဲဝင်ခဲ့တာ ကဗျာပြိုင်ပွဲမှာ စတုတ္ထဆုရခဲ့ဖူးပါတယ်။ ဟိုငနဲတွေ (တင်မိုးတို့၊ မောင်သိန်းနိုင်တို့) ကပဲ ပထမ၊ ဒုတိယတွေ ရခဲ့ကြလေရဲ့။

မန်တက္ကသိုလ်ကလောင်ရှင်အသင်း စာပေလှုပ်ရှားမှုတွေထဲမှာ စာပေပြိုင်ပွဲတွေသာမက စာဆိုတော်နေ့အထိမ်းအမှတ်ပွဲအဖြစ် စာပေဟောပြောပွဲတွေလည်း လုပ်ခဲ့ကြပါတယ်။ မန္တလေး အထက် ဗမာနိုင်ငံစာရေးဆရာအသင်းက ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမြမျိုးနွယ်၊ ဆရာကြီးစစ်ကိုင်း ဦးဖိုးသင်း၊ ကျောက်အဝန်ဦးမြ၊ လူထုဦးလှ၊ မြကေတု၊ ဦးကြည်မြ၊ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုန်း၊ ဒေါ်မာလာ၊ တက္ကသိုလ်ဘုန်းနိုင် စတဲ့ စာရေးဆရာတွေကို ဖိတ်ကြားပြီး စာပေဟောပြောပွဲတွေလုပ်ကြပါတယ်။ စာဆိုတော်နေ့တိုင်း သက်ကြီးဝါကြီး စာရေးဆရာကြီးတွေကို ကန်တော့်ပွဲလည်း လုပ်ကြပါတယ်။ အခုတော့ အဲသလို စာပေအလုပ်တွေ လုပ်သံမကြားရတော့ပါ။

တက္ကသိုလ်ထဲမှာ စာပေပွဲတွေလုပ်သံ မကြားရပေမယ့် တက္ကသိုလ်ပြင်ပက ကျောင်းသားဟောင်းများက တက္ကသိုလ်ထဲကိုသွားပြီး စာပေအလုပ်တွေလုပ်ကြတာတော့ တွေ့လိုက်ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျွန်တော်ဗမာပြည်အလည်ပြန်တော့ ပင်မတက္ကသိုလ်ကျောင်းသား၊ ကျောင်းသားဟောင်းများအသင်းက ၂၀၁၆ ခုနှစ်မှာ အမျိုးသားစာပေဆုရရှိကြတဲ့ မန်းတက္ကသိုလ်ကျောင်းထွက်များကို ဂုဏ်ပြုပွဲလုပ်ကြပါတယ်။ မောင်သာနိုးက တသက်တာစာပေဆုရပြီး၊ ညီပုလေးက အကောင်းဆုံးဝတ္ထုရှည်ဆုရသူ၊ သစ်ရာကောက် မောင်တင်စိုးက ကဗျာဆုရသူပါ။ ဒေါက်တာခင်မောင်ညွှန့် လည်းပါတယ်။ ဟိုအရင်က ကဗျာနဲ့ အမျိုးသား စာပေဆုရခဲ့ဖူးတဲ့ ကိုလေး(အင်းဝဂုဏ်ရည်)နဲ့ မောင်စွမ်းရည်တို့လည်း ပါတယ်။ ကလေးကဗျာဆုရတဲ့ မောင်သန်းဌေးနဲ့ မောင်မျိုးမြတ်တို့ ညီအကိုလည်းတွေ့ရပါတယ်။ သူတို့လည်း ဆုရဖူးသူတွေဖြစ်ပေမယ့် ဂုဏ်ပြုတဲ့အထဲမှာ မပါဘူး။ မသိလို့နဲ့ တူပါရဲ့။

ကျောင်းသားဟောင်းများအသင်းရဲ့ အဖွဲ့ဝင်တွေလားမသိဘူး။ ပရိတ်သတ်ထဲမှာတော့ မန်းတက္ကသိုလ် ကျောင်းသားဟောင်းတွေ အများကြီးပါပဲ။ တက္ကသိုလ်မောင်ထွန်းဝေ စိတ်ပညာပါမောက္ခဦးကိုကိုကြီး၊ မြန်မာစာပါမောက္ခ ဦးဝင်းမောင်ကိုလည်း တွေ့ရပါတယ်။ နောက်နားမှာ မဝင့်(မြစ်ငယ်)၊ မြို့သာမရာကိုလည်း ပွဲပြီးမှ နှုတ်ဆက်ရတယ်။ လှမူတို့၊ နုနုရည်(အင်းဝ)တို့က ရန်ကုန် ပြောင်းနေကြလို့ မတွေ့ရဘူး။ ဆုရပုဂ္ဂိုလ်တွေအများစုက သိပ္ပံတို့၊ သချာင်္တို့ပါ။ မြန်မာစာဘက်က နည်းပါတယ်။ မြန်မာစာယူသူတွေ မဟုတ်ပေမယ့် မြန်မာစာဂုဏ်တက်စေတဲ့ ဆုရှင်တွေဖြစ်လာခဲ့ပြီပေါ့။

ဒီလိုတွက်ရရင်တော့ ဘူမိဗေဒဘာသာနဲ့ ဘွဲ့ရတဲ့ ညီပုလေးက သူဝတ္ထုရှည်နဲ့ အမျိုးသားစာပေဆုရတာလည်း မြန်မာစာပေကို ဂုဏ်မြင့်စေတာပဲပေါ့။ သူလည်း မြန်မာစာဂိုဏ်းဝင်အဖြစ် မြန်မာစာပါမောက္ခတွေက ဂုဏ်ပြုတာကိုပါ ခံယူခဲ့ရတာပါ။ မြန်မာစာပါမောက္ခတွေ အများကြီး ဘာကြောင့်ရောက်လာကြသလဲဆိုတာ ပြန်စဉ်းစားကြည့်တော့ ကျွန်တော့ကိုပါ မန္တလေးလာရင်း အမျိုသားစာပေဆုရှင် ၁၉၆၄ ကိုပါ ဖိတ်ကြားခဲ့လို့ပါပဲ။ ဖိတ်သူက ကျော်ရင်မြင့်။ သူက မန်းတက္ကသိုလ် မြန်မာစာကျောင်းသားဟောင်းများအနေနဲ့ မန်းတက္ကသိုလ်ထွက် အမျိုးသားစာပေဆုရှင်တွေကို ဂုဏ်ပြုပွဲလုပ်တာတဲ့။

တင်မိုးနဲ့ ကြည်အောင်တို့ကတော့ ကွယ်လွန်ခဲ့ရပြီလေ။ ဆေးလိပ်သောက်လွန်းသူတွေမို့ အသက်တိုကြတာဖြစ်မှာပါ။ ကိုသာနိုးက ဆေးလိပ်ကို အစောကြီးဖြတ်နိုင်ခဲ့တယ်။ ကိုလေး(အင်းဝဂုဏ်ရည်) တို့၊ မောင်စွမ်းရည်တို့က ဆေးလိပ်မသောက်ကြဘူး။ ဒါကြောင့် အင်းဝကဗျာဆရာတဦးနဲ့ မြင်းခြံကဗျာဆရာ တဦး(ကြည်အောင်နဲ့တင်မိုး)တို့မရှိတော့ပေမယ့် အင်းဝသားကဗျာဆရာတဦးနဲ့ မြင်းခြံသားကဗျာဆရာတဦး ကျန်သေးလို့ ဖြေစရာရှိနေသေးတာပါ။ တင်မိုးက ရေစကြိုက ဆယ်တန်းအောင်ပေပမယ့် မြင်ခြံခရိုင်၊ တောင်သာမြို့နယ်ထဲက ကန်မြဲရွာကလေ မြန်မာစာဂုဏ်ထူးရှင်အဖြစ် တက္ကသိုလ်ကို ဂုဏ်မြင့်စေခဲ့သူ တဦးပေါ့။

မြန်မာစာပေလောကကို ပြန်ကြည့်ပြီး မြန်မာစာဂုဏ်တက်ခဲ့ရပုံကို လေ့လာရင်း ‘ညံ့သူမြန်မာစာယူ’ ဆိုတာမျိုး ဖြစ်နေလို့ပါပဲ။ အရင်လို ကြိုက်ရာဘာသာ ကြိုက်သလိုယူတဲ့စနစ် ပြန်ထားရရင်ကောင်းမလားလို့ စဉ်းစားကြည့်ဖို့ပါပဲ။ စနစ်ဟောင်းက ဘာမှမဖြစ်ပဲ စနစ်ပြင်မှ ခရာနဲ့ ကြောင်းကြောင်း ဖြစ်ခဲ့တာမဟုတ်လား။ အာဏာရှင်ခေတ်က ဖြစ်ခဲ့တာမဟုတ်လား။ ပြန်လည်ဆင်ခြင်လေ့လာကြည့်ဖို့ မကောင်းဘူးလား။

မောင်စွမ်းရည်
၂၀၁၈ အောက်တိုဘာ ၁၇
0