ဇင်လင်း ● စစ်ရှောင်စခန်းများ ကြာရှည်တည်တံ့နေခြင်းသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အနုတ်လက္ခဏာဆောင်သည်


ဇင်လင်း ● စစ်ရှောင်စခန်းများ ကြာရှည်တည်တံ့နေခြင်းသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အနုတ်လက္ခဏာဆောင်သည်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၈

ယခုတလောတွင် ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုအခြေအနေနှင့်ပတ်သက်၍ သတင်းကောင်းများ မကြားရဖြစ်နေသည်။ သတင်းကောင်းမကြားရသော်လည်း ပြည်သူတို့အဖို့ ရင်မအေးစရာသတင်းများကိုမူ ကြားသိနေရသည်။ လက်နက်ကိုင် ပဋိပက္ခများကြောင့် ကိုယ့်အိမ်ကိုယ့်ရွာ မပြန်နိုင်ဖြစ်နေရသည့် တိုင်းရင်းသား စစ်ဘေးသင့်ပြည်သူများအား တပူပေါ် နှစ်ပူ ဆင့်ဖြစ်စေသောသတင်းတရပ်မှာ မြေယာဥပဒေနှင့် သက်ဆိုင်နေသည်။ အစိုးရက စက်တင်ဘာလအတွင်း အသစ်ပြဋ္ဌာန်း ထုတ်ပြန်လိုက်သော “မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” သည် စစ်ဘေးရှောင် ပြည်သူများအား သောကမီးတောက်အောင် လုပ်လိုက်သကဲ့သို့ ရှိသည်။ နေရပ်ဒေသ မအေးချမ်း၍ အိမ်မပြန်နိုင်သေးသော စစ်ဘေးရှောင် ပြည်သူများ၏ မြေယာအိုးအိမ်များကို ထိုဥပဒေက  ခြိမ်းခြောက်နေသည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များက သဘောထား ထုတ်ပြန်ပြောဆိုခဲ့ကြောင်း ဘီဘီစီသတင်းအရ သိရသည်။

အဆိုပါဥပဒေသည် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ စီမံခန့်ခွဲမှုများကို အသိအမှတ် ပြုရန်ပျက်ကွက်လျှက်ရှိသည်ဟု  ဒေသ ခံတိုင်းရင်းသားများက ကန့်ကွက်နေကြသည်။ အလားတူ မြေပြန့်ဒေသတွင်နေထိုင်ကြသော တောင်သူများကလည်း ထိုဥပ ဒေကြောင့် သူတို့အားထားမှီခိုနေရသည့် စိုက်ပျိုးမြေများကို ဆုံးရှုံးရတော့မည်ဟု စိုးရိမ်ပူပန်နေကြကြောင်း မြေယာလှုပ်ရှား သူတို့က ပြောသည်ဟု ကြားသိရသည်။ ယခု ပြင်ဆင်ပြဋ္ဌာန်းလိုက်သော  “မြေလွတ်မြေလပ်နှင့် မြေရိုင်းဥပဒေ” အရ တနိုင်ငံလုံးရှိ အသုံးပြုနေသော မြေလွတ် မြေလပ်နှင့် မြေရိုင်းများကို ၆ လ အတွင်း အသုံးပြုခွင့်လျှောက်ထားရမည်ဟု ဆို သည်။ အချိန် ၆ လကျော်ပါက အသုံးပြုခွင့်လျှောက်ထားမှုမရှိသည့်မြေယာများကို ပြန်လည်သိမ်းဆည်း မည့်အပြင် အသုံးပြု သူများအား ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ၅သိန်းနှင့် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်မည်ဟု ဥပဒေပြဋ္ဌာန်းချက်ပါရှိကြောင်း သိရ သည်။

ထို့ကြောင့် ကချင်နှင့် ရှမ်းပြည်နယ်ဒေသများတွင် စစ်ဘေးရှောင်နေရသော ဒုက္ခသည် ပြည်သူများပစ်ထားခဲ့ရသည့် မြေ ယာများသည်လည်း မှတ်ပုံတင်ရန်လိုအပ်နေသော အခြေအနေဖြစ်နေသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ် ရှေ့တစ်လှမ်းတိုးနိုင်ရေးကိစ္စသည်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ် သည်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဆက်လက်ကျင်းပရန်ကိုပင် ရက်အတိအကျ မသတ်မှတ်နိုင် ဖြစ် နေဆဲရှိသည်။ ငြိမ်းချမ်းရေးကိစ္စကို မဆိုထားနှင့်၊ တနိုင်ငံလုံးတွင် ယာယီ အပစ်ရပ်ရေးကိုပင် ညှိနှိုင်းမရ ဖြစ်နေသည်။

မေလ ၁၂ ရက်နေ့ နံနက်တွင် မူဆယ်မြို့တွင်း၌ ပလောင် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တပ်မတော်တို့ အပြန် အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၁၉ ဦး သေဆုံးကာ ၂၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု မူဆယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းက မဇ္ဈိမသတင်းသို့ အတည်ပြုပြောကြားခဲ့သည်။ NCA တွင် တိုင်းရင်းသား လက်နက် ကိုင်အားလုံး မပါဝင်နိုင်ပါက၊ အလားတူ သေကျေပျက်စီး ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေဦးမည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်တုံဒေသမှ စစ်ရှောင်ထွက်ပြေးလာရပြီး လာရှိုးရှိ ဒုက္ခသည်စခန်း၌ နေထိုင် နေရသည့် ဒေါ်လရှီခေါင်က သူတို့နေရပ်ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ဥပဒေအတိုင်း မြေယာ မှတ်ပုံတင်ရေးကိစ္စမှာ ခက်ခဲနေသည်ဟု ဆိုသည်။ ဒေါ်လရှီခေါင်က သူတို့ရွာတွင် တပ်မတော်က တပ်စခန်းချထားသဖြင့် ပြန်မရဖြစ်နေပြီး၊ ယခု မြေယာဥပဒေပေါ်လာသဖြင့် ကိုယ့်အိုအိမ်မြေယာများ ဆုံးရှုံးရမည်ကို အလွန်စိုးရိမ်နေသည်ဟု  ဘီဘီစီသတင်းအား ပြောကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) ၏ စာရင်းဇယားများအရ ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် စတင်ခဲ့သော ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တပ်မတော်တို့အကြား တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၁၂၀,၀၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။ ထို့ပြင် စစ်ပွဲအတွင်း ကျေးရွာပေါင်း (၃၆၇) ရွာ၊ လူနေအိမ်ခြေ (၁၅,၀၀၀) နီးပါးနှင့် ဘာသာ ရေး အဆောက်အဦးများအပါအဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၂၇၂) ကျောင်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ ဒေသခံရွာ သားများသည် စစ်ပွဲများ ပြန်လည်ဖြစ်ပွားသည့် ၂၀၁၁ ခုနှစ် သြဂုတ်လကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး၊ ရွာကို ပြန်မရောက်သည်မှာ ၇ နှစ်ကျော် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အခြေအနေပေးပါက ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြန်လာချင်နေ ချင်ကြကြောင်း KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာနှင့် ၁၀ မိုင်ကျော်ရှိ စစ်ရှောင်စခန်း၌ နေထိုင်လျှက်ရှိသော ကချင်နှစ်ခြင်းခရစ် ယာန်အသင်းမှ ဆရာတော် Chin Le Zau Awng က ဘီဘီစီကိုပြောကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတွင် နေထိုင်လျှက်ရှိကြသော ဒုက္ခသည်များကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တွင် သူတို့စွန့်ခွာခဲ့ရသည့် ကျေးရွာပတ်ဝန်ကျင်၌လည်း တရုတ် တစ်ရှူး ငှက်ပျောဧက ၄၀၀ ကျော်စိုက်ပျိုးနေသဖြင့်၊  အခုပြဋ္ဌာန်းလိုက်သော ဥပဒေအရ သူတို့ထားခဲ့ရသည့် မြေယာများကိုပါ တရုတ်ကုမ္ပဏီက မှတ်ပုံတင်ပြီး သိမ်းယူသွားမည် ကို စိုးရိမ်ကြသည်ဟု ဆိုသည်။ ထိုမြေယာများသည် ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာခဲ့သော ဥယျာဉ်ခြံမြေများ ဖြစ်ပြီး မြေလွတ်မြေလပ် မဟုတ်၍ မှတ်ပုံမတင်ချင်ကြကြောင်းလည်း သိရသည်။ ထို့ကြောင့် ပြည်တွင်စစ် ရပ်စဲရေးမလုပ်နိုင် သောကြောင့် ဆင်းရဲဒုက္ခကြီးစွာ ကြုံနေရသူများမှာ ဒေသခံတိုင်းရင်းသားပြည်သူများ ဖြစ်သည်ကို ကွက်ကွက်ကွင်းကွင်း မြင်နေရပေသည်။

လင်ငင်းအခြေအနေတွင် ငြိမ်းချမ်းရေးသည် အပြောလွယ်သော်လည်း လက်တွေ့တွင် ရှေ့သို့တလှမ်းတိုးနိုင်ရန်ပင် ထင် သလောက် မလွယ်ဖြစ်နေသည်။ ကချင်နှင့် ရှမ်းပြည်နယ်များအတွင်း ဖြစ်ပွားသော တိုက်ပွဲများက ပြည်တွင်းစစ် ရပ်ရေးသည် ထင်သလောက် မလွယ်ကြောင်း ညွှန်ပြနေသည်။ အစိုးရအဖွဲ့က ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ ရေး ကြိုးပမ်းနေသည်။ သို့သော် တပ်မတော်က ကချင်နှင့် ရှမ်းပြည်နယ်များအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်လုပ်နေသည်။ နိုင်ငံအတွင်း စစ်ဆင်ရေးများဆင်နွှဲရာတွင် တပ်မတော်သည် နိုင်ငံတော် သမ္မတဦးဆောင်သော အစိုးရအဖွဲ့နှင့် ကြိုတင် ညှိနှိုင်းမှုများ ရှိ/မရှိ ပြည်သူလူထုအနေဖြင့် သိလိုကြသည်။

ဤစစ်ပွဲများ၏ အနိဋ္ဌာရုံများကို ခါးစည်းခံနေကြရသည်မှာ ပြည်သူအများဖြစ်သည်။ ကျောင်းများတွင် ဆရာ/ဆရာမနှင့် ပရိ ဘောဂ စသည်ဖြင့် မလုံလောက်ခြင်းမှာ ထိုစစ်စရိတ်ကျခံနေရ၍ ဖြစ်သည်။ ဆေးရုံများတွင် ဆေးဝါးနှင့် အထောက် အကူ ပစ္စည်းများ အမြဲလိုအပ်နေရခြင်းမှာ ထိုစစ်စရိတ်များ ကျခံနေရ၍ ဖြစ်သည်။ အခြား လမ်းတံတားအပါအ၀င် အခြေခံ အ ဆောက်အဦများ ဟောင်းနွမ်းစုတ်ချာနေသည်ကို မြင်ရတိုင်း ပြည်တွင်းစစ်ကို အပြစ်တင်ရမည်သာ ဖြစ်နေသည်။ ယင်း အချက်ကို ပြည်တွင်စစ် ဆင်နွှဲနေသည့် ခေါင်းဆောင်များ အလေးအနက်စဉ်းစားသင့်သည်။

ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် ဩဂုတ် ၇ ရက်ကပြုလုပ်သော “ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေး စကား ၀ိုင်း” ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြောဖူးသည်။

“ငြိမ်းချမ်းရေးဆိုတာ နှလုံးသားနဲ့သက်ဆိုင်ပါတယ်။ ကျွန်မတို့ရဲ့ တိုင်းရင်းသားအချင်းချင်း၊ ကျွန်မတို့ ပြည်သူပြည်သား အချင်းချင်း ပဋိပက္ခတွေဖြစ်တာကြောင့်မို့ တဦးနဲ့တဦး ယုံကြည်ချက် ယုံကြည်မှုမရှိတာကြောင့်မို့လို့ တစ်ဦးပေါ်မှာ တစ်ဦး မေတ္တာ မထားနိုင်တာကြောင့်မို့လို့ ငြိမ်းချမ်းရေးမရှိတာပါ။ ဒီတော့ ဒါကို နှလုံးရောဂါလို့တောင်မှ ကျွန်မတို့ ပြောလို့ ရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ၊ လူတယောက်ဟာ နှလုံးရောဂါရှိပြီဆိုရင် ဒီလူရဲ့ကျန်းမာရေးဟာ ဘယ်လိုမှကောင်းတယ်လို့ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိသရွေ့ တခြားဘယ်ဘက်ကပဲကောင်းကောင်း ကျွန်မတို့ နိုင်ငံဟာ အခြေအနေကောင်းသွားပြီလို့ မပြောနိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြခဲ့ဖူးသည်။

လက်ရှိအခြေအနေတွင် NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ခေါင်းစဉ်အောက်၌ တတိယ အကြိမ်အထိ ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သည်။ ယခင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၊ ယခုအစိုးရနှင့် ၂ ဖွဲ့ NCA စာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မူဝါဒသဘောတူညီချက် ၅၁ ချက်ကို  ပြည်ထောင်စုသဘောတူ စာချုပ် (Union Accord) ၏ အစိတ်အပိုင်း(၁) နှင့် (၂) အဖြစ် အစုအဖွဲ့အသီးသီး၏ခေါင်းဆောင်များနှင့် အသိသက်သေများ က လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ သို့ဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုနိုင်ဖွယ်ရှိ/မရှိဆိုသည့် မေးခွန်းကို လက်ရှိအစိုးရအနေဖြင့် ဖြေဆိုရန် ခက်ခဲနေသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။ အထူးသဖြင့် အစိုးရက တပ်မတော်အပေါ်သြဇာမရှိသောကြောင့် ထိုမေးခွန်းကို အစိုးရအနေဖြင့် ယတိပြတ် မဖြေနိုင်ဖြစ်သည်ဟု ဝေဖန်မှုများရှိသည်။

ဤအတောအတွင်း နိုဝင်ဘာ ၂၀ ရက်နေ့က ကချင်ပြည်နယ် နေရပ်စွန့်ခွာပြည်သူများ (IDPs) အတွက် ကျပ်သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိဆန်၊ စားသောက်ကုန်ပစ္စည်း၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်အစိုးရက ထောက်ပံ့ခဲ့ကြောင်း ၇ ရက်နေ့စဉ်သတင်းအရ သိရသည်။ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ပံ့မှုပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို နိုဝင်ဘာ ၂၀ ရက်က  မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးက သ တင်းထုတ်ပြန်ခဲ့သည်။ မြစ်ကြီးနားဝန်းကျင် ဒေသများနှင့် ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘောမြို့နယ်သုံးခုမှ စစ် ဘေးရှောင် ပြည်သူများအတွက် ကျပ်သိန်း ၁,၆၀၀ တန်ဖိုးရှိ ဆန်၊ စားသုံးဆီ၊ စောင် စသည့် ထောက်ပံ့ပစ္စည်းများနှင့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကု သရေးဖောင်ဒေး ရှင်းသို့ ကျပ်သိန်း ၁၂၀ တန်ဖိုးရှိ ဆေးဝါးများ တရုတ်အစိုးရက ထောက်ပံ့လှူဒါန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် တရုတ်နိုင်ငံ သံ အမတ်ကြီး ဟုန်လျန်တို့က ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာခက်အောင်နှင့် နေရပ်စွန့်ခွာပြည်သူ့ကိုယ်စားလှယ်များထံ ထောက် ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ တရုတ်နိုင်ငံက အိမ်နီးချင်းကောင်းပီသစွာ တိုက်ပွဲရှောင်စခန်းများအတွက် လှူဒါန်းထောက်ပံ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အ ထောက်အကူပြုမည့် ထိရောက်သော ခြေလှမ်းသစ်ဟုယူဆကြောင်းနှင့် တိုက်ပွဲရှောင်စခန်းများ ကြာရှည်တည်တံ့ခြင်း သည် ငြိမ်းချမ်းမှုအလှမ်းဝေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အနုတ်လက္ခဏာဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြော ကြားခဲ့သည်။

ပေါင်းချုပ်သုံးသပ်ရလျှင် မြန်မာ့ပြည်တွင်းစစ်ပြဿနာသည် “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” ဆို သည့် ၁၉၄၇ ပင်လုံကတိ ပျက်ကွက်ရာမှ စတင်သည့် နိုင်ငံရေးပြဿနာ ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးနည်းဖြင့် မရှင်းသမျှ အဖြေထွက်ဖွယ် မရှိပါ။ စစ်အင်အားဖြင့် အပြတ်တိုက်ခိုက်ချေမှုန်းနိုင်မည်ဟု စိတ်ကူးမယဉ်သင့်ပါ။ ဆယ်စုနှစ် ၇ ခု အတွင်း လက်တွေ့ရလဒ်မှာ စစ်ဒဏ်ကြောင့် ပြည်သူများ သေကြေ အနာတရဖြစ်ကာ တိုင်းပြည် ဆင်းရဲမွဲတေရခြင်းသာ အဖတ်တင် ပါသည်။ သမိုင်းတွင် ဂုဏ်တင်ခံထိုက်သော နိုင်ငံ့ခေါင်းဆောင်များဖြစ်လိုပါက “မြေမဲ့ယာမဲ့၊ အိုးမဲ့အိမ်မဲ့၊ စားစရာမဲ့ သောက် စရာမဲ့၊ ကူသူမဲ့ ကယ်သူမဲ့” ဖြစ်နေကြရသော နိုင်ငံသူနိုင်ငံသားများ၏ မျက်နှာကို ထောက်ထားကြစေလိုသည်။ ယနေ့ အဆုံးအဖြတ်ပြုနိုင်သော အာဏာပိုင်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး ဒုက္ခကို မျက်ကွယ်ပြုကာ မိမိတို့အာဏာမြဲရေးနှင့် စီးစိမ်ဥစ္စာတိုးပွားရေးကိုသာ အလေးထားနေကြပါက သမိုင်းတရားခံမျှမကဘဲ၊ သားစဉ်မြေးဆက် သမိုင်း၏ ဒဏ်ခတ်ပြစ်တင်ခံရနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားကြစေလိုပါသည်။

Vol.1, No.227: 8 December 2018, Saturday နေ့ထုတ် သူရိယနေ၀န်းဂျာနယ်၌ ဖေါ်ပြသည့်ဆောင်းပါး။ 

Comments