အေးငြိမ်း - ကျနော် တုံးပါသည်


အေးငြိမ်း - ကျနော် တုံးပါသည်
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၈

ကျွန်တော်ကား အလွန်တုံးသည့် ငတုံးတစ်ဦးသာ ဖြစ်ပါသည် ဆိုခြင်းအကြောင်း

(၁)

ကာလနယ် ဆိုးပါဘိ
သူခိုးက လူလူ
အလေ့ပေါက် မင်းမူတယ်
အိမ်သူကို ဧည့်စောင်း
သူကောင်းကို အပြစ်တင်တယ်
တောင်ယာရှင် မျောက်တွေကမောင်း။

သည်ခေတ်ကြီးကို ရှေးလူကြီးတွေက ဝိပ္ပတ္တိခေတ်၊ ဆုတ်ခေတ်ဟု ဆိုကြ၏။ နည်းပညာတွေ တစ်နေ့တခြား တိုးတက်လာပါလျက် အဘယ့်ကြောင့် ဆုတ်ခေတ်ဟုခေါ်သနည်း။

ရုပ်ဝတ္ထုတွေတိုးတက်လာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား၊ အတွေးအခေါ်အယူအဆတို့ ဆုတ်ယုတ်ပျက်ပြား လာသောကြောင့် ဖြစ်၏။ ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာ၍သာ ရုပ်ဝတ္ထုများ ပြောင်းလဲလာရသည်။ လူများ၏ အတွေးအခေါ်၊ အယူအဆ၊ အကျင့်စရိုက်များမှာ ရှေးယခင်ကာလများကနှင့် ဘာမှ မထူး။

အမှန်ဆိုရလျှင် မြန်မာပြည်ကြီး၌ အနှစ် ၁၀၀ ခန့်အတောအတွင်း တိုးတက်လာတာ တစ်ခုမှ ကျွန်တော် မမြင်သေးပါ။ လွန်ခဲ့သည့် အနှစ် ၁၀၀ လောက်ကနှင့် သည်ကနေ့၊ အားလုံး အတူတူပင် ဖြစ်၏။ ပိုလို့တောင် ဆိုးလာသေးသည်။ အသင်တို့ မယုံလျှင် ဆရာကြီး ဦးဘဂျမ်း၏ ကာတွန်းများကို ကြည့်ပါ။

ဆရာကြီး၏ ကာတွန်းများမှာ ယနေ့ ဖြစ်ပေါ်နေသည့် အခြေအနေများအတိုင်းချည်း ဖြစ်၏။ ၁၉၃၀ - ၄၀ ပတ်ဝန်းကျင်ကတည်းက ရေးဆွဲခဲ့သည့် ကာတွန်းများ ယနေ့ထိ မှန်နေသေးသည်မှာ အဘယ်ကြောင့်နည်း။ အဖြေမှာ ရှင်းပါသည်။ ဘာတစ်ခုမှ မပြောင်းလဲသေးသည့်အတွက် ဖြစ်ပါသည်။

ထို့အတူ အချုပ်တန်းဆရာဖေနှင့် ဦးပုညတို့ ကဗျာများသည်လည်း ယနေ့ခေတ်ကို အတိုင်းသာ ထင်ဟပ်နေ၏။ ထိုခေတ်က လူများ ဆိုးညစ်ယုတ်မာပုံများနှင့် ယခုခေတ်လူများ ဆိုးညစ်ယုတ်မာပုံများမှာ အတူတူပင် ဖြစ်၏။ ယခုခေတ်လူများက ယခင် လူများထက်တောင် သာသေးသည်။

ပြည်သူများတင် မဟုတ်ပါ။ အစိုးရပိုင်းမှလူများ ဆိုးညစ်ယုတ်မာပုံများသည်လည်း အတူတူပင် ဖြစ်၏။ ယခု ပူးတွဲဖော်ပြထားသည့် ဦးဘဂျမ်း၏ ကာတွန်းတစ်ကွက်ကိုကြည့်ရုံမျှနှင့် သိနိုင်ပါသည်။

ဝိပ္ပတ္တိခေတ်ကို အရှင်းဆုံးဘာသာပြန်ရလျှင် "လူတော်လူကောင်းတွေ မြောင်းထဲရောက်ပြီး လူဆိုး၊ လူယုတ်မာ၊ လူညစ်ပတ်၊ လူ့ဗလချီးနမ်း၊ လူ့အန္ဓ၊ လူ့ဗရုတ်သုက္ခ (ဘာကျန်သေးတုံး) တို့ နေရာရ၊ ကောင်းစားနေသောခေတ်" ဖြစ်သတည်း။


(၂)

သည်ကနေ့မနက် မိတ်ဆွေတစ်ယောက်ပို့လာသည့် ဓာတ်ပုံနှစ်ပုံကိုတွေ့လိုက်ရ၍ ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်မိ၏။ မဟုတ်တာတွေကို ထောက်ပြထားသည့် ပို့စ်တစ်ခုအတွက် ပို့စ်ရေးသူကို ခုံရုံးဖွဲ့စစ်မည့်အကြောင်း ဖြစ်၏။

Ref:
https://www.facebook.com/soe.thuyazaw/posts/1887796441341203

ပို့စ်ရေးသည့် ဆရာကလေးကို အလွန်လေးစားပါသည်။ သည်ပို့စ်သည် ငါးပိကြော်နံ့ နံနေမှန်း သူသိပါလိမ့်မည်။ သို့တိုင် မကြောက်ရွံ့ဘဲ အမှန်တရားကို ပိဿာလေးနှင့် ဘေးပစ်သလို ရေးထားလေရကား အပစ်ခံရသည့် ဟိုလူကြီးများမှာ အနာပေါ် ဝါးရင်းတုတ်ကျသကဲ့သို့ ဒေါသူပုန်ထကာ ခုံရုံးဖွဲ့စစ်မည် ဖြစ်လေတော့၏။ (ဟိ - မှန်တာပြောတော့လည်း မခံနိုင်ဘူး။ အတောင် ၂၀ ဝတ် မင်းယောက်ျားဂျီးတွေ တန်မဲ့။ ၂ လုံးရည်နဲ့ အတော်ပြည့်စုံရှာကြပေသကိုး။)

ကျွန်တော်ကတော့ ဆရာလေးဘက်မှ အပြည့်အဝရပ်တည်ပါသည်။ အမှားထောက်ပြခြင်းအနုပညာ ဆိုပြီး များမကြာမီက ကျွန်တော် ပို့စ်တစ်ပုဒ်ရေးခဲ့ပါသေး၏။ တိုင်းပြည်မှာ မဟုတ်တာတွေဖြစ်နေတာ ထောက်ပြပါမှ ထို မဟုတ်တာတွေကို ပြင်ပြီး ဟုတ်တာတွေ ဖြစ်လာမှာ မဟုတ်ပါလား။ ယခုတော့ ကိုယ်ကလည်း မဟုတ်တာလုပ်သေး။ မဟုတ်တာကို မဟုတ်ပါလို့ပြောတာ ကျ မခံနိုင်။ မည်ကဲ့သို့ တိုးတက်နိုင်ပါမည်နည်း။

မဟုတ်တာတွေ လုပ်ခဲ့လို့ မဟတ်တာတွေ ဖြစ်ခဲ့ပေါင်းများပြီ။ (နည်းနည်းလောက် နမူနာပြရလျှင် ဟို သုံးလို့စားလို့မရသော ရထားတွဲ၊ ရထားလမ်းနှင့် ဘူတာများကို ကြည့်ပါ။ တောထဲမှာဆောက်ထားသည့် so call တက်ကသို ဆိုတာကြီးတွေကို ကြည့်ပါ။) သဟာနဲ့များတောင် ယခုထိ သင်ခန်းစာ မယူနိုင်သေး ဆိုလျှင်ဖြင့် ၎င်းတို့လောက် မိုက်မဲသူ ဒီလောကကြီးမှာ မရှိနိုင်။ အဲလေ ယခုထိလည်း ၎င်းတို့မှာ အမိုက်ဆုံးပုဂ္ဂိုလ်များပင် မဟုတ်ပါလား။ ၎င်းတို့ မည်မျှမိုက်မဲသည်ကို ဖေ့စ်ဘုတ်တွင်ပြောနေသော သူတို့ စကားများအရ သိနိုင်ပါသည်။ အသိဉာဏ်ဆိုတာလည်း တစ်စက်ကလေးမှ မရှိ။ စကားကို ငါ့စကားနွားရပြောသည်။

ဝန်ထမ်းတွေဘဝက ပိုဆိုးသေး၏။ မန်နေဂျာဖြစ်နေတာတောင် ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိ။ အထက်က ခိုင်းသည့်အတိုင်း ဟုတ်ကဲ့ခင်ဗျ၊ အင်းခင်ဗျ လုပ်နေရသည်။ ဆိုးပေစွ။ နောက်ပြီး ဟိုဟာမလုပ်ရ၊ ဒီဟာမကိုင်ရ။ အစစအရာရာ ချုပ်နှောင်ထား သေးသည်။

(အယ်မယ်လေး၊ ကြောက်လှပါတယ် မောင်မင်းကြီးသားတို့။ ဘာမှ အရေးယူတာတွေ တရားစွဲတာတွေ လျှောက်လုပ်မနေနဲ့အုံး။ ဒီလောက်ကလေးတော့ ပြောပါရစေနော။ တစ်ခေါက်တစ်ခေါက်ပြန်ဘို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပေဘူး။ တော်ပြီနော်။ ထပ်မရှေတော့ဘူး။ နော် နော်လို့။)

သို့သော်လည်း ဤကိစ္စမှာ ယခုမှ ဖြစ်တာမဟုတ်။ ဟိုး ရောမခေတ်၊ ဆိုကရေးတီးတို့ လက်ထက်ကတည်းက ဖြစ်ခဲ့တာ ဖြစ်၏။ ဆိုကရေးတီးက လူငယ်များ အတွေးအခေါ်မှန်လာစေရန် သွန်သင်ပြသ ဆိုဆုံးမပေးသည်။ ဤသည်ကို အစိုးရအရာရှိမင်းတို့က သူတို့ကို ပုန်စားပုန်ကန်ပြုရန် သင်ပေးနေပါသည် ဟု စွပ်စွဲကာ ဆိုကရေးတီးကို ၎င်း၏ အယူအဆများ စွန့်လွှတ်ခိုင်း၏။ သို့သော် ဆိုကရေးတီးကမူ နေလမ်း နှင့် သေလမ်း နှစ်လမ်းရှိသည့်အနက် သေလမ်းကိုသာ ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့လေသည်။ ၎င်း၏ မှန်ကန် သည့် အတွေးအခေါ် အယူအဆများကိုမူ မစွန့်လွှတ်ခဲ့။

(၃)

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာတုံးက ဒီခေတ်ကြီးမှာ ကြောက်နေတဲ့သူဟာ အတော်တုံးတဲ့သူပဲ တဲ့။ တယ်လဲစာလိုက်တဲ့ ဆိုပါကလား။ သို့သော်လည်း မကြောက်မရွံ့ ထောက်ပြတဲ့သူကျတော့ ဒီလိုအရေးယူသတဲ့လား ခင်ဗျာ။

ကျွန်တော်ကတော့ အဖမ်းခံရမှာ ကြောက်သည်နှင့် မရေးရဲပါ။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည့်စကားအရ ကျွန်တော်ကား အလွန်တုံးသော ငတုံးတစ်ယောက်သာ ဖြစ်ပါကြောင်း။

အေးငြိမ်း
၂၁ ဒီဇင်ဘာ၊ ၂၀၁၈

Comments