ပြည်သစ်ဟန် ● ခေတ်နှစ်ခေတ် လူနှစ်ယောက် အသံထွက်တစ်ခု
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈
ကျွန်တော် ပြတင်းပေါက်လေးတစ်ပေါက်ကို လိုက်ရှာနေမိသည်။ ဘာကြောင့် လိုက်ရှာနေမိလဲဆိုသည်မှာ ကျွန်တော်ကိုယ်တိုင် ရုတ်တရက် တွေးမရနိုင်ပါ။ကျွန်တော်ကိုယ်တိုင်တော့ အရေးကြီးသည်ဟုထင်နေမိသည်။ပြတင်းပေါက်လေးတစ်ပေါက်ကို ရှာနေရခြင်းသည် တစ်စုံတရာနှင့် ဆက်စပ်နေနိုင်ပါသည်။အပြင်လောကကို ထိတွေ့နိုင်ဖို့လား။ကျွန်တော်က တစ်စုံတရာထဲ ရောက်ရှိနေ၍လား။ကျွန်တော်က ပျောက်ဆုံးနေသော လူတစ်ယောက်လား။ကွယ်ဝှက်နေသော လူတစ်ယောက်လား။ထွက်ပြေးနေသော လူတစ်ယောက်လား။ပြတင်းပေါက်လေး တစ်ပေါက်ကိုတော့ အသေအချာလိုက်ရှာနေမိသည်။
တစ်စုံတစ်ယောက်နှင့် ကျွန်တော် စကားပြောဖြစ်သည်။နှစ်ယောက်စလုံး ဘယ်ကနေစပြောရမည်ကို တွက်ချက်စဉ်းစားမထားကြပါ။ဒီလိုနှင့် အပြန်အလှန် စကားပြောဖြစ်နေကြသည်။ကျွန်တော်က နားထောင်သူအနေနှင့် အများဆုံးရှိနေသည်။အသံများ၊စကားလုံးများကို လျှော့ထားရသည်။နားများ၊စိတ်များကို စွင့်ထားရသည်။ကျွန်တော်တို့ စကားပြောဖြစ်ကြပုံက ဤသို့ အခြေအနေရှိသည်။တဟားဟားနှင့် ရယ်မောလိုက်ကြသည်။ တည်ငြိမ်လေးနက်၍လည်း သွားကြပြန်သည်။ကျွန်တော်တို့ ယခုလိုပင်ပြောဖြစ်နေခဲ့ကြသည်။
ပြတင်းပေါက်လေး တစ်ပေါက်ကိုတော့ ကျွန်တော်လိုက်ရှာနေမြဲ ဖြစ်သည်။မျက်လုံးများက နံရံဆီ၊ပြတင်းပေါက်ဟု ယူဆ၍ရနိုင်သော မှန်သားပြင်နံရံ အကာများအပေါ် တစ်ခါတစ်ရံ ရောက်ရှိနေတတ်သည်။သိုပေမယ့် ပြတင်းပေါက်တော့ မဟုတ်ပြန်ပါ။ပြတင်းပေါက်ယောင် ဆောင်ထားသော ပြတင်းပေါက်များ ဖြစ်နိုင်သည်။
ကျွန်တော်နှင့် စကားပြောနေသောသူသည် ပြတင်းပေါက်များအကြောင်းကို မေ့ထားပုံရပါသည်။မေ့ကောင်းမေ့နေခြင်းလည်း ဖြစ်နိုင်ပါသည်။သူ့အတွက် အရေးကြီးသည်က ကျွန်တော့်လို ပြတင်းပေါက်လေးတစ်ပေါက် မဟုတ်နိုင်ပါ။စားပွဲပေါ်က စာအုပ်၊စာရွက်ဖိုင်တွဲများနှင့် သဒ္ဒါအထားအသိုများ ဖြစ်နိုင်ပါသည်။အတိတ်က သူ့အကြောင်းမိားလည်း ဖြစ်နိုင်ပါသည်။အိမ်လခများလည်း ဖြစ်နိုင်ပါသည်။ဘတ်စ်ကားတစ်စီးပေါ် တစ်နာရီနီးပါး မတ်တပ်ရပ်စီးပြီး လိုက်ပါနေရသော နေ့စဉ်အကြောင်းများလည်း ဖြစ်နိုင်ပါသည်။ထိုအကြောင်းများကပင် ကျွန်တော့် အတွေးထဲသို့ တစ်ခါတလေ ဝင်ရောက်နေတတ်သော သတင်းစကားများ ဖြစ်နေတတ်ပါသည်။ကျွန်တော်က နားထောင်သူအဖြစ်နှင့် သူ့၏ ပြောစကားများကို သိမ်းဆည်းမိသော သေတ္တာထဲက မှတ်တမ်းစာရွက်များလည်း ဖြစ်နေနိုင်ပါသည်။
ကျွန်တော်တစ်ခု စဉ်းစားမိပါသည်။ကျွန်တော်က နံရံဆီက ပြတင်းပေါက်လေးတစ်ပေါက်ကို ရှာနေခြင်းဖြစ်ပေမဲ့ သူက တစ်စုံတစ်ခုသော ပြတင်းပေါက်လေးကို ရှာဖွေနေခြင်းရော မဖြစ်နိုင်ပေဘူးလား။ကျွန်တော့်ကို မနက်ခင်းတိုင်းမှာ တစ်ခါတလေ သူပြောနေခဲ့သော စကားများက သူ့အတိတ်က ရှာဖွေမတွေ့ခဲ့သော ပြတင်းပေါက်လေးများ ဖြစ်နေမလား။ထိုပြတင်းပေါက်လေးအတွက် ကျွန်တော့်ကို ကူရှာနေခိုင်းခြင်းများ ဖြစ်နေမလား။သူ့၏ အတိတ်က လိုချင်ခဲ့သော ပြတင်းပေါက်လေးက ပြတင်းပေါက်အဖြစ်နှင့် မရှိခဲ့တာလား။ပြတင်းပေါက် ရှိလျက်သားနှင့် သူက မတွေ့ခဲ့သည်များလား။ပြတင်းပေါက်လေးကို တွေ့လျက်သားနှင့် ရင်မဆိုင်ဝံ့သော လောကဓံများကြောင့် ရှောင်လွှဲသွားခဲ့ရခြင်းလား။ပြတင်းပေါက်ယောင်ဆောင်ထားသော ပြတင်းပေါက်ကြောင့် ပြတင်းပေါက်အစစ်ကို မတွေ့ခဲ့သည်များလား။
ကျွန်တော်ကတော့ ပြတင်းပေါက်လေးတစ်ပေါက်ကို လိုက်ရှာနေမြဲပင်။အခန်း၏ နံရံပတ်ချာလည်တဝိုက်မှာ လိုက်ရှာနေမြဲပင်။အပြင်လောကဟူသည် ပြတင်းပေါက်လေးတစ်ပေါက် ပျောက်ဆုံးနေသော အခါမှသာ ပို၍ မြင်ချင်စိတ်ကို ပြင်းပြစွာ တောင်းတနေတော့သည်။ကျွန်တော်က ငြိမ်သက်နေသည်။အခန်းကလည်း ငြိမ်သက်နေသည်။အခန်း၏ အပြင်ဘက်က သစ်ရွက်များကတော့ လှုပ်ခတ်နေသည်။လူများကတော့ လှုပ်ရှားနေသည်။ခိုလေးများက ဓာတ်ကြိုးများပေါ်မှာ ပြေးလွှားနေကြသည်။နံရံမှန်သားအကာ၏ လိုက်ကာတစ်ဝက်မျှ တင်ထားသော နေရာဆီကနေ ကျွန်တော်လှမ်းမြင်နေရခြင်းပင်။လှိုက်ကာတစ်ဝက် ဖုန်းအုပ်နေသော ပြင်ပလောကက အလှုပ်အခတ်များကိုတော့ ကျွန်တော် မသိတတ်နိုင်စွမ်းပါ။ဒါကတော့ သိပ်သည်းလှသော မြင်ကွင်းအကွက်ထဲကို ကျရောက်နေသော ကျွန်တော်၏ တွေးမှု၊မြင်မှု အစိတ်အပိုင်းပင်။
ကျွန်တော်နှင့် စကားပြောနေကျသူကတော့ အမြဲလို သူ့အကြောင်းကို ပြောနေမြဲပင်။မနက်ခင်းတိုင်း ပွင့်အန်နေမြဲပင်။ကျွန်တော်ကလည်း နားထောင်နေမြဲပင်။တစ်ခါတရံ နံရံဆီသာ လှမ်းကြည့်ရင်း ပြတင်းပေါက်လေးကို ရှာနေတတ်မြဲပင်။ကျွန်တော်နှင့် စကားပြောနေသောသူမှာ အသက်အရွယ်အားဖြင့် ကျွန်တော့်၏ အဘအရွယ်မျှလောက်ရှိပါသည်။သူပြောသော အများဆုံး အကြောင်းအရာများမှာ သူ့အတိတ်ကာလများထဲက ဆုံးရှုံးခဲ့ရသော အကြောင်းများ၊လေလွင့်နေခဲ့ရသော အကြောင်းများ၊မျှော်လင့်ချက်မဲ့နေသော အကြောင်းများ စသည်ဖြင့် အများဆုံး ဖြစ်နေပါသည်။သို့ပေမယ့် အမြဲလိုလို ရွှင်ရွှင်လန်းလန်းနှင့် ပြောနေတတ်သည်။သူ့လောကဓံ၏ အထုအထောင်းများသည် သူ့၏ ပျော်ပျော်နေတတ်သော စရိုက်များအောက်မှာ ပြားပြားဝပ်နေရပုံရပါသည်။ဒါကြောင့် သူ မယိုင်ခဲ့ခြင်းလား။မလဲခဲ့ခြင်းလား။မတိမ်းခဲ့ခြင်းလား။သွားတချို့ ကျိုးနေသော "လေပေါက်များ"ဆီကနေ သူ့၏ ရယ်မောခြင်းများနဲ့အတူ လောကဓံမှာ ထွက်ထွက်သွားနေခဲ့လေသလား မှတ်ထင်ရသည်။
သူ့ငယ်ဘဝက ဆုံးရှုံးရခြင်းများလို မကြုံရဖို့ ကျွန်တော့်ကို အမြဲမပြတ် ပြောနေခဲ့သည်။မနက်စောစော ခဏတာ အချိန်လေးမှာ သူ့၏ ကျွန်တော့်အပေါ်ထားသော မေတ္တာလေလား။ထိုစကားသံများက အခန်းထဲမှာ တချို့လှည့်လည်သွားလာနေနိုင်သည်။နံရံမှန်သားပြင်ကနေ ဖောက်ပြီး အပြင်ကို တချို့ ရောက်နေနိုင်ပါသည်။တဝက်ကျနေသော လိုက်ကာ၏ အရေပြားပေါ်သို့လည်း တချို့တဝက် ပွတ်တိုက်နေနိုင်ပါသည်။တစ်ခါတရံ မေတ္တာတရားဟူသည် ဖမ်းဆုပ်ထားသူ တစ်ယောက်အဖို့ ဝင်ချင်တိုင်းဝင်ပြီး ၊ထွက်ချင်တိုင်းထွက်၍ မရသော အခန်းတစ်ခန်းလိုပင် ဖြစ်နေပါလိမ့်မည်။
ကျွန်တော့်ကို သူပြောနေသော သူ့အတိတ်အကြောင်းများသည် ကျွန်တော့်အထင်တော့ ပြတင်းပေါက်လေးတစ်ပေါက်ကို ရှာနေခြင်းဟု ထင်မိသည်။ကျွန်တော်လည်း အခန်းနံရံဆီကိုသာ လှမ်းကြည့်ရင်း ပြတင်းပေါက်လေးတစ်ပေါက်ကို လိုက်ရှာနေခဲ့ပါသည်။ကျွန်တော်တို့ နှစ်ယောက်ကို ပြဌာန်းပေးထားသော အရာသည် ကျွန်တော်တို့ မသိခဲ့သော အတိတ်ထဲမှာလည်း ဖြစ်နိုင်ပါသည်။မသိသေးသော အနာဂတ်ထဲမှာလည်း ဖြစ်နိုင်ပါသည်။ပစ္စုပ္ပါန်သည် ပြတင်းပေါက် ဖြစ်၍နေသည်။သူသည် တစ်စုံတရာကို ပျောက်ဆုံးနေသော သူဖြစ်လျှင် ၊ကျွန်တော်လည်း တစ်စုံတရာ ပျောက်ဆုံးနေသော သူတစ်ယောက် ဖြစ်နိုင်ပါသည်။သူသည် သက္ကရာဇ် ရှစ်ဆယ့်ရှစ်၏ ရှေးကာလအပိုင်းအခြား အမှောင်ထဲက မျိုးဆက်ဖြစ်သလို၊ ကျွန်တော်သည် ရှစ်ဆယ့်ရှစ် နောက်ပိုင်း၏ အမှောင်ထဲက ရုန်းကန်နေရသော မျိုးဆက်ဖြစ်နေခြင်းမှာ သိပ်အငြင်းပွားဖွယ်ရာ အရာတော့မဟုတ်ပါ။ထို့ကြောင့် ပြတင်းပေါက်လေး တစ်ပေါက်ကိုသာ ကျွန်တော်တို့နှစ်ယောက် လိုက်ရှာနေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။နှစ်ခုတော့ မဖြစ်နိုင်ပါ။ ။
ပြည်သစ်ဟန်
Comments