မင်းထင်ကိုကိုကြီး ● ကယ်တင်ရှင်ဇာတ်ညွှန်း

မင်းထင်ကိုကိုကြီး ● ကယ်တင်ရှင်ဇာတ်ညွှန်း
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၈

၂၀၁၈ မိုးမခ သြဂုတ်လထုတ်မှ ဖြစ်သည်။


ကိုမင်းထက်မောင်က စာမူတောင်းတယ်။ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ရေးပေးစေချင်တယ်ကလည်း ပြောသေးတယ်။ ကြိုးစားကြည့်မယ်ပြောလိုက်တာကို ရတယ်၊ ကျွန်တော် စောင့်မယ် ချည်ပါလေရော။ တကယ်တမ်းကျတော့ မရေးဖြစ်ဘူး။ နောက်ဆုံးကျတော့ Facebook မှာ ရေးထားတာတွေကို ပြန်စီပေးဖို့ ၂ ဦး သဘောတူလိုက်ကြရတယ်။

ရေးထားတာလေးတွေကို ဒီတိုင်း စီပေးလိုက်ပါတယ်။ ဆောင်းပါးမဖြစ်ရင် တာဝန်ရှိသူက ကျွန်တော်ပါ။

● ဇာတ်ညွှန်း ၁

ရုပ်ရှင်ဆိုတာ ကျွန်တော့်အတွက်တော့ ဇာတ်ညွှန်းပါလို့ ကျွန်တော်တစ်ယောက်တည်း ပြောနေခဲ့တာကြာပါပြီ။ မြန်မာ့ရုပ်ရှင် ကို ကယ်တင်မယ့်သူက ငွေရှင်ကြေးရှင်လည်း မဟုတ်ဘူး။ ထုတ်လုပ်သူလည်း မဟုတ်ဘူး။ မင်းသား မင်းသမီးလည်း မ ဟုတ်ဘူး။ ဒါရိုက်တာလည်း မဟုတ်ဘူး။ DoP လည်း မဟုတ်ဘူး။ ဇာတ်ညွှန်းပညာရှင်ပါ။ အဲဒါကိုလည်း ကျွန်တော် တစ် ယောက်တည်းပြောနေခဲ့တာ ကြာပါပြီ။

ဇာတ်ညွှန်းကောင်းတွေ အရေးတကြီးလိုအပ်နေဆဲပါ။

● ဇာတ်ညွှန်း ၂

မြန်မာရုပ်ရှင်တွေ ကြည့်ဖြစ်နေတာကြာပါပြီ။ ဘယ်ရုပ်ရှင်ဖြစ်ဖြစ် လူတွေသွားကြည့်နေကြတယ်ဆိုရင် မုဒိတာပွားတယ်။ ရုပ်ရှင်တွေ ပိုက်ဆံရဖို့လိုတယ်။ အထူးသဖြင့် ကိုယ်မကြည့်ဖူးတဲ့ ဒါရိုက်တာတွေဆို တကူးတက သွားကြည့်ဖြစ်တယ်။ ဇာတ်ညွှန်းဘယ်သူလဲ၊ DoP ဘယ်သူလဲ စူးစမ်းဖြစ်တယ်။ ဇာတ်ညွှန်းကောင်းတွေ အရေးတကြီးလိုအပ်နေတယ်လို့ မြင်နေတာကြောင့်လည်းဖြစ်လိမ့်မယ်။ ဇာတ်ညွှန်းအပေါ်မှာ အထူးအာရုံစိုက်ဖြစ်တယ်။

၂၀၁၃ က မင်းသမီးတောင်မပါတဲ့ Her ရုပ်ရှင်ရဲ့ဇာတ်ညွှန်းကို Spike Jones ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ခဲ့တာပါ။ အဲဇာတ်ညွှန်းကို မြန်မာနိုင်ငံက ဘယ်ဒါရိုက်တာရိုက်ရိုက် ကြည့်ပျော်ရှုပျော်ရှိတဲ့ ရုပ်ရှင်တစ်ကားတော့ ဖြစ်နေလိမ့်ဦးမယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက ဇာတ်ညွှန်းတစ်ခုကို Steven Spielberg ကို မူရင်းဇာတ်ညွှန်းအတိုင်း ရိုက်ခိုင်းရင် ကြည့်ပျော်ရှုပျော်ရှိတဲ့ ရုပ်ရှင်ဖြစ်လာမယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ Spielberg ကလည်း ရိုက်မှာ မဟုတ်ပါဘူး။

ဇာတ်ညွှန်းကောင်းတွေ အရေးတကြီးလိုအပ်နေပါပြီ။ ထပ်ဖြည့်ပြောရပါဦးမယ်။ ဇာတ်ညွှန်းကောင်း ဟုတ်/မဟုတ် နားလည် တဲ့ ဒါရိုက်တာတွေလည်း လိုအပ်ပါတယ်။

● ဇာတ်ညွှန်း ၃

မနေ့ကစကားကိုဆက်ချင်ပါသေးတယ်။ ကျေးဇူးပြုပြီး မနေ့က post ကို အရင်ဖတ်စေချင်ပါတယ်။

စတီးလ်အပါအဝင် ဒါရိုက်တာအသစ်တွေဟာ သူတို့ရုပ်ရှင်တွေရဲ့ cinematography ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားထားကြတယ်လို့ ပြောခဲ့ပါတယ်။ စတီးလ်ရဲ့ သုံးရောင်ခြယ်မှာဆိုရင် location ကိုလည်း သေချာအားထုတ်ထားတယ်။ မဲ ဆောက်ကို မြင်ရတယ်၊ မြဝတီကနေ မဲဆောက်ကို လှေနဲ့ဖြတ်ကူးတာတွေ မြင်ရတယ်။ အောင်မြတ်ကားမှာလည်း တောင် ကြီး မီးပုံပျံပွဲ၊ စပျစ်ခြံ၊ ဝိုင်စက်ရုံတွေ မြင်ရတယ်။


ရုပ်ရှင်ရုံထဲမှာ အခြေခံအားဖြင့် အရုပ်တွေကို ကြည့်ရင်း အသံတွေကို နားထောင်ရတာပါ။ အရုပ်တွေ၊ အသံတွေ ကောင်းဖို့ လ်ုအပ်ပါတယ်။ ရုပ်ရှင်ကြည့်ပြီး စကားပြောကြဆွေးနွေးကြတော့ အရုပ်တွေကောင်းတယ်၊ အသံတွေကောင်းတယ်လို့ ပြောကြရတယ်။။ ဒါပေမဲ့ကျွန်တော်ရုပ်ရှင်သွားကြည့်တာ အဲဒါထက်ပိုတဲ့ မျှော်လင့်ချက်ပါတယ်။

ကိုလူမင်းနဲ့ စကားပြောဖြစ်တယ်။ ခင်မင်ရင်းနှီးမှုအတိုင်းအတာအရ၊ အပြန်အလှန် နားလည်လေးစားမှုအရ ပြောကြတယ်။ ခင်ဗျားတို့ မင်းသား မင်းသမီးတွေက ရုပ်ရှင်တကားရိုက်ဖို့ရွေးခြယ်တဲ့အခါ ဒါ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်လာမှာလားဆိုတာကို လုံးဝမကြည့်ကြဘူး။ မသိတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ငါဘယ်လောက်သရုပ်တောင်ကွက်ရမှာလဲဆိုတဲ့ အချက်ကို အခြေခံထားပြီး ရွေးကြတယ်လို့ပြောဖြစ်ခဲ့တယ်။ ရုပ်ရှင်က မကောင်းဘူး။ ဒါပေမဲ့ မင်းသား မင်းသမီး သရုပ် ဆောင်တာက ကောင်းနေတယ် (ကောင်းနေတယ်လို့ အဲရုပ်ရှင်ကြည့်နေကျသူတွေ မြင်တယ်)။ ရုပ်ရှင်တစ်ခုလုံးရဲ့ ညံ့ဖျင်း နေမှုကို မင်းသား မင်းသမီးသရုပ်ဆောင်မှုတွေက အကာအကွယ်ပေးထားတယ်။ အဲဒါက ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကြည့်နေခဲ့ရတဲ့ ရုပ်ရှင်တွေ။

အခု ရုပ်ရှင်အမျိုးအစားအသစ်တစ်ခု ပေါ်ထွန်းလာဖို့ အစပြုနေပြီ။ ရှေ့မှာ ရှိထားပြီးသား ရုပ်ရှင်တွေနဲ့မတူသော၊ ခြားနား သော ရုပ်ရှင်အသစ်။ cinematography ကောင်းမွန်တဲ့၊ အသံကောင်းမွန်တဲ့၊ location အသစ်တွေ၊ သရုပ်ဆောင်အသစ်တွေနဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ ကြည့်ရတော့မယ်။ တိုးတက်မှုတစ်ခုပါ။

ဒါပေမဲ့...
ဒါပေမဲ့ ရုပ်ရှင်ရုံထဲကထွက်လာပြီး ကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်း ပြန်ဆွေနွေးကြတဲ့အခါ အရုပ်တွေကောင်းတယ်၊ အသံတွေ ကောင်းတယ်၊ location တွေ ကောင်းတယ်၊ နောက်ဆုံး သရုပ်ဆောင်တွေကောင်းတယ်ဆိုတာမှာပဲ ကောင်းခြင်းတွေ ရပ်ရ တော့မှာလား။ ဇာတ်ညွှန်းကာင်းတယ်ဆိုတာလည်း ထည့်ပြောချင်ပါသေးတယ်။

အတတ်ပညာနဲ့ အနုပညာသဘောအရ ရှေ့မှာရှိထားပြီးသား ရုပ်ရှင်တွေရဲ့ ဇာတ်ညွှန်းအရည်အသွေးထက် ပိုပြီးကောင်းမွန် တဲ့ ဇာတ်ညွှန်းတွေ လိုအပ်နေပါသေးတယ်။ အရေးတကြီး လိုအပ်နေပါသေးတယ်။ ။

● ဇာတ်ညွှန်း ၎
ရုပ်ရှင်တွေရိုက်ဖို့ဆိုပြီး ၂၀၀၃ မှာ စင်္ကပူကနေ ပြန်လာပါတယ်။ အဲဒီတုန်းက ဖလင်တွေနဲ့ရုပ်ရှင်ရိုက်နေကြတုန်းပါ။ digital format နဲ့ရိုက်တဲ့ ရုပ်ရှင်တွေကိုလည်း DVD ရုပ်ရှင်ဆိုပြီး ရန်ကုန်မြို့လည်ကောင်မှာ ရုံတင်ခွင့်ပြုပါတယ်။

ရာဇာနေဝင်းလျှမ်းလျှမ်းတောက်ဖြစ်နေတဲ့ကာလပါ။ ကိုရာဇာနဲ့ ရုံတင် DVDဇာတ်ကားရိုက်ဖို့ ဇာတ်ညွှန်းရေးတယ်။ ရုပ်ရှင်နဲ့ DVDကားဆိုရင် မရိုက်ခင် ဇာတ်ညွှန်းကို အရင်တင်ရတယ်။ အဲဒါနဲ့ မောင်ရာဇာနေဝင်း (Clone) ဇာတ်ညွှန်းကို တင်လိုက် တယ်။ ကျွန်တော့်စိတ်ကူးကိုအခြေခံတဲ့ဇာတ်လမ်းဖြစ်လို့ original script လို့ပြောရမှာပါ။

ရုပ်ရှင်အစည်းအရုံးက လူကြီးတစ်ယောက်က သူ့အိမ်ကိုလာတွေ့ဖို့ခေါ်တယ်။ ဘယ်သူဆိုတာတော့ မပြောတော့ပါဘူး။ တွေ့တော့ သူ့ဘီရိုထဲက ရုပ်ရှင်စာအုပ်တွေပြပြီး မင်းဖတ်ဖူးလားတဲ့။ ကျွန်တော်အံ့အားသင့်နေတာပေါ့။ မြန်မာနိင်ငံမှာ ဒါရိုက်တာလုပ်ဖို့ဆိုတာ လွယ်လွယ်လေး ထင်နေလားတဲ့။ မင်းက အခုချက်ချင်းကြီး ဒါရိုက်တာလုပ်ချင်ရအောင် မင်းက ဘယ်သူ့ဆီမှာ တပည့်ခံခဲ့တာလဲ၊ ဘာတွေလုပ်ဖူးသလဲ မေးတယ်။ ငါတို့က ဒါရိုက်တာဖြစ်ဖို့ နှစ်ပေါင်းများစွာတပည့်ခံခဲ့ရတာလို့လည်းပြောပါသေးတယ်။ တပည့်တော့လည်း မခံဖူးပါဘူး၊ ကျောင်းပရောဂျက်လေးကလွဲပြီး လုပ်ဖူးတာလည်း မရှိပါ ဘူးဖြေရတာပေါ့။ ဒါဆိုရင် မင်းဒါရိုက်တာလုပ်ခွင့်မရှိဘူးတဲ့။ ကျွန်တော်အံ့သြသွားတယ်။ မင်းကို ကြီးကြပ်မယ့်ဒါရိုက်တာ တစ်ယောက်ယောက်မပါဘဲ ရိုက်ခွင့်မပြုနိုင်ဘူးတဲ့။ ကျွန်တော်က ကျွန်တော့်ဇာတ်ညွှန်းအကြောင်း ဆွေးနွေးဖို့ခေါ်တယ်ထင် နေခဲ့တာ။

အဲဒါနဲ့ ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားသေးတယ်။ နောက်တော့ ကိုရာဇာနဲ့တိုင်ပင်ပြီး ကိုရာဇာတို့အမေ ဒေါ်ခင်မာလာကြီး ကြပ်သည်လုပ်လိုက်ရတယ်။ အဲဒါနဲ့ပဲ ကျွန်တော့်ပထမဆုံးရုပ်ရှင်ရဲ့ ပိုစတာနဲ့ ရုပ်ရှင်ထဲကစာတမ်းထိုးမှာ "ဒါရိုက်တာ ခင်မာလာ ကြီးကြပ်သည်" ဆိုတာ ပါနေတော့တာပါ။

● ဇာတ်ညွှန်း ၅

မောင်ရာဇာနေဝင်း (Clone) ဇာတ်ညွှန်းရေးဖြစ်ပုံ နည်းနည်းပြောပြမယ်။

အမှန်တော့ ပိုက်ဆံလိုချင်တဲ့စိတ်က များနေတယ်။ လက်ထဲမှာရှိတဲ့ငွေကလေးနဲ့ရိုက်ရမှာဆိုတော့ ပြန်မရမှာစိုးနေတယ်။ ပြန်မရရင် ဒီအလုပ်တွေဆက်မလုပ်နိုင်တော့ပဲဖြစ်သွားမှာကို အစိုးရိမ်ကြီး စိုးရိမ်နေတယ်။ အဲဒီအခြေခံစိတ်နဲ့ အဲဒီ ဇာတ် ညွန်းကိုရေးခဲ့တာ။

ကိုရာဇာက လျှမ်းလျှမ်းတောက်၊ သူ့ကိုတည်မယ်၊ တစ်ကားတည်းနဲ့လူတွေသိစေရမယ်၊ ပိုက်ဆံလည်း ရစေရမယ်။ အဲလို တွက်ပြီး အဲဇာတ်လမ်းကိုစဉ်းစား၊ အဲဇာတ်ညွှန်းကိုရေးခဲ့တာ။ လူသားပုံတူကူးခြင်း human cloning ဆိုတော့ အသစ်။ frame တစ်ခုထဲမှာ ရာဇာနေဝင်းအစစ်တွေ များနိုင်သမျှ များများရအောင် ထည့်ပြမယ်။ visually အဲဒါလည်း အသစ် (၃၂ ယောက် ထည့်ပြနိုင်ခဲ့ပါတယ်)။ ရာဇာနေဝင်း ၂ ကိုယ်ခွဲ၊ တစ်ယောက် အကြမ်း၊ တစ်ယောက် အနု။ ဒါလည်း traditionally ဖေါ်မြူလာတစ်ခု။ အဲလို တွက်ချက်ပြီးရေးခဲ့တဲ့ ဇာတ်ညွှန်း။

ရာဇာနေဝင်းကိုယ်ပွား လူအလှုပ်တွေ၊ လူအထပ်တွေ၊ ကင်မရာကလည်း တစ်ချိန်တည်းမှာ ရွေ့နေတာတွေ ဇာတ်ညွန်းရေး ကတည်းက ပါတယ်။ storyboard တစ်ခါတည်း ကိုယ်တိုင် ဆွဲတယ်။ အဲလိုတွေ စိတ်ကူးချင်သလိုစိတ်ကူးပြီးရေးထားတာ။ ဇာတ်ညွန်းထွက်တော့မှ CG ပိုင်း ဘယ်သူလုပ်နိုင်မလဲရှာတာ။ အဲဒီမှာ ကိုဝဏ္ဏကျော်နဲ့တွေ့တယ်။ ကိုဝဏ္ဏက အဲဒီတုန်းက ကိုမျိုးမင်းခင်နဲ့အတူ ကုမ္မဏီထောင်ထားတဲ့အချိန်။ ကိုဝဏ္ဏတောင်းတဲ့ဈေးကိုမဆစ်ဘဲပေးပြီး အလုပ်အပ်တယ်။ ပိတ်ကား ပေါ်မှာ စက္ကန့်ပိုင်းလောက်ပြရဖို့ တစ်နေကုန် တစ်ဂျူတီစာရိုက်ခဲ့ရတာတွေလည်းရှိတယ်။

ကားဆက်တော့ apple media 100 ရှိတဲ့ လွင်မိုးရဲ့ zan မှာ ကိုယ်တိုင်ဆက်တယ်။ အောင်မျိုးဦးက အော်ပရေတာ။ CG တွေကို ကိုဝဏ္ဏနဲ့ သူ့တပည့် ရဲဇာနည်ဆက်တယ်။

၂၀၀၄ မတ်လ ရန်ကုန်မြို့လည်ခေါင်မှာ ရုံတင်တယ်။ မောင်ရာဇာနေဝင်း (Clone) ရှေ့မှာ အကယ်ဒမီ ၈ ယောက်ပါတဲ့ကား အရင်ဝင်တယ်။ ပြီးမှ clone တင်တာ။ clone မှာ ရာဇာနေဝင်းနဲ့ ခိုင်သင်းကြည်ပဲပါတာ။ ဒါပေမဲ့ ၂ ပါတ်ဝင်ငွေမှာ clone က ပိုများတယ်။

ဒါပေမဲ့ ရန်ကုန်ကဆင်းပြီး နယ်ရောက်သွားတဲ့အချိန်မှာ ဝင်ငွေက သိသိသာသာကျသွားတယ်။ ခုနကပြောတဲ့ အကယ်ဒမီ ၈ ယောက်ပါတဲ့ကားက သိသိသာသာတက်တယ်။

မန္တလေးမှာပြတော့ လိုက်သွားသေးတယ်။ ရုံထဲ ဝင်ထိုင်ကြည့်တာပေါ့။ ရုပ်ရှင်မပြီးသေးဘူး အချို့ထပြန်ကုန်တယ်။ 'ဘာ တွေမှန်းလည်း မသိဘူး၊ ဘယ်အရူးရိုက်တာလဲ မသိဘူး' ဆိုတာမျိုးတွေအထိ ပြောကြတယ်။

နောက်ဆုံး တစ်နိုင်ငံလုံးပြပြီး စာရင်းချုပ်လိုက်တော့ အရင်းတောင်ပြန်မရဘူး။

● ဇာတ်ညွှန်း ၆

ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး ကျွန်တော့်အတိုင်းအတာနဲ့ကျွန်တော် သဘောထားတွေ၊ အမြင်တွေရှိပါတယ်။

၂၀၁၂ သနပ်ခါးမရိုက်ခင်၊ ရုပ်ရှင်ပွဲတော်တွေ စမလုပ်သေးခင် ကျွန်တော် ဇာတ်ညွှန်းတစ်ခုကို ရေးနေတယ်။ အဲဒီအချိန်မှာပဲ ရဲတိုက်နဲ့ ရိုက်ဖို့ဆိုပြီး ကုမ္ပဏီတစ်ခုက ဇာတ်ညွှန်းတစ်ခု ကျွန်တော့်ကို ပေးတယ်။ ကျွန်တော်ဖတ်ကြည့်တော့ ဇာတ်ညွှန်းက (ကျွန်တော့်အတွက်) တော်တော်လေး ညံ့နေပါတယ်။ ပြင်ဖို့ဆိုရင်လည်း တစ်ခုလုံးကို အသစ်ပြန်ရေးရတော့မှာပါ။ ကျွန် တော်လည်း အဲဒီဇာတ်ညွှန်းကို မရိုက်နိုင်ကြောင်း အကြောင်းပြန်တော့ ကုမ္ပဏီက အံ့သြနေတယ်။ ရဲတိုက်နဲ့ ရိုက်မယ်ဆိုတော့ အပိုင်တွက်ထားပုံလည်း ရပါတယ်။ ဘာဖြစ်လို့လဲမေးလို့ အားနာနာနဲ့ပဲ ဇာတ်ညွှန်းမရေးတတ်တဲ့သူရေးထားတဲ့ ဇာတ်ညွှန်း ဖြစ်နေလို့ပါ ဖြေရတယ်။

၁၅ နှစ်အတွင်းမှာ ၈ ကားပဲ ရိုက်ဖြစ်ပါတယ်။ ၂၀၁၂ မှာရိုက်တဲ့ သနပ်ခါးက နောက်ဆုံးပါပဲ။ အဖေ့ကျောင်းကတော့ ထိုင်းမှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအတွက် အလုပ်လုပ်ပေးနေတဲ့အဖွဲ့အစည်းက အကူအညီတောင်းလို့ သူတို့ဇာတ်ညွှန်း ကိုပဲ ယုတ္တိပြဿနာလေးတွေ ဆိုးဆိုးရွားရွားမဖြစ်အောင် shooting floor ပေါ်ရောက်မှ နည်းနည်းပြင်ပြီးရိုက်ပေးခဲ့တာပါ။ အဲဒီအဖေ့ကျောင်းက ကျွန်တော်စည်းရုံးလို့ ရဲတိုက်နဲ့ချစ်သုဝေလည်း ကျွန်တော်နဲ့အတှု မေတ္တာဖြင့်ကူညီခဲ့ကြတာပါ။

ကျန်တဲ့ ဇာတ်ညွှန်းတွေအတွက်ကတော့ ကျွန်တော့်မှာ အပြည့်အဝတာဝန်ရှိပါလိမ့်မယ်။

● ဇာတ်ညွှန်း ၇
ကျွန်တော့်ဇာတ်ညွှန်းတွေထဲမှာ ကျွန်တော် အကြိုက်ဆုံး ဇာတ်ညွှန်း။

၂၀၀၈ ဧပြီလကုန်ပိုင်းလောက်မှာ နောက်ဆုံးကဗျာရိုက်တယ်။ တစ်ကားလုံး handheld တွေနဲ့ ရိုက်ခဲ့တယ်။ cameraman ကို တော်တော်ပြောယူရတယ်။ မရိုက်တတ်ဘူး၊ ပုခုံးပေါ်တင်ရိုက်ရတာရော လက်ထဲ ကိုင်ရိုက်ရတာရော အထာမကျဘူး၊ အဆင်မပြေဘူး။ tripod မပါဘဲ တစ်ကားလုံးရိုက်တဲ့ရုပ်ရှင် မရှိဘူး၊ မကြားဖူးဘူးလို့လည်း shooting floor မှာ ပြောနေကြပြီ။ ဖြစ်အောင် ပြီးအောင် ကျွန်တော် လုပ်ချင်တဲ့အတိုင်း ရိုက်ခဲ့တယ်။ shooting နောက်ဆုံးနေ့က ရိုက်နေရင်း မိုးတွေရွာတယ်။ နာဂစ်တိုက်မယ့် မေ ၂ ရက်။

ကားဆက်ပြီး ဖြန့်တော့ ပထမဆုံးပို့လိုက်တာ တနသာင်္ရီတိုင်း။ အထုပ်လိုက်ပြန်ပို့တယ်။ ဒီဒါရိုက်တာက ကင်မရာကိုတောင် ငြိမ်အောင်မရိုက်တတ်ဘဲ ဒါရိုက်တာလုပ်နေသလား၊ ရူးနေသလားလို့လည်း လှမ်းမေးတယ်။ တိုက်က အောင်တိုင်းကျော်။ သူတို့နဲ့ တိုင်ပင်ပြီး အရမ်းဆိုးနေတဲ့ ၁၀ scene လောက်ကို ပြန်ရိုက်ပေးခဲ့ရတယ်။ Handheld နဲ့ ရိုက်တဲ့ ရုပ်ရှင်။
အဲဒီ နောက်ဆုံးကဗျာလည်း ပြန်ရိုက်မယ်။ ။

● ဇာတ်ညွှန်း ၈
ကိုယ်ပိုင်စိတ်ကူးအခြေခံ ဇာတ်ညွှန်း
ဇာတ်ညွှန်း ၂ မျိုးရှိပါတယ်။
ပထမတစ်မျိုးက ရှိပြီးသား ဝတ္ထု၊ ပြဇာတ်၊ တီဗီဇာတ်လမ်း၊ ဝတ္ထုတိုတွေကို အခြေခံပြီး ရေးထားတဲ့ ဇာတ်ညွန်းဖြစ်ပြီး အဲဒါကို adapted screenplay လို့ ခေါ်ပါတယ်။ ဥပမာ ဝိုင်းရဲ့ ရွှေကြာ။ ရံဖန်ရံခါ ရုပ်ရှင်တစ်ခုခုကို အခြေခံပြီး ပြန်ရေးထားတဲ့ ဇာတ် ညွှန်းမျိုးလည်းရှိပြီး အဲဒီဇာတ်ညွှန်းကိုလည်း ဒီ အမျိးအစားထဲမှာပဲ ထည့်ကြပါတယ်။ ဥပမာ ကိုရီးယာရုပ်ရှင် My Sassy Girl ကို ဟောလိဝုဒ်က ပြန်ရိုက်တာ။

ဒုတိယတစ်မျိုးကတော့ တစ်ဦးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းကို အခြေခံပြီးရေးထားတဲ့ဇာတ်ညွှန်း။ original screenplay လို့ ခေါ်ကြပါတယ်။ ဥပမာ ထူးပိုင်ရဲ့ ည။

ကျွန်တော်က ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအခြေခံ ဇာတ်ညွှန်းကို ပိုပြီးကြိုက်ပါတယ်။ ကျွန်တော်ရိုက်တဲ့ digital ရုပ်ရှင် ၈ ကားမှာ သနပ်ခါးတစ်ခုတည်း ရှိပြီးသားဝတ္ထုကို ပြန်ရိုက်ထားတာ ပါနေပါတယ်။ ကျန်တာအားလုံး ကိုယ်ပိုင်စိတ်ကူးအခြေခံဇာတ်ညွှန်းတွေချည်းဖြစ်နေပါတယ်။

သနပ်ခါးကလည်း ဆရာကြီးအောင်လင်းရဲ့ ရွှေဝတ်မှုန်ကို ကိုမျိုးဆွေသန်းနဲ့ ကိုကျော်ဇောခိုင် တိုက်တွန်းလို့ ဖတ်ပြီးကြိုက် သွားတာနဲ့ ဇာတ်ညွှန်းပြန်ရေးဖြစ်ခဲ့တာပါ။ အပင်ပန်းဆုံး ဇာတ်ညွှန်းလည်း ဖြစ်နေပါတယ်။ မူရင်း ဝတ္ထုနဲ့လည်း မတူတော့ဘဲ မူရင်းဝတ္ထုရဲ့ ကျောရိုးလောက်ပဲ ယူထားသလို ဖြစ်နေပါတယ်။ ရွှေဝတ်မှုန်က ရှုမဝဦးကျော်ရဲ့ နောက်ဆုံး ၁၁ ကားမြောက် ရုပ်ရှင်ရှိတယ်လို့လည်း သိရပါတယ်။ ကျွန်တော် မကြည့်ဖူးပါဘူး။ ရှုမဝဦးကျော် အဲဒီဝတ္ထုကို ဘယ်လို ဇာတ်ညွှန်းပြန်ရေးထားသလဲဆိုတာလည်း ကျွန်တော် တော်တော်စိတ်ဝင်စားပါတယ်။

အခြေခံအားဖြင့် ကျွန်တော်ဟာ ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်ဖို့ သိပ်မထက်သန်လှပါဘူး။ ဇာတ်လမ်းတစ်ခုကို ဝတ္ထုရေးဆရာ ပြန်ပြောပြပုံနဲ့ ရုပ်ရှင်ဒါရိုက်တာ ပြန်ပြောပြပုံ အစအဆုံး ထပ်တူကျရမယ်လို့လည်း ကျွန်တော်မမြင်ပါဘူး။

ဒါကြောင့်လည်း ရွှေဝတ်မှုန် တစ်ဖြစ်လည်း သနပ်ခါးဟာ ရွှေဝတ်မှုန်ရဲ့ ဇာတ်လမ်းကျောရိုးလောက်သာ ပါတော့တဲ့ နောက် ထပ် ဇာတ်လမ်းအသစ်တစ်ခုဖြစ်နေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ်ပိုင်စိတ်ကူးအခြေခံဇာတ်ညွှန်းကောင်းတွေ အရေးတကြီးလိုအပ်နေပါတယ်။

● ဇာတ်ညွှန်း ၉
ပယ်ဖို့စောင့်နေကြတယ်...နောက်မှာ။
ကျွန်တော့် မှတ်တမ်းရုပ်ရှင်သင်တန်းသားတွေကို မေးနေကျမေးခွန်းတစ်ခုရှိတယ်။ မင်းတို့ မြန်မာရုပ်ရှင်တွေ ကြည့်လား။ အဲမေးခွန်း မေးဖြစ်တယ်။ မကြည့်ဘူးဖြေကြတာများတယ်။ ဘာလို့မကြည့်တာလဲ ဆက်မေးတော့ ပြန်ဖြေကြတယ်။ အ ကြောင်းပြချက် အမျိုးမျိုး။

ကောင်းပြီ။ ခု မင်းတို့က ရှေ့မှာ ရှိနေတဲ့ မြန်မာဇာတ်လမ်းရုပ်ရှင်တွေကို မကြည့်ဘူးလို့ မင်းတို့ ပြောနေပြီ။ မင်းတို့ ဒီမှာ မှတ်တမ်းရုပ်ရှင် သင်တန်းလာတက်နေကြတယ်။ ပြီးရင် မင်းတို့ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကြမယ်။ နောင်တစ်ချိန်မှာ မင်းတို့မှတ်တမ်းရုပ်ရှင်တွေကိုလည်း နောက်ကလူငယ်တွေက မကြည့်ဘူးပြောကြလိမ့်ဦးမယ်လို့ ပြောလိုက်တော့ မျက်စိမျက်နှာ ပျက်လို့။

အဲစကားက အကြောင်းမဲ့တော့မဟုတ်ဘူး။ ခရမ်းချဉ်သီးစိုက်တာလောက်ကို အင်တာဗျုးတစ်လှည့်၊ B roll တစ်လှည့်၊ စီပြ ပြီး အဲဒါကို မှတ်တမ်းရုပ်ရှင်ထင်နေရင်တော့ နောင်တစ်ချိန် မင်းတို့ထက် နားလည်တဲ့လူငယ်တွေ ပေါ်လာတဲ့အခါ မင်း တို့ မှတ်တမ်းရုပ်ရှင်တွေ မကြည့်ဘူးလို့ အပယ်ခံရတဲ့ဘဝရောက်လိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ်။

ဇာတ်လမ်းရုပ်ရှင်မှာ ဇာတ်ညွှန်း အရေးကြီးပါတယ်။ မှတ်တမ်းရုပ်ရှင်မှာ structure လို့ ခေါ်တဲ့ ရုပ်ရှင်ဖြစ်အောင်တည်ဆောက်မှု အရေးကြီးပါတယ်။ ဒါ ကျွန်တော့် အမြင်သက်သက်လို့လည်း ပြောလို့ရပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ မှတ်တမ်းရုပ်ရှင်မှာလည်း အများအားဖြင့် အဲဒီ structure ပိုင်းမှာ တော်တော် အားနည်းနေတာ တွေ့ရပါတယ်။ မှတ်တမ်းရုပ်ရှင် ၃၆ ကား ထုတ်လုပ်ပြီး တဲ့အတွေ့အကြုံ၊ ရုပ်ရှင်ပွဲတော် ၅ ကြိမ် ကျင်းပပြီးတဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီးပြောရတာပါ။

ခင်ဗျားတို့ မှတ်တမ်းရုပ်ရှင်ဆိုတာတွေ ကျုပ်တို့ကတော့ မကြည့်ဘူးဆိုတာမျိုး အပယ်မခံရအောင် အပြင်းအထန်ကြိုးစားရဦး မှာပါ။ မဟုတ်ရင်တော့ ကိုယ့်အလှည့်လာပါလိမ့်မယ်။ ။

● ဇာတ်ညွှန်း ၁၀
ကဗျာနည်းနည်းရေးတယ်။ ရုပ်ရှင်နည်းနည်းရိုက်တယ်။ ရိုက်သမျှ ရုပ်ရှင်အားလုံးလည်း ကိုယ်တိုင်ဇာတ်ညွှန်းရေးတယ်။ သူများရေးထားတာတစ်ပုဒ် ကျောရိုးကြိုက်လို့ ပြင်ရေးပြီးရိုက်ဖူးတယ်။ မြန်မာ့ရုပ်ရှင်ကို ကယ်တင်ဖို့ အရေးတကြီး လိုအပ်နေတာ ဇာတ်ညွှန်းပညာရှင်သာလျှင်ဖြစ်တယ်လို့လည်း အကြိမ်ကြိမ်ပြောနေခဲ့တယ်။ အဲဒီလို ပြောနေတာလည်း ကျွန်တော် တစ်ယောက်တည်းရှိတယ်။ ကျွန်တော့် အတွက်ကတော့ ရုပ်ရှင်ဆိုတာ ဇာတ်ညွှန်းပါပဲလို့လည်း ခဏခဏ ပြောတယ်။

သင်တန်းမှာလည်း ဇာတ်လမ်းရုပ်ရှင်ရိုက်ချင်ကြတယ်ဆိုရင်တော့ ဇာတ်ညွှန်းအတတ်ပညာက်ု အရင်လေ့လာဆည်းပူးရ လိမ့်မယ်လို့ တဖွဖွပြောတယ်။

ဇာတ်ညွှန်း၊ ဇာတ်ညွှန်း၊ ဇာတ်ညွှန်း၊ ဇာတ်ညွှန်း၊ ဇာတ်ညွှန်း...

မင်းထင်ကိုကိုကြီး

Comments